ကြည့်ခဲ့ဖူးသော….
မြန်မာ မှန်ရင် ပုဂံရောက်ဖူးရမယ်။ ပုဉ္ဖင်းတက်ဖူးရမယ်။ ပွဲကြည့်ဖူးရမယ် လို့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ကျွန်မ တယောက် မြန်မာ မပီသသေးဘူးဟုဆိုရမှာပါ။ ကျွန်မ ပုဂံကို မရောက်ဖူးသေးပါဘူး။ ကျွန်မတို့ မိသားစုဝင်တွေ ကျွန်မ ညီမတွေ ပုဂံကို သွားကြ ရောက်ကြပေမဲ့ တကြောင်းမဟုတ် တကြောင်းနဲ့ ကျွန်မ ကျန်ခဲ့ရတာမို့ အခု အသက်အရွယ်ထိ တခေါက်မှပင် မရောက်ဖူးသေးပါ။ ဒုတိယ တခုကတော့ မိန်းမသားမို့ လွတ်မည် ထင်ပါရဲ့။ တတိယ တခုနှင့် ပတ်သက်လို့ကတော့ဖြင့် ကျွန်မ မြန်မာ ပီသလွန်းသူဟုပင်။ အငြိမ့်ပွဲ၊ ဗလာပွဲ၊ ရုံပွဲ ပွဲ အတော်များများစုံအောင် ကြည့်ဖူးသည်။ အညာသူမို့ ပွဲကြိုက်သည်ဟုပင် ဆိုနိုင်ပါသည်။ အလှုတွေမှာ အလှုအောင်ပွဲ အငြိမ့်ထည့်သည့် အရပ်မို့ အငြိမ့်ပွဲနှင့်ကတော့ အင်မတန်မှပင် ရင်းနှီးလှပေသည်။ ငယ်ငယ်တုန်းက ကစားသည်ပင် အငြိမ့်ကတိုင်း ကစားကြသည်။ ဇတ်စင်တွေဘာတွေနှင့် ကားလိပ်တွေနှင့် အကျအန ကစားခဲ့ကြသည်။ အမေ့ထမီကို ခါးမှာစည်း ဗလာထမီလည်း လုပ်ခဲ့ဖူးသည်။ အငြိမ့်သီချင်းများဆို သီချင်းပုဒ်ရေ တော်တော်များများကို အလွတ်ရသည်ထိပင်။ ခွန်းထောက်တွေပင်ဆို နိုင်သည်ထိ ကြိုက်ခဲ့သည်။ ဗလာပွဲကတော့ ဘုရားပွဲ ၃ရက်က လျှင် ၃ရက်လုံး ညတိုင်း ပွဲခင်းထဲမှာ ရှိသည်။ ကြည့်သည်လားဆိုတော့ ကြည့်သည့်အခါကြည့် ပွဲခင်းသံ နားထောင်ရင်း အဒေါ်တွေကြားထဲ စောင်ခြုံ အိပ်သည့်အခါအိပ်ပေါ့။ ရုံပွဲကတော့ မြို့တွေမှာသာ ပြတတ်သည်မှာ တခါတလေသာကြည့်ခဲ့ဖူးသည်။ ဘယ်ပင်ဖြစ်ဖြစ် ကျွန်မသည် ပွဲခင်းနှင့် မစိမ်းလှပေ။
ကျွန်မတို့ ပျဉ်းမနားမှာ တနှစ်မှာ ပွဲ အကြီးအကျယ် နှစ်ခါ လုပ်သည်။ သီတင်းကျွတ်လပြည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနှင့် တပေါင်းလပြည့် တပေါင်းဘုရားပွဲပါ။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကတော့ ရပ်ကွက်အလိုက် အဆိုတော်တွေဌါးကာ ကားတွေနှင့်လှည့်သည့်ပွဲ။ ငယ်ငယ်တုန်းက သည်ပွဲဆို မည်သူမှ လက်လွတ်မခံချင်ပေ။ အဆိုတော်တွေ အတော်စုံစုံလင်လင် အရှင်လတ်လတ် မြင်ရသည်ကိုး။ တီဗွီတွေ မရှိသေးသည်မို့ အဆိုတော်တွေကလည်း သည်ပွဲမှာ သူတို့ သီချင်း ကြော်ငြာရသလိုပင်။ သည်ပွဲမှာ ပေါက်လျှင် ပေါက်ပြီမို့ အားထားကြသည်။ တော်တော်ကို စည်းကားခဲ့သည်။
နောက်တပွဲကတော့ဖြင့် တပေါင်းဘုရားပွဲ။ ၁၂ပွဲဈေးသည်တွေစုံလှသည့်ပွဲ။ ရုံပွဲတွေ တည်ခင်းရာ ဘုရားပွဲပါ။ ဈေးသည်တွေ စုံလှသည်မို့ အနီးပတ်ဝန်းကျင်ရွာတွေကလည်း သည်ပွဲကို အားထားကြသည်။ မိမိတို့ လိုအပ်ရာ အိမ်ထောင်မှု ပစ္စည်းတွေဝယ်ကြခြမ်းကြ။ လူငယ်တွေပျော်ကြ။ ငယ်ငယ်ကဆို တပေါင်းပွဲသွားမည်ဆို သိပ်ပျော်သည်။ အကျင်္ ီအသစ်ဝတ်ရသည်၊ မုန့်စားရသည်၊ အရုပ်ရသည်။ တနှစ်တခါ အမှတ်တရ ပိတ်ကားနောက်ခံတွေနှင့် ဓါတ်ပုံရိုက်ကြရသည်။ မိန်းခလေးဆို နန်းဝတ်နန်းစား၊ ရဲမေ ဝတ်စုံ။ ယောက်ကျားလေးဆို စစ်ဗိုလ်၊ လေယာဉ်မှုး အိုး…… စုံလှသည်။ ငယ်ငယ်က ဘဝများ တွေးမိလျှင် အကြိမ်ကြိမ် လွမ်းရသည်။ နှစ်တိုင်း ပွဲဈေးတန်းပတ် ငါးကြင်းဖန်ခွက်ကြီးနှင့် ကြ့ရည်တွေ တဝသောက် အတော်ကို ပျော်ခဲ့ရသည်ကိုး။
သည်လို ငယ်ငယ်က သွားခဲ့ရသော်ငြားလည်း အပျိုပေါက် အရွယ်ရောက်တော့ဖြင့် သွားလာခြင်းကန့်သတ်ခံရလေပြီ။ ပစ္စည်းများကလည်း အရင်လို ဘုရားပွဲကြမှ စောင့်ဝယ်ရသည့် မဟုတ်တော့ပဲ လိုချင်သည့်အရာကို လိုချင်သည့်အချိန်ဝယ်လို့ ရပြီမို့ အမေကလည်း စိတ်မဝင်စားတော့ပေ။ သူလည်း မသွားတော့သည်မို့ ကျွန်မလည်း မသွားရတော့ပါဘူး။ မည်သူနှင့်မျှလည်း ညအိပ်ညနေ လိုက်ခွင့်မပေး။ ပွဲကြည့်မည်ဆိုလျှင် ညဘက်ကြည့်ရမည်ကိုး။ ဘုရားပွဲချိန်ရောက်တိုင်း သူများတွေ ဘုရားပွဲက အပြန် ပြောပြသည်ကို သာ နားထောင်ရတော့သည်။
တနှစ်မှာတော့ ဘုရားပွဲပြန်လာသူတွေ ပြောပြသည်ကို ကြားရတော့ ကျွန်မ အတော်ကို စိတ်ဝင်စားရသည်။ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ တုတ်ထိုးရုပ်ပွဲ ပွဲတကာပွဲစုံအောင် ကြည့်ဖူးပေမဲ့ သည်ပွဲကတော့ဖြင့် ကျွန်မ မကြည့်ဖူးပေ။ သည်တခါ တပေါင်းပွဲမှာ ရုံဝင်လာသည်က အခြောက်တွေကတဲ့ အခြောက်ပွဲ။ ဘဝမှာ တခါမှ မကြည့်ဖူးလို့ အင်မတန်မှကိုကြည့်ချင်သည်။ ညပွဲတွေမို့ စိတ်မချသော အမေက လုံးဝခွင့်မပြု။ တနှစ်လာလည်း မကြည့်ရ။ နောက်တနှစ်လည်းမကြည့်ရ။ စိတ်လျှော့ထားလိုက်ပေပြီ မကြည့်ရမှာ သေချာသည်ကိုး။
( ဟယ်… တအားကောင်းတာပါ )
(ထင်တောင် မထင်ရဘူးဟယ် လှချက်တော့)
(အေးလေ.. မိန်းမတွေထက်တောင်လှသေး)
သူငယ်ချင်းတွေ တယောက်တပေါက် ပြောတာ နားထောင်ရင်း စိတ်ထဲက မြင်ယောင်ရင်းပေါ့။
( ဇင်မာဦးနဲ့ တူလိုက်တာဟာ)
ဆိုတော့ ဇင်မာဦး မှန်းမြင်ပေါ့။
( ခင်သီတာထွန်းနဲ့ တူတာလည်း ပြောပါဦးဟာ)
ဆိုပြန်တော့ ခင်သီတာထွန်းကိုယောင်ကန်းကန်း မြင်ယောင်လိုက်နဲ့။ ဒါပေသိ ကိုယ်က မျက်မြင်မဟုတ်တော့ သူတို့တွေ ဘယ်လိုပါ့လိမ့် ဘယ်လိုတွေကပါလိမ့် လို့ တွေးတွေးပြီး ကြည့်ချင်သည့်ပိုးက သိပ်သေချင်တာကမဟုတ်။
ကျွန်မကြည့်ချင်တာ သိပေမဲ့ ညအိပ်ကတော့ဖြင့် အမေက လုံးဝ ခွင့်မပြုနိုင်ပါ။ ကျွန်မပဲ ကံဇာတာတက်လေသလားမသိ။ တခါမှ နေ့ပွဲ မကသော မိုးကြိုးဌက်ငယ် အဖွဲ့က တနှစ်တော့ဖြင့် နေ့ပွဲပါ ပြလေသည်။ ကျွန်မ ကြည့်ခွင့်ရလေပြီ။ မနက်ခင်းသွား နေ့လည်ပွဲကြည့် ညနေ အိမ်ပြန်ရောက်မည့်အပြင် သူ စိတ်ချသော အမတွေနှင့်မို့ အမေက လိုက်ခွင့်ပေးသည်။ အမတွေကိုရော ကျွန်မကိုပါ အထပ်ထပ်မှာနေသော အမေ့ စကားကို အင်းပါ.. အင်းပါ အမေရဲ့ နဲ့ အင်း လိုက်ရင်း ကျွန်မကတော့ ပျော်လို့။
တပေါင်းပွဲ ရောက်တော့ ပွဲဈေး တပတ် ပတ်။ နေပူပူမှာ ဖရဲသီးစိပ်တွေစားလို့် ကြံရည်သောက်လိုက်နဲ့ စားရင်း သောက်ရင်း လမ်းလျှောက်ရင်း ငေးမဆုံးနိုင်ပေါင်။ ပွဲက ၁၁နာရီမှာ စမည်မို့ ၁ဝနာရီခွဲတော့ ရုံထဲရောက်။ ဝယ်ထားတဲ့ ဖျာလေးပေါ်ထိုင်ရင်း ဇာတ်စင်ဘေးက ထွက်လာတဲ့ အခြောက်မတွေကို တအံ့တဩငေး။ ကျွန်မတို့က အခြောက်မကို မမြင်ဖူးတော့ ဒါ အသစ်အဆန်းကိုဖြစ်လို့။ ပွဲမစခင် မပြင်မဆင် အခြောက်မလည်းငေး။ ပြင်ဆင်ထားတဲ့ အခြောက်ကြတော့လည်း လှလိုက်တာ ဆိုပြီးငေး။ တောသားမြို့ရောက်ကိုဖြစ်လို့။ ကျွန်မ အတွက်တော့ အံ့ဩကုန်နိုင်ဖွယ်ပါပဲ။
ပွဲ စပါပြီ။ တီးလုံးသံလေးနဲ့ ပိ်တ်ကားအဖွင့်မှာ မိတ်ကပ် အပြည့်အစုံနှင့် မိန်းမသားအစစ် ရှုံးလောက်သူက ဖျော်ဖြေဖို့ အိုက်တင်က အသင့်။ သူတို့ ပေးထားသော နာမည်နှင့် ရုပ်တွေကလည်း တူလွန်းလှပေသည်။ ဝတ်ဆင်ထားသည်က မြန်မာဆန်ဆန်။ ဆံထုံးနှင့် ဆံမြိတ်ချကာ ပန်းပန်ထားသည်။ နောက်ခံ တီးလုံးနှင့် သီချင်းက ရိုးရိုးလေးသာဝတ်ခဲ့ပါကွယ် အေးမြလို့။ သီချင်းနှင့် သရုပ်ဆောင်ချက်က ကွက်တိ။ တခါမှ မကြည့်ဖူးသူမို့ သဘောတကျကြည့်နေတုန်း ဗြုန်းဆို မီးတွေပိတ်။ ဘာလဲဟ လို့ တွေးမဆုံးခင် မီးပြန်အလင်း သီချင်းက အပြောင်း ခုနင်က ရိုးရိုးလေးက ခုတော့ စကပ်တိုတိုနှင့် ဒစ်စကိုက။ တအံ့တဩနဲ့ ရီလိုက်ရတာ။ ဒါ ကျွန်မရဲ့ ပထမဆုံး အခြောက်ပွဲ အတွေ့အကြုံ။ တပုဒ်ပြီးတပုဒ် တယောက်ပြီး တယောက် ပြောင်းသွားလိုက်တာ နောက်ဆုံး သီချင်းရောက်လာပါတော့တယ်။ ဒီတပုဒ်ပြီးရင် ကျွန်မတို့လည်း အိမ်ပြန်ရပါတော့မည်။
ပိတ်ကား အဖွင့်မှာ မြင်ရတာက ညောင်ညိုပင်ကို မှီနေတဲ့ အမျိုးသားတယောက်။ တိုက်ပုံကို ပုခုံးပေါ်တင်ရင်း ခင်ဆွေးဆွေး ။ တွံတေးသိန်းတန်ရဲ့ လေးဆယ်ကျော်အချစ်ကို တေးသရုပ်ဖော်သွားတာများ ကောင်းလွန်လို့ ကျွန်မဖြင့် အခုထိ စွဲတုန်း။
( မဆုံချင်တော့ရင်လည်း….. နေပါစေ သည် ..တသက်။ မတွေ့ချင်တော့ရင်လည်း……… နေပါစေ သည်ဘဝ။ ခုတော့ သည်လို မဟုတ်ပါဘဲကွယ်…… လေးဆယ်ကျော် ငါးနှစ်အတွင်းမှာ ပြန်ဆုံရတယ်… ငယ်ချစ်ဦးရယ်)
သီချင်းထဲကလို ညောင်ညိုပင်မှာ နှစ်ယောက်သား လာဆုံပေါ့။
( မတွေးဘူးဆိုပေမဲ့.. တွေးမိသေးတယ်.. ငယ်ချစ်ဦးရယ်… )
နောက်ကြောင်းလေးတွေ သရုပ်ဖော်။ တခါတည်း ငေးတာများ ပါးစပ်ပင် ပိတ်ဖို့ မေ့လောက်သည်ထိ။
( ဪ… ခွဲရတော့မှာမို့.. ငိုရင်းကြည့်တဲ့ အကြည့်လေးများက… တသက်မမေ့စရာကွယ် လက်ယမ်းကာ နှုတ်ဆက်ပြေးမှ)
မင်းသမီးလုပ်တဲ့ အခြောက်က လက်ကလေး တပြပြနဲ့ ဟန်ပါပါ နှုတ်ဆက်ပြေးတော့ ရီလိုက်ရတာ။ ဒါက အတိတ်ကို သတိရတဲ့ ပြကွက် အပြီးမှာ လက်ရှိဘဝကို ပြန်ရောက်တော့ ပုခုံးပေါ် တိုက်ပုံတင်။ မျက်မှန်နဲ့ လက်တဖက်က ညောင်ပင်လေးကို ဟန်ပါပါထောက်လို့ အခြောက်တွေ တော်လိုက်တာများ အခုထိ မမေ့သေးပါ။
( လွန်ခဲ့ပါပြီကွယ် ဒါတွေ မတွေးတော့ပါဘူး.. အခုများကြည့်လေ သားတွေသမီးတွေ နှင့် ကိုယ်စီကိုယ်ဌ ကိုယ့်ဘဝပါကွယ်.. ဒီတော့လည်း နှလုံးသားရေး ဘေးမှာထား အပြုံးစကားလေးမေးတာများ ဘေးလူကြားရင် ရီစရာကွယ် မင်းတို့ မိသားစုတွေ ကျန်းမာလို့ ချမ်းသာပါစကွယ်…)
နောက်ဆုံးအပိုဒ်ဆိုအပြီး ခေါင်းငိုက်စိုက်ချကာ တဖြည်းဖြည်း ထွက်သွားတော့ ပိတ်ကားလည်း ကျလာပါတယ်။
ဇာတ်ရုံထဲက ထွက်လာပြီး တလမ်းလုံးပြော။ အိမ်ရောက်တော့ အမေ့ကိုပြော။ တော်တော်လေးကြာတဲ့အထိ ပြောမဆုံးပေါင် ဖြစ်ခဲ့ရတဲ့ပွဲလေး။ အခုထိလည်း သတိရနေဆဲပါပဲ။
အဲ့သည်တုန်းက ၁ဝကျော် ၂ဝတွင်းမို့ အထူးအဆန်း အခြောက်ကတဲ့ပွဲမို့ ကြိုက်ခဲ့ပေမဲ့ သီချင်းကိုတော့ဖြင့် စိတ်မဝင်စားခဲ့ရိုးအမှန်။ အခုတော့ အသက်က ၄ဝကျော်လို့ ၅ဝတွင်းမို့ သီချင်းလေးကို တစိမ့်စိမ့် တွေးမိပါတယ်။ facebook ကြီးရဲ့ ကျေးဇူးနဲ့ သူငယ်ချင်းတွေ ပြန်ဆုံရ။ ဆုံရသည်မှ နှစ် ၂ဝကျော် ကွဲနေတဲ့ အလယ်တန်းက သူငယ်ချင်းပင် ပြန်ဆုံရသည်။ တချို့တွေက ငယ်ရုပ်မပျောက်ပေမဲ့ တချို့တွေက မိန်းမကြီးကြီး ယောက်ကျားကြီးကြီးတွေ ဖြစ်နေလို့ အံဩရ။ တချို့က ပွင့်လို တချို့က ခန့်ခန့်ကြီးတွေ။ အသက်တွေလည်း ရလာကြပြီမို့ ကိုယ့်ဘဝနဲ့ကိုယ်။ ဘဝအမျိုးမျိုး။ သီချင်းထဲကလို အခုများ ကြည့်လေ သားတွေ သမီးတွေနဲ့ ကိုယ်ဆီ ကိုယ်ဌ ကိုယ့်ဘဝမှာကွယ် ဆိုသလို တကယ်ကို ကလေးတွေ ကိုယ်စီနဲ့။ တကယ်ကို ကိုယ့်ဘဝနဲ့ကိုယ်။ ပြန်ဆုံမိတော့ သူ့အကြောင်း ကိုယ့်အကြောင်း မေးကြမြန်းကြ။ လွမ်းမောစရာ ငယ်ဘဝတွေကို သတိတရတွေဖြစ်လို့။
အဲ့သည်လို ဆုံမိကြသည့်အထဲမှာ ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းလေးများ ဆုံမိရင်ဖြင့် သီချင်းထဲကလို စကားမရှိ စကားရှာ မလုံမလဲ မင်းတို့ မိသားစုတွေ ကျန်းမာရဲ့လား အဆင်ကောပြေရဲ့လားလို့ မေးမြန်းကြသလားလို့ မေးကြသလားလို့ စဉ်းစားမိတာပါ။ နောက်တခု ကိုယ့် အိမ်ထောင်ဖက်နဲ့ မိတ်ဆက်ပေးရဲကြပါသလားလို့လည်း သိချင်တာ။ အဲ…… ရွာထဲမှာ ၄ဝကျော် ၅နှစ်တွင်းကော။ ၅ဝကျော် ၅နှစ်တွင်းတွေကော များလှတာမို့ သိချင်တာပါ။ မိန်းမဆိုတဲ့ အမျိုးက (တချိုူ့ဆို ယောက်ကျားတွေ) ကိုယ့်အရိပ်တောင် ကိုယ် သဝန်တိုချင်ကြသူတွေမို့ မိတ်ဆက်ပေးတဲ့ အခါ ဆုံမိတဲ့အခါ ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးရဲပါ့မလား ရွာသူားတို့ရေ။
အဲ့…သည်လို အတွေးတွေတွေးရင်း သည်နေ့ တပေါင်းလပြည့်နေ့လေးမှာ ကျွန်မကတော့ မရောက်ဖြစ်တာကြပြီဖြစ်လို့ မကြည့်ရတော့တဲ့ တပေါင်းပွဲလေးကို သတိရနေမိပါတယ်။ ဘုရားပွဲကတော့ ကျင်းပမြဲ၊ ပွဲတွေလည်း ရှိမြဲပါ။ ကြုံကြိုက်လို့ အခွင့်လေးများသာရင်ဖြင့် တခါလောက်တော့ ကြည့်ချင်သေးပါရဲ့ ရှင်။
တပေါင်းလပြည့်နေ့ အမှတ်တရ………။
စာကြွင်း။ ။ တပေါင်းလပြည့်နေ့က စိတ်ကူးရပြီး ရေးထားတဲ့စာလေးပါ။ ကွန်ပြူတာ စာမစီဖြစ်လို့ ပျင်းလို့ ရွာထဲမရောက်လိုက်ဘူး။ သားတော်မောင် စာအုပ်ရှာရင်း ရေးထားတာလေးပြန်တွေ့လို့။ ခု.. တော်သတင်းလပြည့်ကျော်ပြီဆိုတော့ သိပ်မကြာသေးဘူး ခုနစ်လလောက်ပဲ ကြာသေးတာလို့… 😛 😛 😛
18 comments
pooch
September 19, 2016 at 9:56 am
မသိဘူး မမှီ ရှေ့မှီ နောက်မှီတွေ မေးကြည့်ပေါ့ 😛
ရည်းစား အသစ်နဲ့ အဟောင်းတော့ တွေ့ပေးဖို့ သိပ်လွယ်မယ်မထင် တချို့အသက်သာ ကြီးတာ စိတ်က နုတုန်း
အဆက်သွယ်ကို ဘယ်လိုနည်းနဲ့ပဲ ရှိနေနေ လက်သင့်မခံနိုင်ကြဘူး သူများပြောတာ ကြားဖူးတာပါ အမရယ် LOL
မိုးကြိုးငှက်ငယ်အဖွဲ့က ကြားပဲကြားဖူးတာ ကျနော်တို့ ခေတ်ကျတော့ မရှိတော့ဘူး
ကြုံရင်တော့ ကြည့်ဖူးချင်သား
hmee
September 20, 2016 at 9:18 pm
အင်း…. ရိုးရိုးဆိုရင်တော့ ကိုယ်တွေက နားလည်ပေးပါတယ်ပေါ့နော်….။ 🙂 🙂 သည်အရွယ်ကြီးကြမှကွာ မရိုးလို့ကော ဘာလုပ်လို့ရမှာလည်း။ မရိုးချင်မှတော့ အကိတ်လေးတွေနဲ့ပဲ မရိုးမှာပေါ့တဲ့ 🙂 🙂
A mar nyo
September 19, 2016 at 1:10 pm
အမေတို့ကဘယ်တုန်းကမှခွင့်မပြုလို့ပွဲမကြည့်ဖူးဘူး အရမ်းပူဆာလွန်းလို့ ရွာမှာလာကတဲ့ အငြိမ့် မပြီးခင်တစ်ခေါက်ကြည့်ဖူးပါရဲ့ ၅မိနစ်မကျော်တောင်မကျော်သေးပြန်မယ်ဆိုလို့ ပြန်ခဲ့ရပါရော။မိုးကြိုးငှက်ငယ်
မြင်ဘူးပါတယ်ဇာတ်ရုံကြီး။
hmee
September 20, 2016 at 9:20 pm
အေးလေ တို့တုန်းက အဒေါ်တွေက အပျိ ုတွေမို့ လိုက်ရသေးတာ။
•*¨နန်းတော်ရာသူ •*¨
September 19, 2016 at 2:20 pm
သော်လည်း ပုဂံကိုငယ်ငယ်ကတစ်ခေါက်ပဲရောက်ဖူးတယ်။
နောက် နှစ်ကျိတ်ရှစ်ဆုူပြောရရင် တောင်ငူနဲ့ပျဉ်းမနားကတူတယ်။
တောင်ငူလည်းနှစ်ကျိတ်ရှစ်ဆူကျမှ အဆိုတော်၊မင်းသား၊မင်းသမီးအရှင်လတ်လတ်မြင်ရတဲ့ခေတ်ဆိုတော့ ညလုံးပေါက် စတိတ်ရှိုးကားတွေနောက်လိုက်ကြည့်ရတာအမော။
စိုးသူကတော့ နှစ်တိုင်းပေါ့။မြို့ခံနော်လီဇာကတော့ နောက်ပိုင်းလာမဆိုရဲတော့ဘူး။
ပွဲလမ်းသဘင်ပြောရရင် အိမ်က ရွှေဆံတော်ဘုရားနားဆိုတော့ ကဆုန်ညောင်ရေသွန်းပွဲကျရင် အိမ်ကနေ သွားကြည့်စရာမလို အစ၊အဆုုံးကြားနေရတော့တာ။သိန်းဇော်၊ချမ်းသာ၊မိုးဝင်း၊မိုးမင်း ကနေ နောက်မျိုးဆက်တွေထိ။ အခုခေတ်ကျ ဖိုးချစ်တို့၊စွမ်းဇာနည်တို့ပါတိုးလာရော။တကူးတကညလုံးပေါက်မကြည့်နိုင်၊ဝါသနာကလည်းမပါတော့ မနက်စော ရုံဖွင့်လောက်နဲ့နေ့လည်ဘက်အကတိုက်ချိန်လောက်ပဲ သွားကြည့်ဖြစ်တယ်။အခြောက်ပွဲတွေကတော့ ၂ခါလောက်ကြည့်ဖူးရဲ့။
hmee
September 20, 2016 at 9:22 pm
နှစ်ကျိပ်ရှစ်ဆူပွဲလည်း တခါလားကြည့်ရတယ်။ ဦးလေးတွေ အဒေါ်တွေနဲ့ နောက်တော့ ကြည့်ရတော့ဘူး။ လူများရင် အန္တရာယ်များတယ်ဆိုပြီး မသွားရဘူး။
ဇီဇီခင်ဇော်
September 20, 2016 at 9:31 am
ရေးသားချက်လေး ညက် ချက် မမှီရေ။
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ကတော့ ခုထိ အဆက်အဆံရှိတာမို့ ကိုယ်တိုင်တွေ ပြောင်းလဲချက်တွေက အချင်းချင်းသိပ်သတိမထားမိ။
ကွကိုယ်တွေ အသက်ကြီးပြီလို့ကို မထင်ဘူးး
ဟေးဟေးဟေး
hmee
September 20, 2016 at 9:23 pm
ပြောချင်တာကပေါ့နော် ၄ဝကျော် အချစ်တွေကိုပေါ့နော်။ အပေါ်ကဟာတွေက စကားခေါ်တာပေါ့နော်။ 🙂 🙂
သျှားသက်မာန်
September 20, 2016 at 12:35 pm
ပွဲဆိုဘာပွဲမှမကြည့်ဖူးပါဘူး..အဲ့ခေတ်မှာလည်းမမွေးခဲ့တော့လေ
hmee
September 20, 2016 at 9:24 pm
ဒါဆို မြန်မာ မပီသသေးဘူးပေါ့ကွယ်။ 🙂 🙂
Ma Ei
September 21, 2016 at 11:51 am
ပုဂံကို အခေါက်ခေါက်ရောက်ဖူးလဲ မရိုးထပ်သွားချင်တုုံးပါဘဲ..
ပွဲကြိုက်တာက အမေနဲ့ မမှီလိုက်တဲ့ အမေ့အမေအဖွား ကိုယ်တွေက မကြိုက်
အမေငယ်ငယ်က အမေ့ အမေတို့များ ပွဲကြည့်ရင် လက်ဖက်အုပ် ကွမ်းအစ် လက်တင်အုံးတွေဘာတွေနဲ့တဲ့ ရွှေမန်းတို့ ဖိုးစိန်တို့ဆို ဆေးပေါ့လိပ် ဖင်ဆီခံမယ် ရွှေဒင်္ဂါးပြားထည့် လက်ဆောင်ပေးကြတာတဲ့ ပြောသေး အဲ့ဒါနဲ့ အမေကပွဲကြိုက်ခင်ဖြစ်တာတဲ့လေ…
အမေတို့ခေတ်ကျတော့ သစ္စာ မေတ္တာ ရွှေမန်းသဘင်က ညွန့်ဝင်း ဝင်းဗိုလ် ချမ်းသာ ဝင်းမောင် ၊ စိန်မဟာသဘင်က ရဲစိန် ညီဝင်းစိန်၊ စိန်မာဒင် သားမိုးဝင်း၊ နန်းဝင်း နန်းခင်မွှေး သူ့အဖေနံမည်မေ့နေပြီ စသည်ဖြင့် ရွှေနားပန်ဘုရားပွဲ လာသမျှ ပွဲတိုင်းလိုလို ရှေ့ဆုံးဆိုတာဘဲလေ ကိုယ်တွေကလေးတွေလဲ လိုက်ရတာပေါ့ ရှေ့ပိုင်း အော်ပရာတွေ သီချင်းဆိုတာတွေကြည့် ပြဇာတ်ပြီးရင် တခါတလေ မပြီးခင် အိပ်ပြီဘဲ လူပျက်တွေကတောင် ရှေ့ဆုံးက အိပ်နေလို့ အားပေးလှချည်းရဲ့လို့ ထည့်ပျက်ဆိုဘဲ…
နောက်သမီးတွေကြီးလာပြီဆို အဖေက ပွဲကြည့်ခွင့်ပိတ်လိုက်ထဲက ပွဲမကြည့်တော့တာ ခုထိ…
နောက်တခု မှီသိချင်တာလေးဖြေဘို့ စဉ်းစားကြည့်တော့မှ ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းလေးများ ဆိုမိတ်ဆက်ပေးစရာကမရှိ ဒါပေသိ မကျွမ်းတကျွမ်းတယောက်ကိုတော့ဖြင့် ကိုယ်ကိုယ်တိုင် သတိတရ တွေ့ချင်မိကြောင်းပါမှီရေ…
ကိုပေါက်(မန္တလေး)
September 22, 2016 at 8:35 pm
နန်းခင်မွှေးတို့ နန်းဝင်းတို့အဖေက ရွှေနန်းတင်
သူဆို့အဖိုးက နန်းတော်ရှေ့ဆရာတင်
မန်းလေးမြို့ရဲ့
ဆောင်းတွင်းမှာ
အရပ်ဘုရားတွေက
အငြိမ့်ပေါင်းစုံ
ဇာတ်ပေါင်းစုံလိုက်ကြည့်ခဲ့တာ
သတိရမိပါတယ်။
အငြိမ့်ကယောက်ျားလေးအကြိုက်
ထိမိတဲ့ပျက်လုံးတွေနဲ့ အငြိမ့်မင်းသမီးရဲ့အကအလှကြောင့်။
ဇာတ်ကတော့မိန်းကလေးတွေအကြိုက်
နှစိပါးသွားနဲ့မင်းသားရဲ့အကအလှ။
ကျနော့်အမြင် ၄ဝကျော်မှာအချစ်မရှိဘူး။
ရမ္မက် တပ်မက်မူ့နဲ့ယာယီသာယာခြင်းဘဲရှိမယ်။
hmee
September 23, 2016 at 9:03 pm
လေးပေါက်ကတော့ ပြောရော့မယ်။ 🙂 🙂
hmee
September 23, 2016 at 9:01 pm
ငယ်ငယ်တုန်းက ကြည့်စရာကလည်း ဒါတွေပဲ ရှိတော့ ဒါပဲ ကြည့်ရတာ။ ခုခေတ်တော့ ဖျော်ဖြေရေးတွေ စုံလာတော့ သိပ်ပြီး တခုတ်တရ မကြည့်ကြတော့ပါဘူး။
တခါတလေတော့လည်း ဘဝတကွေ့မှာ တခဏ ဆုံဖူးခဲ့တာမို့ သတိတရ ရှိနေကြမှာပါ။ တကယ်လည်း အပြင်မှာ အဲ့သည်လိုတွေ ရှိတာမို့ သီချင်းရေးတဲ့သူက တကယ်ကို တော်တယ်လို့ 🙂 🙂 🙂
Foolish Girl
September 26, 2016 at 4:12 pm
ကြည့်ဖူးတယ် အဲဒီအခြောက်တွေထဲကခုထိမှတ်မိတဲ့နာမည်က
နန်းမြေသိမ့်သိမ့်တုန်တဲ့ ရုပ်ကမလှဘူး ဒါပေမယ့်အရမ်းပြောင်တော့နာမည်ကြီးတယ်
“ကြင်နာတာတွေရင်ထဲမြိုချ ဂလု ဂလု” ဆိုပြီး မရှိတဲ့ ဖင်တွေတင်တွေ တွန့်ပြပြီးကတာပေါ့
Foolish Girl
September 26, 2016 at 4:13 pm
နန်းမြေသိမ့်သိမ့်တုန် မဟုတ်ပါ မိုးမြေသိမ့်သိမ့်တုန် ပါရှန် 😀
Thint Aye Yeik
October 14, 2016 at 10:18 am
https://www.youtube.com/watch?app=desktop&persist_app=1&v=7Pfh_jBkcpg
Thint Aye Yeik
October 14, 2016 at 10:24 am
ပွဲဈေးတွေ ပြဇာတ်တွေကို ငယ်ငယ်က သဘောကျခဲ့ပေမယ့်
အခု အသက်ကြီးလာတော့ နိုင်ငံခြား ရုပ်ရှင်တွေကိုပဲ စိတ်ဝင်စားတော့တယ်။
မြန်မာမှန်ရင် ပုဂံ ရောက်ဖူးရမယ် ဆိုပါစို့
ရောက်ဖူးပြီ။ ရောက်ဖူးကြောင်း သက်သေပြစရာ ပုံကလေးတစ်ပုံတောင် မရိုက်ခဲ့လိုက်ရပဲ အလုပ်နဲ့ ရောက်တာ။
:k:
ဟို အချောတကောက်ပွဲတွေ နှစ်ခါသုံးခါလောက်တော့ ကြည့်ဖူးတယ်။
အရမ်းရီရတယ်။
:k:
ဟိုမေးခွန်းတော့ မသိ
😆