မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – ဧပြီ ၂၀၂၃

kaiApril 20, 20231min34510

ကမ္ဘာသုံး ဂရီဂိုးရီးယန်းပြက္ခဒိန်မှာ နေမင်းကြီးအားကမ္ဘာကတပါတ်ပတ်သော ၃၆၅ ရက် ၆ နာရီ၁၂ မိနစ် ၃၆ စက္ကန့်ကိုအခြေခံပြက္ခဒိန်ဖြစ်သည်။ မြန်မာတို့၏ပြက္ခဒိန်မှာမူ လမင်းကိုအခြေခံသော ပြက္ခဒိန်ပါ။
စကြဝဌာတွင်းရှိ နက္ခတ်တို့အရ ၁၂ရာသီခွင် (မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်) ကို ၃၀ဒီဂရီစီပိုင်းခြားထားသည်။ ရှေးက နေကကမ္ဘာကိုပတ်သည်ယူဆကြ၍ နေမင်းကြီးသည် အဆိုပါ ၁၂ရာသီခွင်များသို့ဝင်ထွက် လှည့်ပါတ်နေသည်ဆို၏။ မြန်မာတို့သည် ထိုသို့ရာသီခွင်အပြောင်းရက်ဖြစ်သော မိန်ရာသီမှ မိဿရာသီပြောင်းသည့် Spring equinox မတ်လ၁၉-၂၁ရက်နေ့ကိုနှစ်ကူးအဖြစ်မယူ၊ တန်ခူးလဆန်း၁ရက်နေ့ဖြင့်လည်းသတ်မှတ်ထားခြင်းမရှိ။ မိဿရာသီသို့နေမင်းကြီးဝင်လာသော(Sun’s entry into Aries) ဧပြီလ၏ အလယ်ပိုင်း(ယခု၂၀၂၃တွင် ဧပြီ၁၄ရက်) နေ့ကိုလည်းတိတိကျကျမယူ၊ အတက်အကြတ်အကျဟု ရက်ပွားယူပါသည်။
ဗြဟ္မာဦးခေါင်းကိစ္စ၊ အတက်အကြတ်အကျရက်၊ သိကြားမင်းစီးနင်းသတ္တဝါ ကိုင်စွဲလက်နက်ပစ္စည်း စသည့်ပုံဆောင်ခြင်းတို့ကို မရှင်းလင်းသဖြင့် ဘိုးတော်ဘုရား(၁၇၄၅-၁၈၁၉)မှ သင်္ကြန်ရက်/အချိန် တွက်ချက်ပေးသော ဟူးရားပုဏ္ဏားတို့အား မေးမြန်းဖူးသည်ဆို၏။ တိကျစွာအဖြေမပေးနိုင်သဖြင့် မောင်းထောင်သာသနာပိုင်ဆရာတော်ဘုရားအား လျှောက်ထားစေသည်ဆို၏။ ဆရာတော်မှမေတ္တာစာပြန်တင်သွင်းခြင်းအရ ယုတ္တိသဘောမရှိဟု ဆိုဖူးလေသည်။

“သင်္ကြန်အစ ဗြဟ္မာဦးခေါင်းက”
သင်္ကြန်သည် သင်္ကရန္တိ – သင်္ကန္တ – သင်္ကြန္တ မှပြောင်းယူလာသည်။ ဟိန္ဒူမူလ ဒဏ္ဍာရီအရ ဗြဟ္မာမင်းနှင့် သိကြားမင်းစစ်ပြုကြရာဝယ် စစ်နိုင်သူ သိကြားမင်းမှ ဗြဟ္မာမင်းအားခေါင်းဖြတ်ခဲ့သည်ဆို၏။ ဗြဟ္မာမင်း၏ဘုန်းတန်ခိုးကြောင့် မြေ/ရေချမရသော ဗြဟ္မာဦးခေါင်းကို နတ်သမီးတပါးစီအားလူပြည်တနှစ်လျှင်တခါပြောင်း အလှည့်သင့်ပိုက်မထားစေခြင်းဖြင့် သင်္ကြန်ဖြစ်လာသည်။ အဆိုပါ ဒဏ္ဍာရီမှာ ဟိန္ဒူကျမ်းများတွင်မပါဟုလည်းဆိုကြ၏။ သို့သော်တခေတ်တခါက ဟိန္ဒူအင်ပါယာ/ယဥ်ကျေးမှုလွှမ်းမိုးခဲ့သော အိန္ဒိယအချို့ဒေသများ၊တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများနှင့်ချိုင်းနားယူနန်ပြည်နယ်တို့တွင် နှစ်ကူးဆင်နွဲကြပါသည်။
မြန်မာ၏သင်္ကြန်နှင့် ထိုင်း၏ဆုန်ခရန်တို့မှာထင်ရှား၏။ UNESCO သည်Songkranကို ထိုင်းရိုးရာယဥ်ကျေးမှုပွဲတော် ကမ္ဘာ့အမွေအနှစ်အဖြစ်မှတ်တမ်းတင်ရန် ယခုနှစ်ကုန်တွင် စဥ်းစားဆုံးဖြတ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဆုန်ခရန်မှ တိုးရစ်ဇင်ဆွဲဆောင် တိုင်းပြည်ဝင်ငွေ ဘီလီယံချီအမြတ်ရခဲ့ရဦးမည်တည်း။ မြန်မာအများစုတို့မှာမှု ကိုဗစ်နှင့် နိုင်ငံရေးနွယ်ကာ သင်္ကြန်မကျင်းပသည်မှာ ယခုနှစ်တွင် ၄နှစ်တိုင်ပြတ်ခဲ့ပြီဖြစ်၍ အမွေအနှစ်အဖြစ်မှ လျောကျစွန့်လွှတ်ရဖွယ်ရှိ၏။ ရခိုင်တို့နှင့် ယူနန်ပြည်နယ်နေ တိုင်လူမျိုးတို့မှာမူ ယခုနှစ်သင်္ကြန်ကို ရေကစားခြင်းဖြင့်သာအကြီးကျယ်ဆုံးဆင်နွှဲပြခဲ့ကြ၏။
မြန်မာတို့၏သင်္ကြန်မှာ ကျောက်ထက်အက္ခရာအထောက်အထားအဖြစ် မြန်မာသက္ကရာဇ် ၆၅၃(အေဒီ၁၂၉၁)ခုထိုး စောလှဝန်းဂူဘုရားဝင်းအတွင်း သ္ခိင်ရာဇသူနှင့်အမိဘွားစော ကျောက်စာတွင်“မီဖုန်။ သင်ကြန်။ စာရိယ်။ ညောင်ရိယ်သွန်။ မပြတ်” ဟုရှိသည်။ ပုဂံခေတ်နိဂုံးဘုရင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းကြီး(၁၂၃၈-၁၂၈၇)သည် သူ့မိဖုရားစောလုံအား သင်္ကြန်တွင်းကျီစယ်ရေကစားခြင်းမှသည် အမြတ်သို ပြဿနာလည်းဖြစ်ဖူးသည်။

“ကောင်းခြင်းဖြာဝေ သင်္ကြန်နွေ”
ဟိန္ဒူနွယ်ကာ ဗြဟ္မာဦးခေါင်းဖြင့်စခဲ့သော အတာသင်္ကြန်ကို မြန်မာတို့က ထေရဝါဒလွှမ်းခြုံ ကောင်းမွန်အောင်ထုံကူးခဲ့ကြသည်။ အညစ်အကြေးများစင်စေလိုသဘောဖြင့် ရေကစားဆေးကြောသလို သက်ကြီးဝါကြီးများအား ခေါင်းဆေးခေါင်းလျှော် လက်ခြေသည်းညှပ်မင်္ဂလာပြုကြ ပူဇော်ကြ၏။ သတ္တဝါများအား ဇီဝိတဒါနပြု/ဘေးမဲ့လွှတ်ကြ၏။ နစ်စဥ်သတ္တဝါတကောင်ဖြင့် စီးနင်း၍လူ့ပြည်လာသည်ဆိုသော သိကြားမင်းအား ပုံဆောင်မျှော်မှန်းရည်ရော် ဗေဒင်နက္ခတ်တွက်၍ လာမည့်တနှစ်လုံးအတွက် ကြိုတင်နိမိတ်ယူကြ ပြင်ဆင်ကြသည်။ ရှေးကျမ်းများအရ သိကြားမင်း၏ သာဝတိံသာနတ်ဘုံ၁ရက်မှာလူ့ပြည် နှစ်၁၀၀ဖြစ်လေရာ တနှစ်တခေါက်ဆင်းလာသော သိကြားမင်းသည် သာဝတိံသာနတ်ဘုံအချိန်နှင့်ဆိုလျှင် ၁၄.၄မိနစ်တခါ လူပြည်ဆင်းနေရမည့်သဘောရှိ၏။ ပုဏ္ဏားတို့၏ သင်္ကြန်စာတွင်ကား တနင်္ဂနွေဂြိုလ်မင်း(နေမင်း) ဆိုပေရာ သိကြားမင်းနှင့်မတူဟုသာမှတ်ရမည်လောမသိ၊ ခရစ်ယန်အနောက်တိုင်းကဲ့သို့ ခရစ်စမတ်တွင် မြောက်ဝင်ရိုးစွန်းမှလာသော ဆန်တာကလေ့ာစ် သဘောဟုသာမှတ်ရပေမည်။ ရိုးရာဓလေ့သည် ကလေးသူငယ်များအား အပျော်တခုပေးနိုင်ခြင်းဖြင့် လူသားတို့အားကောင်းခြင်းများဖြာဝေပါသည်။ ကောင်းသောဓလေ့ကို ပစ်ပယ်ရန်မလို။
သိကြားမင်းကြီးမှ ခွေးသားရေ ရွှေပေ မှတ်သည်ဆို၍ ကလေးသူငယ်များအား အဆိုးအကုသိုလ်များမလုပ်ဖြစ်အောင် ထိမ်းကြခြောက်ကြသည်။ လူကြီးသက်ကြီးငွေကြေးချမ်းသာသူများ၏ ရန်ပုံငွေသုံးကာ ကာလသားလူငယ်လူရွယ်များက သင်္ကြန်ယိမ်းက အလှပြကားထွက်၍ အားကစားစိတ်ဓာတ်နှင့် ပူးပေါင်းစုစည်းဆောင်ရွက်မှုအားကို လေ့ကျင့်ကြ ပရိသတ်အဆုံးအဖြတ်ကို ခံယူကြသည်။ အနုပညာရှင်နှင့် ပိုးပါသူများက သံချပ်တိုက်ကာ ခေတ်စံနစ်နှင့် အစိုးရအုပ်ချုပ်သူတို့ကို သရော် ‌ထောက်ပြ ပွင့်လင်းကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ ကျောင်း/တက္ကသိုလ်တို့၌ကျင်းပပြုလုပ်ကြရသော လူငယ်တို့၏ အားကစား၊သုခုမအနုပညာနှင့် လူမှုရေး/နိုင်ငံရေးတို့ကို တပေါင်းတည်းရောသမမွှေကာ တပြိုင်တည်းပြုကြသလိုရယ်ပါ။ သံချပ်တခုတည်းကြည့်လျှင်ပင် ယခုခေတ်၏ ရက်ပ်တေးဂီတကို မြန်မာတို့ကြိုစောခဲ့သည်ဟု မြင်နိုင်ပါလိမ့်။ သင်္ကြန်သည် ရေကစားပျော်ပါးစိတ်လွှတ်ဖြေရာ တခုထဲပြုကြသော နှစ်ကူးပွဲတော်မဟုတ်။ လူငယ်လူရွယ်တို့၏ လောကတက္ကသိုလ်တွင်း လက်တွေ့လေ့ကျင့်ကွင်းလည်းဖြစ်သည်။

“သင်္ကြန်ကိုဖျက် အာဏာရှင်စက်”
မတိမကျ ဒဏ္ဍာရီကိုအခြေခံထားသော သင်္ကြန်ဇတ်လမ်းတွင် အတိအကျတို့ပါသည်။ သင်္ကြန်အကျရက်မှာ မိဿရာသီခွင်သို့ နေ(တနင်္ဂနွေဂြိုလ်)မင်း အဝင်ရက်ဖြစ်သည်။ ၂၀၂၃အတွက် မြန်မာနိုင်ငံတွင် အကျချိန်နာရီအတိအကျမှာ သောကြာနေ့ မြန်မာ စံတော်ချိန် ညနေ (၆) နာရီ (၁၂) မိနစ် (၈) စက္ကန့် ဖြစ်၏။ ဤသည်မှာ နေမင်းပါတ်လမ်းကြောင်း၏မျက်မြင်အမှန်လမ်းကြောင်း တနင်္ဂနွေ ဖုဋ မှတွက်ခြင်းဟူ၏။ ပတ်နေခြင်းသည် ဘဲဥပုံလမ်းကြောင်းဖြစ်လေရာ နှစ်စဥ်ပုံသေထားရသည့် (တနင်္ဂနွေ မဓျ )ပျမ်းမျှလမ်းကြောင်းအရဆိုလျှင် အမှန်လမ်းကြောင်းထက် ၂ရက်၄နာရီ ၄မိနစ် ၄၁ စက္ကန့်ကွာခြားသဖြင့် အဆိုပါကွာခြားချက်ကို အကျနေ့တွင်ထည့်ပေါင်းကာ အတက်နေ့ဖြစ်သည်ဟူသတတ်။ မြန်မာတို့သည် သင်္ကြန်အတက်နေ့ တနင်္ဂနွေ မဓျ ပြောင်းချိန်ကို နှစ်သစ်ကူးချိန်ဟုသတ်မှတ်သည်။ ၂၀၂၃အတွက် နှစ်ကူးချိန်မှာ ဧပြီလ (၁၆) ရက် တနင်္ဂနွေနေ့ မြန်မာ စံတော်ချိန် ည (၁၀) နာရီ (၁၆) မိနစ် (၄၉) စက္ကန့်ဖြစ်၏။ သို့နှင့် အတာသင်္ကြန်ရက်တို့သည် ပုံမှန်အားဖြင့် တနှစ်လျှင်၁ရက်ကြတ်ရသော်ငြား အကျနေ့၏ ညပိုင်း၈နာရီဝန်းကျင်ထက်နောက်ကျ၍ တနင်္ဂနွေ ဖုဋ ပြောင်းလျှင် အကြတ် ၂ ရက်ပေါင်းရကာ သင်္ကြန်၄ရက်ဖြစ်လေ၏။ သင်္ကြန်အတက်ရက်၏နောက်တနေ့ကို နှစ်ဆန်းတရက်နေ့အဖြင့်သတ်မှတ်သည်ဆိုပါသည်။ ရှေးက မြန်မာတို့၏နှစ်ကူးရက်သည် ဧပြီလလယ်ရက်များ(ဥပမာ/ပဉ္စမသင်္ဂါယနာတင်နှစ်ဆန်းတရက်နေ့ ၁၅ ဧပြီ ၁၈၇၁)ဖြင့်ပြောင်းနေသော်လည်း မြန်မာအာဏာရှင်ဦးနေဝင်းခေတ်ဝယ် ဧပြီလ၁၇ရက်အဖြစ်ရက်သေသတ်မှတ်လိုက်ပုံရပေရာ ထိုဖြစ်ရပ်ကို လူထုလည်းမသိ ဝေဒလည်းမကြား ထိုသို့သာမှတ်ရပါသတည်း။
၈၈အရေးတော်ပုံနောက်ပိုင်း စစ်အာဏာရှင်တို့သည် အာဏာတည်မြဲရေးကို ခြိမ်းခြောက်နိုင်ရာ၊လူငယ်တို့စုစည်းအင်အားဖြစ်စေရာ သင်္ကြန်အလှပြကားပြိုင်ပွဲများ ရပ်ကွက်လိုက်အကယိမ်းများကို ကန့်သတ်သည်။ အစိုးရကိုသရော်ခနဲ့သည့် အိုးစည်ဒိုးပတ်သံချပ်တို့ကို ဆင်ဆာလုပ်ဖြုတ်သည်။ သောက်စားမူးယစ် ရန်ဖြစ်ကြစေရန် အရက်ဘီယာဆေးလိပ်တို့ကို ဦးပိုင်ပြု လိုင်စင်ကိုင်ထုတ်ရောင်းဖြန့်ခဲ့ကြသည်။ သို့နှင့်ယခုခေတ်၏ဂျန်ဇီတို့ သင်္ကြန်မဏ္ဍပ်ထိုး ရန်ပုံငွေရှာ ညအိပ်အကတိုက် အလှပြကားဒီဇိုင်းလုပ်ဆောက် ပြိုင်ပွဲဝင်ကြသည့် ကာလသားနှင့် ရပ်ကွက်သမီးပျိုတို့၏ လူမှုဆက်ဆံရေးဓလေ့များမသိကြတော့ပြီ။

“သူ့ကိုနိုင်လို၊ ဆနှင့်ခို ယတြာပျက်ရန်လို”

Mundane ဗေဒင်အရ တိုင်းပြည်၏အနာဂတ်ကိုနက္ခတ္တပညာနှင့်တွက်ချက်ရာဝယ် အဆိုပါတိုင်းပြည်၏ မွေးဖွားလာသည် ယူဆရသော မွေးဇာတာကိုမူတည်ရသည်ရှိသလို ခေါင်းဆောင်များ၏မွေးနေ့ရက်များလည်းအခြေခံရသည်။ မြန်မာပြည်၏မွေးဇာတာမှာ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ခု ဇန်နဝါရီလ ၄ရက် မနက်၄နာရီမိနစ်၂၀ ဖြစ်၏။ ရန်ကုန်စက်မှုတက္ကသိုလ် မြို့ပြဌာနပါမောက္ခ၏ တွက်ချက်ပြောပြမှုများအရ မြန်မာတို့၏ ထိုခေတ်ကနက္ခတ်တွက်အချိန်များမှာ တကယ့်အမှန်တိကျသော နာဆာ၏တွက်ချက်မှုများနှင့်မတူ အနည်းငယ်မျှလွဲနေသည်ဟု ဤသူနှင့်အင်တာဗျူးတွင်ဆိုဖူးပါသည်။ နောင်တွင်ဝေဒအဖွဲ့မှချိန်ညှိပြင်ဆင်ခဲ့သော်ငြား လွတ်လပ်ရေးယူမူလဇာတာခွင်မှာ မှားခဲ့ပြီ။ ထိုအကျိုးဆက်တို့ကို ယခုထိခံစားနေရသလော မသေခြာ။ သေချာသည်မှာ ယခုခေတ်မြန်မာသည် ကမ္ဘာ့နိုင်ငံရေးစနစ်မတည်ငြိမ်ဆုံး မငြိမ်းချမ်းဆုံးတိုင်းပြည်တည်း။
ကမ္ဘာပေါ်ရှိလူမျိုး/နိုင်ငံတို့ ကျခဲ့တက်ခဲ့ကြသည်။ အကျဖက်ရောက်လျှင် အလုံးစုံဆွဲချ လုပ်သမျှအမှားနှင့် ယုတ်စွအရှုံးဖက်ချည်းဖြစ်နေတတ်သည်။ မြန်မာတို့ အင်္ဂလိပ်တို့ဆီမှလွတ်လပ်ရေးရပြီးကထဲက တိုင်းပြည်ကားမတည်ငြိမ်ခဲ့။ လွတ်လပ်ရေးအရယူခဲ့သူသွေးသောက်ရဲဘော်အချင်းချင်း သတ်ဖြတ်ထောင်ချ အနိုင်ကျင့်ဗိုလ်ကျခဲ့ကြသည်။ ထိုမှသည် သူတပါးလူမျိုးခြားဟုစွတ်စွဲ တပြည်ထောင်သားချင်းမျိုးဖြုတ်ပွဲများလည်း ကျူးခဲ့ဖူးပြီ။ ယခုမှု ဗမာဗမာချင်းသတ်လျှက်နေသည်။ လူသတ်/လူသေကြလျှင် သြဘာပေးပျော် တက်ထောင်ကျော်ကြရသော ခေတ်ပျက်တိုင်းပြည်ဖြစ်လျှက်နေသည်။ ထိုသို့ဖြစ်ရန် တဦးတယောက်ကသာ စခဲ့လုပ်ခဲ့ခြင်းပါ။
တနည်းအားဖြင့် ပြည်ကောင်းရန် ပျက်ရန် မင်းတြားကြီးတယောက်သာလိုလေသည်။

ဘုန်းမီးနေလ တောက်သည်ဟု ထင်ကြရာတွင် ဘုရင်မင်းတြားအချို့တို့သည် နှစ်ထောင်ချီတည်တန့်ရမည် ပြက္ခဒိန်ကိုလည်း သက္ကရာဇ်ဖြိုတတ်သည်။ သမိုင်းအရ မင်း၆ပါးဖြိုချအောင်မြင်ဖူးသည်။ ကောင်းကင်နက္ခတ်တို့ကိုလည်း သာသနာပိုင်ဆိုသောဘာသာရေးခေါင်းဆောင်များနှင့်ပေါင်းကာ လိုရာတင် ယတြာဆင်တတ်ပေသည်၊ သို့နှင့် မူလသာသနာသက္ကရာဇ် ကောဇာနှစ်တို့ကို ပုပ္ပားစောရဟန်းမင်းဖြိုခဲ့သော နှစ်များချန် ယခု မြန်မာသက္ကရာဇ်၁၃၈၅ ပြောင်းသည်မြင်ကြရပါ၏။ ဧပြီလ၁၇ရက်ကို နှစ်ဆန်းတရက်နေ့အဖြစ်သတ်မှတ်ခြင်းအား ဦးနေဝင်း၏ စစ်အာဏာရှင်တည်မြဲစေရန် နိုင်ငံလုံးဆိုင်ရာပြုသောယတြာအဖြစ်ကြီးစွာသံသယဖြစ်မိသည်။ The End Justify the Mean! ဖြစ်ပေရာ လွတ်လပ်ရေးရပြီးသည်မှ ယခုထိမြဲနေသေးသော စစ်အာဏာရှင်စနစ်သည် စစ်ယတြာတို့အောင်ခြင်းသက်သေပါ။

ပွင့်လင်းရာသီနွေဦးတော်လှန်ရေးရာသီသည် မတ်လတွင်းကျရောက်နေပေရာ တိုက်ဆိုင်မှုလော စနစ်တကျကြံစည်ယတြာလော မသေချာသော်လည်း စစ်အာဏာရှင်တို့သည် နှစ်ကူးသင်္ကြန်နီးတိုင်း မဟာဗျူဟာကျကျလှုပ်ရှားမှုပြုကာ လူထုနှင့်သင်္ကြန်(သို့)နှစ်သစ်ကူးကိုကပျက်ကယက် ပျက်အောင်ဖျက်လေ့ရှိသည်။ ၁၉၈၈တွင် မတ်လ၁၃ ဖုန်းမော်နေ့နှင့် ၂၀၂၃ ဧပြီ ၁၁ ပဇီကြီးရွာဗုံးနေ့တို့သက်သေဖြစ်၏။ ဗေဒင်ယတြာအရမူ သင်္ကြန်အားဖြင့် ခေတ်ဟောင်းစနစ်ဟောင်းကို ဖြတ်ကျော်ချေဖျက်ဆေးကြောသန့်စင်နှစ်သစ်ကို စိတ်သစ်ဖြင့် ကူးပြောင်းသွားကြရန်ရည်ရွယ်ရင်းရှိပါသည်။ ၁၉၈၈ မတိုင်မှီနှင့် တိုင်ပြီးနောက်ပိုင်းများတွင် ဝါးပွင့်/ဝါးသုဥ်းဖြစ်ဖူးရာ မန်လည်ဆရာတော်၏ မဃဒေဝပါပြည်ပျက်နိမိတ်နှင့်ထပ်သဖြင့် အချို့သောဘာသာရေးဆရာတော်ကြီးများက သင်္ကြန်၂ကြိမ်အကျပြုခြင်းဖြင့် ခေတ်ဆိုးကိုကျော်ရန်အားထုတ်ဖူးသည်ကို အမှတ်ရဖူးသည်။ မည်သို့ဆိုစေ ၂၀၂၃၏သင်္ကြန်ကားပြီးခဲ့လေပြီ။ ၂၀၂၄ မှသည် ၂၁၀၀ မကအထိ နှစ်တိုင်းသင်္ကြန်တို့လာပါဦးမည်။ နှစ်ဟောင်းကိုထားခဲ့ပါ၊ နှစ်သစ်ကိုယူပါ။ စစ်အာဏာရှင်၏နပ်ကြောင်းပေးသည့်လမ်းကို ရှောင်ပါ။ စစ်အာဏာရှင်တို့ ယတြာဆင်ပြင်ထားသည့်ဂွင်ကိုဖျက်ပြင်ပါ။