အိမ် – Home

ဇီဇီMay 9, 20181min6327

A house is made of walls and beams.

A home is built with loves and dreams.

 

ဘာရယ်မဟုတ်။

ဒီမနက်မှ ဒီပို့(စ) လေး ၂ ပုဒ် ဖတ်လိုက်ရတော့ ဒီထဲ မှတ်တမ်းတင်ထားချင်တယ်လေ။

ကိုယ် အားကျပေမဲ့ လိုက်မလုပ်နိုင်တဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်မျိုးလေးမို့  စိတ်ထဲ ထိတယ်။

ဆရာနေမျိုးဆေး မှာ သူ့ အတွေးအခေါ်နဲ့လိုက်လျောညီထွေတဲ့ ပါရမီဖြည့်ဖက်၊ ပတ်ဝန်းကျင်နဲ့ ဘဝ ရှိနေတယ်။

ဘဝ အကျိုးပေးကောင်းတယ်ခေါ်ရမလားပဲ။

ဘာကိုမှ မငဲ့ပဲ ပြောရရင် ကိုယ်နေချင်တဲ့ ဘဝနေထိုင်ဖြတ်သန်းမှု မျိုးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

https://www.facebook.com/naymyo.say.5/posts/1274925249198413

ကျနော်တို့ အိမ်ဆောက်မယ်လို့ စိတ်ကူးထားတာ လွန်ခဲ့တဲ့ ခုနှစ်နှစ် ရှစ်နှစ်လောက်ကတည်းကပါ၊ အိမ်ဆောက်ဖြစ်ရင် စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်တွေ အတတ်နိုင်ဆုံး လျှော့ချတဲ့၊ စွမ်းအင်နည်းနည်းပဲသုံးတဲ့ အိမ်မျိုးဆောက်မယ်လို့ စိတ်ကူးထားခဲ့ပါတယ်၊ လက်လှမ်းမီသလောက် စာအုပ်တွေဖတ်၊ သဘာဝပါတ်ဝန်းကျင်အကြောင်း၊ သဘာဝအရင်းအမြစ်တွေအကြောင်း၊ ရာသီဥတုအကြောင်း၊ စွမ်းအင်တွေအကြောင်း၊ စွမ်းအင်တွေ လျှော့သုံးတဲ့ အိမ်တွေအကြောင်း လေ့လာခဲ့ပါတယ်၊ နားလည်ကျွမ်းကျင်တဲ့ သူတွေကိုလည်း မေးမြန်းခဲ့ပါတယ်၊

စွမ်းအင်လျှော့သုံးတဲ့အိမ်မျိုးတွေဟာ တချို့နိုင်ငံတွေမှာတော့ တော်တော် တွင်ကျယ်နေပါပြီ၊ အခုနောက်ပိုင်း ယိုယွင်းလာတဲ့ ရာသီဥတုအခြေအနေတွေအတွက် သဘာဝပတ်ဝန်းကျင်ကို အချိန်မီ ထိမ်းသိမ်းဖို့ စဉ်းစားလာကြတာပါ၊ လျှပ်စစ်တွေ လျှော့သုံးမယ်၊ ရေတွေ လျှော့သုံးမယ်၊ လောင်စာတွေ လျှော့သုံးမယ်၊ကိုယ့်အတွက်ကြောင့် သဘာဝတရားကြီး မပျက်စီးရအောင် ကြိုးပမ်းမယ်၊ အဲ့လို စိတ်ကူးတွေနဲ့ပါ၊

ကျနော်တို့လည်း အဲ့ဒီ့အကြောင်းလေးသိရတော့ ကိုယ်နေမယ့် အိမ်လေးကို အဲ့လိုဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိပြီး ကြိုးစားပြင်ဆင်ခဲ့ပါတယ်၊

ကျနော်တို့က အိမ်ဆောက်ရင်လည်း ပစ္စည်းအဟောင်းတွေပဲ တတ်နိုင်သလောက် သုံးမယ်လို့ စဉ်းစားထားခဲ့တယ်၊ ပြတင်းပေါက်အဟောင်းတွေ၊ တံခါးအဟောင်းတွေ၊ သစ်သားအဟောင်းတွေသုံးတော့ အိမ်တွေ ထပ်ထပ်ဆောက်တိုင်း သုံးမယ့်သစ်တွေအတွက် သစ်ပင်တွေ ထပ်ခုတ်စရာ မလိုတော့ဘူးပေါ့၊ အုတ်အဟောင်းတွေ၊ ကျောက်ပြား ကြွေပြားအဟောင်းတွေသုံးတော့ အသစ်ထုတ်လုပ်ဖို့ လိုအပ်မယ့် လောင်စာတွေ ချွေတာရာ ရောက်တာပေါ့၊ နောက်ပြီး ကိုယ့်ရဲ့ အနီးအနားပါတ်ဝန်းကျင်ကရတဲ့ ပစ္စည်းတွေ သုံးတော့ အဝေးနိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်းတွေထက်စာရင် သယ်ယူပို့ဆောင်ရတဲ့ စွမ်းအင်တွေ လောင်စာတွေ ပိုသက်သာတာပေါ့၊ ဒါကြောင့် ပစ္စည်းအဟောင်းတွေပဲ တတ်နိုင်သလောက် သုံးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ၊

သုံးပြီးသားပစ္စည်းအဟောင်းတွေနဲ့ အိမ်ဆောက်မယ်ဆိုတော့ ဒီပစ္စည်းတွေက လိုချင်တိုင်းဝယ်လို့မရဘဲ ကြုံကြိုက်မှသာ ရနိုင်တာမို့ ပစ္စည်းတွေကို အချိန်ယူပြီး ကြိုတင်စုဖြစ်ပါတယ်၊

အုတ်ခဲအဟောင်းတွေ စ စုဖြစ်တယ်၊

အုတ်ခဲအဟောင်းတွေက အရင်ခေတ်က အုတ်တွေဆိုတော့ အခုခေတ်အုတ်တွေထက်စာရင် အရွယ်အစား ပိုကြီးတယ်၊ ပိုပြီးလည်း မာတယ်၊ ပစ်ချရင်တောင် မကျိုးဘူး၊ အဲဒါတွေရဖို့ အိမ်အဟောင်းဖျက်နေတဲ့နေရာတွေဆီ ရှာပြီးသွားရတယ်၊ သယ်ယူရတဲ့စရိတ်က အုတ်တန်ဖိုးလောက်နီးနီး ကြီးနေလို့ ဖျက်ပြီးတာနဲ့ အိမ်ဖျက်တဲ့သူတွေက ဝယ်တဲ့သူဆီကို တခါတည်းလက်လွှဲရောင်းလေ့ရှိကြတယ်၊

အဲဒါကြောင့် တနေရာရာမှာ အိမ်အဟောင်းတခု အိမ်ကောင်းကောင်းတခု ဖျက်နေပြီကြားရင် ရောက်အောင် သွားရတာပဲ၊ နေရာအစုံက ဝယ်ထားတဲ့ အုတ်တွေဆိုတော့လည်း အမျိုးကိုစုံနေတာပေါ့၊ အိမ်အဟောင်း တိုက်အဟောင်း ဖျက်တုံးက အုတ်တွေ၊ ရန်ကင်းက တိုက်ခန်းတွေဖျက်တုံးက အုတ်တွေ၊ မစ္စတာဂစ်တာ ဖျက်တုုံးက အုတ်တွေ၊ ကျောက်တံတားရဲစခန်း ဖျက်တုံးက အုတ်တွေတောင် ပါတယ်၊ မျိုးစုံပါပဲ၊ အုတ်အမျိုး နှစ်ဆယ်လောက် တောင်ရှိမယ်ထင်တယ်၊

တံခါးပေါက် ပြတင်းပေါက်အဟောင်းတွေ၊ လှေကားအဟောင်းတွေ သစ်သားအဟောင်းတွေလည်း လိုက်ရှာ စု ရတယ်၊ ၊ တခါတလေ ကိုယ်လိုချင်နေတဲ့ အခင်းပြားအဟောင်းတွေဆို တော်တော်နဲ့ကို မရနိုင်ဘူး၊ ဟိုအရင်အိမ်တွေရဲ့ တံခါးပေါက် ပြတင်းပေါက် တွေက သိပ်ကောင်းတယ်၊ သစ်တွေက ရာသီဥတုဒဏ် ခံပြီးဖြစ်လို့ ကျုံ့တာ ကြွတာ သက်သာတယ်၊ သက်တမ်းပြည့်တယ်၊ ဆိုဒ်ပြည့်တယ်၊ အနာအဆာလေးတွေ ပါတာတော့ ရှိတယ်၊ သံပေါက်တွေ ပါတယ်၊ မူလီပေါက်တွေ ပါတယ်၊ အခု အိမ်မှာ သုံးထားတဲ့ မှန်တံခါးပေါက်အမြင့်တွေဆို မူလက ဆန်ဂိုထောင် တခုရဲ့ တံခါးတွေ၊ သွပ်ပြားဟောင်းကြီးတွေနဲ့ပိတ်ထားလို့ မြင်မြင်ချင်းမှာ ကြိုက်ချင်စရာ မကောင်းဘူး၊

အခု အဲ့ဒီတံခါးတွေကို သွပ်ပြားတွေဖြုတ်ပြီး မှန်တွေ ပြန်တပ်ထားတာ၊ အိမ်က သစ်သားလှေကားကြီးဆိုလည်း မြို့ထဲက ဘဏ်အဆောက်အဦ တခုကတဲ့၊ အကျော်အနင်းတွေက ကောင်းလွန်းလို့ အဲဒီ့ လှေကားကို နင်းရတာ တက်ရတာ လက်ရမ်းကိုင်ရတာတွေ သိပ်အဆင်ပြေတယ်၊ အရင်က လူတွေရဲ့ ကိုယ့်အလုပ်ကို ဂရုတစိုက်လုပ်တာ ကိုယ့်အလုပ်အပေါ် စေတနာထားတာတွေကိုလည်း လေးစားမိတယ်၊

အမိုးပြားအဟောင်း၊ ကြွေပြားကျောက်ပြားအဟောင်းတွေလည်း စုရတယ်၊ ပထမတော့ တော်တော်ရှာယူရတာပေါ့၊ နောက်တော့လည်း အဆက်အသွယ်တွေရပြီး အဆင်ပြေသွားတယ်၊ အခု မိုးထားတဲ့ အမိုးပြားတွေဆို ၁၈၆ဝ တဝိုက်က လုပ်ထားတဲ့အမိုးပြားတွေ၊ အနောက်တိုင်းသားတွေက အိန္ဒိယမှာ စက်ရုံတည်ပြီး မြန်မာနဲ့ အိန္ဒိယ အတွက် ထုတ်တာလို့ ကြားဖူးတယ်၊ သူက မြေကြီးနဲ့ ဖုတ်ထားတာဆိုတော့ ပေါ့တယ်၊ အိမ်ကို အေးစေတယ်၊ ဈေးလည်း သက်သာတယ်၊

အမိုးပြားပေါ်က တံဆိပ်တွေဆို တချို့က ဘုရင့်ခေါင်းပုံ၊တချို့က ကြာပန်း၊ တချို့က ထီးတံဆိပ်တွေ၊ နေရောင်ပေါက်တဲ့ ဖန်အကြည်အမိုးပြားလေးတွေဆို ဩစတြီးယားက လုပ်တာ၊ ကြမ်းခင်းပြားတွေဆိုရင်လည်း အခု လိုက်ရှာရခက်တဲ့ မြေကြီးနဲ့ ဖုတ်ထားတာတွေ၊ အနာလေးတွေတော့ ပါတာပေါ့၊အပဲ့လေးတွေလည်း ပါတယ်၊ အဲ့လို အနာပါတာလေးတွေကို စုခင်းလိုက်တော့လည်း တမျိုးလှနေပြန်ရော၊ တချို့ ထက်ပိုင်းကွဲလေးတွေဆို ပြန်ဆက်ပြီးတောင် ခင်းထားသေးတယ်၊

နောက်ပြီး သံပန်းပြားအဟာင်းတွေလဲ ဝရံတာမှာကာဖို့ ရှာရတယ်၊ ဒေါင်းပုံတွေ ပန်းတွေ ကနုတ်တွေနဲ့ တော်တော် လှပါ့၊ မီးစလောင်းအဟောင်းတွေဆိုလည်း ရှာရတာတော်တော်ခက်တယ်၊ ရောင်းတဲ့ဆိုင်မှ မရှိတာ၊ ဟော်တယ်တခု ပြင်တာနဲ့ ကြုံကြိုက်လို့တော့ အဆင်ပြေတဲ့ဟာတွေ ရလိုက်သေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘာပစ္စည်းပဲဖြစ်ဖြစ် အိမ်မှာ ပြန်အသုံးတည့်လောက်တဲ့ ပစ္စည်းအဟောင်းတွေဆို စု ထားရတာပဲ၊

အဲ့လိုပစ္စည်းတွေ စုရင်း ကိုယ်လိုချင်တဲ့ အိမ်ပုံကိုလည်း စဉ်းစားစိတ်ကူးရင်းပေါ့၊ ကိုယ့်ရဲ့အိမ်ကို ဘယ်လိုပုံမျိုးလိုချင်လဲ၊ အခု ခေတ်စားနေတဲ့ မှန်များများ လေးထောင့်ကျကျပုံမျိုးလား၊ အဆောင်ဆောင် အခန်းခန်းနဲ့ ခမ်းခမ်းနားနားလား၊ ဒါမှမဟုတ် တိုင်လုံးကြီးတွေနဲ့လား၊ စဉ်းစားရင်း စဉ်းစားရင်း ဘာပုံရယ်လို့ကို ဦးမတည်တော့ပဲ ကိုယ့်ရေမြေသဘာဝနဲ့ ကိုက်ညီမယ့် စွမ်းအင်သုံးစွဲတာတွေကို ချွေတာနိုင်မယ့် အိမ်မျိုးပဲဆောက်မယ်လို့ ကျနော်တို့ နှစ်ယောက်လုံး ဆုံးဖြတ်လိုက်ကြတယ်၊ အဓိက ကတော့ မြန်မာပြည်ရာသီဥတုနဲ့ကိုက်ညီမယ့် Tropical အိမ်မျိုးပေါ့၊

ဟိုအရင်က မြန်မာတွေနေတဲ့ အိမ်လိုမျိုး၊ အလင်းရောင် ကောင်းကောင်း၊ လေဝင်လေထွက် ကောင်းကောင်း၊ ပိတ်ထားတဲ့အိမ်မျိုးမဟုတ်ပဲ ပွင့်နေတဲ့အိမ်မျိုး၊ အဲဒီလိုအိမ်မျိုးဖြစ်ဖို့ကိုပဲ ဦးတည် ထားလိုက်တယ်၊ ပြီးမှ ရှိထားတဲ့ ပစ္စည်းအဟောင်းတွေကို သင့်တော်သလို နေရာချတော့မယ်လို့ စဉ်းစားလိုက်တယ်၊

ကျနော်တို့က အိမ်အပြင်ပုံထက် အိမ်မှာ ကိုယ်နေချင်တာ ကိုယ်လုပ်ချင်တာတွေကို သက်တောင့်သက်သာ နေနိုင်လုပ်နိုင်ဖို့ ပိုအလေးထားတယ်၊ ဒါ့ကြောင့် အိမ်ပုံအသေးစိတ်မဆွဲခင် မိုးလင်းကနေ မိုးချုပ် တနေ့တနေ့ အိမ်မှာ ကိုယ်ဘာလုပ်ချင်လဲ ဆိုတာတွေကို အရင် ချရေးကြည့်တယ်၊

မနက် ၅:၃ဝ အိပ်ယာက ထမယ်၊ မျက်နှာသစ်မယ်၊ ခြံထဲဆင်းမယ်၊ လမ်းနည်းနည်းလျှောက်မယ်၊ သစ်ပင်တွေ ရေလောင်းမယ်၊

မနက် ၇:၀ဝ နာရီ မနက်စာ စားမယ်၊ ဘာစားမှာလဲ၊ ချက်စားမှာလား၊ ဝယ်စားမှာလား၊ ဘယ်နေရာမှာ စားချင်တာလဲ၊ အိမ်ထဲမှာလား၊ အပြင်မှာလား၊ သီချင်းနားထောင်ချင်လား၊ ငှက်သံလေးတွေ ကြားချင်လား၊

ပြီးရင် ခန သတင်းစာဖတ်မယ်၊ သတင်းကြည့်မယ်၊

ပြီးရင် ပုံဆွဲမယ်၊ ဘယ်နေရာမှာ ဆွဲချင်လဲ၊ အခန်းထဲမှာလား၊ စတူဒီယိုထဲမှာလား၊ စတူဒီယိုဆိုရင် ဘယ်လောက် ကျယ်ကျယ် လိုချင်လဲ၊ ပုံဆွဲနေရင်းရော တီဗီ ကြည့်ချင်လား၊ သီချင်း နားထောင်ချင်လား၊

နေ့လည် တရေးအိပ်မယ်၊ ဘယ်မှာအိပ်မှာလဲ၊ အခန်းထဲမှာလား၊ ဝရံတာက ကွပ်ပျစ်ပေါ်မှာလား၊ နိုးရင် စာဖတ်မယ်၊ စာကို ဘယ်မှာ ဖတ်ချင်လဲ၊ လေတိုက်တဲ့နေရာမျိုးမှာ ဖတ်ချင်လား၊ ပန်ကာ နဲ့လား၊ သီချင်းသံရော ကြားချင်လား၊

ညနေ ကားနဲ့ မြို့ထဲထွက်မယ်၊

ည ရုပ်ရှင်ကြည့်မယ်၊

အဲလို ကိုယ်လုပ်ချင်တာလေးတွေ ချရေးလိုက်တော့ ကိုယ် တနေ့တနေ့ ဘယ်နေရာမှာ အချိန်ကုန်မယ်၊ ဘယ်အခန်းတွေ လိုတယ်၊ ဘယ်လောက် ကျယ်ကျယ် လိုတယ်၊ ဘယ်အခန်းတွေတော့ မလိုဘူးဆိုတာတွေ ပေါ်လာတယ်၊ တချို့အိမ်တွေဆို ဝရံတာလုပ်ထားပြီး တလ တခါ မထွက်ဖြစ်တာ တွေ့ဖူးမှာပါ၊ ကိုယ့်အိမ်မှာ အဲ့လို ပိုနေမယ့်နေရာတွေ လျော့သွားတာပေါ့၊ ကိုယ်တကယ်သုံးမယ့် အသုံးဝင်တဲ့ နေရာလေးတွေ ပိုရလာတာပေါ့၊ ဒီအကြံလေးကို ကျနော့်မိတ်ဆွေ ကိုလှသောင်းက ပေးတာပါ၊ တခြား အရေးကြီးတဲ့ အကြံဉာဏ်တွေလည်း ရပါသေးတယ်၊

အဲလို ချရေးပြီးမှ ကိုယ်အိမ်ဆောက်မယ့်မြေရဲ့အနေအထား၊ အနိမ့်အမြင့်၊ အကျဉ်းအကျယ် ဒါတွေကိုကြည့်ပြီး အိမ်ရဲ့ပုံကို စ ဆွဲတယ်၊ အခန်းတွေ စ ဖွဲ့တယ်၊ အခန်းတိုင်းအခန်းတိုင်း အလင်းရောင် ကောင်းကောင်းရဖို့၊ လေဝင်လေထွက်ကောင်းဖို့ ထပ်စဉ်းစားပြီး ပြတင်းပေါက်တွေ တံခါးတွေ ကို အကြမ်းမျဉ်းနေရာချတယ်၊ ကိုယ့်မှရှိထား စုထားတဲ့ ပစ္စည်းတွေနဲ့ပဲ နေရာချရတာဆိုတော့ အားလုံး ကွက်တိကျဖို့တော့ မဖြစ်နိုင်ဘူး၊ လိုတာ ပိုတာတွေအတွက် တကယ်ဆောက်တော့မှပဲ ဖြတ်တောက် ပြင်ဆင်တော့မယ်လို့ မှန်းထားလိုက်တယ်၊ အချိန်ယူ သေသေချာချာ စဉ်းစားပြီး အိမ်ပုံစံကို စိတ်ကျေနပ်ပြီဆိုမှ အင်ဂျင်နီယာကို အပ်လိုက်တယ်၊ ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာတွေ ညှိုနှိုင်းပြီး အိမ်စဆောက်ဖို့ လုပ်ပါတယ်၊

ကျနော်တို့နှစ်ယောက်စလုံး အိမ်မဆောက်ခင် စဉ်းစားထားတာက..

အိမ်ဆောက်ရင် ဆောက်တဲ့သူနဲ့ အိမ်ရှင်နဲ့ နောက်ဆုံးမှာ မပြေမလည်ဖြစ်တတ်ကြတယ်၊ တချို့ဆို မခေါ်နိုင် မပြောနိုင်တောင် ဖြစ်ကြတယ်လို့ ကြားဖူးတယ်၊ ငါတို့ အိမ်ဆောက်ပြီး နှုတ်ခမ်းတွေလည်း မထော်ချင်ဘူး၊ မျက်ထောင့်တွေလည်း မနီချင်ဘူး၊ စူပုတ်စောင်းမြောင်းတာတွေလည်း မလုပ်ချင်ဘူး၊ အဲတော့ ဘာဖြစ်ဖြစ် ရန်မဖြစ်ဘူး၊ နှုတ်ခမ်းမထော်ဘူး၊သာယာတဲ့ အိမ်ကလေးဖြစ်အောင်ဆောက်နေရတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ရော ဒီလိုအိမ်ဖြစ်အောင် ဆောက်ပေးနေတဲ့သူတွေရော စိတ်ညစ် စိတ်ဆင်းရဲနေရတာမျိုး မဖြစ်စေချင်ဘူး၊ အလေအလွင့်တွေကိုလည်း သိပ်ဂရုမစိုက်နဲ့၊ လိုက် စိစစ်နေရင် ထူးတာကနည်းနည်း ပူရပင်ရတာကများများ ဖြစ်လိမ့်မယ်၊ ကိုယ့်ဟာကိုယ်လည်း ပျော်အောင်နေမယ်၊ ဝန်ထမ်းတွေကိုလည်း ပျော်အောင်ထားမယ် လို့ ဆုံးဖြတ်ထားကြတယ်၊

………

https://www.facebook.com/naymyo.say.5/posts/1275953819095556

ကျနော်က အိမ်ကို ဘယ်နေရာကြည့်ကြည့် သက်တောင့်သက်သာလေး ဖြစ်နေတာ လိုချင်တာ၊ အိမ်က ကိုယ့်ကို ဘယ်လို နေ၊ ဘယ်လိုထိုင်၊ ဘယ်လို ထိမ်းသိမ်းဆိုပြီး ကိုယ့်ကိုတောင်းဆိုနေတဲ့အိမ်မျိုး မဖြစ်စေ့ချင်ဘူး၊ ကိုယ်နေချင်သလိုနေဖို့ အလိုက်သင့်လေးဖြစ်နေတဲ့ အိမ်မျိုး ဖြစ်စေ့ချင်တာ၊ ဘယ်နေရာမဆို လွယ်လွယ်ကူကူပဲ လုပ်ထားတာမျိုး ဖြစ်ချင်တာ၊ သိပ်ပြီး ညီညာ ပြောင်လက် တောက်ပနေတာမျိုးလည်း မဖြစ်ချင်ဘူး၊ အိမ်ကို ခပ်ပျော့ပျော့လေး ဖြစ်ချင်တာ၊ စကာတင်လည်း မတပ်ချင်ဘူး ကောနစ်လည်း မတပ်ချင်ဘူး၊ နောက် မျက်နှာကျက်လည်း မတပ်ချင်ဘူး၊ အားလုံးကို မညီ မညီတဲ့အလျောက်၊ အပွန်းအပဲ့ရှိ ရှိတဲ့အလျောက် ဒီအတိုင်းလေးပဲ ဖော်ထားချင်တာ၊

အစပိုင်းတော့ အလုပ်သမားတွေနဲ့ တော်တော်ညှိယူရတယ်၊ ကျနော်က သစ်တွေဆိုလည်း ရွေဘော် မထိုးချင်ဘူးလေ၊ သစ်တွေကလည်း အဟောင်းတွေဆိုတော့ သူ့ဆီမှာပါလာတဲ့ ဒဏ်ရာဒဏ်ချက်လေးတွေ၊ လွှ သွားရာတွေကိုမှ ကိုယ်က ကြိုက်နေမိတာ၊ ဒါပေမယ့် လက်သမားတွေကလည်း ချောမွတ်သွားတော့မှ ကောင်းတယ်လို့ထင်တာ၊ သစ်တွေကို ပြီးရင်ရွေဘော်ထိုးမှာပဲ ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ကိုင်ကြတယ်၊ သစ်တုံးတွေ တခုပေါ်တခု ပွတ်ဆွဲတယ်၊ သစ်ပေါ်မှာ မှတ်ဖို့ နည်းနည်းလေးလိုတာကို သံတွေ၊ ဆော့ပင်တွေနဲ့ အရှည်ကြီးတွေ မှတ်တယ်၊ ကျနော်က အစင်းတွေ ထင်ကုန်မယ်နော် ဆိုပြီး ခနခနတားရတယ်၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ သစ်အဟောင်းတွေပေါ်မှာ အစင်းတွေထင်မှာ စိုးနေတဲ့ ကျနော့်ကို သူတို့ဘယ်နားလည်နိုင်ပါ့မလဲ၊

ကျနော်က ရေချိုးခန်းထဲက ရေချိုးကန်ကို ဖိုင်ဘာကန်တွေ ဝယ်မတပ်ပဲ အင်္ဂတေနဲ့ လုပ်ချင်တယ်၊ ပန်းရံကို ကိုယ်လိုချင်တာပြောပြတော့ ဖိုင်ဘာကန်တွေက ဈေးပေါပါတယ် ဆရာရယ်တဲ့၊ အားလုံး ဝယ်ပြီး တပ်နေကြတာပဲတဲ့၊ ကျနော်က မဟုတ်ဘူး ငယ်ငယ်တုန်းက ရေချိုးရတဲ့ အုတ်ရေကန်လေးလိုမျိုး လိုချင်လို့ပါလို့ ပြောတော့ ပန်းရံဆရာက ဟာာ ဘယ် ကျက်သရေ ရှိပါ့မလဲ ဆရာရယ် တဲ့၊ ဘယ်လှပါ့မလဲ လို့ ပြောရင်တောင် တော်ပါသေးတယ်၊ တခါတည်း မလုပ်ချင်တော့လောက်အောင်ကို ပြောတာ၊ ဒါနဲ့ ဟာ… ရပါတယ် အကိုရယ်၊ ကျနော်က ဒီလိုမျိုးလေးပဲ လုပ်ချင်တာ၊ လုပ်ပါအကိုရယ် ဆိုပြီး ပြောရတာပေါ့၊

နောက်ပြီး ရေဆိုလည်း မိုးရေနဲ့ ပြန်သုံးရေကို သုံးချင်တယ်၊ ပြန်သုံးရေဆိုတာ ချိုးလိုက်တဲ့ရေတွေကို သဘာဝနည်းနဲ့ ပြန်စစ်ပြီးမှ ပြန်သုံးတာပါ၊ ဒါကို ရေပိုက်ဆရာက ဘာလုပ်ဖို့လဲ ရေတွေပေါနေတာပဲ ဘာထူးမှာမို့လို့လဲတဲ့၊ မဟုတ်ဘူး ကျနော်က ရေကိုချွေတာချင်လို့ပါဆိုတော့ လုပ်ရမှာ ခက်တော့ ခက်တယ်နော်တဲ့၊

အဲလို အစပိုင်းမှာ ကိုယ်လိုချင်တဲ့ ပုံစံရအောင် ညှိရနှိုင်းရတာ တော်တော်လေးခက်ခဲခဲ့တယ်၊ သူတို့နားလည်အောင် အတော်ရှင်းပြရတာပေါ့၊ သဘာဝဘေးတွေ အကြောင်း၊ သစ်တွေ လောင်စာတွေ ရေတွေ ချွေတာဖို့ လိုတဲ့အကြောင်း၊ အများစုက သိပ်တော့ စိတ်ဝင်စားပုံ မရပါဘူး၊

အိမ်ဆောက်ဖို့ လိုအပ်တဲ့ ငြမ်းတွေ၊ တီတိုင်တွေဆိုလည်း တခြားဆိုက်က သုံးပြီးသွားတဲ့ ဝါးတွေ၊သစ်တွေကို ပြန်ဝယ်ပြီးသုံးတယ်၊ ပြန်သုံးမရတဲ့ ဘိလပ်မြေ၊ သဲ၊ သံနဲ့ ဝါယာကြိုးတွေကအပ တတ်နိုင်သမျှ သုံးပြီးသားအဟောင်းတွေကိုပဲ ပြန်ရှာသုံးတာ၊ အဲလို အဟောင်းတွေ ပြန်သုံးနေတာကို အလုပ်သမားတွေက နားမလည်နိုင်ဘူး၊ သူတို့အတွက် တခါတလေ လက်ဝင်တာလည်း ပါတာပေါ့လေ၊

သူတို့ကို တွေးကြည့်တော့လည်း အလုပ် လုပ်လာတာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ရှိပြီ၊ တနေ့ တနေ့ ဒီအလုပ်ပဲ၊ ကိုယ်ကမှ တခါတရံ အပြောင်းအလဲလေးတွေ ရှိသေးတယ်၊ သူတို့က ဒီအတိုင်းပဲ၊ ဒီအိမ်ပြီးရင်လည်း နောက်တအိမ်ပေါ့၊ ဒီတော့လည်း အလုပ်ကို ငြီးငွေ့နေမှာပဲလေ၊ ကိုယ်သာဆို ပိုတောင် ဆိုးဦးမှာ၊ တချို့တွေဆို လွှ ဖြတ်တဲ့သူက လွှသာ ဖြတ်နေရတာ ဘာကို ဖြတ်နေတယ်ဆိုတာလည်း တခါတလေ သိပုံတောင်မရဘူး၊ တချို့ပန်းရံတွေလည်း စီသာ စီနေတာ၊ ဘယ်အထိ စီမှာလည်း၊ ဖြောင့်ရဲ့လား၊ ကျင်တွယ် ကိုက်ရဲ့လား၊ ပြန်မကြည့်ကြဘူး၊

ကျနော်ကတော့ နေ့တိုင်းနေ့တိုင်း အလုပ်သမားတွေ မရောက်ခင်

ဆိုက်ထဲကိုရောက်ပြီး ညနေ သူတို့ပြန်သွားပြီးမှ ကိုယ်က ပြန်တာ၊

မနက်လင်းအားကြီးလည်း ထ လာတယ်၊ ဘယ်အချိန်လောက် နေထွက်တာလဲ၊ အိမ်ရဲ့ ဘယ်ထောင့်ကနေ ထွက်တာလဲ၊ ဘယ်နှစ်နာရီမှာ ဘယ်လောက်မြင့်သွားပြီး ဘယ်နေရာကို နေထိုးသလဲ၊ အဲဒါတွေ သွားသွားကြည့်တယ်၊ ပထမ ကိုယ်က အခန်းလုပ်မယ်လို့ စိတ်ကူးထားတဲ့နေရာဟာ မနက်စောစော သွားကြည့်လိုက်တော့ နေရောင်လေးတွေ ဖြာပြီးဝင်လာတာ နွေးနေတာနဲ့ အဲဒီနေရာကို အခန်းမလုပ်တော့ပဲ ဝရံတာလေး ပြောင်းလုပ်လိုက်တယ်၊ တချို့ နံရံစီထားတဲ့နေရာမှာ နေရောင်လေးတွေ ဝင်လာစေချင်လို့ ပြတင်းပေါက် ပြန်ဖောက်လိုက်ရတာလည်း ရှိတယ်၊ တခါတလေ ပြတင်းပေါက်ဖောက်မယ်လို့ စိတ်ကူးထားတဲ့နေရာမှာ ဘေးအိမ်က အိမ်နံရံအဖြူကို နေထိုးပြီး ကိုယ့်ဆီမှာ နေလာစူးနေလို့ မဖောက်ဖြစ်တော့ပဲ နံရံကာလိုက်ရတာတွေလည်း ရှိတယ်၊

မူလအိမ်မဆောက်ခင်က စာရွက်ပေါ်မှာ စဉ်းစားပြီး သေသေချာချာ နေရာတွေချထားပေမယ့် တကယ် စလက်တွေလောင်းပြီး အဲဒီအထပ် အဲ့ဒီနေရာကို ကိုယ်တကယ်ရာက်တော့ ကိုယ့်ရဲ့အိမ် ကိုယ့်ရဲ့ပါတ်ဝန်းကျင်အရ ပြတင်းပေါက်ဖောက်လို့ကောင်းမယ့်နေရာ ဖောက်လို့ မသင့်တော်တဲ့နေရာတွေ မြင်လာတော့တယ်၊ ကိုယ့်အိမ်ပါတ်ဝန်းကျင်မှာလည်း လှတဲ့နေရာ မလှတဲ့နေရာဆိုတာ ရှိတာပဲလေ၊ ဒါကြောင့် တချို့ကပြောတာ၊ အိမ်တို့ အခန်းတို့ ဝယ်တယ်ဆိုတာ အဓိကက ပါတ်ဝန်းကျင်ကို ဝယ်ရတာတဲ့၊ ကိုယ့်အိမ် ကို့ယ်အခန်းကို ကိုယ်ကြိုက်သလိုပြင်လို့ ရပေမယ့် ဘေးအိမ် ကိုယ့်ပါတ်ဝန်းကျင်ကိုတော့ ပြင်လို့မရဘူးတဲ့၊

နေ့ခင်းဖက်တွေဆိုလည်း လေဘယ်ဖက်က တိုက်သလဲဆိုတာ ပိတ်စလေးချည်ပြီး စောင့်ကြည့်ရတယ်၊ ဘယ်အချိန်မှာ ဘယ်နေရာက ဘယ်လို တိုက်တာလည်းပေါ့၊ အဲဒါကို ကြည့်ပြီး ကိုယ့်အိမ်ထဲ လေဝင်လေထွက်ကောင်းအောင် ဘယ်နားမှာ တံခါးပေါက်တွေကို ဘယ်လိုထားမလဲ စဉ်းစားရတယ်၊ မူလပုံကို ပြင်ဆင်စရာရှိလည်း ပြင်ပေါ့၊ အိမ်ရဲ့ ကြံ့ခိုင်အားကို မထိခိုက်အောင်လည်း ကိုယ်ဖြစ်ချင်တာတွေကို အင်ဂျင်နီယာနဲ့ ညှိရတယ်၊ အဲလို ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဆောက်ရင်း ပြင်ယူသွားရင်းပေါ့၊

အင်ဂျင်နီယာရော အလုပ်သမားတွေကိုရော တကယ် ကျေးဇူးအများကြီးတင်ပါတယ်၊ ကိုယ်လိုချင်တာကို မဖြစ် ဖြစ်အောင် ကြိုးစားပြီး လိုက်လုပ်ပေးလို့ပါ၊ သူတို့ကိုလည်း ပြောပြထားရတယ်၊ ဒီအိမ်ကို လာဆောက်ပေးနေတာ ပိုက်ဆံရလို့ လုပ်ပေးနေတာလို့ မယူဆဘူးလို့၊ ကျနော်တို့ စိတ်ကူးတွေ ယဉ်ပြီး ကျနော်တို့ နေချင်တဲ့အိမ်လေးကို ကျနော်တို့နေရအောင် လာဆောက်ပေးတယ်လို့ သဘောထားတယ်၊ အဲဒီ့အတွက် ကျေးဇူးတင်ပါတယ်လို့၊ ဒီအိမ်မှာဆောက်နေတုန်း ဝတ်ထားတဲ့ အကျႌလေးတွေကို လက်ဆောင်အဖြစ် ကျနော့်ကို ပေးပါ၊ ကျနော်က အကျႌအသစ် တထည်စီ လက်ဆောင် ပြန်ပေးမယ်၊ အဲဒီ့အကျႌလေးတွေကို တချိန်မှာ တခုခုလုပ်ပြီး အိမ်မှချိတ်ထားဖို့ စိတ်ကူးထားပါတယ်လို့ ပြောပြပြီး အကျႌလေးတွေ သိမ်းထားတယ်၊

အိမ်မှာ ရေကိုချွေတာနိုင်ဖို့အတွက်ကျတော့ မြန်မာပြည်က မိုးများတဲ့ဒေသဆိုတော့ မိုးရေကိုလှောင်ပြီးသုံးဖို့ လုပ်ထားပါတယ်။ နောက်တခု ရေပြန်သုံးတဲ့စနစ်ကတော့ ခုနကပြောသလို ကိုယ်ချိုးလိုက်တဲ့ ရေတွေကို သဘာဝနည်းနဲ့ ပြန်စစ်ပြီး အိမ်သာရေဆွဲချဖို့၊ ခြံထဲက သစ်ပင်ပန်းပင်တွေ ရေလောင်းဖို့ ၊ ကားဆေး ကြမ်းဆေးဖို့ သုံးတာပါ၊ အဲဒီလိုစနစ်ကို ပိုက်ဆရာတွေက တခါမှ မဆင်ဖူးလို့ နည်းနည်းတော့ အခက်အခဲရှိတယ်၊ ကိုယ့်ကို မလိုတာတွေ လုပ်နေတယ်ဆိုပြီး အထင်လွဲ စိတ်ပျက်သွားမှာကိုလည်း စိုးရသေးတယ်၊

လျှပ်စစ်ကိုချွေတာတဲ့အနေနဲ့ အိမ်မှာ ဆိုလာ တပ်ထားတယ်။ ဆိုလာက အစပိုင်းမှာ စရိတ်စကကြီးတယ်ထင်ရပေမယ့် ရေရှည်မှာတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်သလို ကိုယ့်အိမ်စရိတ်ကိုလည်း ချွေတာပြီးသား ဖြစ်စေပါတယ်။ အခု မီးပျက်တယ်ဆိုရင် ကျနော်တို့က ဆိုလာပြောင်းလိုက်နိုင်တော့ ဘေးအိမ်တွေက မီးစက်တွေ နှိုးထားသလို ဆူညံမနေတော့ဘူးပေါ့၊ ဆီလည်း သက်သာတယ်၊ မီးပျက်တဲ့ အချိန် ဒီပတ်ဝန်းကျင်မှာ ကျနော်တို့အိမ်တခုထဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မီးလင်းနေတာပေါ့၊ မီးလုံးတွေဆိုရင်လည်း ဝပ်အားနည်းတဲ့ LED မီးလုံးတွေသုံးထားတယ်၊ မီးစလောင်းတွေကိုတော့အိမ်တအိမ်က ပြန်ရောင်းတာကိုဝယ်ပြီး တပ်ထားတယ်၊ ဝရံတာက မီးဆိုင်းတချို့ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့ထဲက ဟော်တယ်တခုဖျက်လို့ အဲဒီက မီးဆိုင်းတွေ ရလိုက်တာနဲ့ တပ်ထားတာ၊ မီးအပြင် အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အားလုံးကို မီးအားတော်တော်သက်သာတဲ့ Inverter type တွေသုံးထားတယ်၊ ဒီဟာတွေက ဝယ်ရတာဈေးနည်းနည်းကြီးပေမယ့် ကြာရင် မီတာခအများကြီး သက်သာလာမယ်၊

မိလ္လာစနစ်မှာတော့ ဘိုင်အိုတဲန့်ကို သုံးပါတယ်၊ အဓိကအကြောင်းကတော့ အဲဒါက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို နည်းစေလို့ပါ။ သူက အဖတ်တွေကို စက်ထဲမှာပဲ ချေဖျက်ပစ်ပြီး အနံ့ကင်းစင်တဲ့အရည်အနည်းငယ်ကို မြောင်းထဲကို စွန့်ပစ်ပေးတယ်။ ကျန်းမာရေးအတွက်ရော ပတ်ဝန်းကျင်အတွက်ရော ကောင်းတာပေါ့၊

မီးဖိုချောင်နားမှာလဲ အော်ဂဲနစ်ဂါးဒင်း ထားချင်ပါသေးတယ်။ အခု သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေက အမြင်ကောင်းအောင် ဆေးတွေသုံးထားတော့ ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်ရတာပေါ့၊ ဖြစ်နိုင်ရင်တော့ သဘာဝအတိုင်း ဓါတုဆေးဝါးတွေ မသုံးတဲ့ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေကို စားချင်တာ။ ဒါကြောင့် မီးဖိုချောင်နားမှာ တနိုင်တပိုင် အော်ဂဲနစ်စိုက်ခင်းလေး လုပ်ထားပြီး စားချင်တဲ့အချိန် လတ်လတ်ဆတ်ဆတ် ချက်ချင်းခူးစားနိုင်အောင် လုပ်ရဦးမယ်၊ ခုချိန်မှာ အိမ်က အားလုံးတော့ မပြီးသေးပါဘူး၊ လုပ်စရာလေးတွေ နည်းနည်းပါးပါး ကျန်နေသေးတယ်၊

အမှိုက်တွေရဲ့ ပြသနာကလည်း ခုဆို တော်တော်လေး အရေးကြီးလာပါပြီ၊ တနေ့တနေ့ အိမ်တွေ ဆိုင်တွေ စက်ရုံအလုပ်ရုံတွေက ထွက်လာတဲ့ အမှိုက်တွေကို ဘယ်လို ရှင်းပစ်ရမလဲဆိုတာ တော်တော်လေး အကြပ်ရိုက်နေကြပြီဆိုတာ ကြားကြားနေရတယ်။ ဒါနဲ့ပဲ ကိုယ့်အိမ်ကထွက်တဲ့ အမှိုက်တွေကို တတ်နိုင်သလောက် နဲနဲပဲထွက်ဖို့၊ မြေဩဇာဖြစ်အောင်လုပ်လို့ရတာတွေကို မြေဩဇာပြန်လုပ်ဖို့ စီစဉ်ရပါဦးမယ်၊ နောက်ပြီး ကိုယ် တကယ်မလိုတဲ့ ပစ္စည်းတွေ ထပ်မဝယ်ဖို့၊ ရှိတဲ့ ပစ္စည်းအဟောင်းတွေကိုအလွယ်တကူ လွှင့်မပစ်ပဲ ပြန်သုံးဖို့ ကြိုးစားရပါတယ်၊ ဈေးဝယ်ရင်လည်း အိတ်တွေ အထပ်ထပ်နဲ့ ထည့်ပေးတာတွေ မယူဖို့၊ တော်တော်နဲ့ မကျေပျက်နိုင်တဲ့ ကျွတ်ကျွတ်အိတ်တွေ မသုံးဖို့၊ ကိုယ့်အိတ်လေး တလုံးထားပြီး ဈေးဝယ်တိုင်းယူသွားဖို့ သတိထားရတယ်၊ ဈေးကိုလည်း ဖြစ်နိုင်ရင် ကိုယ်နဲ့ အနီးဆုံးနေရာက ဈေးကို သွားဝယ်ဖို့၊ အလုပ်သမားတွေကိုမတရားခိုင်းစေပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဆို မဝယ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိအမြဲပေးရပါတယ်၊

ဒါနဲ့ ကြုံတုန်း ပြောပြရဦးမယ်၊ ကျနော်က သံတို သံစတွေ ဝယ်တဲ့လှည်းတွေ့ရင် သိပ် စိတ်ဝင်စားတာ၊ လမ်းမှာတွေ့ရင် ကားပေါ်ကနေ ဘာတွေပါလည်း ဆိုပြီး တချက်တော့ လှမ်းကြည့်မိတယ်၊ ကိုယ်ကြိုက်တဲ့ ဟာလေးတွေပါရင် ဆင်းဝယ်လိုက်တာပဲ၊ တခါတလေ လမ်းမှာတွေ့တဲ့လှည်းနောက် နောက်ယောင်ခံလိုက်ပြီး သူတို့သွားသွင်းတဲ့ ဒိုင်ကို အရောက်သွားရသေးတယ်၊ တနေ့တော့ မိတ်ဆွေတွေနဲ့ လမ်းဘေးထမင်းဆိုင်တခုမှာ ထမင်းစားနေတုန်း ခပ်လှမ်းလှမ်းမှာ လက်တွန်းလှည်းတခု လာနေတယ်၊ တွန်းတဲ့သူက အဝေးကြီးထဲက ကိုယ့်ကို ကြည့်လာတာ၊ အနားရောက်တော့လည်း ကြည့်၊ ကျော်သွားတော့လည်း နောက်ပြန်လှည့်ကြည့်နဲ့၊ ကိုယ်ကတော့ သူကြည့်နေတာ မသိချင်ယောင် ဆောင်ထားတာပေါ့၊ အဝေးကြီးရောက်မှ ပြန်လှည့်လာပြီး ကျနော့်မျက်နှာကို လက်ညှိုးနဲ့ထိုးပြီး တွေ့ဘူးတယ်… တဲ့၊ ကျနော်လည်း အဲ့တော့မှ သူ့ကို ပြန်မှတ်မိသွားပြီး ကျနော် ဆိုင်လာဖူးတယ်လေ ဆိုတော့မှ ဘာတွေ ရှိကြောင်း ဘာညာပြောပြီး နှုတ်ဆက်ပြန်ထွက်သွားတယ်၊

ခြံထဲမှာတော့ သိပ်ယုယစရာ မလိုတဲ့အပင်လေးတွေ၊ ရေသိပ်လောင်းစရာ မလိုပဲ ပစ်ထားလို့ရတဲ့ အပင်လေးတွေ စိုက်ထားတယ်၊ လမ်းဘေးမှတွေ့နေကျ ပုဏ္ဏရိတ်၊ ခေါင်ရမ်း၊ တိုက်ပန်း၊ ထားဝယ်မှိုင်းနဲ့ ပဲပန်းတွေများတယ်၊ အပင်ကြီးတွေကတော့ နဂိုရှိပြီးသားအပင်တွေပါပဲ၊ တပင်မှ မခုတ်ဘူး၊ အိမ်ဆောက်နေတုန်းကဆို အပင်တွေကို ခုတ်တာ ထစ်တာ သံရိုက်တာတွေ မလုပ်ဖို့၊ အလကားနေရင်း အရွက်တွေကို မဆိတ်ဖို့ အလုပ်သမားတွေကို တောင်းပန် ထားရသေးတယ်၊ ပိုးကောင်လေးတွေနေဖို့ ခြုံပုတ်လေးတွေလည်း ထားရဦးမယ်၊ ပိုးကောင်လေးတွေက ကိုယ့်ခြံရဲ့ ဂေဟစနစ်ကို မျှတစေတယ်လေ၊ ပြီးတော့ ကိုယ့်အိပ်ခန်းနားမှာ မွှေးတဲ့အနံ့ရချင်လို့ အနံ့မွှေးတဲ့ပန်းပင်လေးတွေကို အိပ်ခန်းနားမှာ စုပြီးစိုက်ထားတယ်။ စကားဖြူ၊ စကားဝါ၊ စကားစိမ်း၊ စံပယ်၊ ဇီဇဝါ၊ ဇွန်၊ တတိုင်းမွှေး၊ အားလုံးသာ တခါတည်းပွင့်ရင်တော့ မတွေးဝံ့စရာဘဲ။

နောက်ပြီး ကျနော်က အိမ်ကို စရိတ်စက ကြီးကြီးနဲ့ အမြဲ သနေရမယ့်အိမ်မျိုး မဖြစ်စေချင်ဘူး။ အဲဒီအတွက် အိမ်ကို နှစ်တိုင်းနှစ်တိုင်း ဆေးပြန်သုတ်နေရတာ၊ သန့်ရှင်းရေးလုပ်ရ၊ ဂရုစိုက်ထိမ်းသိမ်းရတာ နည်းနိုင်သမျှ နည်းတဲ့အိမ်ဖြစ်အောင်လည်း စဉ်းစားရပါသေးတယ်၊ ဆေးခနခန မသုတ်ရအောင် အကောင်းဆုံးကတော့ အိမ်အပြင်နံရံမှာ နွယ်ပင်လေးတွေ တင်လိုက်တာပေါ့၊ စိမ်းစိုပြီး လှလည်းလှတယ်၊ နေအပူရှိန်နဲ့ မိုးရေကိုလည်း အကာအကွယ်ပေးတယ်။ အိမ်ထဲမှာကျတော့ နံရံတွေကို ထုံးရည်ကြည်ပဲ သုတ်ထားတာ၊ ထုံးကို ကော်နဲ့ရော၊ ရေကျဲကျဲနဲ့ စပ်ပြီး ပါးပါးလေး အထပ်ထပ် သုတ်ထားတာပါ၊ ထုံးက သဘာဝပစ္စည်းကိုအခြေခံတာဖြစ်လို့ ဓာတုပစ္စည်းတွေပါတဲ့ တခြားအိမ်သုတ်ဆေးတွေထက်စာရင် ကျန်းမာရေးအတွက် ပိုကောင်းတယ်၊ နောက် ထုံးက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ပေးလို့ ကိုယ့် အိမ်ခန်းထဲက လေလည်း သန့်စင်စေတယ်၊ ထုံးရဲ့ ဖြူတဲ့ အရောင်ကလည်း သိပ်ကြည့်ကောင်းတယ်၊

အိမ်အတွက်စဉ်းစားပြီးတဲ့အခါ ကိုယ်တွေရဲ့ နေနည်းထိုင်နည်း အကျင့်စရိုက်တွေကိုပါ သတိထားပြုပြင်ဖို့ ကြိုးစားရတယ်၊ နေ့စဉ်ကိစ္စတွေမှာ အမှုမဲ့အမှတ်မဲ့နဲ့ စွမ်းအင်နဲ့အရင်းအမြစ်တွေ ဖြုန်းတီးပစ်ရာ မရောက်အောင်၊ ကိုယ်လည်း သက်တောင့်သက်သာရှိပြီး ကျန်းမာရေးနဲ့လည်းညီညွတ်အောင် အတွက်ပါ၊ အဓိကကတော့ သဘာဝနဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားရတာပါဘဲ။ ကျနော်ဆို အရင်က အဲကွန်း သိပ်ကြိုက်တယ်၊ အခု ကိုယ့်ကိုယ်ကိုယ် ကျင့်ပြီးနေတာ အဲကွန်းမရှိပဲ တော်တော်နေလို့ ရသွားပြီ၊ အရင်တုံးက သွားတိုက်နေတုန်း ရေတွေဖွင့်ထားတတ်တာကနေ အခုဆို ရေပိတ်ဖို့သတိရသွားပြီ၊ အရင်က မီးခလုတ်တွေမှာ ပလပ်တွေ ပြန်ဖြုတ်လေ့မရှိဘဲ အမြဲထိုးထားတတ်ပေမဲ့ အခုဆို အားသွင်းပြီးတာနဲ့ ပလပ်တွေ အားလုံးဖြုတ်တတ်လာပြီ။ အစားအစာဆိုလည်း ဟိုးနိုင်ငံခြားကလာတဲ့ မာလကာသီးကို စားမယ့်အစား ကိုယ့်အနီးအနားဆိုင်လေးက မာလကာသီးကို စားပြီး ကျေနပ်တတ်လာပြီ၊

အိမ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ အဟောင်းလေးတွေပဲ ရှာစုထားတယ်၊ စုဖြစ်ရတဲ့အကြောင်းတွေထဲက တချက်က ပရိဘောဂ အဟောင်းရောင်းတဲ့ဆိုင်တွေကို ကျနော်တို့ မကြာမကြာရောက်တယ်၊ ပထမ တပတ် ကိုယ်ရောက်ခဲ့တဲ့ဆီမှာ တခန်းလုံးအပြည့် ပစ္စည်းတွေရှိပေမယ့် နောက်တပါတ်ရောက်ရင် အဲဒီ့ပစ္စည်းတွေ အားလုံးမရှိတော့ဘူး၊ ဘယ်ရောက်သွားလဲဆိုတော့ တဖက်နိုင်ငံကို ပို့လိုက်တာတဲ့၊ ကိုယ်တွေဆီမှာက ဒီလိုပစ္စည်းတွေဆို ဘယ်သူမှ စိတ်မဝင်စားကြဘူးလေ၊ အဲ့ဒီဆိုင်တွေမှာဆိုလည်း နိုင်ငံခြားသားနဲ့ သံရုံးကားတွေပဲ များတာ၊ အဲလို ပစ္စည်းတွေ ပါပါသွားတာကို နှမျောလို့ နောက်ပိုင်း ကိုယ်တတ်နိုင်တဲ့ ပရိဘောဂအဟောင်းတွေဆို စု စု ထားဖြစ်တာ၊ ကျနော်တို့စုတဲ့ပစ္စည်းအဟာင်းဆိုတာ antique ရှေးဟောင်းပစ္စည်းကို ပြောတာ မဟုတ်ပါဘူး၊ သူများသုံးပြီးသား ပစ္စည်းတွေကိုပြောတာပါ၊

ကျနော် စာလေးတခုဖတ်ဖူးတယ်၊ ပစ္စည်းအဟောင်းလေးတွေကို လွှင့်ပစ်ခြင်းအားဖြင့် အဆုံးသတ်လိုက်မယ့်အစား သူတို့ကို ဒုတိယဘဝလေး ပြန်ပေးလိုက်ပါတဲ့… ဟုတ်တယ်၊ ဟောင်းနွမ်းသွားလို့ ဒါမှမဟုတ် မလိုအပ်တော့လို့ စွန့်ပစ်ခံလိုက်ရတဲ့ ပစ္စည်းအဟောင်းတွေကို အသုံးဝင်သွားအာင် ပြန်ပြုပြင်ဖန်တီးပြီး အသုံးချကြည့်ရင် အတော် ပျော်စရာကောင်းမယ်၊ သံသေတ္တာအဟောင်းလေးက ထိုင်ခုံလေးအဖြစ် ဘဝပြောင်းသွားတယ်၊ ပြတင်းပေါက် အဟောင်းလေးက စားပွဲအဖြစ် ဘဝပြောင်းသွားတယ်၊ တာယာ အဟောင်းလေးက ရေတိုင်ကီအဖြစ် ဘဝပြောင်းသွားတယ်၊ ရေခဲသေတ္တာအောက်ကခံတဲ့ ထင်းရူးခုံလေးက နံရံပေါ်ကစင်အဖြစ် ဘဝပြောင်းသွားတယ်၊ ကြည်နူးစရာပဲနော်၊

သဘဝပတ်ဝန်းကျင်မထိခိုက်အောင်၊ စွမ်းအင်သုံးစွဲမှုလျှော့ချအောင် လုပ်တဲ့အခါ နေရာတိုင်းမှာ ပစ္စည်းဟောင်းတွေကိုသုံးနေစရာ မလိုပါဘူး၊ အထူးသဖြင့် မော်ဒယ်နိမ့်တဲ့ လျှပ်စစ်ပစ္စည်းမျိုးဆို ပိုစဉ်းစားရတာပေါ့။ ပန်ကာဆို မီးအားစားတဲ့ အရင်က သံဒလက်ပန်ကာတွေ သုံးမယ့်အစား မီးအားသက်သာတဲ့ နောက်ပေါ် DC type ပန်ကာအသစ်ကို သုံးတာက ပို သင့်လျော်တယ်၊ ကားဆိုလည်း ဆီစားပြီး မီးခိုးတွေ ထွက်နေတဲ့ ကားအဟောင်းကို စီးနေမယ့်အစား ပါတ်ဝန်းကျင်ကို မထိခိုက်တဲ့ ကားအသစ်ကိုစီးတာ ပိုကောင်းတာပေါ့၊

ကျနော်တို့အိမ်ကိုတော့ တတ်နိုင်သလောက် ကိုယ့်အိမ်ကြောင့် စွမ်းအင်တွေ အများကြီးမကုန်ဆုံးရအောင်၊ သဘာဝအရင်းအမြစ်တွေ မပျက်စီး မဆုံးရှုံးရအောင် ကြိုးစား တည်ဆောက်ထားပါတယ်၊ ဒီလိုဆောက်တဲ့အတွက် သဘာဝပါတ်ဝန်းကျင်ကို စောင့်ရှောက်ပြီးဖြစ်သလို ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုတယ်၊

ဒီလို သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတဲ့အိမ်မျိုး ဆောက်တော့ ဆောက်ချင်တယ်၊ ပစ္စည်းအဟောင်းတွေတော့ ပြန်မသုံးချင်ဘူးဆိုလဲ အဆင်ပြေအောင်လုပ်လို့ရပါတယ်။ ပစ္စည်းအသစ်တွေနဲ့ ဆောက်လို့ပေါ့၊ အဓိက က သဘာဝပတ်ဝန်းကျင်ကို ထိမ်းဖို့ပါ၊ ပစ္စည်း အသစ်တွေနဲ့ မီးတွေ ရေတွေ လောင်စာတွေကို ချွေတာတဲ့ အိမ်မျိုးလည်း ဆောက်လို့ရတာပဲ၊ ဒါပေမယ့် အဟောင်းတွေ ပြန်သုံးတာလောက်တော့ ချွေတာရာ မရောက်ဖူးပေါ့၊ ပြီးတော့ ဒါတွေကို အကုန်လုပ်ရမယ်လို့လည်း မဟုတ်ဘူး၊ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ချင်တာလေးတွေပဲ ရွေးလုပ်လို့လည်း ရပါတယ်၊ ဥပမာ ရေတော့ မလုပ်ချင်ဘူးဆို မလုပ်နဲ့ပေါ့၊ ဒီမှာကလည်း Eco Friendly ဖြစ်တဲ့ ပစ္စည်းတွေက သိပ်ခေတ်မစားသေးတော့ ရှာရတာ တော်တော်ခက်တယ်၊ ရတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရတာပဲ၊

အိမ်ဆောက်မှတင် မဟုတ်ပါဘူး၊ နေ့တိုင်းနေ့တိုင်း ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရအောင် အိမ်မှာ ဘယ်လိုနေထိုင်မယ်၊ ဘယ်လို ရုံးတက်မယ်၊ ဘယ်လို ဈေးဝယ်ထွက်မယ်၊ ဘယ်လို ခရီးသွားမယ် ဆိုတာတွေပါ ဂရုစိုက်ရပါဦးမယ်၊ အိမ်ဖြစ်ဖြစ်၊ တိုက်ခန်းဖြစ်ဖြစ်၊ ဆိုင်ဖြစ်ဖြစ်၊ ဟော်တယ်ဖြစ်ဖြစ်၊ ကြီးကြီးသေးသေး ဘာကိုမဆို ဘယ်သူမဆို အခုလိုလုပ်လို့ရပါတယ်၊ နိုင်ငံခြားမှာ ဒီလို ဟော်တယ်မျိုးဆို ရိုးရိုးဟော်တယ်တွေထက် ဈေးအများကြီး ပိုပေးမှ တည်းလို့ရတာပါတဲ့။ ဒါပေမယ့် ကျနော်တို့အိမ်ကို လာလယ်ရင်တာ့ ကော်ဖီပါ တိုက်ဦးမယ်၊ 🙂

စိတ်ပါလက်ပါနဲ့ အခုလို အရှည်ကြီး ဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်၊

 

7 comments

  • kai

    May 9, 2018 at 4:40 pm

    တိုတိုပဲရေးလိုက်တော့မယ်..။ တော်တော့်ကို ရှည်တာ… :k:

  • Shar Thet Man

    May 9, 2018 at 5:08 pm

    ဟုတ်ပါ့…

  • Thint Aye Yeik

    May 10, 2018 at 8:42 pm

    ကျနော်လည်း သူ့ကို အားကျပြီး အဲ့လို အိမ်ကလေးတစ်လုံးတောင်
    ဆောက်ချင်လာတယ်။
    ————-
    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပိုင်းမှာတော့
    ဆရာမဂျုးရဲ့ ချစ်သောမြို့/ချစ်သောနိုင်ငံ/ချစ်သောကမ္ဘာမြေနဲ့ အစိမ်းရောင်အမွှေအနှစ်..စတဲ့ စာအုပ်တွေကို
    ဖတ်ပြီးကတည်းက… ထိန်းသိမ်းရကောင်းမှန်း သိလာတာ။

    အများအတွက်ဆိုရင် အသေးအဖွဲလေးတွေဖြစ်နေတာလေးတွေက အစပေါ့…
    ဥပမာ.. သွားတိုက်နေတုန်း ပိုက်ထဲကနေ ရေ ကျမနေအောင်
    ပိတ်ပြီးမှ တိုက်တာမျိုး…
    အခန်းထဲ ဘယ်သူမှ ရှိမနေတော့ဘူးဆိုရင် ကိုယ်က နောက်ဆုံးမှ အခန်းထဲက ထွက်တာနဲ့ မီးတွေ ပိတ်တာမျိုး၊
    စီးတီးမတ်မှာ ဈေးဝယ်တိုင်း ကိုယ့်လက်နဲ့ ကြွပ်ကြွပ်အိပ် မလိုဘဲ ကိုင်သွားလို့ ရတာတွေ…
    ကိုယ့် အိတ်ထဲကိုယ် ထည့်သွားလို့ ရတာတွေဆိုရင်… ကြွပ်ကြွပ်အိတ်ကို ငြင်းလိုက်တာမျိုး…
    ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို နောက်ထပ် အသုံးဝင်မယ့်နေရာမှာ ပြန်သုံးတာမျိုး။
    ဥပမာ ကော်ဖီမှုန့် ပုလင်းထဲ ကော်ဖီကုန်သွားရင် ပုလင်းခွံကို လွှင့်မပစ်ဘဲ
    မီးဖိုချောင်သုံးပစ္စည်းလေးတွေ ထည့်တာမျိုး။
    ပုသိမ် ဟာလဝါ ထည့်တဲ့ ကော်ဗူးခွံလေးကအစ မပစ်ရက်ဘဲ
    ဆေးကြောပြီး….. စနွင်းမှုန့် ထည့် သုံးတာ။
    😆

    ကိုယ့်ထက် ငယ်တဲ့ အဆောင် အတူနေ လူငယ်လေးတွေကိုလည်း ပြောပြဖြစ်ပါရဲ့။
    ကမ္ဘာကြီးဆီကနေ ထုတ်ယူ သုံးစွဲလိုက်သမျှထဲ
    ကုန်သွားရင် ထပ်မရနိုင်တော့မယ့် သဘာဝ အရင်းအမြစ်တွေကို ချွေတာဖို့ အသိပညာပေးတာမျိုး
    (အဲ့လို အသိပညာပေးတဲ့အနေနဲ့ ပြောပြရင်…. လူငယ်တွေဟာ
    လုလုအောင်တို့ ဇွန်သဉ္ဇာကိုယ်လုံးအကြောင်း ပြောတာတို့လောက် သိပ် စိတ်မဝင်စားကြတာတော့ အမှန်ပဲ)
    :k:

    ပိုစ့်ကောင်းလေးကို ဖတ်ခွင့်ရအောင် ဝေမျှလာပေးတဲ့အတွက် ကျေးဇူးပါ ဒေါ်ခင်ဇော်
    😆

    • ဇီဇီ

      May 14, 2018 at 9:04 am

      ဒါမျိုးဆိုတာလည်း ယူတတ်မှ ရတာမျိုးဟ။
      (အပေါ်ဆုံးက မန့်ကြီးသာကြည့်ဒေါ့)
      ယူတတ်ပေမဲ့ တကိုယ်စာ မဆင်ခြင်နိုင်ရင် လည်း အလကားပဲ။
      သဘာဝတရားကြီးဟာ လစ်မစ်တက် ဖြစ်ကြောင်း သိသိလာပြီးနောက် သူက အဖိုးတန်တွေပေး
      လူတွေက သူ့ကိုပြန်ပေးတာ ပျက်စီးခြင်းတွေပဲရှိတယ်ဆိုတာ သဘောပေါက်လာပြီ။
      ကဘာ ပျက်တယ်ဆိုတာ ကဘာ ရဲ့ မျှချေ ပျက်သွားတာမျိုးနေမှာ။

  • aye.kk

    May 15, 2018 at 12:27 am

    ဇီဇီ
    ဇီဇီရေးတာဖတ်ပြီး
    မိဘတွေနဲ ့နေထိုင်ခဲ့မှုကိုပြန်ပြီးသတိရအောက်မေ့စေတယ်။
    အကျိုးရှိလှတဲ့postပါ။ လူငယ်တွေများများဖတ်စေချင်မိပါတယ်။
    အိမ်ဆိုတာ
    သေသပ်လှပစုစည်းထားတဲ့စကားလုံးလေးပါ။
    လှပတဲ့အိမ်ဆိုတာ
    တန်ဘိုးကြီးမြင့်စရာမလိုပါဘူး။
    ပစ္စည်း(ရုပ်ဝတ္ထု)တွေအပေါ်မှာတန်ဘိုးထားရှိတတ်ခြင်းပါဘဲ။
    တန်ဘိုးထားရှိတယ်ဆိုမှတော့စည်းကမ်းဆိုတာပြောစရာ(အထူး)မလိုတော့ဘူးပေါ့နော်။
    အိမ်ဆိုတာ
    ကျန်းမာရေးနဲ ့ညီညွှတ်မှုရှိအောင်ဆောက်လုပ်နေထိုင်ရမှာပါ။
    အန်တီပြောပြချင်ပါတယ်။အန်တီပြောပြတာကိုလည်း
    ရှေးရိုးစွဲအယူအဆရယ်လို ့မမြင်စေချင်ပါဘူး။
    အန်တီဖေဖေပေါ့နော်။
    ကျန်းမာရေးနဲ ့ညီညွှတ်မယ့်အစားအစာ,အာဟာရပြည့်ဝပြီး
    သန် ့ရှင်းလတ်ဆတ်မှုရှိမှကျွေးမွေးပါတယ်။
    ရာသီအလိုက်သင့်တင့်တဲ့အစားအသောက်စားသောက်တတ်ရအောင်
    ငယ်စဉ်ခလေးဘဝအရွယ်ထဲကပုံစံပေး၊ကျွေးမွေးမှုစနစ်တကျရှိခဲ့ပါတယ်။
    ပစ္စည်းတွေကိုင်တွယ်သုံးစွဲမှုအပေါ်မှာလည်း
    ဟောင်းရင်မသုံးတော့တာ၊လွှင့်ပစ်တာမျိုးမပြုလုပ်ခိုင်းခဲ့ဘူး။(သုံးစားလို ့မရတော့မှသာ)
    လွှင့်ပစ်ပါတယ်။
    အိမ်မှာမျက်စိအမြင်အေးစေပြီး၊စိတ်ကြည်နူးလန်းဆမ်းမှုအပြည့်အဝ
    ရရှိစေဘို ့ပန်းအလှပင်တွေစိုက်ပါတယ်။စိုက်တယ်ဆိုတာတောင်လမ်းဘေး(အလေ့ကျ)ပေါက်နေတဲ့
    ရွက်ကျပင်လိုအပင်တွေကို၊ကျောက်စရစ်တွေထည့်ပြီး၊ရေအမြဲရနေစေတဲ့
    ရေချိုးခန်းလိုနေရာမျိုးမှာအလှဆင်စိုက်ထားတာ(အမှတ်ရနေမိပါတယ်)။
    လမ်းဘေးတွေမှာအလွယ်အလေ့ကျပေါက်နေတတ်တဲ့ဒန်းပန်းတွေ၊လေးနာရီပန်းတွေ
    အိမ်ခြံရှေ့မှာစီစီရီရီလှနေအောင်စိုက်ပါတယ်။တကယ့်ရှားပါးတဲ့အဖိုးတန်ပန်းတွေ
    ကအစသူ ့နေရာနဲ ့သူအံဝင်ဂွင်ကျဖြစ်အောင်စိုက်ပျိုးထားတတ်အောင်သင်ပြပေးပါတယ်။
    ပန်းတွေစိုက်တယ်ဆိုတာတောင်၊အရိပ်ရပြီးလေကောင်းလေသန် ့ရရှိမှပွင့်တဲ့
    (၆)လအထိတာရှည်ကြာမြင့်စွာခံတဲ့ပန်း(၆)လပန်းအမည်ခံပေမယ်လို ့
    (၆)လအထိပြည့်ဝစွာတာရှည်ခံနိုင်ရည်ရှိတဲ့နေရာရွေးချယ်ပီးစိုက်ပျိုးထားရှိတတ်ရတာရှင်းပြဘူးပါတယ်။
    အကြောင်းအရာတစ်ခုကို သိနားလည်အောင်အရင်လေ့လာပြီးမှလုပ်ကိုင်တတ်စေအောင်သင်ပြပေးပါတယ်။
    အချိန်ကိုတန်ဘိုးထားလွန်းတာလက်တွေ ့ပါဘဲ။ အိမ်ရှေ့မှာရေမြောင်းဖောက်လုပ်ပြီး၊ရေဆသ်းရေလာကောင်းမှ
    လမ်းတွေမပျက်စီးမှာဆိုပီး၊အိမ်ရှေ့မှာရေမြောင်းဖောက်လုပ်ပေးထားပါတယ်။ ဒါပေမယ့်လည်း၊အိမ်ဘေးအိမ်တွေက
    ကိုယ့်အိမ်အရှေ့မှာရေမြောင်းဖောက်လုပ်ရမယ်ဆိုတဲ့အသိမရှိတော့၊ကိုယ်တစ်ဦးတည်းနဲ ့အလုပ်မဖြစ်တာသိရပြန်ပါတယ်။
    နားလည်မှုနိမ့်ပါးမှုဟာတစ်ပါးသူ(အခြားသူများအတွက်)လည်းဆင်းရဲစေတာကိုငယ်ထဲကသိမြင်ခံစားဘူုးပါတယ်။
    တာဝန်မယူတတ်မှုဟာလည်း ဆိုးရွားတဲ့ပြဿနာတစ်ခုပါဘဲ။(ကိုယ်တွေ ့ကြုံခံစားခဲ့ရဘူးလို ့ပါ)။
    အိမ်တစ်အိမ်ဆောက်လုပ်နေထိုင်မယ်ဆိုရင်တောင်၊ကျန်းမာရေးနဲ ့ညီညွှတ်မှုရှိပြီးဆောက်လုပ်နေထိုင်စေမှုဟာ
    လည်း၊အဓိကအချက်အချာအကျဆုံးဖြစ်တာကိုလည်းသိခဲ့ရပါတယ်။ အဖေကိုယ်တိုင်ကရှင်းပြထားဘူးလို ့ပါ။
    မိန်းကလေးဖြစ်ပေမယ့်အချက်အပြုတ်နဲ ့ပတ်သက်လာရင်လည်း၊အကျွမ်းတဝင်ရှိအောင်
    ငယ်စဉ်ထဲကစိတ်ကိုဆွဲဆောင်နိုင်တဲ့အထိသင်ပြပေးဘူးတာတွေအမှတ်ရနေမိပါတယ်။
    ရာသီအလိုက်နေတတ်,ထိုင်တတ်,စားတတ်အောင်သင်ပြလေ့ကျင့်ပေးခဲ့တာတွေဟာ
    ပြောပြရမယ်ဆို(တစ်ထောင့်တစ်ည)ပုံပြင်လိုပြောပြဆုံးမယ်မထင်ဘူး။
    ကျန်းမာရေးအတွက်လိုအပ်ချက်ကျတဲ့အဓိကသီးပင်တွေစိုက်ပျိုးထားပြီး၊သူ ့အချိန်နဲ ့သူ
    စနစ်တကျကျွေးမွေးခဲ့တာတွေဟာလည်း၊အိမ်ဆိုတဲ့လှပမှုတန်ဘိုးကိုပိုပြီးမြင့်တက်စေခဲ့ပါတယ်။
    ရုပ်ဝတ္ထုအရာမှန်သမျှပျက်စီးဟောင်းနွမ်းတတ်တာမှန်သော်လည်း၊
    ရုပ်ဝတ္ထုအရာမှန်သမျှ၊ ကိုယ်ကတန်ဘိုးထားရှိတတ်မှသာတန်ဘိုးသိမြင် အကျိုးရှိစေပါတယ်။
    အိမ်ဆိုတဲ့အလှအပဖြစ်စေနိုင်ပါတယ်။

  • ဦး လေး မန်း

    June 18, 2018 at 8:50 am

    တော်တော်လေးတော့ပြည့်စုံသားလိုက်လုပ်ဘို့တော့တော်တော်ကြိုးစားရအုံးမယ်၊

  • ဦးကြောင်ကြီး

    June 23, 2018 at 8:59 am

    ခင်ဇော်နတ်ကြောင် အင်းလျားကန်ဘောင်မှာ ထီးလေးကာပီး ခြစ်ပွဲဝံခဲ့နှာ အိမ်ထက်လုံခြုံနွေးထွေးခဲ့သယ်ရေ

Leave a Reply