“ မရှိမဖြစ် ကျူရှင် ”

“ မရှိမဖြစ် ကျူရှင်  ”

 

ကျုရှင် ဆိုတဲ့ ဝေါဟာရ က ဘယ်ခေတ်ဘယ်ကာလ ကစတင်သုံးခဲ့ပြီးဘယ်ဘာသာစကားလဲဆိုတာတော့ကျုပ်လဲမသိဘူး။

ဒါပေမယ့် ကျုပ်ငယ်ငယ်လေးကတည်း က ဒီစကားလုံးကို ရင်းနှီးခဲ့တာ။

ရင်းနှီးဆို ကျုပ်အဘိုးက  ပင်စင်စားကျောင်းဆရာကြီး။

အိမ်မှကျူရှင်ဖွင့်တယ်။

အလွတ်ပညာသင်ကျောင်းလဲ ထောင်ထားတယ်။

“ ဆရာကြီး ရယ် ဒီကောင်ဆိုးလွန်းလို့၊

စာလဲ ဘာမှမတတ်ဘူး။

ဒါကြောင့် ဆရာကြီးဆီ လာထားတာ။

မကျိုးမကန်းရင်တော်ပြီ စိတ်တိုင်းကျသာဆုံးမ။

စာတတ်ရင်တော်ပြီ“ဆိုပြီး အတန်းကျောင်းကအပြန်ကျူရှင်လာပို့တဲ့ မိဘတွေကအများကြီး။

ပြောရရင် ဟိုးရှေးရှေးက ကျူရှင်တက်တယ်ဆိုတာ အတန်းထဲမှာ စာညံ့တဲ့သူ စာမလိုက်နိုင်သူတွေပေါ့၊

ကျုပ်ခပ်ငယ်ငယ် ၁၉၆၀  ခုနှစ်များဆီကပေါ့။

 

အခုနေများပြန်တွေးကြည့်ရင် ကျုပ်ရဲ့ မူလတန်း အလယ်တန်းကျောင်းသားဘဝတွေက

ဘာမှ ဖိအားမရှိဘဲ ကုန်လွန်ခဲ့တယ်ရတယ်လို့ဘဲပြန်တွေးမိပါတယ်။

ကျောင်းသွားတဲ့အခါလဲ အိမ်က တယုတယနဲ့လိုက်ပို့ လိုက်ကြိုလုပ်မပေးနိုင်ပါဘူး။

အားမှ မအားတာကိုး။

နောက်ကျုပ်တို့ သယ်ရတဲ့ စာအုပ်တွေကလဲ အများကြီးမဟုတ်။

“တိုင်တေဘယ်” ပေးထားတဲ့အတိုင်းလိုတာလေးတွေထည့်သွားရုံမယ်။

ခဲတံပါမယ် ဖောင်တိန်ပါမယ် ပေတံ ပါမယ်။

ကွန်ပါဘူးပါမယ်။

ပုံနှိပ်စာအုပ်ပါမယ်။

ရေးစရာဗလာစာအုပ်ပါမယ်။

ဒါဆိုလုံလောက်ပြီ။

ကျောင်းရောက်ရင် ဆော့မယ် ကစားမယ်။

ငယ်ငယ်တုန်းကတော့ ပြေးတမ်းလိုက်တမ်းကစားတယ်။

သားရေကွင်းပစ်တယ် ပိုလိုကားထပ်တယ်။

နည်းနည်းကြီးလာတော့ ဘော့လုံးကန်တယ်။

ကျောင်းတက်ခေါင်းလောင်းထိုးရင် ရေတိုင်မှာခြေလက်ဆေးမျက်နှာသစ်ပြီး အတန်းထဲပြေးဝင်။

ဆရာသင်ပေးတာကို လိုက်နားထောင် လေ့ကျင့်ခန်းပေးရင်ရေး။

ပြီးရင်တစ်ပါတ်တစ်ခါ PT လုပ်ရတယ်။

ကာယအချိန်လို့ခေါ်တာပေါ့။

ကျနော်ဆရာ တတိုင်းမွှေးကတော့ “ ကော့ကော် ကန်ကား အချိန် “လို့နာမယ်ပေးထားပါတယ်။

ဒီကာယလုပ်ဘို့ကလဲ ဆရာ သီးသန့်ခန့်ထားပါတယ်။

အခုခေတ်လို ရောကျော်မဟုတ်။

ပြောချင်တာက တော့ ကျုပ်တို့ငယ်ငယ်ကျောင်းသားဘဝမှာ ကလေး က ကလေး လို ကြီးပြင်းခဲ့ရတယ်ဆိုတာကိုပါ။

၈တန်းအစိုးရစစ်ကျောင်းသားဘဝထိ ကျူရှင်တက်ဘို့မလို။

ကျောင်းကပြန်လာရင်ဆော့။

ည ရောက်ရင် အိမ်က စာကျက်ခိုင်းတဲ့အချိန်ကျက်။

ကျောင်းပိတ်လို့ ကတော့

ကျုပ်အဘွားပြောသလိုပါဘဲ။

“ ကျောင်းပိတ်တာနဲ့ ဘုတ်ပိတ်”

အချိန်ပြည့် တော့ စာ ပြီး ရင်း စာ မလုပ်ခဲ့ရတာအမှန်ပါဘဲ။

ဒါပေမယ့် လဲ ကျုပ်တို့အရွယ် နဲ့ ကျုပ်တို့ တတ်ခဲ့တဲ့ပညာ ညီမျှတယ်လို့ထင်မိပါတယ်။

 

ကျုပ်တို့ အထက်တန်းကျောင်းသားဘဝ ရောက်တော့ ကျူရှင်တွေခေတ်စားလာပါပြီ

၁၉၇၄-၇၅ ကျနော်တို့ဆယ်တန်းကျောင်းသားဘဝ။

မန္တလေးမြို့က ကျောင်းတိုင်းကျောင်းတိုင်းမှာ စာအသင်အပြကောင်းတယ်ဆိုတဲ့ဆရာမတွေ ရှိနေပါတယ်။

ကျနော် နေခဲတဲ့ စိန်ပီတာ တစ်ဖြစ်လဲ အမှတ်(၉)အထက မှာဆိုရင်

မြန်မာစာ ဆရာဦးမြစိန်

သချင်္ာ ဆရာဦးမြမောင်

ဓါတုဗေဒ ဒေါ်ခင်စောချိုတို့

အင်္ဂလိပ်စာဆိုရင်  မစ္စ်ကစ်တီ(ခ)ဒေါ်ခင်မမ တို့က

အပြင်ကျောင်းများအထိ သူတို့ ရဲ့စာသင်ကောင်းတယ်ဆိုတဲ့သတင်းတွေကသင်းပျံ့ပါတယ်။

ကျနော်တို့ ဆယ်တန်းကျောင်းသားဘဝမှာ အပြင်ကျူရှင်များလဲခေတ်စား စပြုပါပြီ။

သချင်္ာ ဆရာ နန်းညွှန့်

မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင်

ရူပ ဗေဒ ဦး ဝင်း ထိန် ဦး စိန်လှိုင်

ဓါတုဗေဒ ဦး ချိုဘူး ဦးစိန်လှိုင်

အင်္ဂလိပ်စာ BM ဘားမား ဦးအောင်ရှန်

ဘိုင်အို မေဂျာတင်ဝင်း Key ဦးစိုးတင့်

စတဲ့ဆရာတွေက ကျူရှင်လောက မှာ ရှေ့တန်းရောက်နေသူပါဘဲ။

အဲ့ဒီအချိန်တွေက ကျောင်းက ဆရာ ဆရာမတွေကလဲ တကယ့်ကို စေတနာအပြည့် နဲ့ ကိုယ်ဖိ ရင်ဖိသင်ပေးကြတာပါ။

ဒါပေမယ့် ကျောင်းသားတွေကလဲ ကိုးတန်းရောက်ပြီဆိုတာနဲ့

ကျူရှင် ကို တစ်ဘာသာကောင်းတွေလိုက်တက်ကြပါတယ်။

တတ်နိုင်သူအချို့ကတော့ တစ်ဘာသာထည်းမှာကို ဆရာနှစ်ယောက်ဆီမှာတက်ကြပါတယ်။

နောက်ပြီး ဘာသာစုံသင်တဲ့ ကျူရှင်လေးတွေလဲရှိပါသေးတယ်။

အဲ့လို ဘာလို တက်ကြလဲဆိုတော့ အမှတ်ကောင်းကောင်းနဲ့အောင်ချင်လို့ပါ။

ကျောင်းကဆရာ ဆရာမတွေ သင်တာနဲ့ မလုံလောက်ဘူးထင်လို့ အပြင်မှာကျုရှင်တက်ကြတာပါ။

ပြောရရင် ပညာကို အရူး အမူး ရှာဖွေနေကြတဲ့အချိန်။

အပြင်မှာဘယ်လိုဘဲကျူရှင်တွေ ယူ ယူ ကျောင်းက ဆရာ ဆရာမတွေက

သင်ပေးသမျှကိုလဲ မလွတ်တမ်း  သင်ယူကြပါတယ်။

ဆရာ ဆရာမများအပေါ်မှာချစ်ခင်လေးစား စိတ်လဲအပြည့် ရှိကြပါတယ်။

အဲ့ဒီအချိန်မှာ အထက်တန်းကျောင်းက ဆရာ ဆရာမတွေက အပြင်ကျူရှင်မပြကြပါဘူး။

တကယ်လို့များ ပြခဲ့ကြတယ်ဆိုရင်လဲ စီးပွားဖြစ်မဟုတ်။

ကိုယ်နဲ့ ရင်းနှီးခင်မင်ရာကျောင်းသားနည်းနည်းလေးကို ဘဲ သင်ပေးတာပါ။

ကျူရှင်ပြစားတယ်ဆိုတဲ့ နာမယ်ဆိုးကို မခံယူချင်ကြပါဘူး။

ဒီတော့ ပညာရေးလောက  အစိုးရကျောင်းလောက က ဆရာ ဆရာမများ

ခေါင်းမော့ ပြီး ပညာသင်ကြားနိုင်တဲ့ ခေတ်လို့ ဆိုချင်ပါတယ်။

အဲဒီအချိန်ကလဲ ဆရာ ဆရာမ များရဲ့ ပညာသင်ကြားမူ့ ကို မဆိုင်သောနေရာများမှ

ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို ပညာသင်ကြားခြင်းနဲ့မဆိုင်သော အလုပ်တွေကြောင့်

စာသင်ခြင်းကို အနှောင့်အယှက်မဖြစ်စေပါ။

ကလေးလေးတွေပညာရရှိဘို့အတွက် ဖြောင့်ဖြောင့်တန်းတန်း စာသင်ပေးနိုင်ခဲ့ကြပါတယ်။

 

၁၉၈၈ အလွန် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထားအပြောင်းအလဲနဲ့အတူ

ပညာသင်ကြားရေး စံနစ်တွေလဲ ပြောင်းလဲလို့ လာပါတယ်။

အထက်တန်းရောက်မှ ကျူရှင်ယူတဲ့ခေတ်ကနေ မူလတန်း အဆင့်မှာတင်

ကျူရှင်ထားတဲ့ စံနစ်ကိုပြောင်းလဲလို့ လာပါတယ်။

မူလတန်းအဆင့် အလယ်တန်းအဆင့် တွေမှာတော့ ကိုယ်စာသင်တဲ့ကျောင်းက အတန်းပိုင်ဆီမှာကျူရှင်

ယူကြရတာပါ။

ဆရာ ဆရာမတွေက လဲ ကျောင်းမှာစာကောင်းကောင်းမသင်ဖြစ်။

မသင်ဖြစ်တဲ့အကြောင်းရင်း ထဲမှာ စာသင်ဘို့ အချိန်မလုံလောက်တလဲ ပ ါပါတယ်။

ဆရာဆရာမ အများစု အထူးသဖြင့်အတန်းပိုင် တွေက မိမိအိမ်သို့ မဟုတ်

သွားလမ်းလာလမ်းဖြောင့်တဲ့ အိမ်တစ်အိမ် ကိုယ့်အတန်းက ကလေးတွေကို

ကျောင်းဆင်းချိန် မှာ ကျုရှင်ပေးပါတယ်။

မိဘ များကလည်း ကိုယ့်ကလေး မျက်နှာမငယ်ရလေအောင် အတန်းပိုင်ဆရာမထံမှာ

ကျုပ်ရှင်အပ်ပါတယ်။

ဒီလိုကိစ္စတွေဖြစ်လာကို စေ့စေ့ပေါက်ပေါက် လိုက်စစ်မယ်ဆိုရင်  ပေါက်ပင်ဘာကြောင့်ကိုင်း ဗျိုင်းနားလို့ကိုင်းဆိုသလို မုန့်လုံးစက္ကူကပ်ဇာတ်လမ်းလို အဖြေပေါ်လာမှာမဟုတ်။

ဆရာ ဆရာမတွေဘက်ကတော့ ကျောင်းဆင်းချိန် ကျုရှင်ပြရတာ

စားဝတ်နေရေးကြောင့်လို့အကြောင်းပြသလို ကျောင်းမှာစာသင်ရတာ စာသင်ချိန်မလောက်လို့

အိမ်ခေါ်သင်ရတာလို့ ဆိုပြန်ပါတယ်။

မိဘတွေဘက်က တော့ ဆရာမဆီကျူရှင်မထားရင်ကိုယ့်ကလေး အတန်းထဲမှာအနှိမ်ခံရမှာစိုးလို့

ကျောင်းမှာ တော့ စာကောင်းကောင်း မသင်ဘဲ ကျုရှင်မှာ မှ စာကောင်းကောင်းသင်လို့

ကျူရှင်မှာတော့ စာမေးပွဲမှာမေးမှာတွေကိုဘဲသင်ပေးလို့ ကျူရှင်ထားရတာပါလို့ဆိုပြန်ပါတယ်။

ဘာဘဲ ပြောပြော ကျက်စာ လို ဘာသာရပ်မှာတောင်မှ

အမှတ်၁၀ဝ အပြည့်ရတဲ့ ကျောင်းသူကျောင်းသားတွေ

အတန်းထဲမှာကျောင်းသား ၆ဝ ရှိရင် ပထမ အဆင့် အမှတ်တူ တဲ့ ကျောင်းသူကျောင်းသားက

အယောက်၅ဝလောက်ရှိတာတွေ အစရှိတဲ့ ပညာရည်ချွန်ကျောင်းသားကျောင်းသူလေးတွေ

ပေါ်ထွန်းလာတာ ပါဘဲ။

စာတကယ် တတ် မတတ်ကတော့ အများသိတဲ့အတိုင်းပါဘဲ။

ဒီကျူရှင်ပြဿနာကြီးထွားလာတော့ ကျောင်းဆရာ ဆရာများ ကျူရှင်မသင်ရ လို့

အာဏာနဲ့ တားယူရတဲ့အထိဖြစ်လာပါတယ်။

ဆရာ ဆရာမ ထဲ မှာလဲ အမျိုးမျိုးအထွေထွေပါဘဲ။

ငါ့ကတော ကျူရှင်ပြမစား ဘူး ဆိုတဲ့သူတွေလဲအများကြီးပါ။

မိုးရွာတုန်းရေခံဆိုသလိုကျောင်းကောင်းကောင်းမှာရောက်တုန်း

ကျူရှင်ပြ ရသမျျ ယူ ဆိုတဲ့ ဆရာ ဆရာမ  ရှိသလို

စာမလိုက်နိုင်တဲ့ကလေးတွေကို အိမ်ခေါ်ပြီးစာသင်ပေးရုံမကဘဲ

အစားအစာပါကျွေး  လိုအပ်တာ လုပ်ပေးတဲ့ လေးစားဘွယ်ရာ ဆရာ ဆရာမတွေလဲရှိပါတယ်။

ဝမ်းရေးအ ရ အိမ်မှာကျူရှင်ပေးပေမယ့် ကိုယ့်ကျောင်းသားမှန်သမျှ ကို တန်းတူရည်တူ

ပညာမျှဝေပေးတဲ့ သူရှိသလို ကိုယ့် အိမ်မှာကျူရှင်လာတက်မှ ကိုယ့်ကျောင်းသားလို့ သတ်မှတ်တဲ့

ဆရာ ဆရာမတွေလဲ ရှိပြန်ပါတယ်။

လူအမျုးိ မျုးိ စိတ်အထွေထွေလို့ ဆိုနိုင်ပါတယ်။

ဒီကျူရှင်ဆိုတာကြောင့် ကောင်းတာတွေရှိသလို မကောင်းတာတွေရှိပါတယ်။

ကောင်းတာကတော့ စာမလိုက်နိုင်တဲ့ကလေး ကို အချိန်ပိုသင်ပေးရင် သူများနည်းတူ

စာလိုက် နိုင်လာမှာဖြစ်ပါတယ်။

တော်တဲ့ကလေး များတော့ ပိုသိ ပိုတော်လာမှာအမှန်ပါဘဲ။

မကောင်းတဲ့အချက်ကတော့ အချို့သောဆရာ ဆရာမများက ကျောင်းမှာစာကောင်းကောင်းမသင်ဘူး

ကျုရှင်ကျမှာသာ စာကောင်းကောင်းသင်တယ်တို့

ကျူရှင်ထားတဲ့ ကလေး မှ ဦးစားပေးတယ်

ကျူရှင်မထားတဲ့ ကလေး ဆို ရင် ဘယ်နဲ့ဘယ်ညာ အနှိမ်ခံရပါတယ်လို့ ဆိုတဲ့အသံတွေထွက်လာတာပါဘဲ။

မှန်တယ် မှား တယ် ဟုတ်တယ် မဟုတ်ဘူးကတော့ ကာယကံရှင်တွေဘဲပိုသိကြမှာပါ။

ဆရာ ဆရာမ တွေ က ကျူရှင်ပြစားတဲ့အတွက် သူ့တို့ မှာ ဂုဏ်သိက္ခာ ပွန်းပဲ့ သွားတာတော့အမှန်ပါဘဲ။

ကျနော်တို့ ငယ်ငယ်က ဆရာ ဆရာမ မှန်သမျှ ကို ချစ်ကြောက်ရိုသေပါဘဲ။

သီတင်းကျွတ်အခါသမယမှာသာ မုန့်လေး ဘာလေး နဲ့ ကန့်တော့ တာရှိမယ်

တစ်နှစ်တစ်ခါ လုပ်တဲ့ အာစရိယ ပူဇော်ပွဲအချိန်မှာသာ စေတနာရှိသလောက်ထည့်ရမယ်

သီးသန့် ဂါ ရတယ်ဆို တာမရှိသလောက်ပါဘဲ။

အခုနောက်ပိုင်းမှာ ဆရာ ဆရာမများ ကြိမ်မကိုင် ရ တုတ်မကိုင်ရ မရိုက်ရ ဆိုတဲ့ အမိန့်ရဲ့အောက်မှာ

ဆရာ ဆရာမ က ကျောင်းသားကို ချော့ နေရတဲ့ ဘဝရောက်သွားခဲ့ပါတယ်။

ကိုယ့် ကျူရှင်မှာဆိုတော့ ပိုချော့ရတာပေါ့။

နောက်အချို့မိဘတွေရဲ့ စိတ်မှာလဲ ငါတို့ က ပိုက်ဆံပေးပြီးသင်ခိုင်းတာဆိုတဲ့

စိတ်အတွေးတွေ ရှိလာသလို ကျောင်းသား ကျောင်းသူရဲ့စိတ်ထဲမှာလဲ ဒီလို

စိတ်အတွေးတွေဝင်လာပါတယ်။

ဆရာ ဆရာ မ ဘဝ ကနေ ပညာရေးလုပ်သား အဆင် ့ လျောကျသွားတယ်လို့ ဆိုချင်ပါတယ်။

ဒီတော့ ဆရာ ဆရာမ ဆိုတာ လေးစားရကောင်းမှန်းမသိသူတွေဖြစ်လာပါတယ်။

ဆရာဆရာမတွေမှာ ကျောင်းသားကို မဆူရဲ မရိုက်ရဲ။

ဆူလိုက်ရိုက်လိုက်တာနဲ့ ဖေစ်ဘုတ်မှာ ဟုတ်တာရောမ ဟုတ်တာရော တန်းတက်။

ဝိုင်းကလော်တုတ်သူ ထောက်ခံသူတွေ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ရေးကြ။

ကျောင်းသားကိုရိုက်တယ်အသံကြားတာနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ခေါ်သတိပေး။

အဲတော့ ကဲ ကဲ သဲ သဲ ကျောင်းသူ ကျောင်းသားများက ပိုလွတ်ကုန်တော့တာပေါ့။

မိမိဒေါသတွေ မကျေနပ်ချက်တဲ့ အရာတွေကိုကျောင်းသူကျောင်းသားအပေါ်မှာဖောက်ခွဲ

တဲ့ ဆရာ ဆရာ မလည်း ရှိနိုင်တယ်ဆိုတာမှန်ပေမယ့် အများစုကတော့ အဲ့လို မဟုတ်နိုင်ပါ။

ကဲဒါ လေးေ တွက တော့ ကိုယ်မြင်တာသိတာကြားတာလေးကိုပြောပြတာပါ။

လက်ခံတယ် လက်မခံဘူးကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ဗျာ။

ပြောလက်စနဲ့ ဆက်ပြောရအုံးမယ် ကျနော် တို့ ဆယ်တန်း တက်တဲ့အချိန်က

ရန်ကုန်က ဆရာ ဘိုင်အို မင်းသစ်လို့ ထင်ပါတယ်။

ကျောင်းသင်္ခန်းစာကို စတီရီယိုသီချင်း တေးသွားအလိုက်ထဲကို ထည့်ဆိုပြီး စာသင်လို့

အဝေဖန်ခံရဘူးပါတယ်။

အခုလဲ အဲ လို ဗျာ။

မူလ တန်း ကလေး တွေ အတွက ်သင်ထောက်ကူပေါ့လေ။

အေဘီစီဒီ ကိုမှတ်မိအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပေါ့။

သွားလေသူ လွှမ်းမိုး သီချင်းကို  ယူ ပြီး ကလေးတွေကို သင်ပေး ဘို့ ဆိုပြီး

ဆရာ ဆရာ မတွေ ဖုန်းလေးတွေကိုယ်စီကိုင်ပြီး လိုက်ဆိုနေတဲ့ ဗီဒိုလေးတောင်

ကြည့်လိုက်ရသေးတယ်။

အဲ့ထဲက သီချင်း စာသားတွေက တော့ ခပ်မိုက်မိုက် ဗျနော်။

ဒါပေမယ် ကလေးတွေနဲ့လိုက်မလိုက်ဆိုတာကို ဆိုနေကြတဲ့ ဆရာ ဆရာမ တွေ စဉ်းစားမိကြလားတော့ မသိဘူးရယ်။

ဆိုသာဆိုနေတာ အဲဒီ သီချင်းစားသားတွေက ဘာကို ညွှန်းတယ်ဆိုတာ

သတိထားမိရဲ့လားတော့ မသိဘူးထင်ပါရဲ့။

မသင့်တော်ပါ ဘူးလို့ အကြံပေးသူ ထောက်ပြပြောဆိုသူလဲ ရှိဟန်မတူပါဘူး။

 

အော် ဘာစာသားတွေပါလဲ သိချင်လို့ လား။

သိချင်ရင် ဖွဘုတ် ထဲ ဝင်ဖတ်လေ။

ပြီးရင်တော့  “ဟ ဟ   “ မပေးခဲ့နဲ့နော်။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

5617

 

 

 

 

 

 

3 comments

  • Shar Thet Man

    June 5, 2017 at 3:34 pm

    ကိုပေါက်ပြောတာမှန်ပါတယ် ဒါပေမဲ့ ဟဟ ပဲရမယ် ..ဟီး စတာပါ

  • •*¨နန်းတော်ရာသူ •*¨

    June 13, 2017 at 11:13 am

    အမှန်တော့ ကျူရှင်ဆိုတာ ကျောင်းမှာမသင်သေးခင်ကြိုသင်တဲ့နေရာပါပဲ
    ကျောင်းအိမ်စာ ကျူရှင်အိမ်စာနဲ့ ကလေးတွေမှာချာလပတ်ရမ်း
    ဘယ်မလဲ ကိုယ်ပိုင်စဉ်းစားတွေးခေါ်ချိန် ဖွံ့ဖြိုးြ့ီးထွားဖို့ အားကစားလုပ်ချိန်

  • padonmar

    June 29, 2017 at 9:36 pm

    ကျမကျူရှင် မတက်ခဲ့ဘူး။
    ဒါပေမယ့် အခုခေတ် ကလေးတွေ ကျူရှင် မတက်ဘဲ ကိုယ့်ဖာသာ ဖတ်ပြီးဖြေဖို့ တိုက်တွန်းလို့ မရတော့ဘူး။
    ကျောင်းကလည်း ကျမတို့ ခေတ် ဆရာဆရာမတွေလို စေတနာပါပါ မသင်တော့ဘူး။
    ကျူရှင်တွေ တက်ကြရတာ ကလေးတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဖြုန်းခံရတယ်လို့ မြင်တယ်။
    ကျောင်းက ဆရာဆရာမတွေရဲ့ လခ အဆများစွာ တက်ပေးပြီး စာသေချာ မသင်ရင် ကျောင်းသားမိဘ/ကျောင်းကော်မတီတွေက နောက်နှစ် ဆက်မခန့်တဲ့ စနစ်ဖြစ်သွားရင် ကောင်းမယ်။

Leave a Reply