ကျွန်မနဲ့ ဂျပန် ပြံ ုးမောင်မောင်
ဦးပြုံးမောင်မောင်ဆိုတဲ့ နာမည်က ကျွန်မဂျပန်တစ်ယောက်ကို ပေးခဲ့တဲ့ နာမည်။ကျွန်မအဖေကို မတွေ့ချင်ဘူးလို့ ပြောလို့ငိုရတာ
လည်း သူ့ကြောင့်ပဲ။ရယ်ရင် မလှဘူး ငိုရင် ပိုဆိုးတယ်လို့ ပြောလို့ ဗြဲခနဲ ကျွန်မရန်ထောင်ခဲ့တာလည်း သူ့ကြောင့်ပါပဲ။
….
၂၀၁၄ခုနှစ်ကနဲ့ တူပါရဲ့ရုံးကပေးတဲ့တာဝန်က မြန်မာပြည်ကို ရုံးခွဲလာဖွင့်မယ့် ဂျပန်စီးပွားရေး
သမားတစ်ယောက်ကို ကူညီဖို့တဲ့။သာမာန်လေ့လာရုံသက်သက်မဟုတ်ဘဲ ရုံးခွဲဖွင့်ဖို့ လာတာဆိုတော့ မြန်မာပြည်ကို သူလာတိုင်း အမြဲတမ်း ကျွန်မနဲ့ပဲသွားရာက ခင်သွား
ကြတယ်။မြန်မာနာမည် သူ့ကိုပေးပါလား
ဆိုတော့ သူ့ပုံစံက ပြုံးနေတတ်တာရော၊ကြာသပတေးသားတယောက် ဖြစ်နေတာရောကြောင့် ကိုယ့်ဟာကိုယ်ဗေဒင်ဆရာ လုပ်ပြီး ဦးပြုံးမောင်မောင်လို့ နာမည်ပေးဖြစ်ခဲ့တယ်။
ရုံးဖွင့်ဖို့ ရန်ကုန်၊နေပြည်တော်အစုံသွားရာက တခါကတော့ မန္တလေးကို နေ့ချင်းပြန်သွားဖို့ ဖြစ်လာတယ်။အလုပ်အားလုံးပြီးသွားတော့ အချိန်က ပြန်ဖို့ ၂နာရီလောက်စောနေသေးတယ်။သူက နင်ဘာလုပ်ချင်သေးလဲလို့ မေးတဲ့အခါ ပျော်ပြီး ကျွန်မက ဖေဖေကို ဝင်တွေ့ချင်တယ်လို့ ပြောလိုက်တော့ နင်တွေ့ချင်ပေမယ့်ငါမတွေ့
ချင်ဘူးလို့ ပြောလာတယ်။
ကျွန်မလည်း စိတ်မကောင်းတွေဖြစ်ပြီး ငိုပါလေရော။ငိုတော့ သူက ပါးစပ်အဟောင်းသားကြည့်ပြီး ဘာမှတော့မမေးဘူး။ကျွန်မလည်းအငိုရပ်တော့မှ သူ့ကို နောက်ခါ ငါနင်နဲ့ မသွားတော့ဘူးလို့ ပြောလိုက်တယ်။အဲ့တော့မှ ပြူးပြာပြီး ရှင်းကြတော့မှ ကျွန်မက အဖေကို ဂျပန်လို အိုတိုးစံလို့ ပြောတာကို သူ့နားထဲမှာက အိုဘိုးစံလို့ ကြားပြီး ဘုန်းကြီးတွေနဲ့မတွေ့ချင်ဘူးလို့ ပြောတာဖြစ်နေလေရဲ့။နားလည်မှုလွဲတဲ့ ပြဿ နာပေမယ့် သူက တောင်းပန်ပါတယ်။ပြီးတော့ သူလည်း သူ့အဖေကို တွေ့ချင်ပေမယ့် တွေ့လို့မရတော့ဘူးတဲ့။
ကျွန်မ စိတ်ဆိုးပြေတော့ သူကထပ်ပြောသေးတာ။နင်က ရယ်ရယ်သာ သိပ်မသိသာတာ ငိုရင် မလှဘူးဟ မငိုနဲ့တဲ့။ဂါးးး။
အဲ့နောက်တော့ ဆွေမျိုးတွေလို ရင်းနှီး
သွားကြတော့တာ။လာတဲ့အခေါက်တိုင်းမှာ သူက သင်တန်းပေးရမယ့်အခါ၊ seminarတွေသွားရတဲ့အခါ ကျွန်မကို ဝင်ထိုင်ခိုင်းပြီး သင်တန်းတက်ခိုင်းတယ်။ပညာစုံရစေချင်တယ်နဲ့ တူပါတယ်။အဲလိုနဲ့ ခင်လာတာ အခုဆို ၃နှစ်နီးပါးပါပဲ။
အခုတခေါက်လာတော့ သူ့လက်အောက်ငယ်သားတစ်ယောက်ပါလာတယ်။ဒီတခါတော့ ထူးထူးဆန်းဆန်း ကျွန်မကို မိသားစုကိစ္စ၊ လူမှုရေးကိစ္စ၊အချစ်ရေးကိစ္စက အစ စုံစုံစေ့စေ့မေးပြီး အကြံတွေထိုင်ပေးတယ်။လက်ချာတွေရိုက်တယ်။ရယ်ကြမောကြနဲ့။
ပြန်ရမယ့်နေ့ ရောက်တော့မှပဲ မျက်နှာတည်တည်နဲ့သူဒီတခါ လာတာနောက်ဆုံးပဲ မြန်မာပြည်ရုံးခွဲဖွင့်ဖို့ ကိစ္စအားလုံးလည်း ပြီးသွားတာကြောင့် သူနဲ့ပါလာတဲ့ တယောက်
ရုံးထိုင်တဲ့အခါ သူ့ကိုလည်း လိုအပ်တာမှန်သမျှ ကူညီပေးပါ။ သူကတော့ အသက်လည်းကြီးပြီ အလုပ်ဆက်မလုပ်တော့ဘူး အနားယူတော့မယ် လို့ ဆိုလာတယ်။
ကျွန်မလည်း ရုတ်တရတ်ကြီးဆိုတော့ ငိုင်ကျသွားတယ်။သူကစကားဆက်တယ်။ နင်နဲ့ငါခင်လာတာ ၃နှစ်တောင် ရှိသွားပြီနော်။
ဂျပန်မှာနေလို့ တယောက်ယောက်ကများ မြန်မာပြည်အကြောင်း ပြောခဲ့ရင် ငါစပြီးတွေးမိမှာဘာလဲ သိလားတဲ့။ကျွန်မထင်တာကတော့ သူစားချင်တဲ့ မုန့်ဟင်းခါး ဒါမှမဟုတ် ဘူးသီးကြော်ပေါ့လို့ ပြောလိုက်တော့ ရယ်တယ်။ပြီးတော့မှ မဟုတ်ဘူးဟ မြန်မာပြည်အကြောင်း ပြောရင် စတွေးမိမှာက ပြာယာခတ်နေတတ်တဲ့ စကားပြန်တယောက် အကြောင်း ဖြစ်လိမ့့်မယ်တဲ့။
ကျွန်မဖြင့် စိတ်မကောင်း ဖြစ်လိုက်တာ။
ဘာလိုလိုနဲ့ သိပ်မကြာခင် သူပြန်တော့မယ်။လက်ပြနှုတ်ဆက်တဲ့အခါ စိတ်ကသိလိုက် မသိလိုက်နဲ့ သိနေတာကတော့ ဒီတခါနောက်ဆုံးပဲဆိုတာကို သိနေပါတယ်။
ပြုံးမောင်မောင် ပြန်ပြီလို့ ဆိုတဲ့အခါ ဦးပြုံးမောင်မောင်ဆိုတဲ့ နာမည်က ကျွန်မသူ့ကိုပေးခဲ့တဲ့ နာမည်မှန်းလည်း သိနေပါတယ်။
ဘုန်းကြီးဆိုတဲ့စကားလုံးနဲ့ အမှတ်မှားလို့
ကျွန်မအဖေကို မတွေ့ချင်တာ မဟုတ်ခဲ့မှန်းလည်း သိနေပါတယ်။
ဒါပေမယ့် ရယ်ရင်မလှဘူး ငိုရင် ပိုရုပ်ဆိုးမယ်ဆိုတာ ပြောထားမှန်း သိသိရက်နဲ့ ဘာကြောင့် မျက်ရည်ဝဲမိမှန်းတော့ မသိခဲ့ပါဘူး။
6 comments
ဦးကျောက်ခဲ
August 21, 2016 at 7:08 pm
Copy/Paste ခေါင်းစဉ်ထဲရောက်နေ၏ ။
moonpoem
August 22, 2016 at 6:43 am
ကျေးဇူးပါ လေးကျောက်ရေ။ပြန်ပြင်လိုက်ပါပြီရှင့် 🙂
Ma Ei
August 22, 2016 at 9:41 am
ဂျပန်ကို ပျားရည်ဆမ်း အလည်သွားလိုက်ပါ လကဗျာရယ်
🙂
Thint Aye Yeik
August 22, 2016 at 2:36 pm
ဂျပန်တွေ ခင်ဖို့ကောင်းလား။
uncle gyi
August 28, 2016 at 4:22 pm
ခင်ရာဆွေမ ျိုးဆိုတာဒါမ ျိုးနေမှာနော်
Foreign Resident
September 6, 2016 at 5:34 pm
” THAKHIN CJ #2212011 ( 5/5/16) ”
အီးးးးးး ၊ သူညားတွေများ THAKHIN CJ နံပါတ်တွေ ဘာတွေနှင့် ။
တားတား တို့မှာတော့ ဘာမှ မရှိသေးဝူး ။
အားငယ်လိုက်တာ ။