စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့
စာပေ တိုက်ပွဲခေါ်သံ(၂) – NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့
—————————————————————
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးလိုက်တဲ့ စာပေတိုက်ပွဲခေါ်သံ (၁) စာမူ ကို ဝင်ရောက် ဆွေးနွေးတဲ့ စာပေမိတ်ဆွေ သိပ်အများကြီး
မရှိပေမဲ့… စာမူကို Share ကြတဲ့ မိတ်ဆွေ အရေအတွက်ကတော့ သာမန်ထက် များနေတာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့်
ကျွန်တော် ”တို့ထိ ဆွေးနွေးတဲ့” စာပေသဘောတရား အကြောင်းအရာကို (ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးဖို့ရာ မလွယ်ကူသော်လည်း)
စိတ်ဝင်တစား Share ယူ ဖတ်ရှုသူများ ရှိနေသေးပါလား…လို့ တွေးယူပြီး… ဒီ ဆောင်းပါးကို ဆက် ရေးမိပါတယ်။
သိပြီး တတ်ပြီးသူများက ကျွန်တော် မှားတာ/လွဲတာတွေ ရှိရင် ဝင် ပြင်ပေးကြစေလိုပါကြောင်းနဲ့
ကျွန်တော့်ထက် ပိုမိုတွေးခေါ်/ မြှော်မြင်နိုင်စွမ်းသည့် လူငယ်များအနေနဲ့လည်း ကျွန်တော့်ထက် ပိုမို အသံကျယ်လောင်စွာ ပြောကြစေလိုပါကြောင်း
အရင်ဆုံး ပြောပါရစေ။
ကျွန်တော်တို့ ရသ အနုပညာလောက(စာပေအနုပညာလောက)မှာ ဒါမျိုး ပြောဆို ဆွေးနွေးကြတာ နည်းနေပါသေးတယ်။
လုပ်ကြပါ။ ပြောကြပါ။ တခြား ဘလာဘလာတွေ ပြောနေမယ့်အစား “စာပေအနုပညာ ပန်းခင်းထဲက ဘာညာဘာညာအကြောင်းတွေ” ဖြစ်ဖြစ် ပြောကြပါ။
—————————————————————
အနုပညာ- (ကျွန်တော် ဆိုလိုသည်က…စာပေအနုပညာ = Literature Art)နဲ့ ပတ်သက်ပြီး
ကျွန်တော် သိထားတာ နည်းနည်း ရှိပါတယ်။
ဟိုက ဒီက လေ့လာထားသမျှနဲ့ ကျွန်တော် ခံယူ နှစ်သက်မိတဲ့ အယူဝါဒတွေ အလိမ်းလိမ်းနဲ့ …
ကျွန်တော်ဟာ စာပေအနုပညာ ဖုန်တထောင်းထောင်းကြားမှာနေရင်းကနေ… စာပေလောကကို ချောင်းမြောင်းလေ့လာနေဆဲပါပဲ။
ကျွန်တော် သိထားသလောက် တီးခေါက်ကြည့်ရုံမျှပါပဲ။
ကျွန်တော်… သိတာထက် ပို ပြောလိုက်တာ တွေ့ရင်လည်း ဝင်…လျှော့ပေးကြပါ။
သိတာထက် လိုပြီး ပြောမိရင်လည်း………….
ဝင်…ဖြည့်ပေးကြပါ။ “မြစ်တကာမြစ်ထဲမှာ စာပေအနုပညာမြစ်ကတော့ဖြင့် …မည်သူမဆို ဝင်ရောက် စီးဆင်းနိုင်တဲ့မြစ်”လို့… ကျွန်တော် ယုံပါတယ်။
၁၈ ရာစုနောက်ပိုင်းထိကနေ ၁၉ ရာစု မတိုင်ခင်အချိန်ထိ အားကောင်းစွာ ပေါ်ထွန်းခဲ့တဲ့ စာပေအနုပညာ ဝါဒတွေထဲမှာ
ထင်ရှားကျော်ကြားခဲ့တဲ့ အယူဝါဒတစ်ခုကတော့ …”NEO-CLASSICISM”လို့ အခေါ်အပြောရှိတဲ့ “ဂန္ထဝင်ဝါဒသစ်”ဆိုတာကြီးကနေ စ, ပြောရမယ်ထင်ရဲ့။
ဂန္ထဝင်ဝါဒသစ်ဟာ မူရင်း CLASSICISM ဆိုတာကို ကျော်လွန်ပြီး ဖြစ်တည်လာတယ်ဆိုတာ အတော်များများ သိကြပါတယ်။
“လူအများနှစ်ရှည်ကာလ များစွာ စံထားပြီး ကြိုက်နှစ်သက် လက်ခံလာတဲ့ အနုပညာလက်ရာများကို တည်စွဲပြီး”-ဂန္ထဝင်ဝါဒ(CLASSICISM)ဆိုတာကြီး ရှိခဲ့…
တည်ခဲ့… ။
(ဂန္ထဝင်ဝါဒ(CLASSICISM) ဆိုတာ … ဂရိနဲ့ ရောမခေတ် ဝန်းကျင်က အနုပညာလက်ရာ ဖန်တီးမှုတွေကို အစွဲပြု စံထားပြီး ပေါ်ပေါက်လာတယ်
ဆိုတာလည်း သိကြရဲ့မဟုတ်လား။
အဲဒီနောက်တော့ NEO-CLASSICISM ဆိုတာကြီးက ရှေးဟောင်း- ဂန္ထဝင်ဝါဒ(CLASSICISM) ဆိုတာကို ပြန်လည် ဆန်းသစ်ပြီး
အသစ်တစ်ဖန်ပေါ်ထွန်းလာတဲ့ နေတစ်စင်းလို အနုပညာလောကမှာ တောက်ခွင်းဖို့ ကြံရွယ်လာပြန်ရော…ဆိုပါစို့… ။
အနုပညာလောကမှာ ဝါဒအသစ်တစ်ခု ပေါ်လာရင် အဲဒီဝါဒရဲ့ အလှတရားဆိုတာကို နှိုက်ချွတ်ဖော်ထုတ်ပြီး
အပြိုင်းအရိုင်း ခံစားပစ်လိုက်ချင်တယ် … ဆိုတဲ့ အနုပညာသမားတွေဟာလည်း ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။
အဲဒီ ဝါဒရဲ့ အရိပ်အာဝါသကို ခိုပြီး၊
(တစ်နည်းအားဖြင့်တော့… နေမင်းတစ်စင်း ပေါ်လာရင်…အဲဒီနေရဲ့ ရောင်ခြည် စွမ်းအားကို အသုံးပြုပြီး ပွင့်လန်းလာတဲ့ပန်းပွင့်တွေ ရှိသလို…)
NEO-CLASSICISM အငွေ့အသက်/ အနံ့အသင်း မကင်းတဲ့ အနုပညာ-ပန်းတွေ …ဟောတစ်ခင်း …ဟောတစ်ခင်း…ပေါ်လာပါလေရော… ။
ဒါပေမဲ့… NEO-CLASSICISM ရဲ့ ကြွေးကြော်သံကိုက… နို့နံ့ မစင်ကြယ်သော ကလေးငယ်ရဲ့ အသံလိုပဲ…လို့… ကျွန်တော် ပြောလိုက်ချင်တယ်။
ဘာကြောင့်လဲ။
NEO-CLASSICISM ကို ကိုင်စွဲပြီး ကလောင်လက်နက်နဲ့ ထွက်လာတဲ့သူတွေက ဘာပြောလဲဆိုုတာ ကြည့်လေ။
“NEO-CLASSICISM ကို ကိုင်စွဲကြသူများ…. အခုအချိန်ကစပြီး .. ဂရိနဲ့ ရောမခေတ် ဝန်းကျင်က ရှေးဟောင်း အနုပညာလက်ရာ
ဖန်တီးမှုတွေရဲ့ စံနှုန်းတွေ/ တန်ဖိုးတွေကို အတုခိုးပြီး ဖန်တီးကြလော့…. တဲ့။”
ရပ်ကွက်ထဲက လူတွေ ပြောပြောနေတဲ့ “အဲ့ဒီမှာ စတွေ့တာပဲ”လို့ ပြောရမလိုပဲ။ အဲဒီ ဝါဒဟာ အသစ်စော် နံထားပေမဲ့…… …..
အဟောင်းပုံထဲသို့ ချီတက်ရေးလမ်းစဉ်ကြီး ဖြစ်နေတယ်။
ရှေးတုန်းက တန်ဖိုးထား/ လေးစား/ မြတ်နိုးခဲ့တဲ့ စံနှုန်းတွေ၊ အနုပညာလက်ရာတွေ၊ အနုပညာဖန်တီးမှု အစုစုတွေအတိုင်းပဲ၊
တသွေမတိမ်း လိုက် ဖန်တီးကြစို့ရဲ့လို့… အတုလုပ်ဖော် ညှိနေတာကြီး ဖြစ်နေတယ်။
အနုပညာဆိုတာ ပုံတူ ကူးမှုလား။ အသစ် အသစ်တွေ မဖန်တီးရတော့ဘူးလား… မေးစရာတွေက တန်းကို စီ…လို့………..။
PLATO(427-374 BC)ခေတ်ကနေ…. ဒီနေ့ထိ…ပုံတူ ကူးချရတာ ညောင်းညာကိုက်ခဲမှု မရှိကြသေးဘူးလား။ စသည်ဖြင့်…
ပြစ်တင် ဝေဖန်သံတွေ အထိုက်အလျောက် ရှိခဲ့ပေမဲ့… အဲဒီ ဝါဒကတော့ ၁၆၊၁၇၊၁၈ ရာစုတွေအဆက်ဆက် လေးနက်ခိုင်ကြည်စွာ ဖြတ်သန်းခဲ့ပြန်ပါတယ်။
(အဲဒီ ဝါဒ- ဒဿနတွေကို ဖော်ထုတ်တင်ပြခဲ့တဲ့ထဲက ထင်ရှားတဲ့ ပုဂိ္ဂုလ်တစ်ယောက်ကို ရွတ်ပြပါဆိုရင် NICOLAS BOILEAU (1636-1711) ကို
ရွတ်ပြပါရစေ။ သူ့ရဲ့ ကဗျာလိုရေးထားတဲ့ ကျမ်းစာအုပ်-L’ART POETIQUE/ THE POETIC ART ဆိုတဲ့ စာအုပ်ကို ကြားဖူးပါတယ်။ (မဖတ်ဖူးပါ) )
ဘာပဲဖြစ်ဖြစ် အနုပညာဝါဒတစ်ခုကို ရာစုနှစ်တွေတိုင်အောင် အသက်သွင်းနိုင်ခဲ့သူတစ်ယောက်အဖြစ် “အနုပညာကဝေ စာရင်း”ထဲ သွင်းပါကြောင်း။
သူ့အယူအဆ (NEO-CLASSICISM) အရ…ဆိုရင်… တာရာမင်းဝေကို နတ်သျှင်နောင်ရေးသလို ရတုမျိုး မရေးရကောင်းလားလို့
အပြစ်မြင်ရမလိုလို၊
အောင်ချိမ့်ကိုလည်း ရှင်မဟာရဌသာရ ဟန်မျိုး မရေးဘူးလားလို့ သွားမေးရမလိုလို၊
ဦးပုညလို တေးထပ်မျိုးတွေ မရေးဘူးလားကွ ဆိုပြီး မနော်ဟရီကို ချောင်းရိုက်ရမလိုလို… (စသည်…)
ရှေးကဗျာတွေမှာ အတွေ့ရများလှတဲ့ ကာရန်တွေ၊ နဘေတွေ၊ အလင်္ကာတွေ ဘာတွေ ညာတွေ….
အဲဒါတွေ တပြုံကြီး ထည့် စီပြထားတဲ့ စာသားအစုအဝေးကိုမှ ကဗျာလို့ သတ်မှတ်ချင်ကြတဲ့သူတွေ…
ကာရန်ချိုချိုလေးတွေ ထည့် စီထားတဲ့ စာသား အပိုဒ်အပိုဒ်ကိုမှ အသံသာသာလေးမို့ ကဗျာရယ်လို့ မြတ်နိုးတယ်ဆိုချင်သူတွေ…. …
တပုံကြီး(တပုံ့ တပုံကြီးကို) အခုခေတ်မှာပါ မြင်တွေ့လိုက်ရတဲ့အခါ….
ကျွန်တော်ဖြင့် (NEO-CLASSICISM) ဆိုတဲ့ ခေတ်ဟောင်း အတွေးအခေါ်ကြီးကို
ပြေး မမြင်မိဘဲ မနေနိုင်တော့ပါဘူး။
(အမှန်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဧရာဝတီကိုလည်း ဧရာဝတီလို့ -အတိအကျ မရေးပဲ… အခြားသော နိမိတ်ပုံ သင်္ကေတတွေနဲ့ ဖော်ညွှန်း
ဖွဲ့ဆိုခဲ့ပါပြီ။
သနပ်ခါးရနံ့ကိုလည်း သနပ်ခါးရနံ့ရယ်လို့ … (သရေးသ…နငယ်ရေး ပသတ်နပ်…သနပ်…ခခွေးရေးချ ဝစ်စပေါက် ခါး … သနပ်ခါး… စသည်ဖြင့်
မရေးတော့ဘဲ… ဘာသာစကားဆိုတဲ့ အတားအဆီး နံရံကြီးကို ဖောက်ထွက်ပြလိုက်တဲ့ စာပေအနုပညာရပ်တွေလည်း ရှိခဲ့ပါပြီ။
လက်ရှိလည်း အတားအဆီး
တော်တော်များများကို ဖောက်ထွက် ကျော်လွန်ပြချင်လို့… (တစ်နည်းအားဖြင့် လွတ်လပ်မှုကို မြတ်နိုးလို့…/ လွတ်လပ်ခွင့်ကို သာမန်ထက် မြတ်နိုးသူ
အနုပညာဖန်တီးရှင်တွေ ရှိနေလို့…) ကဗျာဆိုတာကိုတောင် … စာသား(ဘာသာစကား တွန့်တွန့်ကောက်ကောက်တွေ မပါဘဲ/ တနည်း- ဘာသာစကားနဲ့
ရေးမှ ကဗျာ ဆိုတဲ့ အယူအဆကို) စွန့်ပယ်ပြလိုုက်ချင်လို့… တခြား ကြားခံပစ္စည်းတွေ သုံးစွဲ/ ဖန်တီးပြခဲ့တဲ့ အနုပညာသမားတွေလည်း ရှိခဲ့ဖူးပါပြီ။)
ဒါပေမဲ့… ကျွန်တော်တို့ဆီမှာ… NEO-CLASSICISM အငွေ့အသက်တွေ လွှမ်းခြုံ ခံထားရဆဲပဲလား… ။
ဒီမေးခွန်းကို မေးချင်လာပါတယ်။
လက်တလောမှာကိုက…. ကဗျာဆို ကာရန်ပါမှ… ဒါမှမဟုတ်…အသံသာမှ… ဒါမှမဟုတ် ရစ်သမ် မိမှ…စသည်ဖြင့်… ကိုင်စွဲပြီး…
ကာရန်မပါသော… အသံ-မသာသော… /ဘာသာစကားဖြင့် မဖွဲ့တည်သော …ကဗျာများကို ကဗျာ စာရင်း မသွင်းလိုသူ(တချို့)နှင့်…
ရင်ဆိုင် တွေ့ရသောအခါ…. ဒီမေးခွန်းကို မြန်မာ့စာပေ အနုပညာ ဂူသားနံရံတွေထဲ… ပဲ့တင်ထပ်အောင်ကို … မေးချင်လာပါတယ်။
—————————————————————
ယခု ကျွန်တော် ပြောခဲ့သမျှ ပြန် ချုပ်ပေးချင်ပါသည်။
(၁)”စာပေအနုပညာ ပန်းခင်းထဲက ဘာညာဘာညာအကြောင်းတွေ”ပဲ ဖြစ်ဖြစ် ကျွန်တော် ပြောချင်၍ နည်းနည်း ပြောခဲ့ပါသည်။
(၂) ကျွန်တော် နည်းနည်း သိ၍ နည်းနည်း ပြောဆိုလိုသည်က…စာပေအနုပညာ = Literature Art သာ ဖြစ်ပါသည်။
(၃) NEO-CLASSICISM ဆိုတာဟာ…ရှေးဟောင်း- ဂန္ထဝင်ဝါဒ(CLASSICISM) ဆိုတာကို ပြန်လည် ဆန်းသစ်ပြီး အသစ်တစ်ဖန်
ပေါ်ထွန်းလာချင်တဲ့ နေတစ်စင်းလို (စာပေ)အနုပညာလောကမှာ တောက်ခွင်းဖို့ ကြံရွယ်လာခြင်း ဖြစ်သည်။
(၄) ခေတ်ဟောင်း အယူအဆတွေအတိုင်း ရေးထားတဲ့ ကာရန်ပါမှ အသံသာမှ ကဗျာရယ်လို့ မြတ်နိုးတယ်ဆိုချင်သူတွေ –
တပုံကြီး(တပုံ့ တပုံကြီးကို) အခုခေတ်မှာပါ မြင်တွေ့လိုက်သဖြင့် (NEO-CLASSICISM) ဆိုတဲ့ ခေတ်ဟောင်း-အတွေးအခေါ်ကြီးကို
သတိရသွားခြင်း ဖြစ်သည်။
(၅) ကျွန်တော်တို့ဆီမှာ… ယနေ့ချိန်ထိ NEO-CLASSICISM အငွေ့အသက်တွေ လွှမ်းခြုံ ခံထားရဆဲပဲလားဆိုတဲ့ မေးခွန်းကို ….
မေးချင်လာခြင်းသာ ဖြစ်ကြောင်း။
—————————————————————
မှားတာ…တွေ့လျှင် ပြင်ပေးကြပါ။ များသွားတာ နည်းသွားတာ တွေ့လျှင်လည်း လိုတိုး ပိုလျှော့ ဖြည့်စွက် တွေးခေါ်ပေးကြစေလိုပါကြောင်း။
ချစ်ခင်လေးစားလျက်….
သင့်အေးရိပ်
၀၄၊ ဇန်နဝါရီလ၊ ၂၀၁၇
(NEO-CLASSICISM ကို ငြင်းပယ်ပြီး ဖောက်ထွက်ပြရုံမျှ မက ခရီးရောက်ခဲ့တဲ့ ROMANTICISM အကြောင်းကိုလည်း
အကြောင်းညီညွတ်လျှင် (အချိန်ရလျှင်) နည်းနည်း တို့ထိ ပြောဆိုချင်ပါသေးသည်။)
8 comments
ဇီဇီ
January 6, 2017 at 12:07 pm
စာပေအနုပညာဆွာတွေ ဘာမှ နားမလည်လို့ မပြောနိုင်ပေမဲ့
အစ်ဇင် ကိစ နည်းနည်း ပြောဗျဇီ။
အမှန်တော့ ဂီတ စာပေ စတဲ့ အနုပညာဆွာလွတ်လပ်သလားလို့ အာ့ကို ဘာ အစ်ဇင် ဘာဝါဒီ စတဲ့ ဘောင်တွေ ခတ်ပစ်ရတာ သိပ်တော့ လွတ်လပ်မှုမရှိဘူးမြန်းလားး
သိပ်တော့ နားမလည်ပါဘူးလေ။
ခံစားတဲ့ သူ အပေါ် မူတည်တာပါပဲ။
သိပ်နားမလည်ပါဘူး
:k:
Thint Aye Yeik
January 6, 2017 at 2:25 pm
အစ်ဇင်ကိစ္စ နည်းနည်း ပြန် ရှင်းဗျဇီနော်
အမှန်တော့ ”အနုပညာ ဖန်တီးသူ”တစ်ယောက်အနေနဲ့ဆိုရင်
ဘာအစ်ဇင် ညာအစ်ဇင်အတိုင်း ဖြစ်လေရော့ဟယ် ဆိုပြီး ဖန်တီးမှာ မဟုတ်ပါဘူး။ အဲ့အတိုင်း ဖန်တီးရင်လည်း အနုပညာပစ္စည်း စစ် မစစ် ဆိုတာကြီးနဲ့ ပြန် တိုင်းတာရမလိုဖြစ်ရော။
အမှန်တော့ အစ်ဇင်တွေနဲ့ တိုင်းတာ ချိန်ထိုးပြီး ပြောတယ်ဆိုတာက ဝေဖန်ရေးသမားတွေရဲ့ အလုပ်ပါ။
1.အနုပညာသမားက အနုပညာပစ္စည်းကို ဖန်တီးတယ်။
2. အနုပညာသမားတွေ ဖန်တီးတဲ့ အနုပညာလက်ရာ အနုပညာပစ္စည်းကို ဝေဖန်ရေးသမားတွေက ဝါဒတွေ(အစ်ဇင်တွေ)/ သီဝရီတွေနဲ့ ချိန်ထိုးပြီး သုံးသပ်တယ်။ ရသတန်ဖိုးက ဘာ, . . ၊ အမျိုးအစားက ဘာ. . .စသည်ဖြင့်။
အဲ့ အစီအစဉ်တွေထဲမာ မပါတာကတော့ ခံစားသူ(စာဖတ်ပရိသတ်) ဆိုပါတော့။
ခံစားသူကတော့ အနုပညာသမားရဲ့ လက်ရာကို တွေ့တယ်။ ခံစားတယ်။ ဆပွါးတွေးယူတယ်။ အနှစ်ထုတ်ကြည့်တယ်။ ရသ ခံစားတယ်။ စသည်ဖြင့်။
အခုပိုစ့်ကတော့ ကျနော်က အနုပညာသမားတစ်ယောက်အနေနဲ့ ရေးလိုက်တာ မဟုတ်ပဲ ဝေဖန်ရေးသမားရှုထောင့်ကနေ
ကာရန်မှ ကာရန် ဖြစ်နေသူများကို ဝေဖန်ချလိုက်တာပဲ။
:k:
အဲ့ဒါလေးးး
😆
သျှားသက်မာန်
January 6, 2017 at 4:40 pm
အကိုကလူကြီးကြီးအတိုင်းပဲ
Thint Aye Yeik
January 6, 2017 at 6:53 pm
တိန်
ဘယ်လို ဘယ်လို
:k:
ဘာပဲဖြစ်ဖြစ် ကလေးကလားလို့ မှတ်ချက်အပြုခံရတာထက်စာရင် တော်သေးတယ်
:k:
ဂျစ်စူ
January 9, 2017 at 11:39 am
အကိုက ဘယ်လောက်ကြီးလဲ
Thint Aye Yeik
January 10, 2017 at 8:40 am
L ဆိုဒ်
:k:
ဝင့်ပြုံးမြင့်
January 18, 2017 at 1:29 am
ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကာ ကဗျာ ဖြစ်ပြီလား။
Thint Aye Yeik
January 18, 2017 at 9:24 am
စာပေတိုက်ပွဲခေါ်သံ(၃) အနေနဲ့ ပိုစ့်တစ်ပုဒ် သပ်သပ် တင်ပြီး …. အဲဒီ မေးခွန်းကို ဖြေထားပါတယ် အစ်မတော်…
http://myanmargazette.net/228443