ဒါလည်းပြီးသွားမှာပါ…
ဟိုတစ်လောက သင်တန်းမှာ ဆရာက ကိုယ့်ဘဝရဲ့ Best Time နဲ့ Worst Time (၅)
ခုစီကို အဖြစ်အပျက်၊ အသက်၊ ခုနှစ် အတိအကျတွေနဲ့ ချရေးခိုင်းတယ်။
This too will pass ဆိုတဲ့ စကားလေးကို အရမ်းကြိုက်လို့ ကိုယ့်ဘဝရဲ့ ဆောင်ပုဒ်အဖြစ် လက်ကိုင်ထားခဲ့တာ အဲဒီသင်တန်းမှာ သက်သေပါပဲ။
ကိုယ့်ရဲ့ အပျော်ဆုံးအချိန်တွေ၊ အခက်ခဲအပင်ပန်းဆုံး အချိန်တွေဟာ
အခုချိန်မှာ အဖြစ်အပျက်တစ်ခုထက် မပိုခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့
ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော အရာတွေ ဖြစ်ခဲ့တာပေါ့။
ငယ်ငယ်တုန်းက ကျောင်းတက်ရင် ကိုယ်တက်ရတဲ့အတန်းက စာတွေက အရမ်းခက်ပြီး
ပြီးခဲ့တဲ့နှစ်က စာတွေက လွယ်တယ်လို့ ထင်ခဲ့ကြဖူးတယ်မို့လား။ အဲဒီလိုပဲ
ကိုယ့်ထက် အတန်းကြီးတဲ့ အစ်ကိုအစ်မတွေ ကျက်နေတဲ့စာတွေက ကိုယ့်အတွက်တော့
ပိုပိုပြီး ခက်နေတာပေါ့။
ဘဝမှာလည်း ဒီလိုသဘောပါပဲ။ ဟိုးအရင်က ကြုံခဲ့ရတာတွေက လက်ရှိကြုံနေရတာနဲ့ယှဉ်ရင် အသေးအဖွဲတွေ ဖြစ်နေခဲ့တာပါပဲ။
အလုပ်စလုပ်တဲ့အချိန်တုန်းက အဖြစ်အပျက်တွေကို
လုပ်ဖော်ကိုင်ဖက်အဟောင်းတွေနဲ့ ပြန်တွေ့လို့ ပြောဖြစ်တော့ ဟာသတစ်ခုလို
ရယ်ရယ်မောမောနဲ့ ပြန်ပြောဖြစ်ခဲ့ကြပေမယ့်
တကယ်ကြုံတွေ့ခဲ့ရတဲ့အချိန်တုန်းကတော့ ညတိုင်းညတိုင်း
ကြိတ်ငိုနေခဲ့ရလောက်တဲ့အထိ ပင်ပန်းခက်ခဲခဲ့ရတာတွေပါ။
ဗုဒ္ဓရဲ့အဆုံးအမကတော့
လောကဓံကြုံ မဖြုံစမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ
တဲ့။
အင်္ဂလိပ်ဆိုရင်တော့ This too will pass ပေါ့။ ကောင်းတာပဲဖြစ်ဖြစ်၊
ဆိုးတာပဲဖြစ်ဖြစ် ဘယ်အရာမှ မတည်မြဲပါဘူး။ အချိန်တန်ရင် ပြီးသွားတာပါပဲ။
အဓိကက အကောင်းဆုံးလုပ်ဖို့ပဲ လိုတာပါ။ Do the best ပေါ့။
ဘဝဆိုတာ သင်ယူစရာမကုန်တဲ့ကျောင်း ဆိုရင် ကိုယ်သင်ယူတာ ၂ မျိုးရှိတယ်။
လုပ်သင့်တာ နဲ့ မလုပ်သင့်တာ။ ကိုယ်ကြုံခဲ့သမျှမှာ ကောင်းတာမှန်သမျှ
လုပ်သင့်တယ်ဆိုပြီး သင်ယူတယ်။ မကောင်းတာမှန်သမျှ မလုပ်သင့်ဘူးဆိုပြီး
သင်ယူတယ်။
နောက်တစ်ခုက လူတွေကို လူတွေလို့ မြင်မိအောင် ကြိုးစားတယ်။ လူတစ်ယောက်ရဲ့
ကောင်းခြင်း၊ ဆိုးခြင်းရဲ့ နောက်ကွယ်မှာ ဘာကြောင့်ဆိုတာကို မြင်အောင်
ကြည့်နိုင်ဖို့ ကြိုးစားတယ်။
ကိုယ့်ကိုယ်ကို ပြန်နားလည်အောင် ကြိုးစားရတာတောင် မလွယ်တာ သူများကို
နားလည်ပေးရတာ အရမ်းခက်တယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို မပူလောင်ဘဲ
ငြိမ်းချမ်းအောင် ထားဖို့က နားလည်ပေးတတ်ဖို့ လိုတယ်လေ။
တစ်ခါတစ်ခါ ရယ်တော့ရယ်ရသား။ စိတ်ထဲက ခံယူချက်တွေက အရေးအကြောင်းဆို
မေ့သွားပြီး စိတ်အလိုအတို်င်း လိုက်လုပ်မိပြန်ရော။ ဒါကြောင့် စိတ်ထဲမှာတင်
မထားတော့ဘဲ လက်က ချရေးမိသွားခဲ့တယ်လေ။
5 comments
ဦးဦးပါလေရာ
October 27, 2018 at 11:17 pm
ဘဝတစ်လျှောက် အရွယ်အမျိုးမျိုးမှာ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ဘူးတယ်
အခုလဲ ကြုံနေရဆဲပဲ…
ဒါပေမယ့် အခက်အခဲကို ရင်ဆိုင်နိုင်တာချင်းတော့ မတူဘူး
အခုအသက်ပိုင်းမှာတော့ တွေ့ရတဲ့အခက်အခဲတွေကို
မျက်နှာချင်းဆိုင် တည့်တည့်စိုက်ကြည့်မိလာတယ်
ပြီးတော့ ခေါင်းညိတ်ပြီး တစ်ခုခုကို စိတ်စကားနဲ့ ပြောဖြစ်တယ်
အဲ့ စိတ်စကားကို မြန်မာလိုတော့ မပြန်တတ်ဘူး
အင်္ဂလိပ်လိုပြန်ကြည့်ရင်တော့…
OK …
လုံမလေးမွန်မွန်
October 27, 2018 at 11:29 pm
မြန်မာလိုဆို ရပါတယ်..များ ဖြစ်မလား..
kai
October 28, 2018 at 3:14 am
That Three will pass too.
Shar Thet Man
October 29, 2018 at 11:46 am
yes!!!!
Thint Aye Yeik
November 3, 2018 at 5:01 pm
မွန်မလေးလုံလုံဟာ
အတိတ်ရဲ့အကျဉ်းသား အဖြစ်မခံတဲ့သူ
ရယ်လို့
ကျနော်
မှတ်ချက်ပြုထားတဲ့ fri ပါ
ဒီစာကို ဖတ်ပြီးချိန်မှာ
ပို သေချာသွားတယ် ဆိုပါစို့