ပြုံး သူ မှာ အ ရှုံး တွေ နှင့်
ပိတောက်ပင်ကြီးထက်မှာပိတောက်ဖူးဖူးတွေကလေတိုးတိုင်းတရှဲတရှဲမြည်နေကြသည်။
တစ်မိုးလောက်ရွာလိုက်လျှင်ပင်သည်ပိတောက်တို့သင်္ကြန်မတိုင်မီပွင့်ကြမည်သာ။
အတွေးတွေကတစ်စစီပြန့်လို့ကျဲလို့။ ပိတောက်တွေကသာမိုးမျှော်နေကြတာ ငုဝါတွေကတော့တစ်ပင်လုံးရွှေဝါရောင်လွှမ်းလို့။
“ပိတောက်နှင့်ငု ဘယ်ပန်းကိုမောင်ပိုချစ်လဲ“
“ပိတောက်လည်းအဝါ၊ငုလည်းအဝါ အရောင်ကတော့အတူတူပဲကွာနေတာကရနံ့။
ပိတောက်ရနံ့ကိုပိုချစ်တယ်၊ ဒါပေမဲ့ ငုတွေရဲ့ပွင့်ချိန်ရောက်ရင်မိုးရွာတာကိုမစောင့်ပဲခပ်ရဲရဲပွင့်တတ်တဲ့ သတ္တိကိုလည်းမောင်ကြိုက်တယ်“
“မောင်ကလည်းကဗျာဆန်တတ်နေရန်ကော“
“အချစ်ကတော့ဘယ်ပန်းမှမကြိုက်ဘူးမောင်“
ေဩာ်..သင်္ကြန်ရောက်လာလေအုံးတော့မည်..ဒီနှစ်မှာတော့ ပိတောက်နှင့်ငု ဘယ်ပန်းကိုပိုချစ်လဲလို့ မေးခဲ့ဘူးသူက နီးလျက်နှင့်ဝေး၊ချစ်လျက်နှင့်ပြေးခဲ့ပြီလေ….
အတိတ်ကပျော်စရာတွေကအခုတော့လွမ်းစရာတွေဖြစ်လို့နေပေါ့ နောက်ဖက်ဆီမှာသည်ပခုံးထက်ဆီသို့ကျလာလေသော လက်တစ်စုံကြောင့်အတွေးစတို့ဖြတ်လိုက်ရသည်။
“ဟာ ကိုဇော်…လာထိုင်ဗျာ“
“ပုံမှန်တစ်ခွက်ဟေ့“စားပွဲထိုးလေးဆီသို့လှမ်းမှာလိုက်သည်။
“ညီချောကိုအစ်ကိုတစ်ခုလောက်မေးချင်လို့ကွ“
“အချစ်ဆိုတာကိုဘယ်လိုနားလည်ထားသလဲ“
“ဟာ..ဘယ်သိပါ့မလဲဗျာ..ဒီမှာချစ်လို့မှမဝခင်အစိမ်းခြွေ ခြွေခံလိုက်ရတဲ့ပန်းတစ်ပွင့်လိုပဲ…“
“အေး..ဟုတ်တယ် တစ်ချို့အမျိုးသမီးတွေကအချစ်နှင့်ဦးနှောက်ကို ကောင်းကောင်းခွဲခြားတတ်တယ်ကွ အခုညီချောရဲ့မမကလဲ အဲဒီအထဲမှာပါတယ်“
သူ့တို့အခေါ်မမ ကျွန်တော်ကတော့အချစ် ဟုပင်ခေါ်ခဲ့သည်။
အချစ်နှင့်ပြတ်ပြီးနောက်လမ်းမှာမကြာခဏဆုံဖြစ်ကြသည်.. အချစ်ကတော့မောင့်ကိုအမြဲပြုံးပြနှုတ်ဆက်လေ့ရှိသည်။
မောင်ကသာနာကြည်းစွာဖြင့်ခပ်စိမ်းစိမ်းပြန်ကြည့်တတ်ခဲ့သည်။ အချစ်သည်သူ့ယုံကြည်ချက်တစ်ခုကြောင့် အတ္တကြီးစွာမောင့်ကိုထားခဲ့တာလား..ပါးပါးနပ်နပ်ထားခဲ့လေသလားမသိ။
အခုလောလောဆယ်မှာတော့.. အချစ်ကိုမောင်အရမ်းချစ်ပါသည်… ထို့အတူတမြေ့မြေ့လည်းနာကြည်းပါသည်။
“ညီချောဒီနှစ်သင်္ကြမတိုင်ခင်အစ်ကိုဇော်နယ်ဘက်ကိုခရီးထွက်မယ်.. ယဉ်ကျေးလိမာ္မသင်တန်း ပို့ချပေးမလို့ကွ..အားလုံးစီစဉ်ပြီးပြီအဲဒါညီချောလိုက်မလား.. စိတ်ပြေလက်ပျောက်ပေါ့ကွာဒီအချိန်မှာ အပြောင်းအလဲတစ်ခုခုတော့လုပ်သင့်နေပြီ.. ခံစားမှု့အလွမ်းတွေထဲမှနစ်မနေသင့်တော့ဘူး“
“ဘယ်တော့စထွက်မလဲ“
“သဘက်ခါ“
“ဒါပေမဲ့ကျွန်တော်က ဘာမှသင်ပြမပေးတတ်တော့လူပိုချည်းသက်သက်ဖြစ်နေမှာစိုးတယ်“
“ဟားဟားပြောရမယ့်လူတွေမှမဟုတ်“
ကိုဇော်နှင့်ကျွန်တော်အဆောင်မှာအတူနေလာတာ ၃နှစ်ကျော်ဆိုတော့ညီကိုရင်းချာတွေလိုဖြစ်နေသည်။
၂)
ကျွန်တော်တို့ခရီးသွားရတဲ့နေရာလေးက တော်တော်လေးခေါင်သည်။ြ မင်းခြံခရိုင်ထဲမှရွာလေးတစ်ရွာဖြစ်သည်။
ရွာဟုဆိုသော်လည်းခပ်သေးသေးသာ။ ရေကတော့တော်တော်လေးရှားသည်။
ကျွန်တော်တို့ကိုကားဂိတ်ဆီသို့နွားလှည်းဖြင့်လာကြိုကြသည်။ ညနေစောင်းကတည်းက မောင်းလာလိုက်တာညဉ့်သန်းခေါင်ကျော်မှာလိုရာခရီးကိုဆိုက်တော့သည်။ လသာညလေးဖြစ်တာကြောင့် လမ်းဘေးဝဲယာမှချောက်ကုန်းများ.. ကန္တာရဆူးပင်များ..ချုံပုတ်များ.. ထန်းပင်ရှည်ရှည်များ.. တစ်ခါတစ်ရံယုန်ငယ်လေးများဖြတ်ပြေးသွားတာလဲမြင်ရသည်။ လသာသာမှာလေတဝှီးဝှီးနှင့် နွားလှည်းစီးရတာလည်းပျော်ဖို့တော့ကောင်းသည်။
ရွာထဲကလူတွေကထန်းတက်၊တောင်ယာလုပ်၊ မြက်ခြောက်ရိတ်စသည်ဖြင့်အသက်မွေးကြရသည်။စာသင်ကျောင်းဆိုလို့ ဘုန်းကြီးကျောင်းထဲကဇရပ်လေးသာဖြစ်သည်.. ဇရပ်ဟုဆိုသော်လည်း ထန်းရွက်မိုး ဝါးခြမ်းပြားလေးတွေစိပ်ခါကာရံထားသည်။ကျောင်းသားကလည်းသိပ်မများလှ။ သူတို့တစ်တွေရဲ့ရည်မှန်းချက်ကစာရေးတတ်ဖတ်တတ်ဖို့တဲ့…။ ဒါတွေက ကလေးတွေရဲ့တကယ်အိပ်မက်မဟုတ် လူကြီးတွေရဲ့စနက်သာဖြစ်သည်။ဒါကိုရွာခံဘုန်းတော်ကြီးကမကြိုက်… အဲဒီအစဉ်အလာကိုမြေလှန်ပစ်လိုသည်။
ကျွန်တော်တို့ရဲ့ယဉ်းကျေးလိမာ္မသင်တန်းမှာလူငယ်တွေကိုအတွေးအမြင်ကျယ်လာအောင်၊စာအုပ်စာပေကို
ချစ်မြတ်နိုးတတ်လာအောင်လှုံ့ဆော်ပေးဖို့ဖြစ်သည်။
ဒီနေရာဒီပတ်ဝန်းကျင်ဟာကျွန်တော့်အတွက်တော့အစိမ်းသက်သက်ဖြစ်လို့နေသည်။အကျွမ်းတဝင်ရှိလာ
အောင်ကြိုးစားရသည်။ရွာခံလူတွေကခင်တတ်လွန်းရိုးအလွန်းကြသည်။ဘာမှမရည်ရွယ်ပါပဲဘုန်းတော်ကြီးရဲ့အ
စီအစဉ်ဖြင့်ကျွန်တော်လူငယ်တွေကိုပုံပြောပေးသူတစ်ယောက်ဖြစ်လာခဲံ့ရသည်။
ကလေးတွေကချစ်ဖို့တော်တော်ကောင်းပါသည်။အချစ်ကိုချစ်ရတာနှင့်တော့မတူချေ။
အချစ်ကိုလည်းခဏခဏလွမ်းမိသည်။လွမ်းမိတိုင်းလည်းနာကျင်စွာဖြင့်သာ။ ကလေးတွေကိုဇာတ်တော်ထဲကပုံပြင်တွေပြောလို့မရ၊သူတို့သိနေကြသည်။ ကလေးဆိုပေမဲ့မြီးကောက်ပေါက်အရွယ်တွေဖြစ်သည်။ အကြောင်းကား
အမေငြိမ်ဆိုသည့်အဘွားကြောင့်ဖြစ်သည်။ အမေငြိမ်သည်ညဘက်တွင်ကလေးတွေကိုပုံပြောပေးလေ့ရှိသည်။
ကလေးတွေကအမေငြိမ်ကိုနှိပ်ပေးရင်းနားထောင်ကြသည်။ ကျွန်တော်သည်လည်းအမေငြိမ်ရဲ့ပုံပြင်တွေကိုနားထောင်သူတစ်ယောက်ဖြစ်ခဲ့သည်။ အမေငြိမ်ဟာဒီရွာလေးမှာစာတတ်ပေတတ်တစ်ယောက်လည်းဖြစ်သည်။
နေ့ခင်းအားလပ်ချိန်များမှာတော့အမေငြိမ်ဆီသွားပြီးတောက်တိုမယ်ရလုပ်ကိုင်ပေးဖြစ်သည် ။ညဘက်တွေမှာတော့ရွာနှင့် အတော်ဝေးသောရေကန်ကြီးဆီမှာရေစည်တင်နွားလှည်းတို့နှင့်ရေခပ်ကြရသည်။
ကြာလာတော့ကျွန်တော်ဟာအမေငြိမ်ရဲ့ဆွေမျိုးရင်းချာလိုဖြစ်လာသည်။
နေ့ခင်းကိုဇော်တို့ပို့ချတဲ့စာတွေရပ်နားချိန်မှာတော့ကျွန်တော်ပုံပြောပေးရသည်။
ဒီနေ့ယုန်နှင့်လိပ်ပုံပြင်ပြောမယ်လို့စလိုက်တာနှင့်အားလုံးကကန့်ကွက်ကြသည်။ လက်ဆွဲပြီးယုန်ငပျင်း
အကြောင်းမပြောနှင့်ဆိုသူကဆိုသည်။ကျွန်တော့ပုံပြင်ထဲမှာယုန်လေးကမပျင်းကြောင်း၊ အမြဲတမ်းအနိုင်ရကြောင်းပြောတော့ လိပ်လေးသနားပါတယ်။နောက်တစ်ခုပြောင်းပြောပါဟုဆိုပြန်သည်။
ဒါနဲ့ဖားနှင့်ခရုအကြောင်းပြောလိုက်သည်။ပုံပြင်ထဲတွင်ဖားသည်ခွန်အားရှိသလောက်ပြိုင်ပါသော်လည်း
ပညာဉာဏ်ကြီးသောခရုလေးကိုအရှုံးပေးခဲ့ရသည်။ပုံပြင်ရဲ့ဆိုလိုရင်းမှာကြိုတင်ပြင်ဆင်မှု့ကောင်းလွန်းသော
ကြောင့်ခရုလေးအနိုင်ရခဲ့ခြင်းဖြစ်ကြောင်းသေချာရှင်းပြတော့သဘောကျကာ လေချွန်သံတွေလက်ခုပ်သံတွေညံသွားသည်။ကိုဇော်နှင့် အမေငြိမ်တို့လည်းလာနားစွင့်တာနှင့်ကြုံတော့လက်ခုပ်တီးပေးကြသည်။
ညဘက်ရောက်တော့ဘုန်းတော်ကြီး၊အမေငြိမ်၊ကိုဇော်နှင့်ကျွန်တော်တို့စကားလက်ဆုံကြဖြစ်ကြသည်။
အကြေင်းကားရွာမှာကိုယ်ထူကိုယ်ထစာကြည့်တိုက်လေးထောင်ဖို့ဖြစ်သည်။ဆရာတော်ကသူ့ကျောင်းမှာအခန်း
တစ်ခန်းကန့်ပေးမည်။ပိုက်ဆံလည်းထုတ်ပေးမည်။အမေငြိမ်ကတောင်ယာတစ်ခင်းရောင်းပြီးမတည်ပေးမယ်။
ကိုဇော်နှင့်ကျွန်တော်တို့က ကိုယ့်ဆီမှာစုထားတဲ့စာအုပ်လေးတွေလှုမည်၊ရန်ကုန်မှာကိုယ့်စားရိတ်နှင့်ကိုယ်
စာအုပ်တွေဝယ်ယူပြီးရွာအရောက်ပို့ပေးမည်။
ဒီတွင်မထင်မှတ်ပဲအမေငြိမ်ကစကားစလာသည်။
“လူလေးကြည့်ရတာတစ်ခါတစ်လေငူငူငိုင်ငိုင်နဲ့တစ်ခုခုဖြစ်နေလား”
ကိုဇော်ကဝင်နှောက်လိုက်သည်။
အမေငြိမ်မြေးကအသည်းကွဲနေတာ..သူ့ မမကထားသွားလို့လေ“
“ဟေ..လူလေးကလည်းနုလိုက်တာလွန်ပါရော..ခံနိုင်ရည်ရှိရမှာပေါ့ကွယ်.လောကမှာလူတွေဟာ
တစ်နေ့တော့သေခွဲမဟုတ်ရင်ရှင်ခွဲ ခွဲရမှာပဲ..ဒါဟာဓမ္မတာပဲလေ..ရင်ဆိုင်တတ်ဖို့ပဲလိုတာ..“
ထိုစဉ်ဘုန်းတော်ကြီးကပါဝင်ထောက်လိုက်သည်။
“သူ့ကြောင့်ဝမ်းနည်းကြွေကွဲရတဲ့အခါ တစ်ချိန်ကသူ့ကြောင့်ပျော်ရွှင်ခဲ့ဖူးတာလေးမမေ့ပါနဲ့…
ကိုယ်ပြုခဲ့တဲ့ကံကအကျိုးပေးတာပါ..”
ကိုဇော်ကပါကြားဝင်း၍
“အချိန်တွေကစကားပြောသွားမှာပါ..ကိုယ်လုပ်စရာရှိတာသာစိတ်ဝင်တစားလုပ်နေပါ
ညီချောထက်ဆိုးတဲ့လူတွေတပုံကြီးပဲ..အဓိကအချက်ကတော့လက်ရှိအခြေအနေကိုကျေကျေနပ်နပ်
လက်ခံတတ်ဖို့ပဲ“
“လောကမှာပြုံးပြုံးလေးနေရတာအမေငြိမ်သဘောအကျဆုံးပဲ..သူများလည်းသဘောကျတယ်.
ဝမ်းနည်းပူဆွေးမှု့တွေကိုဘယ်သူမှမလိုချင်ကြဘူးကွဲ့..ရှုါ်တဲ့အခါလဲပြုံးနိုင်အောင် နိုင်တဲ့အခါလည်းပြုံးတတ်အောင်ကြိုးစားပေါ့ကွယ်။
ငါ့မြေးကလူညံ့တစ်ယောက်မဟုတ်သေချာပါတယ်“
“ဟုတ်“
ထိုနေ့တစ်ညလုံးကျွန်တော်အသိတွေလင်းနေသည်။အတွေးတွေလန်းဆန်းနေသည်။ ကိုယ့်ဘဝကိုယ်ပြန်တွေး
ကြည့်တော့ရည်မှန်းချက်တစ်ခုပင်ခိုင်ခိုင်မာမာရှိမနေခဲ့။ဒီအတောအတွင်းငါ့ကိုငါ အကောင်းဆုံးတည်ဆောက်နိုင်ရမယ်လို့ဆုံးဖြတ်လိုက်သည်။
အဲလိုဆုံးဖြတ်ပြီးကတည်းကနေသာထိုင်သာရှိလာသည်။အချစ်ကိုလည်းခဏခဏလွမ်းပါသည်။
လွန်းမိတိုင်းလည်းအရင်ကလိုသိပ်ပြီးနာကျည်းမနေတတ်တော့..
ဒီလိုနဲ့သုံးလပြည့်တော့ကိုဇော်နှင့်ကျွန်တော်တို့ရန်ကုန်ပြန်ဖို့စီစဉ်ရသည်။အမေငြိမ်ကိုသွားပြီးကန့်တော့တဲ့အခါ
“ငါ့မြေးလေးအနိုင်အရှုံးလောကဓံကြားမှာပြုံးပြုံးလေးနေတတ်ပါစေ”လို့ဆုပေးလိုက်သည်။
ရင်ထဲမှာလည်းကျေနပ်ရင်းခွန်အားတွေရရှိလာသည်ဟုပင်ခံစားလိုက်ရသည်။
အပြန်လမ်းတွင်အတွေးတစ်ခုကိုခိုင်မာစွာတွေးပြီးဆုံးဖြတ်ချက်တစ်ခုပေါ်လာခဲ့သည်။
အချစ်ဦးနှင့်လွဲတိုင်းသာအရှုံးဟုဆိုပါလျှင်…
ဟုတ်ကဲ့မောင်ကျေကျေနပ်နပ်ခံယူပါမည်။
ထိုသို့ဆိုပါလျှင်မူဒီတစ်ခါအချစ်ကိုတွေ့လျှင်ပြုံးရန်ရှိသောမောင့်အပြုံးတို့သည်ကား……။
ဖတ်ပေးကြသောစာဖတ်သူပေါင်းကိုအစဉ်လေးစားလျှက်….
ချစ်ခြင်းမေတာ္တအားဖြင့်
ဇေယျာချော
ဒီပို့စ်လေးကိုထာဝရသူငယ်ချင်းများဆိုဒ်မှာကိုယ်တိုင်ရေးပြီးတင်ထားဖူးပါတယ်
www.forverfriends.ning.com/profile/zayyarmin
One comment
khaizin
September 4, 2010 at 3:53 am
ဖတ်ရတာအလွန်ကောင်းပါတယ်……..အချစ်ဦးနဲ့လွဲခဲ့ရတဲ့သူတိုင်းအတွက်……..
အရှုံးဆိုတာကို …….အပြုံးနဲ့ရင်ဆိုင်နိုင်ဖို့ခွန်အားတွေရရှိစေနိုင်ပါတယ်………