အလုပ်နဲ့ ဘဝ

သင့်အေးရိပ်December 4, 20177min17142

 

 

 

 

အလုပ်နဲ့ဘဝ
——————————————————-
 
အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ…
ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး
နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။
 
ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို
ပေးထားရတာ ဖြစ်တယ်။
အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..
 
အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။
 
အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး
ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊
ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင်
ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ –
ကိုယ့်ရဲ့ စိတ်ထား မြင့်မြတ်သည်ထက် မြင့်မြတ်လာအောင်
သတိကပ်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့။
————————————————-
 
ဆရာတော် သတိပေး ဆုံးမတာလည်း မှန်ပါတယ်။
တကယ်တမ်း ပြန်တွေးကြည့်ရင်လည်း ဟုတ်ပါတယ်။
ဝန်ထမ်းတော်တော်များများဟာ အလုပ်အတွက် ကိုယ့်ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာချည်းပါပဲ။
 
အလုပ်သွားဖို့ အိပ်ရာက ထချိန်က စပြီး အလုပ်ပြန်လို့
အိမ်ရောက်ချိန်ထိ ကိုယ့်တစ်ရက်တာရဲ့ အချိန်တော်တော်ကြီးကို အလုပ်ထဲ ပစ်ထည့်ပေးထားရတာပါ။
 
အဲ့ဒီလောက် ပေးထားပြီးမှ အဲ့ဒီ အလုပ်ဆီကနေ …
ပိုက်ဆံတစ်ခုပဲ ရပြီး တခြား ဘာပညာမှ မရလိုက်ရင်….
ဘာသင်ခန်းစာမှ မရလိုက်ရင် ဒါ တော်တော် ရှုံးတာပဲ။
တော်တော် တွက်ခြေ မကိုက်တာပဲ။
 
တကယ်တော့ အလုပ်ဟာ ဘဝလို့တောင် ပြောလို့ ရပါတယ်။
အလုပ်မရှိရင် ဘဝဟာ အဓိပ္ပာယ် မရှိဘူး လို့တောင် ပြောရင် ရမယ်ထင်တယ်။
 
ကိုယ်လုပ်နေတဲ့ အလုပ်ဟာ အများကောင်းကျိုးအတွက်လည်း ဖြစ်မယ်….
ကိုယ့်စိတ်ထားမြင့်မြတ်မှုနဲ့ ကိုယ့်အရည်အချင်းကောင်းကို ထုတ်ဖော် အသုံးပြုခွင့်လည်း ရမယ် ဆိုရင် …
ရာထူးတွေ လစာတွေ အများကြီး မရရင်တောင် တော်တော် ကျေနပ်စရာ ကောင်းနေပါပြီ။
 
ကိုယ့် အရည်အချင်းနဲ့ ထိုက်တန်တဲ့ ဝင်ငွေ( ကိုယ့်အတွက် လောက်ငတဲ့ ဝင်ငွေ)လည်း ရမယ်…
အများအကျိုး ဆောင်ရွက်ရတဲ့ အလုပ်လည်း ဖြစ်မယ်… အဲ့ဒီအလုပ်ကနေ ကိုယ့် စိတ်ဓါတ်နဲ့ အသိဉာဏ် သဘောထား
အဆင့်မြင့်သွားစေမယ့် ပညာ အသိ ရင့်ကျက်မှု… စတာတွေလည်း ရမယ်ဆိုရင် အဲဒီလူဟာ အောင်မြင်နေတဲ့သူလို့တောင် ဆိုနိုင်ပြီ ထင်ပါတယ်။
 
နောက်ပြီးတော့ ကိုယ့်အလုပ်ဟာ …
ကိုယ့်အတွက် ဘယ်လောက် အရေးပါလဲဆိုတာရယ်…
ကိုယ့်အလုပ်ဟာ ကိုယ့်ဘဝကို ဘယ်လောက် အတိုင်းအတာထိ အကျိုးပြုသလဲဆိုတာကလည်း …
အဲဒီအလုပ်အပေါ်မှာ ထားတဲ့ ကိုယ့်သဘောထား အမြင်ပေါ်မှာလည်း မူတည်ပါတယ်။
 
ကိုယ်က သဘောထားမှန်မှန်နဲ့ မြင် သိပြီး လုပ်ကိုင်တတ်မှ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အနှစ်သာရက ဘာလဲ…
ကိုယ့်အလုပ်က ကိုယ့်ဘဝကို ဘယ်လောက် အထောက်အပံ့ ဖြစ်စေသလဲဆိုတာ …
ကိုယ်က သဘောထားမှန်မှန်နဲ့
တွက်ချက် သတ်မှတ်နိုင်မယ် ထင်ပါတယ်။
 
ကိုယ့် သဘောထားက မှားနေခဲ့ရင်….
ဒီအလုပ်ကနေ ငွေ ရတာတစ်ခုထဲ ဖြစ်နေပြီး…
အလုပ်မှာ စိတ်ပင်ပန်း လူပင်ပန်းနဲ့ အားလုံး ပစ်ချထားခဲ့ချင်နေတာနဲ့ပဲ အလုပ်ဟာ နေပျော်စရာနေရာတစ်ခု(ဘဝတစ်ခု)လို့ မြင်နိုင်မှာ
မဟုတ်တော့ဘူး။
 
 
ကျနော်တော့ ဒီအသက်ဒီအရွယ်မှာ …
လက်ရှိ လုပ်နေတဲ့ အလုပ်ကို သဘောထားမှန်မှန်နဲ့ သေချာ လုပ်ကိုင်ပေးနေမိတယ်။
 
ဒါ့အပြင် ဒီအလုပ်ထဲက မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာဖြစ်စေ…
အလုပ်သဘော သဘာဝထဲက ဖြစ်စေ…
ကိုယ့်အတွက် အကျိုးကျေးဇူးများမယ့် ပညာတွေ သင်ခန်းစာတွေ တတ်နိုင်သလောက် ယူနေမိတယ်။
 
ဒီအလုပ်ကနေ ပိုက်ဆံတစ်ခုထဲ ရလိုက်တယ် ဆိုရင် ….
ဒီလောက် အချိန်တွေ ပေးထားရတာ ဘယ် တွက်ချေကိုက်မလဲ ဆိုတဲ့
အတွေးတစ်ခုနဲ့တင်…. အလုပ်ထဲကနေ လေးနက်တဲ့ အသိဉာဏ်နဲ့ ရင့်ကက်မှုတွေ…..
ကိုယ့်ဘဝအတွက် အရေးပါလာမယ့် အတွေ့အကြုံတွေ …
ရစွမ်းသလောက် ယူဖို့ စိတ်အားထက်သန်လာတယ်။
အလုပ်ကိုလည်း ပိုပြီးတော့ စိတ်ဝင်စားလာပြီးတော့ ပိုပြီးတော့ နေပျော်လာတယ်ဆိုပါတော့။
 
 
အသက်ပိုကြီးလာလေလေ… သင်ယူစရာတွေက ပိုများလာလေလေနဲ့…
အချိန်တွေ တန်ဖိုးမရှိလိုက်ဘဲ(ဘာမှ မသင်ယူလိုက်ရဘဲ) ကုန်သွားမှာတောင် စိုးမိတယ်။
 
ဒီနေ့ တွေးမိတဲ့ အတွေးစလေးဆိုပါတော့။
 
လေးစားစွာ….
 
#သင့်အေးရိပ်
Photo = from google

2 comments

Leave a Reply