အလုပ်လေးတော့ လုပ်ပါရစေဦး

alinsettFebruary 7, 20171min3727

 

 

(ဝတ္ထု)


မျဉ်းဖြောင့်တစ်ကြောင်းက သူ့အမြီးကို ပါးစပ်ဖြင့် ပြန်မျိုပြီး စက်ဝိုင်းဖြစ်အောင် လုပ်ပြ၏။ 

သတင်းစာ ဆရာများက ဝိုင်းမေးကြသည်။ 

"ခုလို ဖန်တီးနိုင်အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ"

အမြီးကို ပြန်ကိုက်ထားရသော မျဉ်းဖြောင့်က ပါးစပ် မအားသဖြင့်... 
"အင်း...အစ်... အစ်... အွန်း...အီး..."

"အခုလို လုပ်ပြနိုင်တော့ ဘယ်လို ခံစားရပါသလဲခင်ဗျာ"
"အင်း...အစ်... အစ်... အွန်း...အီး..."

"ရှေ့လျှောက် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ"
"အင်း...အစ်... အစ်... အွန်း...အီး..."

"ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုမျဉ်းဖြောင့် ခင်ဗျား"
--------
(ဝတ္ထုတိုအမည်- ပြပွဲ၊ ရေးသားသူ- တာရာမင်းဝေ၊ 
ကျွန်တော် တူးဖော်ခဲ့သော မြေစိုင်မြေခဲများအကြောင်းစာအုပ် -၁၉၉ရ ၊ 
------------------------------------------------------


(ဖတ်သူ)

    အထက်ပါ စာပိုဒ်ကလေးသည် ဝတ္ထုတို ဟူ၍ 
သတ်မှတ်ရမည့် အနုပညာလက်ရာ တစ်ခု ဖြစ်သည်။ 
အနုပညာလက်ရာ(အနုပညာပစ္စည်း)ဟူသည် ဖန်တီးသူ 
ရှိသောကြောင့် ဖြစ်တည်ပေါက်ဖွားလာသည်။ 
ဖန်တီးသူ၏ ဖန်တီးမှုနောက်တွင် ခံစားသူ ဟူ၍ ရှိလာပြန်သည်။ 

    (ခံစားသူတွေ ရှိလာမည်ဖြစ်သောကြောင့် အနုပညာပစ္စည်းတွေကို 
ဖန်တီးသူတို့က ခံစားသူတို့အတွက် ရည်ရွယ်၍ ဖန်တီးကြခြင်းတော့ မဟုတ်ရေးချ မဟုတ်။ 
အနုပညာသမားကိုယ်၌ကိုက အနုပညာ ပိုး ရွစိထိုးသောကြောင့် ဖန်တီးမိခြင်းဖြစ်ရာ... 
ထို့နောက်မှ အနုပညာ ခံစားသူတို့ကလည်း မနေနိုင်မထိုင်နိုင် အနုပညာခံစားလိုစိတ် 
ရွစိတက်လာကြခြင်းသာ ဖြစ်သည်။ 
    

    အနုပညာ ဟူသည် ဘာအတွက် ဘယ်လို ဖန်တီးလိုက်သည် ဟူ၍ မရှိစကောင်း။ 
ဤသို့သာ ကျွန်တော် ယူဆသည်။ ထားပေအုံးတော့...။ ဤ အချိန်သည် အနုပညာအကြောင်း ထောင်းလမောင်း 
ထအောင် ပြောနေရမည့် အချိန် မဟုတ်သေး။ 
နောက်များမှ ဒီအကြောင်းတွေကို လက်ခမောင်း ထခတ်မည်။)

    ရေးသူ(ဆရာ တာရာမင်းဝေ)က ရေးသည်။ သူ ရေးသားထားသည့် စာကို 
ခံစားဖတ်ရှုသူ(ကျွန်တော်)က ဖတ်မိသည်။ ဒါပါပဲ။ ပြောလိုရင်းက ဒါပါပဲ။ 

    ဖတ်မိသည့်နောက်... ရေးသူ၏ အရေးက တုန့်ခနဲ ဆုံးသွားသော်လည်း ဖတ်သူ၏ 
အတွေးက ဒုန်းစိုင်း ပြေးလွှားဆဲ ဖြစ်နေသည်။ အဲသည်နောက်.... ဤ စကားများသည် ... 
ထို ဝတ္ထုတိုကလေးကို ဖတ်ပြီးချိန်တွင် ကျွန်တော် ဆက်တွေးမိသော အတွေးများမျှသာ ဖြစ်သည်။ 

    စကား မကျန်အောင် ပြောရပါမည်။ ထိုဝတ္ထုကို ဤအချိန်(ဤနေ့ ဤရက် ဤနာရီ-၂၅ရက်-ဇန်နဝါရီ-၂၀၁၇-ည 
၁ဝနာရီ ၅၅မိနစ်) တွင် ဖတ်မိရာမှ... ကျွန်တော် ဆက်လက် တွေးတောမိသည့် အတွေးစဉ် အမျှင်ကလေးတစ်ဖြတ်မျှသာ
ဖြစ်သည်။  (အတွေးများသည် စဉ်ဆက်မပြတ် တဖျတ်ဖျတ် ပြောင်းလွဲ ပြေးလွှားနေဆဲ ဖြစ်ပါသည်။)
-----------------------------------------------------------------------------

(အတွေးစဉ် အမျှင်တစ်ဖြတ်)


    အပေါ်မှာ ဖော်ပြထားတဲ့ ဝတ္ထုကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်တော့ဖြင့် 
ဗမာပြည်နိုင်ငံရေးကိုပဲ ပြေးမြင်မိတယ်။ 

    ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ ဦးဆောင် လှုပ်ရှားပြနေတဲ့ မျဉ်းဖြောင့် တစ်ကြောင်း ရှိပါတယ်။ 
အရင့်အရင်က မျဉ်းလိမ်မျဉ်းကောက်တွေထက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပြနိုင်လိမ့်မယ်လို့ 
ယုံကြည်စွာနဲ့ အဲဒီ မျဉ်းဖြောင့် လုပ်ပြသမျှကို ကြည့်နေမိကြပါတယ်။ 

    ခမျာလည်း လုပ်ပြရှာပါတယ်။ လိမ်ပြ ကောက်ပြ တွန့်ပြတာတွေ မလုပ်ပဲ စည်းလုံးမှု ... သေသပ်စွာ 
ဝန်းဝိုင်းမှု စတဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်တဲ့အနေနဲ့ လုပ်ပြရင်း လုပ်ပြရင်းကနေ... စက်ဝိုင်း ပုံသဏ္ဍာန်တစ်ခုကို 
လုပ်ပြမိသွားပါတယ်။ 

    ပရိယာယ် ကြွယ်ဝစွာနဲ့ မြွေတစ်ကောင် သူ့အမြီးကို ပြန်ကိုက်သလို အဝန်းအဝိုင်း ပုံစံ လုပ်ပြရတာပါ။ 
အတော် ခက်ခဲပါတယ်။ (ပိုစ့်မော်ဒန် ဝါဒီတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် မြွေတစ်ကောင် သူ့အမြီးကို 
သူပြန်ကိုက်တဲ့ပုံသဏ္ဍာန်ဟာ အစဉ်အလာတွေ၊ စည်းမျဉ်းတွေ၊ ဘောင်တွေ၊ ခွင်တွေ၊ ထုံးတမ်းဓလေ့တွေကို 
ဖောက်ထွက်ပြီး လူတကာ ကဲ့ရဲ့ပြစ်တင် ကြိမ်းမောင်း ဆဲဆိုသံတွေ ကြားကနေ ဖန်တီးပြရတဲ့ ပုံသဏ္ဍာန်ပါ။
    (သမားရိုးကျ ဝတ္ထုတစ်ပုဒ်မှာဆိုရင် အစ၊ အလယ်၊ အဆုံး၊ ဒီလိုပဲ ပြသနေရာကနေ... ပိုစ့်မော်ဒန်ဝါဒီတွေက 
အဆုံးနဲ့အစကို ရောယှက်ပြသလိုက်သလိုပါ။ အဆုံးဟာ အစလည်း ဖြစ်နေသလို အစဟာ အဆုံးလို့လည်း ယူဆလို့ 
ရသွားတဲ့ပုံသဏ္ဍာန်ပါ။ လောကရဲ့ မာယာအထပ်ထပ် သစ္စာအလွှာလွှာကို မှော်ဆန်ဆန် ဖြန့်ခင်းပြလိုက်တဲ့သဘောပါ။ 
ခေတ်သစ်အနုပညာအရာမှာတော့ ဒါဟာ အတော် တာသွားခဲ့တဲ့ ပိုစ့်မော်ဒန်သဘောတရားတစ်ခု ဖြစ်ပါတယ်။) 

 
   အရင်ခေတ်အဆက်ဆက်က မျဉ်းလိမ်မျဉ်းကောက်တွေ လုပ်မပြရဲခဲ့တဲ့ ပုံသဏ္ဍာန်တစ်ခုကို ရိုးဖြောင့်ပြတ်သားစွာ 
လုပ်ပြရတာမို့ ပင်ပန်းပါတယ်။ မျဉ်းဖြောင့်တစ်ကြောင်းကနေ လိမ်ပြဖို့ ကောက်ပြဖို့ တွန့်တွန့်လူးပြဖို့ ဆိုတာ လွယ်ပါတယ်။ 
လုပ်ရိုးလုပ်စဉ် ခေတ်အဆက်ဆက် လုပ်ပြခဲ့ပြီးပြီမို့ ထူးပြီးလည်း မေးနေစရာ မလိုချေ။ 

    ယခုတော့ မျဉ်းဖြောင့်တစ်ကြောင်းက သူ့အသွေးအသားရဲ့ အစိတ်အပိုင်းဖြစ်တဲ့ သူ့အမြီးကို သူပြန်ကိုက်ပြပြီး၊ 
ခက်ခဲနက်နဲတဲ့ အသွင်သဏ္ဍာန်ကို ယူထားရတုန်းမို့ အင်မတန် မအားလပ်နိုင်ပါ။ ဘာမှ ရှင်းပြနေဖို့၊ ဖြောင့်ချက်ပေးနေဖို့၊ 
မျက်နှာချိုသွေးပြနေဖို့လည်း မအားပါ။ 

    ဒါကို ကိုယ်ချင်းစာစိတ်၊ စာနာစိတ် မျက်ကွယ်ပြုပြီး... ဘယ်လို ကြိုးစားထားတာလဲ ၊ ဘယ်လိုခံစားရလဲ... ၊ 
ဘာတွေ ဆက်လုပ်ပြအုန်းမလဲ .....၊ စသည်ဖြင့် ဘာဘာညာညာတွေ လိုက်မေးကြ.... 

    ဘယ်လိုတော့ဖြင့် လုပ်မပြဘူး... ဘယ်လို လုပ်ပြရင်ဖြင့် ပိုကောင်းမှာ ဘာညာဘာညာ ... 
စသည်ဖြင့်တွေလည်း ဝေဖန်ကြ၊ ပုတ်ခတ်ကြ၊ မဲ့ကြ၊ ရွဲ့ကြ... ။ 

    ဟိုကဖြင့် ...လုပ်စရာ ရှိတာကို မနိုင်ဝန် ထမ်းသလို လုပ်နေရလို့ ဘာမှတောင် ပြန်မပြောနိုင်.... ။ 

    ဒီအခြေအနေကို မြင်ပြီးနောက်မှာ ကျွန်တော်ဖြင့် ဗိုလ်ချုပ် ပြောဖူးတဲ့ စကားတစ်ခွန်းကိုပဲ ပြေးသတိရတယ်။ 

------------------------------------------------------------------------------



"အလုပ် လုပ်ပါရစေအုံး။ အဲဒီလို အလုပ် လုပ်နေတဲ့အခါမှာ သခွပ်ပင်က မီးတကျည်ကျည် 
လုပ်ကြတာတော့လဲ မကောင်းဘူး။ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲ ပါတယ်လို့ 
ကျွန်တော်က ပြောချင်တယ်။ 
အဲဒီလို ခင်ဗျားတို့ လုပ်နေယင် ကျုပ်တို့ကလဲ ဝတ်တရားအတိုင်း အရေးယူ လုပ်ရမှာဘဲ။ 
အဲဒီလို လုပ်နေကြယင် မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေမှာဘဲ။ အဲဒါတွေ ဖယ်ထားပြီး ... 
အလုပ်ကလေးလဲ ကောင်းကောင်း လုပ်ပါရစေအုံး။ 
အစွန်းမထောင်ပါနဲ့။  ကျွန်တော်တို့ကို မကြိုက်ဘူးဆိုယင် ထုံးစံအတိုင်း 
မကြိုက်တဲ့ အကြောင်းကို သေသေချာချာ ပြောကြပါ။ ကျုပ်တို့ ထွက်သွားရုံဘဲ။ 
ဟိုဘက်က အစွန်းထောင်၊ ဒီဖက်က အစွန်းထောင်အောင်တော့ မလုပ်ကြပါနဲ့။"
(၁၉၄ရ ခုနှစ်၊ မေလ ၃ဝ ရက်နေ့၊ သတင်းစာဆရာများ အစည်းအဝေးတွင် 
ဗိုလ်ချုပ်အောင်ဆန်း-ပြောကြားသည့်မိန့်ခွန်းမှ)






















သင့်အေးရိပ်
















 

7 comments

  • Thint Aye Yeik

    February 7, 2017 at 5:17 pm

    တာရာမင်းဝေ
    ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
    ၁၉၉ရ / နိုဝင်ဘာလထုတ်

    #####################################

    မော်ဒန်ပန်းချီမှာ …..
    Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ် ။
    အင်ပရင်ရှင်နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
    ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
    ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
    အစက်အပြောက်လေးတွေနဲ ့ ဖော်ဆောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

    အခု…
    ဆရာတာရာမင်းဝေ…
    တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ….
    ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
    အားပြုတာထက်…..
    ပွိုင့် ( Point ) သဘောကို..ဆောင်နေတယ်လို့ ဆိုပါတယ်။
    ဒီဝတ္ထုတိုလေးတွေက အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

    အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
    ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

    ဒါကြောင့်…..
    ဆရာတာရာရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
    ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
    ကျွန်တော့်အတွေး နဲ ့အရေးကိုပါ….. ပူးတွဲပြီး… ၁၆ ပုဒ်လောက် … ရေးသား တင်ပြဖူးပါတယ် ။

    http://myanmargazette.net/?s=%E1%80%B1%E1%80%BB%E1%80%99%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%81%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&x=0&y=0

  • kai

    February 7, 2017 at 6:06 pm

    ဦးကိုနီကတော့.. လုပ်ကြံခံရပြီးသေရှာပြီ..။
    .. ဒေါ်အောင်ဆန်းစုကြည်က.. အသက် ၇ဝကျော်..။ ဗိုလ်ချုပ်အောင်ဆန်းကတော့.. နိုင်ငံရေးလောကမယ်ခေါင်းဆောင်ဖြစ်ချိန်က.. အသက် ၃ဝအောက်..။
    မျဉ်းတွေမကွေ့မကောက်… “အင်း…အစ်… အစ်… အွန်း…အီး…” မမြည်ပဲ..
    တည့်တည့်ပြောရအောင်…
    လူဆိုတာ.. သေမျိုး.. ၇ဝ အသက်တမ်းဆိုတာက.. တကယ်လုပ်နိုင်ကိုင်နိုင်ချိန်ဆိုတာ.. သိပ်မကျန်..။
    ဆိုတော့..
    အနာဂါတ်ခေါင်းဆောင်လုပ်မယ့်သူတွေ.. နောက် ၅နှစ်အတွက်စဉ်းစားထားကြလား.. အဲဒီနောက် ၆နှစ်.. ရနှစ်.. ၈နှစ်..။
    မြန်မာပြည်အခုနိုင်ငံရေးအခြေအနေက.. ဒေါ်စုမှမရှိရင်.. ဘာဘာ ..ဘာမှလုပ်မရ..မလုပ်တတ်ဖြစ်နေသမို့…
    ဒေါ်စုလွန်ကာလတွေအတွက်.. အမြန်ဆုံး ပြင်ဆင်ထားသင့်ပြီဖြစ်ကြောင်း…။

    .. ဂီယာတဆင့်မြှင့်…. ဝင်ရောက်လုပ်ကိုင်.. သင်ယူ.. နေရာယူကြသင့်ပြီဖြစ်ပါကြောင်း..။

  • ဇီဇီ

    February 16, 2017 at 9:26 am

    ကိုယ်လည်း မလုပ်နိုင်ပဲ
    သူများလုပ်တာကို ထိုင် ပြောတဲ့သူတွေ များလွန်းလှသော နိုင်ဂံဂျိ ပါအေ။
    အာ့ကြောင့် ဂု ကိုယ်က ဘာမှ မလုပ်နိုင်ရင်တောင် အလုပ်လုပ်နေတဲ့သူတွေကို မနှောက်မိဖို့ ကိုယ့်ကိုယ်ကို ဆုံးမထားရတယ်။

    🙁

    • Thint Aye Yeik

      February 16, 2017 at 10:04 am

      ဟုတ်ပါ့ဗျာ။
      လမ်း ခင်းပေးတော့လည်း ခင်းပြန်ပြီ။ မခင်းပဲ ထားတော့လည်း မခင်းလို့။
      ပန်း ပွင့်တော့လည်း ပွင့်ပြန်ပြီ။ မပွင့်ဘဲနေတော့လည်း မပွင့်လို့။ ဘယ်လို လုပ်ပေးမှ စိတ်ကျေနပ်ကြမလဲ မသိ။
      😆

      ဗမာပြည်မှာ ကိုယ်ကျိုးမရှာတတ်တဲ့
      အစိုးရဖြစ်ရတာလည်း ဝဋ်နာကံနာပဲ ထင်ရဲ့။

      ကျနော်တော့ အရင်က အစိုးရနဲ့ အဘဘက်တော်သားတွေကို ထိုင်ဆဲတယ်။
      တိုင်းပြည်ရဲ့ အစိုးရအခွင့်အာဏာကို စစ်ဖိနပ်အောက်က ဆွဲထုတ်ဖို့ကြိုးစားပေးနေတဲ့ အခုအစိုးရကို
      ထိုင်ကျေးဇူးတင်နေတဲ့အလုပ်ပဲ လုပ်မိနေတော့တယ်။
      ပုကျိပုကျိလေး ပြောပေးရင်း အမေစုကို ကူအုံးမှ။
      :k:

Leave a Reply