ဆယ်တန်းအောင်ပြီးသောအခါ (New Version)
ဆယ်တန်းစာမေးပွဲတွေလည်း အောင်စာရင်းထွက်ပြီ၊ အောင်တဲ့သူတွေ၊ ဂုဏ်ထူးပါတဲ့သူတွေ၊ ကျတဲ့သူတွေ၊ မျှော်မှန်းထားသလောက် မဖြစ်ခဲ့တာတွေ၊ အကုန်စုံနေမှာပါပဲ။ ဘယ်သူကမှတော့ စာမေးပွဲမကျချင်ဘူး။ ဘာလို့လဲဆို ဆယ်တန်းဆိုတာ ဘဝတစ်ဆစ်ချိုး၊ ဘဝအဆုံးအဖြတ်ဆိုပြီး မှတ်ယူထားကြတာကိုး။
အရင်ကတော့ ဟုတ်ချင်ဟုတ်ခဲ့မယ်။ ဆယ်တန်းမှ မအောင်ရင်၊ ကျောင်းကောင်းကောင်းမှ မတတ်နိုင်ရင် ဂုဏ်ငယ်ရတာလေ။ ဒါပေမယ့် ခုကျ ခေတ်ကပြောင်းသွားပြီ။ ကိုယ်တိုင်လည်း ဆယ်တန်းအောင်၊ တက္ကသိုလ်တက်၊ လုပ်ငန်းခွင်ဝင်နေတော့ အဲဒီဆယ်တန်းကို ဘဝလုပ်ခဲ့ရတာကို ပြန်တွေးကြည့်ပြီး ရယ်ချင်မိတယ်။
ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ ဆယ်တန်းဆိုတာတော့ အောင်သင့်တယ်ပေါ့။ ဒါပေမယ့် မအောင်တော့ရော ဘဝက ပြီးသွားပြီတဲ့လား။ အခု လက်ရှိအစိုးရလက်ထက်မှာ အသက်မွေးဝမ်းကျောင်းပညာကို ဦးစားပေးနေတာ အားလုံးလည်း သတိထားမိကြမှာပါ။ ကိုယ်တိုင်လည်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်ထားသင့်တယ်လို့ ထင်ပါတယ်။ အဓိကက ကိုယ်ကိုယ်တိုင် ဘာဝါသနာပါလဲဆိုတာ သိထားဖို့ပဲ အရေးကြီးပါတယ်။ ခုဖြစ်နေတဲ့ပြသနာက ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်မှန်း၊ ဘာဝါသနာပါမှန်း မသိကြတာ။ ကိုယ်တိုင်လည်း ဘာဖြစ်ချင်ခဲ့မှန်းမသိဘဲနဲ့ ဖြစ်သင့်တာတွေကိုပဲ ရွေးခဲ့ရတာ။ ခုချိန်ထိလည်း ဖြစ်ချင်တာနဲ့ ဖြစ်နေတာ ကိုက်ညီရဲ့လား မသိသေးဘူး။
ဒီနေရာမှာ ကျွန်မဆယ်တန်းအောင်တုန်းက တက္ကသိုလ်ရွေးချယ်ခဲ့တာလေးကို ပြောပြချင်ပါတယ်။ ကျွန်မရဲ့ အမြင်လေးကို သိစေချင်ရုံသက်သက်ပါ။
ကျွန်မဆယ်တန်းအောင်တော့ အမှတ်ပေါင်း ၄၈၄ မှတ် ရပါတယ်။ အဲဒီအမှတ်နဲ့ တက်ရမယ့် တက္ကသိုလ်ကို ရွေးတဲ့အခါမှာ တော်တော်လေး ခက်ခဲခဲ့ပါတယ်။
၁။ ကျွန်မ ဆေးပညာကို လုံးဝစိတ်မဝင်စားပါဘူး။ ဆရာဝန်လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ အရမ်းလည်းကြောက်တတ်ပါတယ်။ ဒါက ကျွန်မရဲ့ခံစားချက်ပါ။
နောက်တစ်ခုက ဆရာဝန်လုပ်ဖို့ အရင်းအနှီးက ကြီးပါတယ်။ ကျောင်းစရိတ်အပြင်ကိုမှ ကျွန်မတို့က မကွေးကို သွားတက်ရမှာဖြစ်တဲ့အတွက် နေစရိတ်၊ စားစရိတ်ကလည်း ရှိပါတယ်။ ချမ်းသာတဲ့မိသားစုမဟုတ်တဲ့အတွက်လည်း အဲဒီ ရ နှစ်လောက်ရင်းထားဖို့ကို အင်အားမရှိပါဘူး။ အဲဒီတော့ အမေက မဖြစ်ဖြစ်အောင် ထားမယ်လို့ ပြောပေမယ့် ဆေးပညာနဲ့ဆိုင်တဲ့ကျောင်းတွေအကုန်လုံးကို ပယ်လိုက်ပါတယ်။ (ဆရာဝန်မလုပ်မှတော့ တစ်ခြားလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီနှစ်က ဆေးကျောင်းကလည်း မိန်းကလေး ၄၉၆ မှတ်၊ ယောက်ျားလေး ၄၆၄ မှတ်နဲ့ ဖြတ်သွားပါတယ်။)
၂။ GTC၊ Computer ကိုလည်း ထပ်ပယ်လိုက်ပါတယ်။ ပထမအချက်ကတော့ မအူပင်မှာ ကျောင်းမတက်ချင်လို့ပါ။ ဒုတိယအချက်ကတော့ GTC တက်မယ်ဆိုရင် အနည်းဆုံး BE လောက်ရမှ အဆင်ပြေမယ်လို့ တွေးမိပါတယ်။ ကြိုးစားမယ်ဆိုရင် BE ပြီးဖို့ ၅ နှစ်လိုပါတယ်။ အဲဒီ ၅ နှစ်ပြီးရင် အလုပ်တန်းရမှာလား။ မသေချာပါဘူး။ ပြီးတော့ Computer။ ကျွန်မ Computer ပိုင်းကို အရမ်းဝါသနာပါပါတယ်။ ဒါပေမယ့် Computer တက္ကသိုလ် ၄ နှစ်တက်ရုံနဲ့ လုပ်ငန်းခွင်ဝင်လောက်တဲ့အထိ မပြည့်စုံပါဘူး။ ထုံးစံအတိုင်း အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းပါတယ်။ အဲဒီကြောင့် ဒီနှစ်ခုကိုလည်း ပယ်စာရင်းထည့်လိုက်ပါတယ်။ (GTC တက်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ အခုထိ အလုပ်မလုပ်ကြသေးသလို Computer Master တက်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် Program တစ်ခုရေးဖို့ မဖြစ်နိုင်သေးပါဘူးတဲ့။ သူတို့က သင်ရိုးထဲက စာတွေကို ကွန်ပျူတာနဲ့ မသင်ခဲ့ရဘဲ မျက်စိထဲပေါ်လာအောင် စာတွေ့ပဲ သင်ခဲ့ရပါတယ်တဲ့။)
၃။ ကျွန်မကို ပညာရေးတက္ကသိုလ် တက်စေချင်ကြပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း စာသင်တာ ဝါသနာပါပါတယ်။ ဆယ်တန်းဖြေပြီးကတည်းကလည်း စာတွေပြန်သင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအတွက် အခက်အခဲက ဘာလဲဆိုတော့ အစိုးရလခစားအလုပ် မလုပ်ချင်လို့ပါ။ ပညာရေးတက္ကသိုလ်ကဆင်းရင် နယ်ကျောင်းတွေမှာ တာဝန်ကျပါတယ်။ မိသားစုကိုထောက်ပံ့ရမယ့် ကျွန်မက နယ်ကျောင်းက ကျောင်းဆရာမလခလေးနဲ့ ဘယ်လိုမှ ရပ်တည်လို့ မဖြစ်ပါဘူး။ မရှိတဲ့ကြားက ကျောင်းထားပေးရမယ့် မိသားစုအတွက် ကျောင်းပြီးတာနဲ့ ပြန်ထောက်ပံ့ရမယ့် တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဒီတစ်ခုကိုလည်း ရင်နာနာနဲ့ ပယ်ခဲ့ရပါတယ်။ (အခုချိန်ထိ ဆရာမတွေကိုတွေ့ရင် ရောဂါတက်နေတုန်းပါပဲ။)
၄။ ကျွန်မက မြန်မာစာကို အရမ်းဝါသနာပါပါတယ်။ ကျောင်းတက်တုန်းကဆို တစ်ချိန်လုံး မြန်မာစာပဲ လုပ်နေလို့ အိမ်က ဆူတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်တွေနဲ့ပဲ ငွေရှာလို့ မရတဲ့အတွက် ယောင်လို့တောင် ထည့်မစဉ်းစားမိပါဘူး။ (ကျွန်မပြောတာ ဆရာ၊ ဆရာမကြီးတွေကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။)
၅။ အဲဒီအချိန်မှာ ဘာဝိုင်းပြောကြသလဲဆိုတော့ အဝေးသင်ပဲ တက်ပြီး နယ်မှာပဲ စာသင်ဖို့ပြောကြပါတယ်။ အဲဒီအချိန်က ခင်မင်မှုအရ စာသင်တာတောင် ၇၀၀၀ဝ လောက်ရပါတယ်။ တကယ်တမ်းသာ စာသင်စားမယ်ဆိုရင် တစ်လကို အနည်းဆုံး ၂၀၀၀၀ဝ လောက်ရနိုင်ပါတယ်။ ဒါပေမယ့် အမေက ခွင့်မပြုခဲ့ပါဘူး။ တက္ကသိုလ်ထားပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ဖြတ်သန်းစေခဲ့ပါတယ်။ (အမေ့ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျောင်းပြီးတော့ အလုပ်မလုပ်ခင် စပ်ကြားလေးမှာ တစ်လကို ၅၀၀၀ဝ လောက်က စရမယ့် ဝန်ထမ်းမလုပ်ဘဲ နယ်မှာပဲ စာသင်ဖို့ ပြောကြပေမယ့်လည်း ကျွန်မတက်လမ်းကို ငွေရှာမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မပိတ်ပင်ခဲ့တဲ့ အမေ့ရဲ့မေတ္တာကို နှိုင်းမရအောက်အောင် တန်ဖိုးထားမိပါတယ်။)
၆။ နောက်ဆုံးတော့ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာပဲ တက်ရမယ်။ ၃ နှစ်တက်ရုံနဲ့ ကျောင်းပြီးမယ်။ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ကျွန်မစိတ်ဝင်စားတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ လုပ်ဖို့ အဆင်ပြေမယ်။ နောက်ပြီးတော့ ဒီနယ်ပယ်ထဲမှာလည်း တစ်ချိုု့အဆက်အသွယ်လေးတွေ ရှိတဲ့အတွက် မြန်မြန်နဲ့ကျောင်းပြီးပြီး အလုပ်ဝင်လို့ရမယ့် ဒီတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။
ဒါကတော့ ဆယ်တန်းအောင်ပြီးစ ကျောင်းသားတစ်ယောက်ရဲ့ အမြင်နဲ့ ရွေးချယ်မှုပါ။ အားလုံးအတွက်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ကျွန်မကတော့ ကိုယ့်အခြေအနေနဲ့ စဉ်းစားပြီး ကျွန်မအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ရွေးချယ်ခဲ့တာပါ။
ခုချိန်ပြန်တွေးရင် အဲဒီရွေးချယ်မှုက အတိုင်းအတာတစ်ခုအထိတော့ မှန်ခဲ့ပေမယ့် ကိုယ်လက်ရှိရောက်နေတဲ့ နေရာက ကိုယ့်စိတ်တိုင်းကျ ဖြစ်ရဲ့လားဆိုတာ ပြန်တွေးကြည့်ရင် မရေမရာမသေမချာပါ။ ဒါပေမယ့် ရွေးပြီးသွားရင်တော့ အကောင်းဆုံးလုပ်ရမှာပါပဲ။ ကိုယ်စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ကိုယ့်အလုပ်ကို အကောင်းဆုံးလေ့လာသင်ယူပြီး လုပ်ရမှာပါ။
လက်ရှိပညာရေးစနစ်အရ ကျောင်းသားတွေအားလုံးဟာ တစ်ခုခုတော့ မဖြစ်မနေ ရွေးရမှာပါပဲ။ ဘယ်သူ့ဖိအားမှ မပါဘဲ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ကိုယ် သေချာစဉ်းစားပြီး ရွေးချယ်စေချင်ပါတယ်။ ခေတ်က ပြောင်းနေပါပြီ။ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ ဘဝရပ်တည်ချက်ခိုင်မာမယ့်ခေတ် မဟုတ်တော့ပါဘူး။
ဆယ်တန်းပြီးမှ ဘဝက စရတာပါ။ တကယ့်ဘဝထဲကို ဝင်ဖို့အတွက် တကယ်အသုံးဝင်တဲ့ပညာတွေကို ဆယ်တန်းပြီးမှ စလေ့လာရတော့မှာပါ။ ဒီနေရာမှာ ကျွန်မအမြင်နဲ့ အကြံပြုချင်တာက အင်္ဂလိပ်စာကို လေ့လာပါ။ သင်တန်းတစ်ခုတည်းတက်ရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းထဲမှာ အသံဖိုင်တွေ၊ စာအုပ်တွေ၊ dictionary တွေ ထည့်ထားပါ။ စာကြည့်တိုက်တွေအထိ မသွားနိုင်ရင်တောင် The Best English လို စာအုပ်မျိုးကို ဝယ်ဖတ်ပါ။ အင်္ဂလိပ်စကားကို မွတ်နေအောင် ပြောတတ်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အခြေခံရှိနေဖို့တော့ အရေးကြီးပါတယ်။ အခြေခံရှိနေရင် လုပ်ငန်းခွင်ထဲမှာ ဆက်သင်သွားလို့ရပါတယ်။ (ကိုယ်တိုင်လည်း လုပ်ငန်းခွင်ထဲက အထက်လူကြီးဆီက သင်ယူပြီး ပြောရဲဆိုရဲ ရှိလာခဲ့တာပါ။)
နောက် ကွန်ပျူတာအခြေခံလေ့လာထားပါ။ တကယ်ကောင်းတဲ့ ပညာဒါနသင်တန်းကျောင်းတွေ ရှိပါတယ်။ (ဥပမာ မနောရမ္မ)။ Word, Excel ကို ကောင်းကောင်းသုံးတတ်ရင်ကို လုပ်ငန်းခွင်ထဲမှာ အဆင်ပြေနေပါပြီ။ Powerpoint ပါ သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်။
နောက်ဆုံးတစ်ခုကတော့ စာဖတ်စေချင်ပါတယ်။ ရသစာပေကို များများဖတ်ပေးရင် ပိုကောင်းပါတယ်။ ရသကို ခံစားတတ်မှ ကိုယ်ချင်းစာစိတ် ရှိလာမှာပါ။ ကိုယ်ချင်းစာစိတ်ရှိတဲ့သူများလာရင် လောကကို အကျိုးပြုပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ပတ်ဝန်းကျင်ကို အလေးထားတတ်ရင် ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ မြင်လာပါလိမ့်မယ်။
ဆယ်တန်းအောင်စာရင်းထွက်ပြီးတဲ့ မောင်လေး ညီမလေးတွေကို ပြောပြချင်တာလေးတွေပါ။ ကိုယ်တိုင်လည်း ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရဆဲပါပဲ။ အားလုံးပဲ ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ ထပ်တူကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
23 comments
surmi
June 17, 2017 at 1:28 am
ကူးတင်ပါရစေဗျို့
စီနီယာကြီးများရဲ့ ကောင်းမွန်လှတဲ့အကြံပေးအတွေးအမြင်တွေဆိုတော့ အင်မတန်ကို အားရဖွယ်ကောင်းလှပါကြောင်းးး ။
ခေတ်နဲ့အညီသုံးသပ်ချက်တွေဆိုတော့ လက်ရှိအခြေအနေနဲ့လဲကိုက်ညီလှပါကြောင်းးး
လုံမလေးမွန်မွန်
June 17, 2017 at 10:04 am
ဦးမိုက်ရဲ့ သားလေးရော .. ဦးဆာရဲ့ သမီးလေးရော အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း…
လမ်းပြကောင်းတဲ့ မိဘာတွေဆိုတော့ ကလေးတွေ ရွေးချယ်မှုတွေ မှန်ကန်မယ်ဆိုတာ သေချာပါကြောင်း..
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 1:41 pm
မွန်မလေးလုံလုံအကြံပြုချက်ကလေးကောင်းပါတယ်…သားတော်မောင်စည်သူလင်းဖတ်လို့ရအောင်
ဖွဘုတ်တော်ကြီးမှာ လင့်ရှယ်ပေးလိုက်မယ်
kai
June 17, 2017 at 7:22 am
ဆယ်တန်းအောင်သူကိုယ်တိုင်.. သူဝါသနာပါရာကို ဆုံးဖြတ်တာက အကောင်းဆုံးလို့ထင်မိတယ်..။
ကြည့်ရတာ လုံမမ.. ကိုယ်တိုင်ဆုံးဖြတ်သမို့.. အနည်းဆုံးတော့.. စိတ်ချမ်းသာနေပုံရပါတယ်…။
ဆိုတော့.. နောင်တရ(နိုင်)တဲ့အလုပ်.. သိသိကြီးနဲ့.. မလုပ်စကောင်း..။
လုံမလေးမွန်မွန်
June 18, 2017 at 2:12 pm
ဟုတ်.. influence တွေလည်း ပါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်က အဓိကမို့ လုပ်ချင်တာလုပ်.. ဖြစ်လာသမျှခံ ဆိုပြီး သဘောထားတာတာ
ဆိုတော့.. နောင်တရ(နိုင်)တဲ့အလုပ်.. သိသိကြီးနဲ့.. မလုပ်စကောင်း..။
အဲဒီစာကြောင်းကို သဘောကျလို့ 🙂
သင့်အေးရိပ်
June 17, 2017 at 10:16 am
ကျနော့်ညီတော့ ကျလေရဲ့။
ကျနော့်တုန်းကလည်း. . .ကျလေရဲ့။
ရိုးရာ ပျက်မှာစိုးလို့။
:k:
အောင်တဲ့သူတွေကို အားကျမိပါရဲ့။
လုံမလေးမွန်မွန်
June 18, 2017 at 2:15 pm
ကျတော့လည်း ပြန်ဖြေပေါ့ဟာ.. နော့.. ဘာထူးဆန်းလို့လဲ
နီစာမွဲကျတာ.. နီမပြောရင် ဘယ်သူမှမသိ..
ဘာလို့ဆို.. ခုချိန်မှာ ငါတို့အားလုံး တူတူရုန်းကန်နေကြရတာ..အကုန်တူတူပဲရယ်
ဦးကျောက်ခဲ
June 17, 2017 at 11:07 am
ဆယ်တန်းအောင်ရင် ဘဝတစ်ခုလုံးကို ဆုံးဖြတ်နိုင်သလောက်နီးနီး တဆစ်ချိုးကိုရောက်တာပဲ…
အကောင်းဆုံးက ကိုယ်ဝါသနာပါရာလိုင်းကိုရွေး… တာဝန်ခံမှု တာဝန်ယူမှု ရှိပါစေပေါ့ …
ဝုတ်တယ်လေ … ကိုယ်လျှောက်မည့်လမ်း ကိုယ့်ရွေးချယ်မှုပဲ…
မိဘအုပ်ထိန်းသူတွေကတော့ ဖြစ်လာမှာ ဖြစ်သင့်တာတွေ ချပြပေးရမယ်…
လုံမလေးမွန်မွန်
June 18, 2017 at 2:26 pm
ဟုတ်တယ် အူးလေး.. အဓိကက ခေတ်ကို မျက်ခြေမပျက်ဖို့ကလည်း အဓိကပေါ့နော်…
ခု ဘာဖြစ်နေလဲဆို.. အမှတ်တွေထွက်လာပြီဆို ဘာလျှောက်ရင်ကောင်းမလဲဆိုပြီး လာလာမေးကြတာ.. ကလေးကလည်းမသိ.. မိဘတွေကလည်း မသိ.. ကိုယ်ကလည်း ဘာပြန်ဖြေရမှန်းမသိ… လမ်းညွှန်စာအုပ်တွေတော့ ထုတ်ပေးတာပဲ.. သေချာ counseling လုပ်ပေးနိုင်ရင် ပိုကောင်းမယ်..
sorrow
June 18, 2017 at 2:51 pm
ဒါလေးကို ဟိုက်လိုက်လုပ်ချင်တာခင်ဗျ….တကယ်တမ်းတော့ ဆယ်တန်းအောင်တဲ့ကလေးတွေမှာ ..ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရည်လုံးဝလုံးဝကိုမရှိ… ကိုယ်တွေ့….ကိုယ်တွေတုန်းကလဲ ..ဘာလုပ်ရမယ်..ဘာစိတ်ဝင်စားမှန်းကိုသိကိုမသိ…မိဘရဲ့တိုက်တွန်းမှုနဲ့ ..လွှမ်းမိုးမှုကလဲ များသောအားဖြင့် ..ကလေးတွေရဲ့ဝါသနာနဲ့တစိမှကိုက်ညီမှုမရှိ….
ဆိုတော့ကာ….ကျော့်အထင်လေ…အလယ်တန်းလောက်ကတဲကစပြီး …သက်ဆိုင်ရာနယ်ပယ်က ပရိုတွေက ..ကျောင်းတွေမှာ Presentation လုပ်သင့်ကြောင်း…
ဆိုပါစို့…ဆရာဝန်ကြီးတွေက .ဂျူတီကုတ်ကြီးတွေဝတ်ပြီး..သူတို့ရဲ့ အလုပ်အကြောင်း… သူတို့အလုပ်ရဲ့အားသာချက်..အားနည်းချက်..တွေလာပြောပြမယ်…
လေယဉ်မှုးကြီးတွေက ပိုင်းလော့ယူနီဖောင်းကြီးတွေဝတ်ပြီး ..သူတို့အတွေ့အကြုံတွေ…သူတို့လုပ်ငန်းကရတဲ့ အခွင့်အရေးတွေ…အခက်အခဲတွေလာပြောပြမယ်..
စစ်သားကြီးတွေကလဲ ..တိုင်းပြည်ကိုဘယ်လိုကာကွယ်ပါတယ်…ဆိုတဲ့အကြောင်းတွေ
စသဖြင့်…လာပြီး Presentation လုပ်ပေးရင်ဖြင့်..ကလေးတွေအနေနဲ့ စိတ်ဝင်စားတာဘာဆိုတာသိပြီး..ပိုကြိုးစားချင်လာမလား….တိုးတက်လာမလားလို့….
kai
June 18, 2017 at 3:07 pm
အင်း.. တော်တော်ကောင်းတဲ့အယူအဆ..။
ဒေါ်အောင်ဆန်းစုကြည်သိစေချင်..။
sorrow
June 18, 2017 at 3:30 pm
ဝက်ပွိုင့်က ဗိုလ်လောင်းတွေကျောင်းဆင်းလို့..စစ်လက်ရုံးရွေးတဲ့အချိန်မှာ သက်ဆိုင်ရာတပ်တွေက.ကျေင်းဆင်းပွဲမှာ.လာလုပ်တယ်လို့ ..မှတ်သားဖူးကြောင်းပါ….
နယူးလန်ဒန်…အန်နာပိုလစ် နဲ့ ကော်လိုရာဒိုစပရင်း ကတော့လုပ်သလားမသိ..army ကတောင်လုပ်တယ်ဆိုတော့ ..navy , airforce နဲ့ Coast Guard ကလုပ်မှာပေါ့လေနော့်….
ဇင်ဘာဘွေစစ်တပ်ကဟာတွေ မသိပဲတော့မနေပါဘူး …
ကချင်သူပုန်တွေတောင် ဒီနည်းသိနေမှကို …
စီးပွားရေးနယ်ထဲမတော့ ..အလုပ်သင်တွေကို ExxonMobil ကဌာနတွေရွေးတဲ့အခါ…ဒီနည်းကိုသုံးတယ်ကြားဖူးကြောင်းပါ
လုံမလေးမွန်မွန်
June 20, 2017 at 9:59 am
ဟိုးငယ်ငယ်ကတော့ ဘာဖြစ်ချင်လဲဆို ဆရာဝန်ဖြစ်ချင်တယ်ပေါ့…
နောက်များ ဆရာဝန်ဆိုတာ ဘာလဲ သေချာသိလာတဲ့အချိန်မှာ ဆရာဝန်မဖြစ်ချင်တော့ဘူး.. ကိုယ်က ကြောက်တတ်တာကိုး..
နောက်တော့ မြို့သေးသေးလေးမှာ ကိုယ့်အတွက် အလုုပ်ဆိုတာ မယက ရုံးတို့ ဘာတို့က စာရေးတွေပဲ မြင်တာ.. ငါလည်း ကြီးလာရင် သူတို့လိုပဲ လုပ်ရမှာပဲလေ ဆိုပြီး..
အဲဒီအချိန်မှာ ကိုယ့်အဒေါ်တစ်ယောက်က ထက်ထက်မြက်မြက်နဲ့ ရန်ကုန်မှာ အလုပ်လုပ်တယ်.. အရမ်းလည်းတော်တယ်..အဲဒီအချိန်မှာ ကိုယ့်ရည်မှန်းချက်က ကွန်ပျူတာတစ်လုံး ဖုန်းတစ်လုံးနဲ့ အလုုပ်လုပ်ဖို့.. (အမလေး ဘဝရဲ့ အကြီးဆုံးအမှားမြန်းလားမသိ)
ခုကျ ကိုယ်လုပ်နေရတဲ့ မားကတ်တင်းဆိုတဲ့နေရာနဲ့ ကိုယ်ရဲ့ ပင်ကိုစရိုက်နဲ့ ကိုက်လား မကိုက်လား ကိုယ်ကိုယ်တိုင်လည်း ဝေဝေဝါးဝါး
•*¨နန်းတော်ရာသူ •*¨
June 18, 2017 at 2:29 pm
ဆယ်တန်းအောင်ပြီးတဲ့အခါ ကလေးအလိုချည့်လိုက်ပြီးလမ်းကြောင်းလွဲသွားရင်လည်း တစ်ဘဝစာပါပဲ
အစ်မကတော့ စာမကြိုးစားပါဘူး အဲ့တော့အမှတ်လည်းမကောင်းပါဘူး
အဘကရှေ့နေဟောင်းမို့ ကျောင်းပြီးရင်လမ်းကြောင်း့သင့်မယ့် ဥပဒေကိုယူခဲ့တယ်
တစ်လအတွင်းမေဂျာအပြောင်းအရွှေ့တင်ခွင့်ရတယ်ဆိုတော့ ဥပဒေမှာ ဘော်ဒါဟောင်းတွေမရှိလို့ အိမ်နဲ့အတိုက်အခံလုပ်ပြီး သိပ္ပံတွဲပြောင်းယူခဲ့တယ်
သိတဲ့တိုင်း BA.BSc စပါယာ ဆိုက္ကားနင်းခေတ်မှာ ဘာမှ အသုံးမဝင်တော့ပါဘူး
မြန်မာစာယူခဲ့မိရင်တောင် သပနမှာ ဆရာမလျှောက်လို့ရမယ်
ဒါက ကိုယ့်ရွေးချယ်မှုကြောင့် မှားတဲ့အမှား
ဒီလိုပဲ ကလေးက ဝါသနာပဲ မိဘအတင်းတွန်းတာမျိုးမှာလည်း
ပြဿ နာကြုံရပါတယ်
ရေကြောင်းတက်ပါရစေဆိုတဲ့ ကလေးကို
ဆေးကျောင်းအတင်းတက်ခိုင်းပြီး
ကလေးကဝါသနာမပါ
စာတွေထွက်သင် ဂီတဘက်လိုက်စားနဲ့
ကျောင်းမပြီးခင် လက်လျှော့လိုက်ရလို့
အချိန်ကုန်ေ ငွကုန် လူပမ်း
ရွေးစရဘာမှမရှိတော့တဲ့လမ်းကိုရောက်သွားတတ်တာမျိုးက ပိုဆိုးပါတယ်
ဒါကြောင့် ဘုရားဟောသလို အလယ်အလတ်လမ်းသာအကောင်းဆုံး
ဘယ်အရာမှ မလျှော့မတင်း
သေသေချာချာနားဝင်အောင်ရှင်းပြနိုင်မယ့်လူအရမ်းလိုပါတယ်
အစ်မတို့တုန်းက မိဘတွေခမျာ စီးပွားပဲကုန်းရုန်းရှာနေရတော့ ပညာရေးကို လမ်းပြပေးနိုင်မှု အားနည်းခဲ့ရတယ်
လုံမလေးမွန်မွန်
June 20, 2017 at 11:47 am
ယောက်ခမပြောတဲ့ ဆေးကျောင်းကလေး ဂီတဘက်ရောက်သွားတာ မြင်ဖူးတယ်.. နှမြောဖို့ကောင်းတယ်..
အဓိကက ဝါသနာက ဘဝအာမခံချက်မရှိသလို ဖြစ်နေတာ..
ခု ဒီဘက်ခေတ်မှာ ကလေးတွေ အတော်ကံကောင်းကြပါတယ်.. သင်တန်းတွေမှ အပြည့်.. အသက်မွေးဝမ်းကျောင်းပညာတွေ အကုန်လေ့လာလို့ရတယ်.. ကိုယ်တွေလို ယောင်တောင်ပေါင်တောင်နဲ့ အလုပ်ထဲတန်းဝင်လိုက်ရတာမျိုးတွေ မဟုတ်ဘူး..
ကျော်လွင်ဖြိုး
June 18, 2017 at 9:51 pm
ကိုယ့်အလှည့် ကျရင်တော့
ဆယ်တန်း အောင်မှ အမှတ်ကောင်းမှ လူရာဝင်မယ် လဲ မသင်ဘူး။ ( ဘာမှ မှ မထူးတာ၊ တစ်နှစ် နှစ်နှစ် လောက် ကြွားလို့ပဲရတယ် )
ဆယ်တန်း မအောင်လဲ ဘာမှ မဖြစ်ပါဘူးကွာ လို့လဲ မသင်ဘူး။ ( တက္ကသိုလ် ဘွဲ့ရ ဆိုတဲ့ ပညတ်ချက် ဟာ လူ့ အသိုင်းအဝိုင်းမှာ ခေါင်းစဉ် အကြီးကြီး တပ်ထားတုန်းပဲ )
ဒါတွေကတော့ ဒီလို ရှိတယ်ဟေ့။ မင်းကို အရှိ အရှိ အတိုင်း မြင်အောင် ပြောပြထားမယ်။
အမှန်အတိုင်း မြင်နိုင်အောင် သင်ပေးနိုင်ရင် ကျေနပ်ပြီ။
ဆယ်တန်း အောင်ပြီးရင် ဘာလုပ်မလဲ ဆိုတာက ဆယ်တန်း စတက် လောက်ကထဲက ပြင်ဆင် ထားသင့်တာ။
ဥပမာ ဆရာဝန် ဖြစ်ချင်တယ် ဆိုပြီး ကပေါက်တိ ကပေါက်ချာ တွေ လုပ်နေရင်တော့လဲ ဟဟ ပဲရမယ် ပေါ့လေ။
ဒီမှာ အမေ ပြောနေကျ အရှင် ဆန္ဒာဓိက စကား ကို ပြန် ပြောရရင်
“အကြောင်း ကောင်းအောင် လုပ်ခဲ့တာပါ။ အကျိုးကောင်း ဖို့ မဟုတ်ပါဘူး။” တဲ့။
ဆရာတော် က အစထဲက ဆယ်တန်း ပြီးရင် ဘုန်းကြီး ဝတ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်က ရှိပြီးသား။
ဒါပေမယ့် ဆယ်တန်း ဖြေတော့ ပြီးပြီးရော မဖြေဘဲ တစ်နိုင်ငံလုံး မှာ အမှတ် အများဆုံး စာရင်းထဲ ပါအောင် ဖြေခဲ့တယ်။
သူ ဆယ်တန်း မှာ တော့ပ်တန်း ဝင်တာက သူ လုပ်နိုင်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့တာပါ။
ဒီလို ဖြစ်လို့ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ လုပ်လိုက်မယ် ဆိုပြီး ကြိုးစားခဲ့တာ မဟုတ်ပါဘူးတဲ့။
ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့ပြီးမှ သာသနာ့ဘောင် ဝင် ခဲ့တော့ သူ့ရဲ့ ခရီးလမ်း ကို အများကြီး အထောက်အပံ့ ဖြစ်ပါတယ် တဲ့။
(တော့ပ်တန်း ဝင် ပြီး ဘုန်းကြီး ဝတ်သွားတဲ့ ကောင်လေး ဆိုပြီး လူ စိတ်ဝင်စား လူသိများတာပေါ့။)
လုံမလေးမွန်မွန်
June 20, 2017 at 12:32 pm
Goal setting လို့ ပြောရမလား…ကိုယ်တွေမှာ အဲဒါတွေ အားနည်းတယ်…
မီးစင်ကြည့်ကမယ်ဆိုတာက များနေတာ ..
သေချာပြင်ဆင်တတ်ဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးနိုင်ခဲ့ရင် ကောင်းတာပေါ့နော်..
A mar nyo
June 18, 2017 at 10:45 pm
ကိုယ်တွေလည်းဆယ်တန်းအောင်ပြီး ကိုရီးယားရူးပြီး သင်ခဲ့တာလေးကျေးဇူးတင်ရမယ်ဒါတောင်တကယ့်လက်တွေမှာ ဘာသာစကားတစ်ခုတည်းနဲ့ ဘာမှလုပ်လို့မရဘူးဆက်ပြီးသင်နေရတုန်းပဲ
လုံမလေးမွန်မွန်
June 27, 2017 at 11:04 am
ဘာသာစကားတစ်ခုတည်းနဲ့တော့ အသက်မွေးဝမ်းကျောင်း လုပ်လု့ိမရဘူး… ဒါပေမယ့် ဘာသာစကားကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းလုပ်နိုင်တာတွေတော့ အများကြီးရယ်.. Fighting!!!!
weiwei
June 19, 2017 at 9:36 am
ကိုယ်တွေတုန်းကတော့ သိပ်မစဉ်းစားခဲ့ရဘူး .. အမှတ်က ဆေးမမှီ စက်မှုသာမှီလို့ မှီတဲ့ဟာတက်လိုက်ရတယ် ..
သိပ်ဝါသနာမပါပေမယ့် အခြေအနေကအရမ်းကြီးတော့မဆိုး .. ပါရမီပါပုံရတယ်လို့ ခန့်မှန်းမိလို့ နောင်တမရဖြစ်ခဲ့ဘူး .. ယနေ့အထိ အသက်မွေးမှုပြုနိုင်လို့ ရွေးချယ်မှုအပေါ် ကျေနပ်မိတယ် …
လုံမလေးမွန်မွန်
June 27, 2017 at 11:11 am
အမှန်တော့ အင်ဂျင်နီယာ ဝါသနာပါတယ်.. ကိုယ့်အခြေအနေတွေက ရွေးလို့မဖြစ်ခဲ့လို့သာ 🙁
padonmar
June 20, 2017 at 10:22 pm
ဘွဲ့ရမှ ပညာတတ်လို့တော့ မထင်ပါဘူး။
ဒါပေမယ့် ဖြစ်နိုင်ရင် ဆယ်တန်းလေးတော့ အောင်အောင် ဖြေစေချင်တယ်။(ဆယ်တန်းရောက်အောင် တက်မိရင်ပေါ့)
ဟိုအရင်ကလို ဘီနဲ့ အောင်စာရင်းလေးထွက်ပေးရင်လည်း ကောင်းမှာပဲ။
ကလေးတွေ အချိန် တနှစ်မနာဘူးပေါ့.
ဘီနဲ့ အောင်သူမှာလည်း ဂျီတီအိုင်တက် ပြီးရင် စက်မှုတက္ကသိုလ်ပြန်တက်ဆိုတဲ့ အခွင့်အရေးတွေ ရှိခဲ့ဖူးတယ်။
ဆရာအတတ်သင်လည်း ဆက်တက်လို့ ရခဲ့ဖူးတယ်။
မဆလ ခေတ်တောင် ပြန်တမ်းတရမလိုဖြစ်နေတယ်။
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 2:44 pm
၁ဝတန်းဆိုလို့ ကြုံတုန်းလေး…ကျနော်က ပထမနှစ်လုံးလုံးကျသဗျ
အဲ့ကတည်းကကျောင်းထွက်ပြီးအလုပ်ဝင်လုပ်နေပြီ…တစ်ဖက်ကလည်း၁ဝတန်းပြန်ဖြေပေါ့…
ဒုတိယနှစ်မှာ ဘီလစ်နဲ့အောင်သဗျ..ဂျီတီအိုင်ဝင်ခွင့်ဖြေတော့လည်း မအောင်(ကျူရှင်မှမတက်နိုင်တာ)
ဘီလစ်က တပ်ထဲဝင်ရင်တပ်ကြပ်ကြီးစာရေး တန်းရသဗျ..သူငယ်ချင်းတွေတော်တော်များများဝင်ကုန်တယ်
ကိုယ်ကတော့ဝင်ငွေနဲနဲကောင်းတဲ့အလုပ်လေးရနေတော့မဝင်ဖြစ်သေး ( စိတ်ထဲတော့တေးထားတယ်..နောက်နှစ်တပ်ထဲဝင်မယ်ပေါ့)
ဒီလိုနဲ့တတိယနှစ်ဖြေပြီးတော့ အဖေက ရန်ကုန်တပ်ကိုပြောင်းရတယ်…အဲ့နှစ်မှာပဲကျုပ်ကလည်း
၁ဝတန်းဝတ်ကျွတ်ပြီး ဂုဏ်ထူးလေးဘာလေးနဲ့အောင်တယ်
စာပေးစာယူတက်ပြီးအလုပ်လုပ်မယ်ကြံတော့ အဖေကအတင်း ဒေသကောလိပ်တက်ခိုင်းတယ်..သူတို့သား
တက္ကသိုလ်တက်ဘွဲ့ယူတာဂုဏ်ယူချင်သတဲ့…အာစီတူးရောက်တော့ခုံနံပါရှေ့နောက်တွေက
စာကြမ်းပိုးတွေ…ကျုပ်ကိုပါရောဂါကူးပြီး..အာအိုင်တီ ရောက်ဖြစ်သွားတာပဲ..ရည်ရွယ်တခြားဖြစ်တခြားပေါ့
ဒါကြောင့်ပြောပါတယ်..သားတော်မောင်တစ်နှစ်ထဲကွင်းလုံးကျွတ်တာကျုပ်ထက်တော်ပါတယ်လို့…
ခုတော့အားနေတုန်း အင်္ဂလိပ်ဖိုးစကေးတက်နေလေရဲ့..သူ့သဘောနဲ့သူနော်..သူ့ဝါသနာကို.စောင့်ကြည့်ရအုံးမယ်
အမှတ်တွေကအလယ်အလတ်ပါ…57 61 64 66 66 58……….