နှစ်ရောင်စပ်ပုံပြင်( 3)
” ညီမလေး ။ ၃ နာရီ ကားနဲ့ မြင်းခြံပြန်မှာဆို။ အချိန် သိပ်မရှိတော့ဘူး။ ခုပဲ နှစ်-မတ်တင်းနေပြီ”
ဒီလိုပါပဲလေ။ အချိန်တန်တော့လည်း ခွဲကြရပြန်ပေါ့။ ကန်တင်းထဲမှ လေးလံထုံမှိုင်းတဲ့ ခြေလှမ်းတို့နဲ့ နှစ်ဦးသား ထွက်လာခဲ့ကြသည်။ ကျောင်းလမ်းတစ်လျှောက်လုံး နှုတ်စကားတို့ အလိုလို စွံ့အနေပါသည်။
သံယောဇဉ်ဆိုတာ အချိန်တိုအတွင်းမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သစ်သီးလား။ အဲဒီ သစ်သီးကို သူနဲ့ကိုယ် ခူးစားမိခဲ့ကြပြီး ပန်းသီးဟု အမည်ရခဲ့သည်ရှိသော်….
” ကိုကြီး…ဒီမှာ ရော့…။ အဲဒါ ညီမလေးရဲ့ လိပ်စာပါ”
ဗလာစာရွက်ပေါ်မှာ Gel ink pen နဲ့ ရေးထားပြီး အပြာရောင် လက်ရေးလှလှလေးတွေကို တွေ့လိုက်ရသည်။ ထိုစာရွက်ကလေးကို ဖတ်ကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။
” ကိုကြီး … တစ်ပတ်တစ်ခါလောက်တော့ ညီမလေးဆီ စာရေးပါနော်။ ညီမလေးဘက်ကလည်း မပျက်မကွက် စာရေးပို့နေပါ့မယ်။ အခု ကိုကြီးလည်း စာမေးပွဲနီးနေပြီဆိုတော့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး။ စာမေးပွဲပြီးလို့ နေပြည်တော်ပြန်ရောက်ချိန်လောက်မှ ညီမလေး စာရေးလိုက်မယ်။ ကိုကြီးလိပ်စာလည်း ရေးပေးလိုက်ဦး”
ကိုယ့်ခေါင်းကို ညိမ့်ပြလိုက်ပြီး
” ကိုကြီးလည်း ညီမလေးဆီ စာမှန်မှန်ရေးပို့ပါ့မယ်လို့ ကတိပေးပါတယ်”
သူမသည် နှစ်လိုကျေနပ်သော အပြုံးလေးဖြင့် အရောင်လက်သွားသည်။
သူမကို ငေးမောကြည့်နေမိသည်မှာ ဝန်းကျင်ကိုပင် သတိမထားမိတော့။
ကိုယ်မင်းကို ဘယ်တုန်းကမှ မနှောင်ဖွဲ့ဘူးတဲ့ သံယောဇဉ်တွေနဲ့ ထုံးဖွဲ့ရစ်နှောင်နေပြီဆိုတာ မင်း ယုံကြည်အောင် ပြောပြလိုက်ချင်ပါတယ် ကောင်မလေးရယ်။ ပြော…ပြ…လိုက်…ချင်တာပေါ့။
“ဟော …ကားလာနေပြီ။ သွားတော့မယ်။ ညီမလေးပြောတာတွေ မမေ့ပါနဲ့”
ဦးခေါင်းကို အားပါးတရ ညိမ့်ပြလိုက်ပါသည်။
မန္တလေး- မြင်းခြံ ဟီးနိုးကားသည် သူမကို တင်ဆောင်ကာ သူမရဲ့ဇာတိမြို့ဆီ ထွက်ခွာသွားပါသည်။
ကားပြတင်းဝမှ လက်ဝှေ့ရမ်း၍ နှုတ်ဆက်သွားသေးသည်။ ကိုယ်လည်း ဝှေ့ရမ်းနှုတ်ဆက်လိုက်ပါသည်။
ကားသည် ဝေး၍ဝေး၍ သွားနေပြီ။
ကိုယ်မှာတော့ ခြေစုံရပ်လျှက် မမှိတ်မသုန် မျက်စိတစ်ဆုံး ကားလမ်းတစ်လျှောက် လိုက်ကြည့်နေမိသည်။
ကားသည် အဝေးကို မရပ်မနား ထွက်ခွာသွားနေသည်ကို တွေးကြည့်မိမှ
သံယောဇဉ်တရားတို့သည်လည်း မရပ်မနားနှင့် ကိုယ့်နှလုံးသားဆီ တိုးဝင်လာနေကြောင်း အထိတ်တလန့် သိလိုက်ရတော့သည်။
±±±±±±±±±±±
အခန်း(၄)
သူမ၏ လက်ရေးလှလှလေးတွေဖြင့် ရေးထားသော သူမ၏ နေရပ်လိပ်စာလေးကို ထုတ်ဖတ်ဖို့ စဉ်းစားမိသေးသည်။ လက်က ဘောင်းဘီ စိတ်ထဲ ရောက်နေပြီးမှ အဆောင်ရောက်မှပဲ ဖတ်မည့်စိတ်ကူးကို ပြောင်းသွားပြန်သည်။
ကျောင်းလမ်းသည် ရန်ကုန်-မန္တလေးလမ်းမှ အရှေ့ဘက်သို့ ခွဲထွက်ကာ တက္ကသိုလ်ထိ ၅ ဖာလုံခန့်အကွာအလိုရှိပါသည်။
ကျောင်းလမ်းတွင် သစ်ပင်ကြီးများ မရှိသဖြင့် အညာနေရောင်ပီပီ ပူလွန်းလှသည့်ဒဏ်ကို ရှောင်ရန်အလို့ငှာ ရွာပေါက်လမ်းအတိုင်း ပြန်လာခဲ့ပါသည်။
ရွာပေါက်လမ်းဆိုသည်မှာ တက္ကသိုလ်မဖွင့်ခင်ကတည်းက တည်ရှိနေသော တောမရွာကလေးနှင့် လမ်းမကြီးတို့ ချိတ်ဆက်ထားသော မြေနီရိစာ လမ်းကလေးဖြစ်ပါသည်။
ထိုလမ်းကလေးတွင် အလွန်ကြီးမားသည့် ကျွန်းပင်များ( အများဆုံး)၊ ကုက္ကိုပင်များ၊ လက်ပံပင်များရှိသဖြင့် အရိပ်အာဝါသ ကောင်းသည်။ အေးအေးမြမြရှိသည်။
ဤလမ်းကလေးနှင့်ပတ်သက်၍ ပြောပြစရာအမည်နာမ သုံးမျိုးရှိလေသည်။ ပထမ အမည်သည် ရွာပေါက် မြေနီလမ်း။ တက္ကသိုလ်ရှိလာသောအခါ ကျွန်းတန်းလမ်း။ ခုတော့ ချစ်သူ့လမ်းကလေးဟု အမည်တွင်နေပြန်ရော။
ထိုလမ်းတစ်လျှောက်တွင် တောမရွာသားတို့က စားကောင်းသောက်ဖွယ်ဆိုင်ကလေးများ ဖွင့်လှစ်ရောင်းချနေကြသဖြင့် အမြဲလိုလို ကျောင်းသားကျောင်းသူများဖြင့် စည်ကားနေလေ့ရှိပါသည်။ ထို ချစ်သူလမ်းကလေးအမည်နှင့် လိုက်ဖက်စွာ ချစ်သူစုံတွဲတို့ဖြင့် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလွန်းလှပါသည်။
ကိုယ့်အဆောင်က တောမရွာထဲမရောက်ခင် စွန်ရဲရေမြောင်းမှ ညာဘက်ကွေ့လိုက်လျှင် တွေ့မြင်ရသော Student အဆောင်ပင်ဖြစ်သည်။ ထို့ကြောင့် ရေမြောင်းထိပ်က ပီတိ အအေးဆိုင်ရောက်လာ၍ ညာဘက်သို့ ကွေ့ချလိုက်စဉ်…………
” ဗွမ်း ”
” ဟာ ……! ”
ကိုယ့်တစ်ကိုယ်လုံး ရေတွေ ရွှဲနစ်ကုန်သည်။ ဝတ်ဆင်သူ အမျိုးသမီးအဆောင်မှ ကောင်မလေးတစ်စုက ပီတိရှေ့ကနေ ကိုယ့်ကို ရေလောင်းချလိုက်ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ရေလောင်းခံလိုက်ရသဖြင့် ရှောင်ချိန်တိမ်းချိန်မရလိုက်။ တစ်ကိုယ်လုံး ရွှဲရွှဲကို စိုလို့။
မတတ်နိုင်ပါ။ ဒါ စိတ်ဆိုးစရာ ကိစ္စလည်းမဟုတ်ပါ။ သင်္ကြန်အချိန်အခါ မဟုတ်သော်လည်း ပထမပညာသင်ကာလ ကုန်ဆုံးခါနီး ကျောင်းနောက်ဆုံးရက်များတွင် ဒီလိုပဲ ခင်ခင်မင်မင် ရေလောင်းကစားကြသည်မှာ အခုမှ မဟုတ်။ နှစ်တိုင်းလိုလိုပင်ဖြစ်ပါသည်။
စာမေးပွဲပြီးလျင် ခွဲခွာရမည် မဟုတ်လား။ ခွဲခွာရခါနီး အေးအေးမြမြရှိစေချင်သည့် ဆန္ဒတွေနဲ့ ရေလောင်းနေကြခြင်း ဖြစ်ပါသည်။
ခွဲခွာရခါနီးဆိုမှ ဖျတ်ခနဲ သတိရမိသည်။
အလျင်အမြန် ဘောင်းဘီအိတ်ကပ်ထဲမှ ဗလာစာရွက်အခေါက်ကလေးကို ဆွဲထုတ်လိုက်သည်။ တစ်ပိုင်း ပြတ်ကျန်နေခဲ့သည်။ ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားသည်။ ကြည့်လိုက်တော့ ထင်လိုက်သည့်အတိုင်း။
ဗလာစာရွက်အပိုင်းကလေးသည် ဖြူမနေတော့ဘဲ မဲနယ်ဆိုးထားသလို ပြာနှမ်းနေသည်။ သွားပြီး။ စာလုံးတွေလည်း တစ်လုံးရဲ ဖတ်မရတော့။ ရေကြောင့် ရေစိုမင်တို့ ပြယ်လွင့်ကုန်ပြီ။ လိပ်စာထဲက စာလုံးတွေကို မှတ်မိသလောက် စဉ်းစားကြည့်သည်။ သေသေချာချာ မဟုတ်တော့။ ထပ်စဉ်းစားကြည့်သည်။ အိမ်အမှတ်က လုံးဝ မသေချာတော့ပါ။ ဝိုးတို့ဝါးတား။
ကံကြမ္မာသည် ဆံပင်တွေလို ဖြောင့်လိုက် ကောက်လိုက်နှင့် မောင်းနှင်လာပါသည်။
±±±±±±±±±±
အခန်း(၅)
အပြာရောင် စာအိတ်လေးကို ဖောက်၍ အထဲမှ စာရွက်ခေါက်လေးကို ကမန်းကတန်း ဖြန့်ဖတ်လိုက်သည်။
‘ကိုကြီး……
စာမေးပွဲပြီးလို့ အိမ်ပြန်ရောက်လောက်ပြီ ထင်ပါတယ်။ ညီမလေးက စာအရင်ရေးလိုက်လို့ အထင်တော့ မပေးချင်ပါဘူး။ သတိသတရရှိလွန်းတော့လည်း စာရေးရတော့တာပေါ့။
ကိုကြီးရေ……
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်မြင့်မားနေပါစေ ခင်မင်ရင်းနှီးမှုဆိုတာ နှလုံးသားနဲ့ပဲ တည်ဆောက်လို့ရတယ်ဆိုတာ မေ့နေမှာစိုးလို့။ ကိုကြီးဆီက ပြန်စာကို မျှော်လင့်ရင်း ခင်မင်မှုကို တန်ဖိုးထားလေးစားလျက်
ညီမလေး… ဩဘွဲ့မိုး
ပျာပျာသလဲနဲ့ နောက်ကျောဘက် ရေးထားလေမလား။ ရှာကြည့်သည်။ ဘာမျှရေးမထားပါ။
ဘာမှ ရေးမထားတာ သေချာသွားတော့ ကိုယ် အရမ်းဝမ်းနည်းသွားသည်။ ကိုယ် မျှော်လင့်ချက် အနည်းအငယ်လေးထားခဲ့သလို သူမရဲ့လိပ်စာ အပြည့်အစုံလေးများ ပါလာလိမ့်မယ်လို့ပေါ့။
မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ကိုယ့်နှုတ်ခမ်းစတွေ တဖြည်းဖြည်း တုန်ခါလာသည်။
နောက်တစ်ကြိမ် အသက်ငယ်တဲ့ မျှော်လင့်ချက်နဲ့ စာအိတ်ကလေးကို ပြန်ယူကြည့်လိုက်မိပါသည်။ မှ ~ မြင်းခြံမြို့ ဟုသာ။ ဟူး……………
ကိုယ် မင်းဆီကို စာတွေ ရေးပို့ချင်ပါတယ် ညီမလေးရယ်။ သတိရကြောင်းတွေ ဧရာဝတီမြစ်ထက် ပိုရှည်တဲ့စာတွေနဲ့ ပြောပြချင်နေတာပါ။ ငါ ဘယ်လို ရေးပို့ရမလဲ ညီမလေးရယ်…။ ပြောပြစမ်းပါဦး။ လိပ်စာမသိရတော့တဲ့ မင်းဆီကို စာ ဘယ်လို ရေးပို့ပေးရမယ်ဆိုတာ ပြောပြစမ်းပါဦးကွာ။ ကိုယ့်ကို ပြောပြလှဲ့ပါဦး။
ကိုယ် မင်းကို အရမ်းသတိတရရှိနေတယ်။ ဟုတ်တယ်။ ကိုယ် မင်းကို အရမ်းလွမ်းနေတယ် ကောင်မလေးရယ်။ ဒါတွေကို ဘယ်လိုပြောလို့ ဘယ်လိုရေးပို့ရမှာတဲ့လဲ။
ကိုယ်လေ………
မင်းဆက် စာထဲမှာ မင်းရဲ့လိပ်စာများ ရေးထားလေမလား။ ရှာနေခဲ့မိတာ။
ညီမလေးရယ်……မင်းကတော့ ထင်ချင်တာတွေ ထင်နေတော့မှာပေါ့။ လိပ်စာပျောက်နေတဲ့သူရယ်လို့တော့ နည်းနည်းလေးမှ တွေးမိမယ် မထင်ပါဘူး။
ညီမလေး……
ကိုယ် …ရူးတော့မယ် ကောင်မလေးရယ်။ ကိုယ် တကယ်ရူးရတော့မယ်။
နောက်တစ်ခါ မင်းရဲ့စာလေး ရေးပို့လာရင် မင်းရဲ့လိပ်စာလေး ရေးထည့်မိပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေရုံမှ တစ်ပါး ကိုယ် ဘာများ တတ်နိုင်ဦးမှာလည်းကွယ်။
±±±±±±±±±±±±
အခန်း(၆)
ကိုကြီး……
ညီမလေး စာရေးပို့လိုက်တာ ရောက်ရဲ့လား။ ကိုကြီးရော ညီမလေးဆီ စာပြန်ရေးပို့လိုက်သေးလား။ ညီမလေးဆီတော့ ကိုကြီးရဲ့စာ ရောက်မလာသေးဘူး။ ညီမလေးတော့ စာတိုက်ကို နေ့တိုင်း သွားတယ်။ ညီမလေးနာမည်နဲ့ စာရောက်နေလားမေးရတာ အမောပဲ။ မရောက်ဘူး ဆိုတာချည်းပဲ။
ဘာပဲဖြစ်ဖြစ်ပါ။ ဒီစာ ရ ရချင်း ညီမလေးဆီ စာရေးပို့လိုက်ပါဦး။
ခင်မင်မှု တန်ဖိုးထားလေးစားလျက်
ဩဘွဲ့မိုး
±±±±±±±±±±±±±
{နောက်တစ်ခါ ဇာတ်သိမ်းလေး မျှော်ပေးပါဦး}
«»«»«»«»«»«»«»«»
အရာရာကို တန်ဖိုးထားလေးစားလျှက်
ကိုစစ်(ရူပဗေဒ)
2 comments
manawphyulay
August 2, 2017 at 3:52 pm
အခန်း ၆ ထိ မပြီးသေး အခန်း ၁၀ဝ ထိရှိတာယင်…
ko six
August 2, 2017 at 9:10 pm
အယ်။
အာ့ဒါက ဒီလိုရှိတယ်။ ဇာတ်သိမ်းပါပြီဗျ