ပေသီးများ

Kaung Kin PyarJune 27, 20171min65523

ဒီအချိန်ဆို ပေသီး ဒီခြံကြီးနောက်နား အမြဲ ရစ်သီရစ်သီလုပ်တတ်သည်…။

တခြားကြောင့်တော့ မဟုတ်…။

ဒီလိုအချိန်ဆိုလျှင် ဒီခြံက ခြံကြီးရှင်မိသားစုက နှပ်ကော်ဖီဆိုလား…သောက်တတ်သောကြောင့် ထိုနှပ်ကော်ဖီအနံ့ကိ ပေသီးကြိုက်သဖြင့်.. ဒီလိုမနက်စောစောအချိန်ရောက်လျှင် ကော်ဖီနံ့ရှုဖို့ ပေသီးဒီခြံကြီးနောက် အမြဲရောက်သည်။  ထိုအနံ့ဘယ်လောက်မွှေးကြောင်း အမြဲပြောလွန်းသဖြင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးလုပ်နေသော ပေသီးသူငယ်ချင်း မောင်ထိန်က သူတို့ဆိုင်တွင် လာသောက်သွားသော ကာစတန်မာတစ်ယောက်ရဲ့ ကော်ဖီအကျန်ကို ပေသီးသောက်ဖို့ ချန်ထားသောကြောင့် ကော်ဖီဆိုသည်ကို တစ်ခါ သောက်ခဲ့ဖူးသည်…။ ဒါပေမယ့်… ထို 3 in 1 ဆိုသောကော်ဖီသည် ပေသီးကြိုက်သော ကော်ဖီနံ့မဟုတ်..။ အရသာကလဲ ပေသီးကော်ဖီလောက် ကောင်းမည်မဟုတ်။ ထိုကြောင့် မောင်ထိန်တိုက်သောကော်ဖီကို ပေသီးမကြိုက်…။

ပေသီးကြိုက်တတ်တဲ့အနံ့တွေကလဲ ထူးဆန်းသည်…။ တခြားသူတွေပြောတဲ့ ပြင်သစ်ရေမွှေးဆိုလား၊ ချာလီဆိုလား… ဒီလိုအနံ့မျိုးတွေ..ပေသီး မကြိုက်။ ပန်းတွေဆီကရတဲ့အနံ့တွေလဲ ပေသီးမကြိုက်တတ်။

ပေသီးကြိုက်တဲ့အနံ့တွေဆိုတာ.. မိုးရွာပြီးကာစတွင် ရတတ်သည့် မြေသင်းနံ့ဖြစ်သည်…။ အိမ်ဘေးက အပျိုကြီး မမူ လက်သည်းဆေးဆိုးပြီး ပြန်ဖျက်လျှင်ရတတ်သည့် လက်သည်းဖျက်ဆေးနံ့ကိုလဲ ပေသီးကြိုက်သည်။ နှပ်ကော်ဖီနံ့ကတော့ ပေသီးအကြိုက်ဆုံး အနံ့…။

ပေသီးတွင် မောင်နှမ သုံးယောက်ရှိသည်။ ပေသီးက အလတ်။ အမေ့ကိုတော့ ပေသီး သေချာမသိ…၊ အမေ့ပုံရိပ်ကို ပြန်စဉ်းစားကြည့်တော့ ဝါးတားတားသာ….။ အဖေပြောတဲ့စကားအရတော့ ပေသီး ၃နှစ်သားကတည်းက အမေက ပေသီးတို့ မောင်နှမတွေကို ထားပြီး လင်နောက်လိုက်သွားသည်တဲ့…။ အဖေစပြောစဉ်က ပေသီးအသက် ၅နှစ်သာ ရှိသေးသည်မို့ ထို လင် ဆိုသည်မှာ ဘာကြီးမို့ ပေသီးတို့ကိုပါ ထားခဲ့ရသလဲလို့ ပေသီး စဉ်းစားဖူးခဲ့သည်။ အခု ပေသီး ၁၂နှစ်သားအရွယ်ဖြစ်လာတော့ လင်ဆိုသော အသုံးအနှုန်းကို ပေသီး သိနေခဲ့ပြီ…။ သို့သော်… အမေ့အကြောင်းကို ပေသီးမစဉ်းစားဖြစ်အောင် နေသည်။ ပေသီးသူငယ်ချင်းတွေ သူတို့အမေတွေနဲ့ ပြောဆိုရီမောနေတာမြင်လျှင် ပေသီး မမြင်ချင်ယောင်ဆောင်သည်။ သားရေ ဆိုသော သူငယ်ချင်းအမေများ၏ ခေါ်သံကြားလျှင် သူ့ကိုု ခေါ်တာမဟုတ်မှန်း သိနေသောကြောင့် ပေသီး တစ်ဖက်လှည့်၍ အံတင်းတင်းကြိတ်ကာ မျက်ရည်မကျအောင် တောင့်ခံတတ်သည်။

တခါတလေတော့လဲ အမေ့ကို ပေသီးစိတ်နာမိသည်..။ ပေသီးတို့နား အကြာကြီးမနေနိုင်ပါဘဲ ဘာလို့ ပေသီးတို့ကို အမေမွေးခဲ့သနည်း…..။

ဒီမေးခွန်းကို တွေးမိတိုင်း ပေသီး ဉာဏ်မမှီ…။

အမေမရှိတော့ ပေသီးတို့ မောင်နှမတွေ တော်တော်ဒုက္ခရောက်ရသည်။ ပေသီး အထက်က အစ်မ မိမိုးကို အစ်မအသက်(၁၀)နှစ်အရွယ်ကတည်းက မြို့တွင် အိမ်ဖော်လုပ်ရန်ဟုဆိုကာ.. အဖေက ဝဖိုင့်ဖိုင့်အဒေါ်ကြီးတစ်ယောက်နှင့် ထည့်ပေးလိုက်သည်….။ အစ်မက လိုက်မသွားချင်လို့ အဖေ့ကို ငိုယိုတောင်းပန်သော်လဲ အဖေက အစ်မ၏အငိုမျက်နှာထက် အဒေါ်ကြီး ထိုးထည့်ပေးသည့် လက်ထဲကပိုက်ဆံတစ်ထပ်ကိုသာ ပိုအာရုံရောက်နေခဲ့တာ ပေသီးမှတ်မိသည်….။

မိမိုးကို ဟိုအဒေါ်ကြီးနဲ့ ထည့်ပေးလိုက်သော အကြောင်းပြချက်သည် ပေသီးတို့၏ သက်ကယ်မိုး အိမ်ခေါင်မိုးလေးအား မိုးရေမယိုအောင် ပြန်မိုးချင်သောကြောင့်ဟု အဖေပြောခဲ့သော်လည်း အဖေ့လက်ထဲက ပိုက်ဆံတစ်ထပ်သာ လုံးပါးပါးခဲ့သည်..၊ ပေသီးတို့ အိမ်လေး မိုးယိုဆဲ…။

အစ်မ မရှိတော့ ဘိုတောက်လေးကို ထိန်းရန် တာဝန်သည် ပေသီးပုခုံးပေါ် ရောက်လာခဲ့သည်….။ တခါတလေ ပေသီး မိမိုးကို တ, ပြီး ငိုတော့ အဖေက စိတ်မကောင်းသည့်မျက်နှာဖြင့် အရက်ချည်း ဖိသောက်နေတတ်ခဲ့သည်…။ တခါတလေလဲ ပေသီးကို တိတ်တိတ်နေရန် ဆူပူအော်ငေါက်တတ်သည်။

ရွယ်တူ သူငယ်ချင်းတွေ ကျောင်းဝတ်စုံအဖြူအစိမ်းလေးတွေ ဝတ်ပြီး ကျောင်းသွားတာ မြင်လျှင်တော့ ပေသီး အားကျစိတ်တစ်ဖက် သိမ်ငယ်စိတ်တစ်ဖက်ဖြင့် ငေးမောတတ်သည်။ တစ်ခါတစ်လေ.. ကျောင်းဘေးက ပေသီး  ဖြတ်သွားရလျှင်လဲ ဆရာတိုင်ပေးသော စာကို တညီတညွတ်တည်း လိုက်ရွတ်နေသော ကျောင်းသားများ၏အသံကို ငြိမ်ပြီး နားထောင်တတ်သည်။ ကျောင်းတက်ချင်တယ်လို့ အဖေ့ကို ပူဆာလျှင်လဲ မရမယ့်အတူတူ အဖေရိုက်တာခံပြီး ပေသီး မပြောတော့…။

ကျောင်းသည် ပေသီးနှင့် အလှမ်းဝေးဆဲ….

ပိုက်ဆံတွေကိုတော့ ဘယ်လောက်တန်ဆိုသည်ကို ပေသီးသိသည်..။ ဘယ်လောက်တန်နှင့် ဘယ်လောက်တန်ပေါင်းလျှင် ဘယ်လောက်ဆိုတာလောက်တော့ ပေသီးသိထားသည်…။ မသိထားလျှင်လည်း ပေသီး ခံရမည်ပေါ့…။ ဘိုတောက်လေးကို အိပ်ပျော်သွားအောင် သိပ်ပြီးလျှင်ပေသီး တာဝန်ပြီးပြီ။ ထိုနောက်ပိုင်းအချိန်တွင်လမ်းတကာလည်၍ဆာလာအိတ်တစ်လုံးဖြင့် ရေသန့်ဗူးတွေ ပလပ်စတစ်ဗူးခွံတွေ ကောက်ပြီး ဟိုဘက် နှစ်လမ်းကျော်က မူတားဆိုင်မှာ သွားသွင်းသည်…။ ဒါမှလဲ ပေသီးအတွက် ပိုက်ဆံလေးဘာလေး ထွက်လာတတ်သည်…။ စိုစိုပြေပြေရှိသော အချိန်များတွင်တော့ ဘိုတောက်လေးအတွက် မုန့်လေးဝယ်ပြီး အိမ်ပြန်လာနေကျ…။

ခုတလောတော့ ပေသီး အူစိုနေသည်။ အူစိုဆို ပေသီးနှင့် ပလပ်စတစ်အပြိုင်ကောက်သည့် နှစ်အိမ်ကျော်က တိုးဝေဆိုသည့်ကောင် ခုရက်ပိုင်းမှာ ပလပ်စတစ်မကောက်ဘဲ နေရာကောင်းကောင်းတစ်ခုခုတွင် ခွေနေတတ်သည်ကိုး…။ မောင်ထိန်ကတော့ ဒါ ကော်ရှူထားတာဟု ပြောသည်…။ ကော်ရှူတယ်ဆိုတာလဲ အနံ့မွှေးလို့ ရှုတာဖြစ်မှာပေါ့လို့ ပေသီး တွေးသည်..။ ဒါကြောင့် ကော်ရှုသော တိုးဝေကိုကြုံလျှင်ကြုံသလို ပေသီးလိုက်ချောင်းဖူးသည်…။

တိုးဝေက ပေသီးနှင့် ရွယ်တူဆိုပေမယ့် ဒီအပိုင်းမှာတော့ ဂျင်ဖြစ်နေပြီ..။ တိုးဝေတို့က ကော်အစုံရှုသည်။ ပိုက်ဆက်ကော်၊ သစ်သားကပ်ကော်၊ တာယာဖာကော်… ရလျှင်ရသည့်ကော် ရှုသည်။ လွယ်လွယ်ရတတ်သည့် ကြွတ်ကြွတ်အိတ်ထဲ ကော်လက်ညှိုုးတစ်ကော်စာလောက်ထည့်ပြီး ရေနည်းနည်းထည့်ကာ အိတ်ဖောင်းအောင်လုပ်၍လဲ လေကုန်အောင် ရှူတတ်ကြသည်။

အစောပိုင်းတော့ တိုးဝေတစ်ယောက် တက်ကြွနေသလောက် တဖြည်းဖြည်းနှင့် ချောင်တစ်ခုခုတွင်  ခွေနေချိန်များလာတာ၊ လေလုံးကွဲအောင်တောင် စကားမပြောနိုင်တော့တာတွေ ပေသီးမြင်တော့ ကော်ရှူတာ မကောင်းလို့ ကောက်ချက်ချပြီး ပေသီး ကော်နားမကပ်ဖြစ်တော့..။ တိုးဝေတို့ ပလပ်စတစ်ကောက်သည့်ဘက်တွင် အားနည်းလာတော့ ပေသီးပိုကောက်ဖြစ်လာသည်…။

ဒီနေ့လဲ ပေသီး မြိုးမြိုးမြက်မြက်လေး ရသည်…။ ဒီနေ့ မူတားဘာတွေ စိတ်ကောင်းဝင်နေသည် မသိ..။ ပေသီးကို ပိုက်ဆံပိုပိုသာသာလေး ပေးလိုက်သည်..။

ဘိုတောက်လေးစားဖို့ ပေါင်မုန့်တစ်ထုပ်နှင့် အဖေ့အတွက် အမြည်း ငါးမုန့်ကြော်တစ်ထုပ်ဝယ်၍ ပေသီး မြောက်ကြွမြောက်ကြွနှင့် အိမ်ပြန်လာသည်။ ဘိုတောက်လေး ဒီမုန့်တွေမြင်လျှင် ဘယ်လောက်တောင် ပျော်လိမ့်မလဲ…။ နောက်ပြီး အဖေမသိအောင် ပေသီးလုပ်ထားသည့် ဝါးကျည်တောက်စုဗူးလေးထဲလဲ ပိုက်ဆံထပ်ထည့်လို့ရပြီ…။ ဒီလောက်ပိုက်ဆံကိုသာ နေ့တိုင်းထည့်နိုင်မည်ဆိုလျှင် ပေသီးရဲ့ စုဗူးလေး နောက်တစ်ပတ်ဆို ပြည့်ပြီ…။ စုဗူးလေး ပြည့်သွားလျှင်တော့ ပေသီးကျောင်းတက်လို့ ရနိုင်ကောင်းရဲ့….။

အပျော်တွေနဲ့ ပေသီး အိမ်ကို ခုန်ပေါက်ပြန်လာသည်…။ အိမ်ကိုပြန်ရောက်တော့…

:

:

:

:

:

အိမ်ကိုပြန်ရောက်တော့…

ပေသီးအိမ်ရှေ့မှာ ပါဂျရိုးကားသစ်ကြီးတစ်စီးရပ်ထားသည်။ အိမ်ရှေ့ကပြင်က ဖိနပ်ချွတ်နေရာတွင်လဲ ဖိနပ် လေးငါးရံလောက် ရှိမည်..။ အိမ်တွင် ဧည့်သည်တွေ ရောက်နေပြီ..

ပေသီး ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ လှမ်းလက်စ ခြေလှမ်းတွေ လေးလာသည်..။

ပေသီး အိမ်ကို ပြန်ရကောင်းမလား၊ ဧည့်သည်တွေ ပြန်သွားမှပဲ ပြန်လာရမလား..ပေသီး စိတ်ရှုပ်လာသည်။

ထိုစဉ်ဘိုတောက်လေးက ပေသီးကိုလှမ်းမြင်လိုက်သောကြောင့် လေးဘက်ထောက်လေးဖြင့် အိမ်ရှေ့ထွက်လာနေပြီ…။ အိမ်ထဲမှ အဖေနှင့်ဧည့်သည်များကလဲ ဘိုတောက်လေးရဲ့အပြုအမူကြောင့် ပေသီးကို လှမ်းမြင်သွားပြီ.. ။ မထူးတော့…

အိမ်ပေါ်ကို တက်ဖို့ ပေသီးပြင်လိုက်ကတည်းက အဖေက မင်းပြန်မလာရင်တောင် ငါလိုက်ရှာတော့မလို့ကွ ဟု ပြောတော့ ပေသီး မျက်ရည် စ ဝိုင်းလာပြီ…။ ငါလည်း မိမိုးလို အနေအထားကို ရောက်လာပြီကိုးလို့ ပေသီး စ တွေးမိလာတော့ မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာသည်။

ငါ ဘိုတောက်လေးကို ခွဲရတော့မယ်….

“ အဖေ… သား လိုက်မသွားချင်ဘူး…”

မျှော်လင့်ချက်မရှိပေမယ့် ပေသီး အဖေ့ကို ပြောကြည့်သည်။ ဒါပေမယ့် ဘယ်အချိန်ကတည်းက အဖေ့လက်ထဲရောက်သွားမှန်းမသိတဲ့ ပိုက်ဆံတစ်ထပ်က ပေသီးအသံကို ပိုတိုးဖျော့သွားစေသည်…။

အဖေရယ်….

သားလိမ်လိမ်မာမာနေပါ့မယ်….။ သားအရွယ်ရောက်လာရင် အဖေ့ကို ရှာဖွေကျွေးမွေးမှာပေါ့..၊ အဖေအခုရထားတဲ့ လက်ထဲက ပိုက်ဆံတွေထက်လဲ ပိုများအောင် သားရှာပေးပါ့မယ်…။ အခုလောလောဆယ် အဖေအသုံးလိုရင်လဲလေ.. သားခိုးစုထားတဲ့ စုဗူးလေး အဖေ့ကို ပေးမှာပါ…။ ဒီလူတွေကို သားမကြိုက်ဘူး၊

အဖေတွေ့လား..၊ သူတို့သားကို စားတော့ဝါးတော့မလို ကြည့်နေကြတာ….။ သား မလိုက်သွားချင်ဘူး အဖေ…။ သားကို သူတို့ ခိုင်းစားကြတော့မှာ….

သားဘိုတောက်လေးကို မခွဲချင်ဘူး…

သား အဖေနဲ့လဲ မခွဲချင်ဘူး…။ သား တောင်းပန်ပါတယ် အဖေရယ်…။

စကားလုံးတွေ အားလုံးက ပေသီးလည်မျိုဝတွင် တစ်ဆို့ပျောက်ကွယ်သွားသည်… ။

မောင်ထိန့်ကို ပေသီးနှုတ်ဆက်လို့ ရနိုင်သေးလား…။ တိုးဝေတို့အဖွဲ့ကိုလဲ ကော်ဆက်မရှုဖို့ ပြောခဲ့ချင်သေးသည်….။

စိတ်က ဒီလိုတွေသာ ဖြစ်နေပေမယ့်.. ပေသီး အသုံးလိုမယ်ထင်တာလေးတွေနှင့် အဝတ်အစားနည်းနည်းပါးပါးကို ကြွတ်ကြွတ်အိတ်တစ်လုံးထဲ ပေသီးကောက်ထည့်နေမိသည်…။

သားမှ ဘာမှ မတတ်နိုင်ဘဲ အဖေရယ်….။ အားမတန်တော့လဲ မာန်လျှော့ရတော့မှာပေါ့…။

ဝယ်လာသောပေါင်မုန့်လေးနှင့် ငါးမုန့်ကြော်ထုတ်လေးကို ဘိုတောက်လေးလက်ထဲ ထည့်ပြီး ပေသီး လူစိမ်းတွေခေါ်ရာ သူတို့ကားပေါ်တက်လိုက်သွားတော့သည်…။ ဘိုတောက်လေးကတော့ ဘာမှ မသိ….။ လက်ထဲက စားစရာတွေကို ကိုင်၍ ပျော်ရွှင်ရီမောနေသည်….။

ပေသီးလိုက်ပါသွားသော ကားကြီးကတော့ အဖေ့အိမ်လေးနှင့် တဖြည်းဖြည်း ဝေးဝေးသွားလိုက်တာ…….

ပေသီး… အဖေ့အိမ်လေးဆီ ပြန်လာဖို့မှ.. အခွင့်အရေး ရှိပါဦးတော့မလားးးးး… ဆိုတာကတော့….

 

 

ကောင်းကင်ပြာ

 

 

23 comments

  • ဦးကျောက်ခဲ

    June 27, 2017 at 2:15 pm

    “နှပ်ကော်ဖီ” အကြောင်းဖတ်မိတော့ ဆရာနေဝင်းမြင့်ရဲ့ ဝထ္ထုတိုလေးကို သတိရမိပါရဲ့…
    လမ်းဘေးက ကော်ရှူတဲ့ကလေးတွေ တွေ့မိတိုင်း သူတို့ ရှေ့ရေးကို ရင်နာလို့မဆုံး…
    ပြောမည့်သာပြောရ ကားဘော်ဒီရုံမှာ ဆေးမှုတ်တဲ့ ဆေးဆရာ ကိုဝိုင်းလည်း ဒီအတိုင်း…
    ကွမ်းကလေးမြုံ့ပြီး ဆေးမှုတ်နေရရင် စည်းစိမ်အတော်ရှိတယ်ဆိုပဲ …
    အဲသည့် တင်ဒါ (Thinner) ဒုက္ခပေးလိုက်တာ နောက်ပိုင်း အဆုတ်ကင်ဆာနဲ့ ဆုံးရော …
    ပေသီးတို့လို အရွယ်မရောက်သေးတဲ့ ကလေးလုပ်သားတွေ စာသင်ခန်းပို့လိုက်ရင်…
    မြန်တျန့်က လဘက်ရည်ဆိုင်တွေမှာ အလုပ်သမား ရှိတော့မယ်မထင် … :k:
    ပေသီးတို့ဘဝတူ ကလေးလုပ်သားတွေကို ပရဟိတ စာသင်ပေးသူတွေကို ဂုဏ်ပြုပါတယ်…

  • Kaung Kin Pyar

    June 27, 2017 at 2:26 pm

    ကလေးလုပ်သားမရှိဘူး၊ Child Labour အရ ၁၄ နှစ်ထိကို အစိုးရက ပညာသင်ဖို့ထောက်ပံ့ပေးတယ် ဆိုပေမယ့်… ပေသီးလို ကလေးမျိုးတွေ အများကြီးပဲ…
    မင်းခိုက်စိုးစန်ရေးတဲ့ အမေကျနော့်ကို သတ်ခဲ့တယ်ဆိုတာလေး ဟိုတလောက အတော်ဟော့တ် သွားသေးတယ်…။ အဲ့လို ဘဝတွေ အဲ့လိုကလေးတွေ အများကြီးပဲ..
    တချို့ဝါးလုံးခေါင်းထဲ လသာကြသူတွေက မိဘဆိုတာ ဘလာဘလာဘလာ..၊ ဒီလို စော်လကားမော်လကားလုပ်တာ ဘလာဘလာဘလာ၊ လူငယ်တွေစိတ်ထဲ ဘလာဘလာဘလာ..
    အမှန်တော့ ဆရာခိုက်ရေးတဲ့ဘဝတွေ၊ ဒီထက်ဆိုးတာတွေ တစ်ပုံကြီးပဲ..
    ဆက်ပြောရင် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်တွေ ဘာတွေပါရောက်သွားတော့မေ… 

  • ပေသီးတို့လိုဘဝလေးတွေ ရန်ကုန်မှာအများကြီးတွေ့နေရတယ်ဗျာ
    စိတ်မကောင်းစရာ…ကိုကျောက်ပြောသလိုပဲမြန်တျန့်က လဘက်ရည်ဆိုင်တွေမှာ
    အများဆုံးပေါ့…

    • Kaung Kin Pyar

      June 27, 2017 at 5:12 pm

      သိပ်မထူးခြားတဲ့ အဖြစ်လေးတွေပါ ဦးမိုက်ရယ်…။ ဒါပေသိ.. သူတို့လေးတွေလဲ လူပဲ မဟုတ်လား..။ လူဖြစ်လာပြီး လူဖြစ်ရှုံးတဲ့ဘဝတော့ ဘယ်သူမှ မလိုချင်ကြပါဘူး…။
      အရင်းစစ်လိုက်တော့လဲ…

  • အဲဒါတွေဖတ်ရင် စိတ်ထဲမှာ မခံစားနိုင်ဘူး… ကလေးအလုပ်သမားတွေကို မြင်ရင်လည်း သနားတယ်.. လမ်းဘေးက ကလေးတွေဆို ပိုဆိုးတယ်.. မတတ်သာလို့ အလုပ်လုပ်ရတယ်ဆိုပေမယ့် စာနာစိတ်ရှိတဲ့ အလုပ်ရှင်တွေနဲ့တွေ့ပြီး သူတို့ဘဝတွေ တိုးတက်ကြရင် ကောင်းမှာပဲ

    • Kaung Kin Pyar

      June 27, 2017 at 5:16 pm

      ကလေးလုပ်သားလေးတွေအပြင်ကို လူဆိုးလူမိုက်လေးတွေပါ ပေါလာတာ အမွန်ရေ…။ လှည်းတန်းဂုံးတံတားပေါ်မှာ တောင်းလို့ရရင်ရ မရရင် အတင်းလုကြတဲ့ နှိုက်ကြတဲ့ ဒီအသက်အရွယ်ကတည်းက အုပ်စုနဲ့ လုပ်စားတတ်တဲ့စိတ်ရှိနေတဲ့ အဲ့လိုကလေးမျိုးလေးတွေ အသက်ကြီးလာရင်တော့.. မြန်မာပြည်ကြီး ပိုတိုးတက်မလာမှာကတော့ အသေအချာ…
      ကြိုဆိုသူမရှိဘဲ ရောက်လာကြတာလား၊ ခိုင်းစားခံရဖို့ မွေးထားကြတာလား တခုခုပဲ…။ လူ့ပတ်ဝန်းကျင်ကို အကျိုးမပြုဘဲ ဒီလိုမျိုးလေးတွေနဲ့ ဒီတိုင်းဆက်သွားရင်တော့ ရင်လေးစရာ…

  • aye.kk

    June 27, 2017 at 4:08 pm

    ဂျပန်ခေတ်
    အမေ့ဘဝကိုမြင်ယောင်မိတယ်။
    အဖိုးကနိုင်ငံရေးလုပ်တယ်။
    ဂျပန်တွေလာရှာရင်အဖိုးက
    တစ်ချိန်လုံးရှောင်တိမ်းပုန်းကွယ်နေရတယ်။
    မွေးချင်းက၁၂ယောက်တဲ့။
    အမေ့ကိုအဖိုးကသူ ့မိတ်ဆွေဆီအပြီးမွေးစားဖို ့အတွက်
    ထည့်ပေးလိုက်တယ်။အမေ့အသက်ကခုနှစ်နှစ်အရွယ်။
    အမေကသူ ့မိတ်ဆွေခေါ်ဆောင်ရာနောက်ပါသွားတဲ့အချိန်မှာ
    သူ ့ညီမလေးကိုခါးထစ်ခွင်ချီထားရင်းကနေချထားခဲ့ရပြီးလိုက်သွားခဲ့ရတယ်။
    အမေ့ရင်ထဲဘယ်လောက်ခံစားရမလည်းဆိုတာ၊မတွေးချင်ဘူး။
    ခံစားရတဲ့ဝေဒနာတွေ၊ကိုယ်ချင်းစာမိတယ်။
    အမေကဝေးသွားတဲ့မိသားစုတွေနဲ ့ပြန်မတွေ ့ရတာခုချိန်ထိပါ။
    အမေ့အသက်၈၃ထဲမှာရောက်လာပြီ။

    • Kaung Kin Pyar

      June 27, 2017 at 5:20 pm

      ခုချိန်တွေမှာလဲ မလုံခြုံပါဘူး အန်တီအေးရယ်…။ မလုံခြုံတဲ့အဆင့်တွေပဲ ကွာသွားတယ်…
      ၁) ပစ္စည်းလုခံရမယ်..
      ၂) မေ့ဆေးအုပ် ကားပေါ်တင်ပြီး နယ်စပ်မှာ ပြည့်တန်ဆာလုပ်ခိုင်းမယ်
      ၃) အဲ့ဒါထက် ပိုဆိုးရင်တော့ ကလီစာထုတ်ရောင်းခံရမှာပေါ့…။ ပေသီးလိုကလေးတွေလဲ ဒီအဖြစ်မျိုးတွေရှိကောင်းရှိမှာပဲ။ ပြောမရဘူးလေ…

  • Shar Thet Man

    June 27, 2017 at 4:57 pm

    ဖတ်ပြီးအားပေးသွားပါတယ်

    • Kaung Kin Pyar

      June 27, 2017 at 5:21 pm

      ကျေးဇူးပါ…

  • padonmar

    June 27, 2017 at 10:43 pm

    လမ်းလေးမှာ ရေသန့်ဘူးနဲ့ ဆိုင်တွေက ပစ်တဲ့ ကြက်သွန်၊အာလူး၊ငါးခြောက် အပဲ့တွေ လိုက်ကောက်တဲ့ ကလေးတွေ တွေ့နေတုံးပါ။
    ဒါတွေနဲ့ စာရင် လက်ဖက်ရည်ဆိုင်က ကလေး စားပွဲထိုးက တော်အုံးမလားလို့။
    သူတို့ကို ကျောင်းထားပေးလည်း မနေချင်ဘူးတဲ့။
    ဂျိုဖြူ ရေပိုက်ကြီးနားနေတဲ့ မိသားစုကို သဘာဝရိပ်သာပို့ပေးတာ မနေနိုင်လို့ ဂျိုးဖြူပိုက်နား ပြန်လာနေကြတယ်တဲ့။

  • Foreign Resident

    June 28, 2017 at 6:53 am

    ကလေးတိုင်းကို မူလတန်း ပြီးတဲ့အထိ ၊ စာသင်ပေးရမယ် ။
    ဥပဒေပြဋ္ဌာန်းပြီးကို လုပ်ရမယ် ။ တာဝန် ယူနိုင်မယ့်သူ မရှိရင် အစိုးရက တာဝန် ယူရမယ် ။

    • Kaung Kin Pyar

      June 30, 2017 at 4:40 pm

      တဖြေးဖြေးတော့ ဖြစ်လာမှာပေါ့ ဘဖောရယ်… 

  • Ma Ei

    June 28, 2017 at 1:35 pm

    လက်ဘက်ရည်ဆိုင်ထိုင်မိရင် အဲ့ပေသီးလေးတွေကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ် မိဘရင်ခွင်မှာ အလိုလိုက် အချစ်ခံနေရမယ့်အရွယ် ပညာသင်နေရမယ့် အရွယ်လေးတွေ ခုမိုးလင်းမိုးချုပ်အလုပ်လုပ်နေရတယ်ပေါ့… ဒါပေမယ့် တချို့ကလေးတွေအတွက် စရိုက်ဆိုးဆိုး မိဘတွေဆီမှာ ရိုက်နှက် ဆဲဆိုခံ မဝရေစာစားနေရမှာထက်စာရင် ဒီလိုနေရတာတော်ဦးမယ်လို့လဲ တွေးမိပြန်တယ်…

    • Kaung Kin Pyar

      June 30, 2017 at 4:43 pm

      မအိပြောသလိုပဲ အရိုက်အနှက်ခံနေရတာထက်စာရင်တော့ တော်သေးတာပေါ့နော်…။ သူတို့ရတဲ့အခကြေးငွေနဲ့ သူတို့ ထမ်းရတဲ့ဝန် မျှရဲ့လားတော့ တွေးမိတယ်…။ ကလေးတွေက အလုပ်မှာစိတ်မပါ..၊ Customer Service လဲ မသိ၊ သန့်ရှင်းမှုလဲ မရှိနဲ့…အဲ့လိုမျိုးလေးတွေ တွေ့ရင်တော့ ဆိုင်ရှင်ကိုချည်း အပြစ်လှိမ့်တင်မိတာပဲ….

    • ဦးကျောက်ခဲ

      June 30, 2017 at 5:08 pm

      ပေသီးတွေထဲမှာတော့ “လပ်ကီး ဆဲဗင်းန်” က ဘဝလေးတွေ မဆိုးလှဘူးလို့ မြင်မိတာပဲ ။
      လွန်ခဲ့သော ၃-နှစ်ကျော်က ကျိုက်ထီးရိုးမှာ အဖွဲ့ကွဲပြီး ကျန်ရစ်ခဲ့တဲ့ ပေသီးလေးတစ်ယောက်ကို ရန်ကုန်က သူ့ဆိုင်အရောက် ပို့ပေးဖူးတယ် … သနားစရာ…

  • မဟာရာဇာ အံစာတုံး

    June 28, 2017 at 4:42 pm

    မိဘ ရှိလျက်​နဲ့ ​ပေသီး ဖြစ်​ရတာ​တော့ မ​ကောင်​း …
    ဒီလို ​ပေသီး​တွေ အတွက်​ ​ဂေဟာ ဖွင်​့ထားရင်​​တော့ အလွန်​​ကောင်​းမယ်​။

    • Kaung Kin Pyar

      June 30, 2017 at 4:46 pm

      မိဘရှိပြီး ပေသီးထက်ဆိုးတဲ့ဘဝတွေ အများကြီးပါပဲ ကိုခြောက်မျက်နှာ..။ ကိုယ့်ကလေးကို သူများတောင်းစားတဲ့နေရာမှာ သုံးဖို့ နေ့ကြေးနဲ့ ငှားစားတယ်..။ လှည်းတန်းမှာ တချို့ကလေးတွဲလောင်းနဲ့ တောင်းနေတာတွေက တကယ်သူတို့ကလေးတွေ မဟုတ်တာလဲ ရှိတယ်..။ ကလေးတစ်ယောက် တစ်ရက် ၃၀၀ဝ တဲ့… ။ မိုးရွာထဲ နေပူထဲ ကွန်ကရစ်လမ်းပေါ် အမိုးအကာမပါ (အမိုးအကာအောက်သွားလို့ရရဲ့သားနဲ့ တမင်လူသနားအောင်) လုပ်တောင်းနေတာတွေမြင်ရင် အဲ့လူမဆန်တဲ့လူကြီးတွေကို သတ်ချင်တယ်…။

  • ဇီဇီ

    June 29, 2017 at 1:49 pm

    ဪ။
    အရမ်းချမ်းသာ အာဏာရှိအသိုင်းအဝိုင်းက ကလေးတွေကျ ဘော်ကျော့၊ ပိုက်ဆံရှိ အကုန်ရတယ်မှတ်။
    ဒီလိုနဲ့ တိုင်းပြည်မှာ ကျန်မဲ့ အနာဂတ်မျိုးဆက် ဆိုတာ …….

    🙄

    • Kaung Kin Pyar

      June 30, 2017 at 4:47 pm

      ဘော်ကြော့နေတဲ့ ကလေးတွေများ လေမထိ နေမထိနဲ့…။ လူတန်းစားက တဖြေးဖြေးနဲ့ တအားကွာခြားလာတယ်..မမဂျီး..

  • နွေဦး

    July 1, 2017 at 11:39 am

    လူ့ဘဝ ဆိုတာ ဒီလိုဘဲလေ..
    အဓိက ကတော့ ကိုယ်ရောက်နေတဲ့ နေရာမှာ
    အဆင်ပြေအောင်နေ..
    ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင်လုပ်..
    ကိုယ်တတ်နိုင်သလောက် လူတွေကို ကူညီ..
    ကိုယ်ချင်းစာစိတ်နဲ့ မုဒိတာ ပွားနိုင်ရင်
    လူ့ဘဝ စိတ်ချမ်းသာအောင် နေနိုင်ပါမယ်..

  • ဦး လေး မန်း

    July 2, 2017 at 4:58 pm

    ဘယ်​သူမှ​တော့ ​ပေသီး အဖြစ်​နဲ့မ​မွေးလာချင်​ဘူး​ပေါ့​လေ။ ဒါ​ပေမဲ့ကြည​်​့ရင်​းနဲ့က်​ုဘဲ ​ပေသီး​တွေ များလာသလားလို့။ ဆင်​းရြဲခင်​းရဲ့ ရလဒ်​တခု​ပေဘဲလား။

  • ayesad89

    September 30, 2018 at 9:24 pm

    ဖတ်နေရင်း မီးပွိုင့်ကကားမှန်လိုက်သုတ်ပေးနေတဲ့ ရွှေပန်းသည်ပေသီးလေးတွေ ရေသန့်ဘူးသည်ပေသီးလေးတွေ လူထက် ခါးကြားကလက်သုတ်ပဝါကကြီးနေတဲ့စားပွဲထိုးပေသီးလေးတွေ အမှိုက်ပုံထဲက ရေဆိုးမြောင်းထဲက လမ်းကြိုလမ်းကြားက ကုန်းတံတားအောက်က ပေသီးလေးတွေ မြင်ယောင်လာတယ်..ကွန်မြူနစ်တွေ ဒီမိုတွေ ပေသီးတို့မသိဘူး ပေသီးတို့သိတာ လက်ထဲကဟာတွေကုန်မှ ဒီနေ့အဖို့ရာ ဗိုက်ဝဝအိပ်ရမယ်…သနားစရာခေတ်ရဲ့ချအနင်းခံဘုမသိဘမသိပေသီးလေးတွေ..

Leave a Reply