စပ်စုခြင်း အနုပညာ
စပ်စုခြင်း အနုပညာ
ရွာထဲမှာ စာရေးချင်တာနဲ့ စိတ်ထဲပေါ်လာတာ ကောက်ရေးလိုက်ပါတယ် …
စပ်စုခြင်းဆိုတာက သိချင်စိတ်တစ်ခုနဲ့ စူးစမ်းခြင်း လေ့လာခြင်းဖြစ်ပါတယ်။ တစ်ချို့တွေ သိချင်စိတ်က သူများအကြောင်း အတွင်းရေးကိစ္စများ မသိစေချင်တဲ့ကိုယ်ရေးကိုယ်တာများကို စပ်စပ်စုစုနဲ့သိချင်တာမျိုး ရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ်စိတ်ဝင်စားရာအကြောင်းအရာကို သိချင်စိတ်နဲ့ ဗဟုသုတရအောင် စပ်စုခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာက အထွေထွေဗဟုသုတနဲ့သက်ဆိုင်တဲ့ စပ်စုခြင်းဖြစ်ပါတယ်။
ဗဟုသုတအများဆုံးရနိုင်တဲ့နေရာကို ပြောပါဆိုရင် ပထမဦးစားပေးက စာအုပ်များဖြစ်ပါတယ်။ စာဖတ်ခြင်းက အကောင်းဆုံးစပ်စုခြင်းဖြစ်ပါတယ်။ ဟိုးရှေးခေတ်က ဘယ်လိုနေထိုင်တယ် ဘယ်လိုစားသောက်တယ် ဘယ်လိုတွေးခေါ်တယ်ဆိုတာမျိုးက စာအုပ်တွေကတဆင့်တာ သိနိုင်တာမျိုးပါ။ ဘာသာရေး လူမှုရေး နည်းပညာဆိုင်ရာ စာအုပ်တွေဆိုတာ တိကျသေချာတဲ့မှတ်တမ်းတစ်ခုဖြစ်တာမို့လို့ အယုံကြည်ရဆုံးပါပဲ။
စာအုပ်ဖတ်ရတာပျင်းတယ်ဆိုရင် အခုခေတ်မှာ တီဗီကနေတဆင့် စပ်စုလို့ရပါသေးတယ်။ ချယ်နယ်အမျိုးမျိုးကနေ အကြောင်းအရာအမျိုးမျိုးကို ထုတ်လွှင့်ပေးနေတာဖြစ်လို့ ကိုယ်ကြိုက်တာ ရွေးချယ်ပြီးကြည့်လို့ရပါတယ်။ တီဗီအစီအစဉ်တွေဆိုတာက တည်းဖြတ်ပြီးမှ ပြသတာမို့လို့ ဒါကလဲ အကောင်းဆုံး မီဒီယာတစ်ခုပါပဲ။ ဘာသိချင်လဲ အစုံသိနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ ဖေ့ဘုတ်ပေါ်နေပြီဖြစ်လို့ အဲဒီကနေတစ်ဆင့် စပ်စုကြပါတယ်။ သူငယ်ချင်းတွေ ဘာတွေလုပ်တယ်။ တခြားနိုင်ငံမှာ ဘာတွေဖြစ်နေတယ်။ ကောင်းသတင်း မကောင်းသတင်းအစုံ အချိန်နဲ့တပြေးညီသိနိုင်လို့ အဲဒီမှာပဲ အားလုံးအာရုံရောက်ပြီး စပ်စုရင်း အချိန်ကုန်ကြပါတယ်။ ကောင်းတာလဲပါသလို ဆိုးတာလဲပါတာကတော့ အထူးပြောစရာမလို ဖေ့ဘုတ်သုံးသူတိုင်း သိနေတဲ့အချက်ဖြစ်ပါတယ်။
ဆယ်တန်းအောင်တုန်းကအကြောင်းအရာတစ်ခု ပြောပြချင်လို့ပါ။ ကျွန်မက သန်လျင်မှာနေပြီး အဲဒီတုန်းက တံတားမရှိသေးတဲ့အတွက် ရန်ကုန်ကိုလာရင် သင်္ဘောစီးပြီး သွားလာရတယ်။ သင်္ဘောပေါ်မှာကြာချိန် ၄၅ မိနစ်ခန့်ရှိပါတယ်။ သင်္ဘောစီးသူတွေက ဘာလုပ်ကြလဲဆိုတော့ အမျိုးသမီးတွေက သိုးမွှေးထိုးကြတယ်။ အမျိုးသားတွေက စာအုပ်ဖတ်တယ်။ တစ်ချို့တွေက ထိုင်လျက်အိပ်ကြတယ်။ တစ်ချို့တွေက ဘုရားစာရွတ်နေကြတယ်။ ကျွန်မက စာအုပ်ဖတ်တဲ့အမျိုးအစားထဲမှာပါပါတယ်။ အချိန်ကို အဲလိုအကျိုးရှိရှိသုံးတတ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ်လဲ ဂုဏ်ယူလေ့ရှိတယ်။ အဲဒီတုန်းက ဂျပန်စာသင်တန်းတစ်ခုမှာ ဆရာတစ်ယောက်နဲ့တွေ့ပြီးနောက်ပိုင်း အလေ့အကျင့်ပြောင်းပြီး စပ်စုတတ်လာပါတော့တယ်။
ဆရာပြောပြတဲ့အထဲမှာ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါသွားပါတယ်။ ပတ်ဝန်းကျင်စူးစမ်းလေ့လာခြင်းတဲ့။ ကိုယ့်အိမ်ထဲကထွက်ပြီး ဘယ်ကိုပဲသွားသွား ဘာပဲလုပ်လုပ် ပတ်ဝန်းကျင်ကို စူးစမ်းပါတဲ့။ အဲဒီအတွက် အချိန်ကို အပြည့်အဝပေးပါလို့ တိုက်တွန်းခဲ့ဖူးတယ်။ စာအုပ်ဆိုတာအချိန်မရွေးဖတ်လို့ရပေမယ့် ဘဝအတွေ့အကြုံ လက်တွေ့သင်ခန်းစာဆိုတာက အဲဒီလို အချိန်တွေမှာပဲရနိုင်ပါတယ်တဲ့။ အဲဒီနောက်ပိုင်း သင်္ဘောပေါ်ရောက်ရင် စပ်စုပါတော့တယ်။ ကလေးကအစ အဖိုးအဖွားအရွယ်အဆုံး အရွယ်စုံမြင်ရတယ်။ ဘဝပေါင်းစုံတွေ့ရတယ်။ ငုံးဥရောင်းတဲ့ကလေးကအစ ဆေးရောင်းတဲ့လူကြီးအဆုံး သေသေချာချာသတိထားကြည့်ခဲ့တယ်။ အသိပညာ အများကြီးတိုးတက်လာခဲ့တယ်။ ကိစ္စတစ်ခုခုကြုံလာတိုင်း လက်တွေ့ဘဝအတွေ့အကြုံကနေ ပြန်စဉ်းစားပြီး အဖြေထုတ်တတ်လာတယ်။
ခရီးတွေအများကြီးသွားခဲ့ဖူးတယ်။ ပတ်ဝန်းကျင်ကို အမြဲတမ်းလေ့လာဖြစ်တယ်။ မြန်မာ့ပထဝီကို လက်တွေ့လေ့လာတယ်လို့သဘောထားပြီး သေချာမှတ်သားလေ့ရှိပါတယ်။ ဘယ်အရာကိုမဆို ပေါ့ပေါ့တန်တန်သဘောမထားပဲ သေချာလေ့လာတတ်တဲ့အကျင့်တစ်ခုကို ဂျပန်စာသင်ခဲ့တဲ့ဆရာဆီကနေတဆင့် ရခဲ့တာလေး အမှတ်တရနဲ့ ပြန်ရေးလိုက်ခြင်းဖြစ်ပါတယ်။
ရေးနေရင်း မီးပျက်သွားလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ် ..
အခုတလော ဖုန်းကို မျက်စိနဲ့မခွာကြည့်နေကြတဲ့ လူဦးရေတော်တော်များလာတယ် ။ သူတို့ဘာတွေကြည့်ကြတာလဲ .. ဘာတွေများ ဗဟုသုတတွေရသွားလဲ .. ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာ သိကြရဲ့လားလို့ သိချင်မိတယ် …
21 comments
ဂျစ်စူ
June 22, 2017 at 2:36 pm
သိတယ်လေ
မတင်ညွန် ့ယောက်ျား က အမှုဖွင့် တိုင်ထားသဒဲ့
ဇေရဲထက်က အရင် အနှိုက်ခံရလို ့ ပြန်နှိုက်တာပါဒဲ့
သမီးရည်းစား ချိန်းတွေ ့တုန်း ယောက္ခမ လိုက်လို့ ကောင်လေးထွက်ပြေးတာ မတော်ရာ ဝါးချွန်ထိုးမိတာ
အတော်စိုးရိမ်ရတယ် ထုတ်ချင်းပေါက်ပဲတဲ့
စုံလို ့ပါပဲအေ
weiwei
June 23, 2017 at 9:15 am
တစ်နေ့တစ်နေ့ အလုပ်ထဲမှာ ကလေးမတွေ ပြောနေတာတွေက သတင်းပလင်းအစုံ ..
သူတို့ပဲသိနိုင်လွန်း ..
ဒါပေမယ့် တခြားဗဟုသုတဆိုရင်တော့ ဗလာပဲ .. ဘာမှမသိ ..
ဦးကျောက်ခဲ
June 22, 2017 at 2:48 pm
တချို့ကိစ္စတွေက စပ်စုစရာမလို … တိုက်ဆိုင်ရင် အလိုလိုသိသွားရော…
ဤကား … အခွီအနှောက် အပြောင်အပြက်တည်း …
.
အတည်မန့်ရရင်တော့ …
ငယ်ငယ်တုန်းက သတင်းစာ မဂ္ဂဇင်းတွေကနေပဲ ဖတ်-မှတ်-သင်ယူခဲ့ရတာ…
လူနှင့်လူ့ပါတ်ဝန်းကျင်တို့၏ အညမည သဘောထားတွေလည်း ပါတာပေါ့ …
ဒါပေသည့် မ.ဆ.လ ခေတ်ဆိုတော့ အစိုးရအာဘော်တွေချည်း …
အခု … အင်တာနက်ခေတ်ကိုရောက်မှ … ရှာဖွေလေ တွေ့ရှိလေ …
ရှုဒေါင့်စုံကစာတွေကို လွတ်လွတ်လပ်လပ် ဖတ်ရတော့တယ်… :k:
weiwei
June 23, 2017 at 9:17 am
အခု အင်တာနက်ခေတ်မှာ အမှားအမှန်ရောနေတာ .. ဖြစ်နိုင်၏ မဖြစ်နိုင်၏ စဉ်းစားဆုံးဖြတ်နိုင်ဖို့ ဉာဏ်ရှိနေဖို့လိုအပ်တယ်ဆိုတော့ ဗဟုသုတအစုံ ရှုထောင့်စုံကနေ သိထားဖို့ လိုအပ်တယ် ..
ဦး လေး မန်း
June 23, 2017 at 11:05 am
အင်တာနက်ခေတ်ကတော့ သိချင်တာမှန်သမျှတထိုင်ထဲသိနိုင်သလို ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားဘို့လဲ အင်မတန်လိုအပ်တယ်။ တနေ့တနေ့ မဟုတ်တာတွေ အချိန်ပေးပြီး တင်နေတဲ့လူတွေ Page တွေလဲအတော်များတယ်ဗျ။ ဘာသဘောနဲ့တင်နေသလဲဆိုတာ စဉ်းစားလို့ကိုမရနိုင်ဘူး။
သင့်အေးရိပ်
June 22, 2017 at 3:38 pm
“အခုတလော ဖုန်းကို မျက်စိနဲ့မခွာကြည့်နေကြတဲ့ လူဦးရေတော်တော်များလာတာ”တော့ . . .
အဟုတ်ကြီးဗျိုု့။
အဲ့ထဲ ကိုယ်ပါ ပါနေတာလည်း မငြင်းနိုင်။
ဒါမယ့် ကျနော်ကတော့ fb ရယ်(fbပေါ်မှာ မသိတဲ့လူတွေနဲ့ မချက်)
mail ရယ်
google ထဲမှာ သိချင်တာမှန်သမျှ ရှာတာရယ်
ဒေါင်းထားတဲ့ ebook pdfတွေ ဖတ်တာရယ်
ချန်နယ်မြန်မာက ဇာတ်ကားတွေ ထိုင်ကြည့်တာရယ်
whatsApp တို့ viber တို့ကနေ အလုပ်ကိစ္စ-
ကိုယ်ရေးကိုယ်တာကိစ္စတွေ အပြန်အလှန်ပြောတာရယ်။
ဒါပဲရယ်။
ငင် ဒါနဲ့တင် အတော်များနေပြီနော့။
:k:
ဖုန်းကို ကြည့်တာ လျှော့ပြီး စာအုပ်တွေဘက် လှည့်ဖို့ အားထုတ်ရအုန်းမယ်။
😆
စပ်စုခြင်းအနုပညာပိုစ့်ကို ဖတ်ပြီး
ကိုယ့်ကိုယ်ကို ပြန် စပ်စုကြည့်မိသွားတယ် အစ်မရေ။
😆
weiwei
June 23, 2017 at 9:21 am
အခုခေတ်ကတော့ အချိန်တောင်မလောက် .. အင်တာနက်ဆိုတာ အလွယ်ရနေတော့ ဖုန်းနဲ့မျက်စိမခွာနိုင်ကြဘူးဖြစ်နေကြတယ်.. လက်ဖက်ရည်ဆိုင်မှာထိုင်နေရင်းတောင် ဖုန်းပွတ်နေတာမြင်နေရလို့ ပတ်ဝန်းကျင်ကိုလဲ ကြည့်စေချင်တဲ့စိတ်ဖြစ်လာလို့ ဒါလေးအမှတ်တရရေးလိုက်တာ .
လုံမလေးမွန်မွန်
June 22, 2017 at 4:17 pm
Slumdog millionaire ဇာတ်လမ်းကို သတိရမိတယ်.. တစ်ချို့အရာတွေက စာအုပ်ထဲက သိလာတာမဟုတ်ဘဲ လက်တွေ့ဘဝမှာ ကြုံခဲ့ မြင်ခဲ့ ကြားခဲ့တာတွေကနေ သိလာတာ..
အမှန်တော့ facebook ဆိုတာလည်း စပ်စုခြင်းနဲ့ ကြွားခြင်းက များနေသလို ခံစားလာရတယ်.. စာဖတ်တာရယ်… ပတ်ဝန်းကျင်ကို လေ့လာတာရယ်… လူတွေနဲ့ အပြင်မှာတွေ့ဖို့ရယ် ကို ပိုအာရုံစိုက်ချင်တယ်..
weiwei
June 23, 2017 at 9:26 am
စာထဲမှာ သနားစရာကောင်းလောက်အောင်ရေးထားတဲ့ဘဝတွေဟာ လက်တွေ့မှာ အဲလောက်သနားစရာမကောင်းတာမျိုးတွေရှိတယ်။ ဥပမာ .. ကျူးကျော် .. တကယ်လို့ ကျူးကျော်ဆိုတာ ဘယ်လိုမျိုး ဘယ်ကနေ ဘယ်လိုဖြစ်လာတဲ့ရာဇဝင်ကို နေ့တိုင်းမြင်ပြီး သတိထားမိတဲ့သူက သတင်းကို ဖတ်တဲ့သူထက်တော့ ပိုသိနိုင်မှာအမှန် ..
ရန်ကုန်မြို့ကြီး ဘယ်လိုညစ်ပတ်ကြောင်း ရေကြီးကြောင်း ရေးတာကို ဖတ်ရတာထက် နေ့တိုင်း ရန်ကုန်မှာကျင်လည်နေတဲ့သူက ပိုသိမှာအမှန် ..
တစ်ခါတစ်ရံ တစ်ချို့လူတွေက ကိုယ့်အနီးပတ်ဝန်းကျင်မှာ မိုးရွာနေတာတောင် တံခါးပေါက် ထပိတ်ဖို့ မသိနိုင်လောက်အောင် ဖုန်းကိုပဲ အသဲအသန်ကြည့်နေတာမျိုး မြင်ရလို့ ..
kai
June 22, 2017 at 4:30 pm
နှုတ်တရာ စာတလုံး
စာတပုဒ် ရုပ်တရုပ်
ရုပ်တထပ် ဖလင်တဖြတ်
ဖလင်တခွေ တမနက်နေ..။
အဲလိုလက်တန်းချရေးလိုက်တယ်..။
ဆိုတော့…
လက်တွေ့ တမနက်။ တရက်။ တပါတ် ခရီးသွား စပ်စုတာဟာဖြင့်.. အကောင်းဆုံးအနုပညာပါလို့..။ :v
weiwei
June 23, 2017 at 9:31 am
ခရီးထွက်ခြင်းဟာ အကောင်းဆုံးစပ်စုခြင်းပါပဲ .. ရထားစီး ကားစီး သင်္ဘောစီးရင်း လူမှုဝန်းကျင်တွေကို မြင်ရတယ် ..
အခုတလော TV အစီအစဉ်တစ်ခုမှာ ဗဟုသုတနဲ့ဆိုင်တဲ့ game တစ်ခုပြနေတယ် .. Money drop Myanmar .. အဲဒီမှာ လာပြိုင်ကြတဲ့လူတွေကိုကြည့်ပြီး ဗဟုသုတဆိုင်ရာ အားနဲမှု သိသိသာသာတွေ့လိုက်ရတယ် .. အရှေ့ အနောက် တောင် မြောက်တောင် မခွဲခြားနိုင်တဲ့သူတွေရှိနေသေးလို့ ရင်လေးတယ်လို့သာ ..
padonmar
June 22, 2017 at 9:20 pm
စပ်စု= Inquistive
စူးစမ်း= Curious
Science Museum အဝင်ဝမှာ စာတမ်းတခု တွေ့ဖူးတယ်။ For those who are curious တဲ့။
အဲသလိုများလားလို့၊
ကိုယ့်ကိုကိုယ်တော့ စပ်စုတယ်လို့ မထင်ပေါင်၊
ဘာမဆို စူးစမ်းလေ့လာနေတာပါ။
စားစရာ အထုပ်လေး အသစ်ဝယ်လာရင်တောင် ဘာတွေပါပါလိမ့်၊ဘယ်က ထုတ်တာလဲ ဆိုတာမျိုး သူ့အထုပ်ပေါ်က စာတွေ လိုက်ဖတ်မိတယ်။
City mart သွားရင် ဝယ်တာထက် စာတွေ လိုက်ဖတ်နေတာ။ ဘာက ဘယ်လို ခေါ်တယ် ဆိုတာမျိုးပေါ့။
သူများအိမ် သူများရုံးခန်းရောက်ရင်လည်း ဘာမတုယူရမလဲ ဆိုတာမျိုး လိုက်ကြည့်ဖြစ်တယ်။
အင်း….ဒါလည်း စပ်စုတာပါပဲလေ။
weiwei
June 23, 2017 at 9:35 am
အန်တီဒုံတို့ကို စံပြထားပြီး အဲလိုလိုက်လုပ်တဲ့သူတွေ များများဖြစ်လာစေချင်မိတယ် ..
ကျွန်မမှာ အမှတ်များပြီးတော်လှချည်ရဲ့ဆိုတဲ့ အသက် ၂ဝ ကျော်အရွယ်လေးတွေ ဆယ်ယောက်ကျော်နဲ့ နေ့တိုင်းထိတွေ့နေရတယ် .. သူတို့ရဲ့ အပြုအမူ အတွေးအခေါ် အနေအထိုင်တွေကြောင့် အများကြီး စိတ်အနှောင့်အယှက်ဖြစ်ရတယ် .. သူတို့တွေက တစ်လိုင်းထဲတော်နေကြတာ .. စပ်စုကြတာလဲအလွန်ပဲ ..
But .. The big but ….
•*¨နန်းတော်ရာသူ •*¨
June 23, 2017 at 9:24 am
ဗဟုသုတအဖြာဖြာကို စပ်စုရတာစိတ်ဝင်စားပါရဲ့
လူမှုရေးသတင်းအဖြာဖြာဆို ဆယ်လီတွေအကြောင်းလောက် စပ်စုမိရဲ့
ဒါလည်း သိပ်ဝါသနာအပါတော့မဟုတ် ကြုံကြိုက်မှ
သာမာန်သူသူကိုယ်ကိုယ်အကြောင်းတွေကျတော့
ဘာအလုပ်လုပ်လဲ
ဘယ်မှာနေလဲလို့မေးရမှာတောင် အားနာနေမိတယ်
သူ့အလိုလိုသိလာမှသာ သိတော့တယ်
စပ်စုခြင်းအနုပညာနဲ့
အားနာခြင်းအနုပညာ ဆန့်ကျင်ဖက်ဖြစ်နေတာ
weiwei
June 23, 2017 at 9:44 am
အမက နှုတ်နဲတယ်လို့ပြောရတဲ့လူအမျိုးအစားထဲမှာပါတယ် .. စကားသိပ်မပြောဘူး … စပ်စုရမှာ အရမ်းအားနာတတ်ပါတယ်.. အဲဒါကြောင့် ငြိမ်ပြီး သေချာကြည့်တတ်တဲ့အကျင့်ရှိတယ် .. မှတ်ထားလေ့ရှိတယ် ..
အဲဒါကြောင့်လဲ စပ်စုတယ်ဆိုတာ ချဉ်းကပ်နဲအမျိုးမျိုးနဲ့ ပညာသားပါတယ်လို့ ယူဆလို့ အနုပညာဆိုတဲ့နံမည်ကို သုံးလိုက်တာ .. ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို သတိထားမိစေဖို့ပေါ့နော် ..
လူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူး .. ရုံးရှေ့က ပန်းပင်လေး အပွင့်ပွင့်နေရင်တောင်မှ မြင်တာခြင်းအတူတူ သိချင်မှ သိကြတာ ..
Shar Thet Man
June 23, 2017 at 5:30 pm
ဟုတ်ပါ့ အမှန်ပဲ ရေးတာတော်လိုက်တာ
အရင်ကကျော်စွာဦးကြီးမိုက်
June 24, 2017 at 10:01 am
စပ်စုခြင်းအနုပညာကို ဝါသနာပါရင်ခရီးများများသွားတာအကောင်းဆုံးလို့လက်ခံသလို
စာများများဖတ်ခြင်းဟာလည်း အခုခေတ်လူငယ်တွေအတွက်မဖြစ်မနေလုပ်သင့်တဲ့အရေးကြီးတဲ့အလုပ်ပါပဲ…
တီဗွီကလာနေတဲ့ မန်းနီးဒရော့ အစီအစဉ်ကိုကြည့်မိတော့မှ မဝေခံစားရသလိုပဲ
ဗဟုသုတဆိုင်ရာ အားနဲမှု သိသိသာသာတွေ့လိုက်ရတယ် .. ကိုယ်နဲ့အနီးစပ်ဆုံးသားနဲ့သမီးကိုပဲ
စာဖတ်ဖို့တိုက်တွန်းနေရတယ်
kai
June 24, 2017 at 1:44 pm
စာများများဖတ်ခြင်း.. ဆိုတာလေးတွေ့မိ.. ဖတ်မိသမို့.. အခုတင်.. ဖဘမှာ.. စာတပုဒ်ရေးတင်ပါတယ်..။
ဦးကြီးမိုက်.. ကုသိုလ်ရပါစေသတည်း..။
ဆိုတော့..
အမေရိကန်ကလေးတွေကို.. စာဖတ်။စာချစ်..အလေ့အကျင့်စပေးတာ.. ဝ-၃နှစ်ကပါ..။ ( ပုံရှုတော်မူ)
စာဖတ်ခြင်းတွင်.. ကြီးသည်ငယ်သည်မရှိ..။ ဗိုက်ထဲမှာနေရင်းတောင်.. သင်ပေးသူသင်ပေးနေပါ၏ ပေါ့..။
surmi
June 24, 2017 at 10:27 am
ခရီးထွက်ရတာကိုကြ်ုက်တယ်ဗျ
ခရီးတခါထွက်မိတိုင်း ပိတ်ဆို့နေတဲ့ဂျီးလေးဘာလေးပြောင်သွားတာကိုးးးး အတွေးသစ် အမြင်သစ်တွေရတာကတော့အမှန်ဘဲ ။
ပြီးတော့ လက်တွေ့စစ်စစ်မြင်ရတွေ့ရတယ်လေ
ဒါကြောင့် ဗမာဒရိုင်ဘာလုပ်နေတာ :mrgreenn:
weiwei
June 26, 2017 at 9:33 am
ခရီးထွက်ရတာ ကြိုက်တယ် .. မျက်စိအနားပေးဖြစ်တယ် .. မျက်စိအစာကျွေးသလိုပေါ့ .. စိတ်လဲလန်း လူလဲလန်း ..
ဇီဇီ
June 30, 2017 at 2:15 pm
စူးစမ်းခြင်းအနုပညာ
စပ်စုခြင်း အနုပညာကနေ (ခွက်ဒစ် အာတီဒုံ)
အပုပ်ချခြင်းတွေ စကားအသယ်အဖြန့်တွေ ကြောက်ကြောက်လာလို့ ဘယ်သူ့အကြောင်းမှ စစ်စစ်ပေါက်ပေါက်မမေးမိဘူးး
ဟီး
:mrgreenn:
နောက်ပြီး ကျနော်က ကိုယ့်ကိုယ်ကို ပိုစိတ်ဝင်စားလို့ သူများ ဘာဖြစ်နေလည်း ထူးမသိချင်မိ။
အူးကျောက် ပြောသလို တိုက်ဆိုင်မှသာ အကုန်သိရတာ။
ဝေ ခရီးထွက်နိုင်သွားနိုင်လာနိုင်တာကိုတော့ အားကျ။ ကိုယ်တိုင်ကတော့ ထိုင်ရာက မထ။
:k: