မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ ဒီဇင်ဘာ

kaiDecember 20, 20221min91690

မျက်မှောက်ခေတ် စူပါပါဝါ ၁နှင့်၂နိုင်ငံတို့ကိုကြည့်သုံးသပ်လျှင် လာမည့်၂၀၂၃သည် ကမ္ဘာ့စီးပွားရေး တိုးကောင်းလာရန်မရှိသလို ယူကရိန်း-ရုရှား၊ ချိုင်းနား-အနောက်နိုင်ငံများ စစ်ရေး/ရန်စောင်မှုတို့မှာလည်း ဆက်၍တင်းမာနေနိုင်သည့်အခြေအနေတွင်ရှိ၏။
ထိုင်ဝမ်အရေးတွင် အမေရိကားနှင့်ချိုင်းနားသမ္မတတို့ လူချင်းတွေ့၍ စစ်ရေးထိပ်တိုက်ရှောင်ကျဥ်ကြမည့်ဟန် စကားပြောခဲ့သော်ငြား ထိုနောက်ပိုင်းချိုင်းနားသည် ဇီးရိုး-ကိုဗစ်ပေါ်လစီအကြောင်းပြ သမ္မတရှီ၏အုပ်ချုပ်မှုအာဏာထိခိုက်စေသည့်ဆန္ဒပြမှုများ ရှိလာသည်။ ကိုဗစ်ပေါ်လစီကိုလျှော့ပေးလိုက်သော်လည်း ကိုဗစ်သည်နိုင်ငံလုံးသို့ ပြန့်နှံ့နေခဲ့ပြီးဟန်တူသည်။ ၂၀၂၃တွင် လူသန်းဂဏန်းသေမည်ဟုပင် IHME မှတွက်ချက်ဆိုလာပေရာ ကိုဗစ်မူလနိုင်ငံမှထိုအခြေအနေတွင် ကျန်ကမ္ဘာကားမည်သို့ဖြစ်ကြမည်မသိနိုင်သေး။
သေချာသည်မှာ ကမ္ဘာ့စက်ရုံကြီးဖြစ်သော ချိုင်းနားထိလျှင်ကမ္ဘာလုံး၏ ကုန်စည်စီးဆင်းမှုပျက်/ပြတ်မည်ဖြစ်၍ စီးပွားကျဆင်းမှုနှင့်ကြုံကြရမည်။ သန်း၈၀၀၀ကျော်သွားသောကမ္ဘာ့သူသားများ ငွေကြေးဖောင်းပွမှုကိုဆက်၍ခံကြရမည်။
ချိုင်းနားပြည်၏စီးပွားရေးသည် ၂၀၃၀နောက်ပိုင်းတွင်မှ အမေရိကားကိုကျော်နိုင်ချေရှိသည်ဆိုကြသလို ၂၀၆၀ထိပင်ရွေ့ကြသည်လည်းရှိနေ၏။ အမေရိကားမှတက်လာခြင်းမဟုတ် ချိုင်းနားမှအတက်နှေး/ကျသွားခြင်းကြောင့်သာဖြစ်၍ ကမ္ဘာ့စီးပွားရေးခြုံငုံလျှင်ကောင်းလာရန်မမြင်။
စီးပွားကျလျင် လူသားဟူသည်အုပ်ချုပ်သူအစိုးရကို ကလိမ်းဘလိမ်းလေရာ ထိုအခြေအနေမဖြစ်အောင်ချိုင်းနားသည် လူထုကိုအာရုံပြောင်း ပြည်ပနှင့် စစ်ရေးတင်းမာမှုများပြုရစကောင်းသည်။ သို့ဆိုလျှင် ထိုင်ဝမ်အရေး၊ တောင်ချိုင်းနားပင်လယ်အရေး/နယ်မြေပိုင်ဆိုင်မှု၊ အိန္ဒိယပြည်နှင့်နယ်စပ်အရေး၊ ပါကစ္စတန်ပြည်တွင်းပါတ်သက်မှု၊ အမေရိကားနှင့်ကုန်သွယ်စီးပွားစစ်၊ စက်မှုနိုင်ငံများနှင့် ချစ်ပ်စစ်၊ မြောက်ကိုရီးယားရန်စမှု စသည့်လက်ရှိဖြစ်ပြီးတန်းလန်းများမှ တဆင့်မြှင့်လာမည်ပါ။

ယူကရိန်းသမ္မတဇာလန်စကီးကို ၂၀၂၂တိုင်းမ်မဂ္ဂဇင်း၏နှစ်ရှင်အဖြစ်ရွေးချယ်လိုက်သည်။ အမေရိကားကွန်ဂရက်သို့ပင်ကိုယ်တိုင်ရောက်လာမည့် ဇာလန်စကီးကိုကြည့်၍ ယူကရိန်းတွင်အမေရိကား၏ပါဝင်ပါတ်သက်မှု အတိုင်းအတာကိုသိသာသည်။
ရုရှား-ယူကရိန်းစစ်မှာလည်း လိပ်ခဲတည်းလည်းနှင့်နှစ်ချီကြာသွားမည့် အရိပ်စကားပြောလာကြပြီ။ ဟုတ်ပါသည်။ အင်အားသိန်းချီတပ်ကြီးနှင့်ရင်ဆိုင်ရာတွင် ဘေးဘီအကူအညီများပါလာပါက အဘယ်မှာလျှင် အပြီးမြန်နိုင်ပါမည်နည်း။ ထိုစစ်သည် ငွေကြေးဘီလီယံရာချီထောက်ပံ့နေသော အမေရိကားအပေါ်တွင်လုံးဝတည်မှီနေပါသည်။ ရေနံ၊ဓာတ်ငွေအကျိုးအမြတ်နှင့် နေတိုးစည်းလုံးမှုရလိုက်သော အမေရိကားသည် ထိုစစ်ကိုအလွယ်စွန့်မည့်သဘောကားမရှိချေ။ ယူကရိန်းနီးယန်းစစ်ပြေးများကား ၈သန်းနီးပါးရှိလေပြီ။

အမေရိကား၏ပြည်တွင်းနိုင်ငံရေးမှာလည်း ၂၁ရာစုအတွင်းမတည်ငြိမ်ဆုံးရက်/လများပါ။ သမ္မတဟောင်းထရမ့်ကို တရားရေးဌာနမှတရားစွဲ ရာဇဝတ်မှုနှင့်အရေးယူနိုင်မည့်အခြေအနေများပြင်ဆင်လာသည်ကိုတွေ့ကြရမည်။ သမ္မတဟောင်းတဦးကို ကွန်ဂရက်၏ကော်မတီမှ အရေးယူစေခိုင်းခြင်းသည်လည်း သမိုင်းတွင်ပထမဆုံးပါ။ တရားစွဲအမှုပေါင်း၄၀၅၀ရှင်သမ္မဟောင်းထရမ့်သည် ပြီးခဲ့သော ၇နှစ်တွင် လူကြိုက်များမှု အနိမ့်ဆုံးရောက်ရှိနေသော်လည်း အမေရိကန်ကွန်ဆာဗေးတစ်နှင့် လူဖြူအစွန်းရောက်များ၏အမာခံ ဖြစ်နေဆဲတည်း။ ဖိလွန်းလျှင်ကြွ/ချောင်ပိတ်ရိုက်လျှင်ပြန်ကိုက်ရသည့်ထုံးစံထား ပြည်တွင်းပဋိပက္ခမစ,ဟုမည်သူမျှ တတ်အပ်မဆိုနိုင်၊

FTX CEOဟောင်း ဆမ်ဘန့်ခ်မန်း ဖရိုင်းမှ နိုင်ငံရေးအလှူငွေများပေးခဲ့ရာ မီဒီယာအချို့တွက်ချက်မှုများအရ ဒီမိုကရက်တစ်နိုင်ငံရေးသမားများသို့ ဒေါ်လာသန်း၄၀နီးပါးပေးလှုခဲ့၍ ရီပါ့ဗလစ်ကန်သို့ ၂သိန်းကျော်သာရှိသည်။ အခြားFTX အမှုဆောင်အရာရှိတဦးမှာမူ ၁၇သန်းကို GOPအုပ်စုသို့ လှူသည်ဟု ကျေညာထားသည်။ ခရစ်တို၏ဘုရင်ဟုတင်စားခံ ဖရိုင်းသည် သူအားယုံကြည်အပ်နှံထားသောသုံးစွဲသူတို့ငွေကြေးကို ကိုယ်ကျိုးစီးပွားအတွက်အသုံးပြုခဲ့သည်။ ထိုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ထားပြီး သူနေထိုင်ရာ ဘဟားမားရဲတပ်ဖွဲ့မှလည်းဖမ်းဆီးထားပြီးဖြစ်၏၊ အမေရိကားသို့လွှဲပြောင်းရန်လည်းသဘောတူထားပြီးဖြစ်လေရာ ဖရိုင်းသည် တရားဥပဒေကိုရင်ဆိုင်ရပေမည်။ ဤဖြစ်ရပ်သည် ခရစ်တိုကာရမ်စီလောကကိုကြီးစွာရိုက်ခတ်မည်ဖြစ်ပါသည်။ ယခုပင်လျှင် ၂နှစ်အတွင်းအနိမ့်ဆုံးဖြစ်နေပေရာ ခရစ်တိုသုံးသော မြေအောက်ကမ္ဘာမှာ ဗရမ်းဗတာဖြစ်နေမည်မလွဲပေ။

“လှုပ်နှိုးခံ ဂျပန်”
မြောက်ကိုရီးယားသည် သူ၏ဒုံးလက်နက်များကို အကြိမ်ကြိမ်စမ်းသပ်ပစ်လွှတ်နေရာ အမေရိကပြည်မသို့ပင်ထိရောက်ပစ်ခတ်နိုင်စွမ်းရှိနေပြီဟုဆိုကြသည်။ ဂျပန်ပြည်ကိုဟိုမှသည်မှကျော်၍လည်းပစ်ခတ်ပြသည်။
အီရန်တို့မှ နှူကလီးယားလက်နက်ရသွားမည်ကိုစိုးရိမ်ပိတ်စို့ခဲ့သော အမေရိကားနှင့်ဥရောပ အစ္စရေးတို့သည် အာရှကိုပစ်ထားခဲ့သည်မှ ထိုအခြေအနေဆိုက်ကုန်သည်ဖြစ်၏။ ယခုသမ္မတဘိုင်ဒင်၏နိုင်ငံခြားရေးပေါ်လစီအရ အင်ဒို-ပစိဖိတ်သည် ဦးစားပေးအဆင့်တွင်ရောက်နေလေပြီ။
စစ်ရေးအရ အကြိမ်ကြိမ်စော်ကားခံရသည်ဟု ထင်မြင်လာကြသောဂျပန်လူထု၏သဘောတူညီမှုကိုယူ၍ အမေရိကားထောက်ပို့မှုဖြင့် ဂျပန်ပြည်သည် သူ၏ကာကွယ်ရေးအသုံးစရိပ်ကို နှစ်ဆတင်၍ တိုင်းပြည်စီးပွားရေးပမာဏ၏မူလ၁% မှ ၂% ဘက်ဂျက်သို့တိုးမြှင့်မည်ဆိုလာသည်။
သမိုင်းပြန်ကြည့်ပါ။
တိုကုဂါဝါ ရှိုဂွန်နတဲခေတ် ၁၈၆၂၌ အနောက်နိုင်ငံများ၏ယဥ်ကျေးမှုဓလေ့နှင့်စီးပွားရေးများကိုလေ့လာရန် သံတမန်အုပ်စုကြီးကို ဥရောပသို့ စလွှတ်ခဲ့သည်မှစ၍ အင်အားရှိစက်မှုနိုင်ငံအဖြစ်သို့ခြေလှမ်းခဲ့သည်။ မဲဂျီခေတ်ပြုပြင်ပြောင်းလဲရေးများဖြင့် ဖွင့်လှစ်လိုက်သော ဂျပန်ပြည်သည် ပြတ်သား သစ္စာထားသောဆာမူရိုင်းစိတ်ဓာတ်တွင် လွတ်လပ်စွာတွေးခေါ်ရေးနှင့် ခေတ်မှီပညာရေးကိုဗဟိုပြုကာ ရှေးဓလေ့ထုံးတမ်းဟောင်း/မိရိုးဖလာယဥ်ကျေးများကို ရဲရင့်စွာစွန့်ခဲ့သူများပါ။ ကီမိုနိုကိုဆွဲချွတ်၍ နှစ်ရာချီရှေ့ရောက်ပြီးသော အနောက်နိုင်ငံတို့ကို ကော်ပီယူလိုက်သော ဂျပန်လူမျိုးတို့သည် ထိုစဥ်မှစ အာရှ၏အင်အားအကြီးဆုံးဖြစ်ခဲ့လေသည်။ ဒုတိယကမ္ဘာစစ်ကြီးစဖြစ်ရာ ဂျာမန်တို့ပိုလန်သိမ်းသည့် စက်တင်ဘာ ၁၊ ၁၉၃၉ ထက်စော၍ ၁၉၃၁ စက်တင်ဘာတွင် မန်ချူးရီးယား၊ ၁၉၃၇တွင်ချိုင်းနားကိုတိုက်/သိမ်းနေခဲ့သည်မှာ ဖက်ဆစ်ဂျပန်တို့ဖြစ်ပါသည်။
ထိုမှ ယခုအာစီယံ နိုင်ငံအားလုံးလိုလိုကို သိမ်းပိုက်ခဲ့သူများပါ။ ကမ္ဘာ့ဒုတိယစီးပွားအင်အားအကြီးဆုံးထိရောက်ခဲ့သော ဂျပန်တို့သည် ယခု ၂၁ရာစုတွင်တော့ သူသိမ်းခဲ့ဖူးသောနိုင်ငံများမှ ခြိမ်းခြောက်ခံရပြီးဟု ယူဆကာ ကာပြန်လေပြီ။ လှုပ်နှိုးခံ ဂျပန်သည် ကမ္ဘာ့အနာဂတ် အထူးသဖြင့် အာရှအတွက်ကောင်းသော အလားအလာကားမဟုတ်။
၂၀၂၂နှစ်ကိုဂျပန်တို့ဓလေ့အရ မှတ်တမ်းတင်ဆုံးဖြတ်ရာတွင် “sen” (戦)”စစ်” ဟုဆိုလိုက်ပါသည်။

“အမျိုး၊ဘာသာ၊သာသနာ(သို့)အဆိုး၊လာမှာ၊အသေအချာ”
ကမ္ဘာဖလားဘောလုံးပွဲကို ကာတာနိုင်ငံ၌နိုဝင်ဘာ ၂၀မှဒီဇင်ဘာ၁၈ထိကျင်းပခဲ့သည်။
နောက်ဆုံးဗိုလ်လုပွဲတွင် အာဂျင်တီးနားနှင့် ပြင်သစ်တို့တွေ့ကြရာ အာဂျင်တီးနားနိုင်သည်။
ပြင်သစ်သမ္မတကိုယ်တိုင်တက်ရောက်အားပေးသည်ကိုတွေ့ရသော်လည်း ပြင်သစ်အသင်းဝင် ပေါင်း ၂၃ဦးတွင် ၁၂ဦးမှာ အခြား၉နိုင်ငံ၏မျိုးဆက်များဖြစ်ပါတည်။ နောက်ကြောင်းလိုက်ကြည့်ရာတွင် နာမည်ကျော် ကီလီယန် မ္ဘာ့ပေအပါအဝင် အများစုတို့မှာ ပြင်သစ်ကိုလိုနီဟောင်းနိုင်ငံများ၏မျိုးဆက်များနှင့် ပြင်သစ်ပြည်သို့ပြောင်းခိုလာသူတို့၏ သား/မြေးအများစုဖြစ်နေသည်ကိုတွေ့ရမည်။
ကမ္ဘာ့ရွေဘောလုံးဆုရှင် လီယိုနယ်မက်ဆီသည်လည်း အီတာလီယံဇာတိနွယ်ဖြစ်ကာ (အာဂျင်တိုင်း-စပန်းနစ်-အီတာလီယံ) ၃နိုင်ငံသားရယ်ပါ။
ယူကေတွင်လည်း ဝန်ကြီးချုပ်ရာထူးကို အိန္ဒိယန်းမိဘနှစ်ပါးမှမွေးဖွားသူ ဟိန္ဒူဘာသာဝင် ရရှီစုနာခ်အောက်တိုဘာမှစ, အုပ်ချုပ်နေသည်ကိုတွေ့ရမည်။ လက်ရှိအမေရိကပြည်ထောင်စု၏ ဒုတိယသမ္မတသည်လည်း အိန္ဒိယန်းမိခင်နှင့် ဂျမေကန်လူမည်းဖခင်၏သမီး ကင်မလာဟဲရစ်ဖြစ်ပါသည်။
ယခုနှစ်၏ ကမ္ဘာ့သြဇာရှင်ဖြစ်သော အီလွန်မတ်စ်သည် တောင်အာဖရိကနိုင်ငံဖွား (တောင်အာဖရိကန်-ကနေဒီယန်-အမေရိကန်) ၃နိုင်ငံသားဖြစ်ပါသည်။ ဘီလီယံရာချီသော ခရစ်တိုကာရမ်စီလောက၏ သြဇာရှင်များတွင် ဘူတာရင်(ရုရှန်း-ကနေဒီယန်-မွန်တီနီဂရင်)နှင့်ချိုင်းနီးစ်ဇာတိနွယ် ချန်ပန်ဇောင်(ချိုင်းနားမွေး ကနေဒီယန်)တို့ပါသည်။
ကမ္ဘာသည် ပညာ/ငွေကြေးဗဟိုပြုလျှက် လူရွေးဆုံးဖြတ်ခေါင်းဆောင်တင်လျှက်ရှိကြပြီ။

“ရှေ့နောက်မညီ မြန်မာပြည်”
လူမျိုးခြားများအားအကြံပေးအဖြစ်ခန့်ထားခြင်း၊ နိုင်ငံတော်လုံခြုံရေးလျှို့ဝှက်ချက်များပေါက်ကြားခြင်းတို့ဖြင့် အင်္ဂလိပ်ကိုလိုနီလက်ထက် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် လူထုရွေးကောက်ခံ နိုင်ငံရေးသမားခေါင်းဆောင်များကို တရားစွဲဖမ်းချုပ်ထားသော မြန်မာတပ်မတော်၏ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏စစ်လက်နက် တပ်အင်အားများအပါအဝင် တပ်အရာရှိသစ်တို့ကို အခြားတပါးနိုင်ငံရုရှားသို့ ထိုးအပ်နေသည်၌ကား အဆင်ပြေကြပုံပေါ်သည်။ ကွန်မြူနစ်ချိုင်းနားထုတ် အိုင်တီ/ဆက်သွယ်ရေးပစ္စည်းများကို တိုင်းပြည်အင်ဖရာစရပ်ခြာတွင် အဓိကထားသုံးလျှက်မှ နိုင်ငံ‌တော်၏လုံခြုံရေးဟု တွင်တွင်ပြောနေခြင်းသည် ၂၁ရာစုတွင် အိုင်တီနည်းပညာမြင့် ပညာရှင်ဟက်ကာများအတွက် ရီစရာမဖြစ်သလော။
ဤသို့သောခေတ်တွင် အမျိုး၊ဘာသာ၊သာသနာနှင့်ကိုလိုနီခေတ် အိုင်ဒီယာတို့ လိုသေးသလော။ တိုင်းရင်းသား ၁၃၅မျိုးသတ်မှတ်လျှက်မှ အမျိုးသည် ဘယ်လူမျိုးနည်း။ ဗမာချည်းသာလော။ ဘာသာသည် မည်သည့်ဘာသာစကားနည်း။ ဗမာစာသည် တို့စာလော။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်၍အခြားလေဆိပ်ဆိုက်လျှင် ဗမာလိုပြောဆိုသုံးနှုန်း၍ရပါသလော။ ထေရဝါဒသာသနာသည် မြန်မာ့မူလလော၊ တိုင်းရင်းသားအများစုတို့၏ခရစ်ယန်သာသနာမည်သို့နည်း၊ ကိုလိုနီမိတ်ဖက်နိုင်ငံအိန္ဒိယ၏ဟိန္ဒူနှင့် အစ္စလမ် ဘယ်မှာနည်း၊ ယုတ်စွ မူလနတ်ကိုးကွယ်မှုဓလေ့ထုံးတမ်း ပစ်ပယ်နိုင်သလော။
ကိုယ့်မဘသကို နိုင်ငံရေးရာစုစည်းမှုတွင် သုံး၍ထိရောက်သည်ထင်ပါလျှင်လည်း ရေပွက်ပမာ ခဏတာပါ။ ကိုယ့်လူထု၏ အသိသညာရေချိန်ကို ကိုယ်တိုင်ကဆွဲချ တိုင်းပြည်အနာဂတ်ဖျက်ဆီးပစ်ရာရောက်စေပါသည်။
၂၀၂၃တွင် ပညာရေးကိုအဓိကထား၊ သူတပါး၏မဘသကိုလေးစားအသိအမှတ်ပြုသော နိုင်ငံအဖြစ်မြင်ရလို၏။