ကိုယ်ပိုင်စာကြည့်တိုက်လေး ထူထောင်ရအောင် ၉ Let’s Start Our Own Library 9

kaiJanuary 18, 20233min88700
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီး အခါမျိုးမှာ လူတိုင်းလိုလို အတိတ်ကို သတိရတတ်ကြပါတယ်။ Thanksgiving ကိုလည်း မကြာသေးခင်ကဘဲ ကျင်းပထားတော့ အတိတ်က မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့သူများဖြစ်တဲ့ ဆရာ၊ ဆရာမများကို အထူးသတိရမိပါတယ်။ ဒါကြောင့်မို့ ယခုလမှာတော့ ဆရာဆရာမများအကြောင်း ရေးသားထားတဲ့ စာအုပ်ကောင်းလေးများကို ဖော်ပြလိုပါတယ်။
ဦးစွာပထမ စာရေးဆရာကြီး James Hilton ရဲ့ Goodbye, Mr. Chips ဆိုတဲ့စာအုပ်လေးပါ။ သာမန်ဆရာလေးတယောက် ဖြစ်တဲ့ Mr. Chipping ရဲ့ အေးချမ်းတဲ့ဘဝ၊ ရိုးသားတဲ့ဘဝလေးနဲ့၊ ဆရာကောင်းတယောက်ရဲ့ တပည့်များအပေါ်ထားတဲ့ ဖြူစင်သန့်ရှင်းလှတဲ့ မေတ္တာကို လှပစွာ သရုပ်ဖော်ထားတဲ့စာအုပ်လေးမို့ ဒီ Goodbye, Mr. Chips စာအုပ်လေးကို အားလုံး ဖတ်ဖြစ်အောင်ဖတ်ကြပါ။ ဝယ်ယူသိမ်းဆည်းထားကြပါလို့ တိုက်တွန်းလိုပါတယ်။
မိမိရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးမှာ ဝယ်ယူသိမ်းဆည်းထားသင့်တဲ့ ဒုတိယစာအုပ်လေးကတော့ အမေရိကန် စာရေးဆရာ Mich Albom ရဲ့ Tuesday with Morrie ဆိုတဲ့စာအုပ်လေးပါ။ Mich Albom ရဲ့ ကျောင်းသားဘဝမှာ ၎င်းရဲ့ sociology professor ဖြစ်ခဲ့သူ Morrie Schwartz ရဲ့ တကယ့် အဖြစ်အပျက်ကို အခြေခံထားတဲ့ စာအုပ်လေးပါ။ professor Morrie Schwartz ဟာ ဦးနှောက်ကို ထိခိုက်စေတဲ့၊ ကုသလို့မရတော့တဲ့ ALS. ရောဂါ ဖြစ်နေပြီး သေမင်းကို မကြာခင် ရင်ဆိုင်ရတော့မယ်ဆိုတာ သိနေချိန်မှာ တပည့်ဟောင်း Mitch က မကြာခဏ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဆရာတပည့် နှစ်ယောက်တို့ရဲ့ အပြန်အလှန် ပြောဆိုဝေဖန်ခြင်းများကို အခြေခံပြီး ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ မှတ်သားစရာအပြည့်ပါ။ Schwartz က တပည့်ဟောင်းလေးကို တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာများ ပို့ချသွားသလိုပါဘဲ။ ဒီသင်ခန်းစာလေးတွေကို တပည့်ကလည်း အများပြည်သူကို ပြန်လည် ဖောက်သည်ချထားတဲ့ စာအုပ်လေးဆို မမှားပါဘူး။ ဆရာစိတ်ထား အပြည့်အဝရှိတဲ့ ပညာရှင်တယောက်ရဲ့ နောက်ဆုံး ဟောပြောချက်များ၊ ညွှန်ကြားချက်များလို့လည်း ယူဆနိုင်ပါတယ်။ ဒီစာအုပ်လေး ဖတ်ရှုရတိုင်း ကျေးဇူးဆပ်လို့ မကုန်နိုင်တဲ့ ဆရာ၊ ဆရာမကြီးများကို အထူးသတိရ ကန်တော့မိပါတယ်။ Tuesday with Morrie ဆိုတဲ့စာအုပ်လေးကို မိမိရဲ့ ကိုယ်ပိုင်စာကြည့်တိုက်မှာ ဂုဏ်ယူဝင့်ကြွားစွာ တနေရာ ပေးထားသင့်ပါတယ်။
တတိယ ဖော်ပြလိုတဲ့ စာအုပ်လေးကတော့ စာရေးဆရာ Randy Pausch နှင့် Jeffrey Zaslow တို့ရဲ့ The Last Lecture ဆိုတဲ့ စာအုပ်လေးပါ။ ကမ္ဘာပေါ်က တက္ကသိုလ်တော်တော်များများမှာ Professor တွေကို နောက်ဆုံးပို့ချတဲ့ Lecture အနေနဲ့ မှာကြားချင်တာလေးတွေ၊ ပညာပေးချင်တာလေးတွေ ပေးခွင့်ရအောင် အခွင့်အရေးပေးတဲ့ ထုံးတမ်းအစဉ်အလာလေး ရှိပါတယ်။ ဒီ The Last Lecture ဆိုတဲ့ စာအုပ်လေးမှာတော့ မကြာခင်မှာ ရောဂါကြောင့် သေချာပေါက် သေရတော့မယ်ဆိုတာ သိနေတဲ့ Professor  တယောက်ရဲ့ နောက်ဆုံး သင်ကြားပို့ချပေးတဲ့ Lecture လေးကို အသားပေးဖော်ပြထားပါတယ်။ စာမျက်နှာတိုင်းမှာ မှတ်သားစရာလေးတွေ၊ ကြေကွဲစရာလေးတွေ အပြည့်ပါ။ ဒီစာအုပ်လေးကို critic တယောက်က ယခုလို ဖော်ပြထားပါတယ်။

A lot of Professors give talks titled The Last Lecture. Professors are asked to consider their demise and to ruminate on what matters most to them: What wisdom would we impart to the world if we knew it was our last chance? If we had to vanish tomorrow, what would we want as our legacy?
ဝမ်းနည်း ကျေကွဲစရာစာအုပ်လေးများအပြင် စိတ်ဓာတ်ပြည့်ဖြိုးလာစေမဲ့ စာအုပ်လေးများကိုလည်း ဖော်ပြပေးလိုပါတယ်။
Helen Keller ကို မကြားဘူးသူ ရှိမယ် မထင်ပါ။ Helen Keller ဟာ ငယ်ရွယ်စဉ်က ရောဂါဖြစ်ပြီး မျက်မမြင်ဘဝကို ရောက်သွားခဲ့ပါတယ်။ မျက်မမြင် ဘဝမှာ သူ့ကို Braille စာ ဖတ်တတ်အောင် သင်ပေးမဲ့ ဆရာမ Anne Mansfield Sullivan နဲ့ တွေ့ဆုံးပြီးတဲ့နောက်မှာ သူ့ဘဝ ပြောင်းလဲသွားပုံကို ယခုလို ဖော်ပြထားပါတယ်။

The most important day I remember in all my life is the one on which my teacher, Anne Mansfield Sullivan came to me. I am filled with wonder when I consider the immeasurable contrast between the two lives which it connects. It was the third of March, 1887, three months before I was seven years old.

Helen Keller ကိုယ်တိုင် ရေးသားထားတဲ့ The Story of My Life ဆိုတဲ့ စာအုပ်လေးအပြင် သူ့ရဲ့ ဆရာမအကြောင်း ရေးသားထားတဲ့ စာရေးဆရာ Margaret Davidson ရဲ့ Helen Keller's teacher ဆိုတဲ့ စာအုပ်လေးကလည်း အထူးတန်ဖိုး ရှိပါတယ်။ ဆရာကောင်း၊ ဆရာမကောင်း တယောက်ဟာ တပည့်လေးတယောက်ရဲ့ဘဝကို လုံးဝပြောင်းလဲ တိုးတက်သွားအောင် လုပ်ပေးနိုင်ပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ စာအုပ်လေးများ ဖြစ်ပါတယ်။
ယခုနောက်ထပ် ဖော်ပြလိုတဲ့ စာအုပ်လေးကတော့ စာရေးဆရာ E.R Braithwaite ရဲ့ To Sir With Love ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို မဖတ်ဘူးသူများတောင် To Sir With Love ဆိုတဲ့ သီချင်းလေးကိုတော့ ကြားဘူးကြမှာပါ။ စာရေးသူရဲ့ ညီငယ် လူလူကျော်မြင့်နှင့် နံမည်တူသူ Lu Lu ဆိုတဲ့ တေးသံရှင် သီဆိုထားတဲ့ သီချင်းလေးမို့ စာရေးသူ ကောင်းကောင်း မှတ်မိနေပါတယ်။

Those schoolgirl days Of telling tales and biting nails are gone But in my mind I know they will still live on and on But how do you thank someone Who has taken you from crayons to perfume? It isn’t easy, but I’ll try If you wanted the sky I would write across the sky in letters That would soar a thousand feet high “to sir. with love”
ဒီသီချင်းကို သီဆိုပြီး နံမည်ကြီးလာသူ တေးသံရှင် Lu Lu ဟာ ယနေ့ ၇၄ နှစ်အရွယ် အဖွားအိုတယောက် ဖြစ်နေပါပြီ။ ၎င်းနှင့် နံမည်တူသူ စာရေးသူ၏ ညီငယ်လေးဆို သေတောင် သေသွားခဲ့ပါပြီ။ ဒီစာအုပ်လေးကတော့ ယနေ့ထိ တန်ဘိုး ရှိဆဲပါ။ ဆရာ၊ ဆရာမများကြောင့်သာ ကမ္ဘာကြီးဟာ လည်ပတ်နေရပါတယ်။ ဆရာ၊ ဆရာမများရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်တို့အားလုံး အလုပ်အကိုင် ကောင်းကောင်းမွန်မွန်နဲ့၊ လခ ကောင်းမွန်စွာနှင့် ဘဝမှာ အောင်မြင်နေကြရတာပါ။ ဒါကြောင့်မို့လည်း မိဘများ၊ ဆရာ၊ ဆရာမများကို ဘုရားနှင့် တဂိုဏ်းတည်းထားပြီး ရိုသေကြ၊ ကိုးကွယ်ကြတာပါ။ To Sir With Love စာအုပ်လေးကို Critics များက ယခုလို ဖေါ်ပြထားပါတယ်။

To Sir, With Love is a 1959 autobiographical novel by E. R. Braithwaite set in the East End of London. The novel is based on the true story of Braithwaite taking up a teaching post in a secondary school. The novel, in 22 chapters, gives insight into the politics of race and class in postwar London.

နှစ်သစ်ကူးချိန်မှာ ကျေးဇူးရှင် ဆရာ၊ ဆရာမများကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဖော်ပြပါ စာအုပ်လေးများကို ဝယ်ယူကြပါ။ ဖတ်ရှုကြပါ။ စာအုပ်စင်မှာ နေရာပေးထားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ စာရေးသူရဲ့ ကျေးဇူးရှင် ဆရာ၊ ဆရာမကြီးများကို ရှိခိုးကန်တော့ရင်း ရပ်နားပါဦးမည်။