မြန်မာပြည်သတင်း ဒိုင်ယာရီ January 2024


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Jan 25 ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်းကျော်(US ဒေါ်လာ သန်း ၉၀ ခန့်)နဲ့ လေလံတင်ရောင်းချဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။


အာဏာသိမ်း ၃ နှစ်ကာလအတွင်းမှာ စစ်ကောင်စီက အကျဉ်းသားပေါင်း ၉၀၀၀၀ ကျော်ကို နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးကြောင့် ပြစ်ဒဏ် ချမှတ်ခံထားရသူ ၇၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၃ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ စစ်တမ်းအရ သိရပါတယ်။


အမေရိကန်တွေ မြန်မာပြည်ကို သွားရောက်လည်ပတ်ခြင်းမပြုကြဖို့ ရန်ကုန်ရှိ US သံရုံးကနေ အန္တရာယ်သတိပေးအဆင့် ၄ ရှိ အကြံပြုနှိုးဆော်သတိပေးချက် ထုတ်ပြန်ပါတယ်။

Jan 24 ။ ရန်ကုန်က၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်အပါအဝင် အချို့မြို့နယ်တွေမှာ တအိမ်၊ တယောက် ညကင်းစောင့်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အသိပေးနှိုးဆော် နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးစ ကာလကတော့ ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပြည်သူတွေကို စစ်တပ်က ညမထွက်ရအမိန့် ကျူးလွန်တယ်ဆိုပြီး ပစ်ခတ် ဖမ်းဆီး၊ ထောင်ဒဏ်ချမှတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)အနေနဲ့ အညာဒေသက လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေမှာ အမိန့်ပေးကွပ်ကဲမှုစနစ်(Chain of Command) ကောင်းကောင်း မဖော်ဆောင်နိုင်သေးဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။

Jan 23 ။ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၃၈ သိန်း အထက်ထိ မြင့်တက်လာပြီး US ဒေါ်လာ ငွေလဲနှုန်းကလည်း ၁ ဒေါ်လာကို ကျပ် ၃,၅၀၀ ဝန်းကျင်ထိ ဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီက ပြည်သူတွေ အွန်လိုင်းအင်တာနက်မှာ ရေးသားပြောဆို ဝေငှနေတာကို စောင့်ကြည့်အရေးယူမယ့် ကော်မတီတရပ် ဖွဲ့စည်းထားပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု သတင်းမှား တင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ဥပဒေအရ တားမြစ်အရေးယူ ဆောင်ရွက်ဖို့ ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။ အင်တာနက်

လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ မြန်မာပြည်ဟာ ချိုင်းနားပြီးရင် ကမ္ဘာ့နိုင်ငံတွေထဲ ဒုတိယ အဆိုးဆုံးနိုင်ငံ
ဖြစ်နေကြောင်း US အခြေစိုက် Freedom House အဖွဲ့က ပြောပါတယ်။

Jan 22 ။ မြန်မာပြည်တွင်းမှာ ဆန်လက်လီဈေးနှုန်းတွေ မကြုံစဖူး စျေးတက်လာလို့ ရန်ကုန်မြို့က ဆန်ဆိုင်တချို့မှာ ဈေးနှုန်းမကပ်တော့ဘဲ ရောင်းချနေပါတယ်။ လက်လီဆန် ဈေးကွက်တွေမှာ ဆန်ကြမ်းတအိတ်ကို ကျပ် ၈၅၀၀၀ ကနေ အမြင့်ဆုံး ရွှေဘို ပေါ်ဆန်းတအိတ်ကို ကျပ် ၂၀၀၀၀၀ အထိ ပေးဝယ်နေကြရပါတယ်။


မြန်မာပြည်အနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲ လုပ်လို့လည်းမရသလို အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘဲ ကိုယ့်ရဲ့မူနဲ့ ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကပြောပါတယ်။

Jan 21 ။ ဧရာဝတီတိုင်းက နေလှန်းဆားလုပ်ငန်းတွေမှာ အရှုံးပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီ အစမှာပဲ လုပ်ငန်းတွေပြန်လုပ်ဖို့ အခက်အခဲဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာ နေလှန်းဆား ဧကသိန်းချီရှိပြီး ထွက်ရှိလာတဲ့ နေလှန်းဆားတွေကို နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာပါ။


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ဇန်နဝါရီ ၂၀ နဲ့ ၂၁ ပိတ်ရက်အတွင်း ဘုရားဖူး ၃ သောင်းခွဲကျော် ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ အဆင်ပြေကြကြောင်း သိရပါတယ်။

Jan 20 ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအစီအစဉ်နဲ့ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေရာမှာ မြန်မာဘက် နေရပ်ပြန်လာချင်သူ ၁၀၀ စာရင်းသာ ရရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ရိုဟင်ဂျာတွေကို လူသတ်ကွင်းဆီ ပြန်မပို့ဖို့ တောင်းဆိုထားပါတယ်။

Jan 19 ။ မန္တလေးမြို့က မြို့နယ်တွေမှာ အိမ်ခြံမြေရောင်းချသူ အများအပြားရှိပြီး ဝယ်ယူသူ ရှားပါးနေတဲ့အတွက် အရောင်းအဝယ် အေးနေကြောင်း ပွဲစားတွေထံက သိရပါတယ်။ ၂၀၂၃၊ စက်တင်ဘာလကစပြီး အိမ်ခြံမြေဝယ်ယူသူ မရှိသလောက် ရှားပါးနေပြီး သိန်း ၁,၀၀၀ အောက် မြေကွက်တွေသာ ဝယ်ယူသူ အနည်းအကျဉ်းရှိပြီး နေပြည်တော်အိမ်ခြံမြေဈေးကတော့ ငြိမ်သက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။


ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပိုမိုဖြတ်တောက်ထားလို့ ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Jan 18 ။ ၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးကောင်းစွာ မလုပ်နိုင်ဘဲ ကုန်ကြမ်းမရှိတာကြောင့် နိုင်ငံတဝန်း ဆန်စက်၊ ဆီစက်တွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေတွေဖြစ်ပေါ်နေပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ် ၁၄ ခုမှာလည်း ပုံမှန်ကုန်စည်စီးဆင်းမှုမရှိတော့ကြောင်း သိရပါတယ်။ တနိုင်ငံလုံး ကုန်သွယ်ပမာဏရဲ့ ၄၀ % ဝန်းကျင် လျော့ကျနေပြီး ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ နိုင်ငံတဝန်း စိုက်ပျိုးမြေဧက စုစုပေါင်း ၃၄ သန်းကျော်ထဲက ၂၀ % ဝန်းကျင်ပဲ စိုက်ပျိုးရေးလုပ်နိုင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက် ပြည်သူအများစု သပိတ်မှောက်ခဲ့လို့ ရောင်းအားကျဆင်းခဲ့တဲ့ အောင်ဘာလေထီဟာ ရန်ကုန်မှာ ရောင်းအားတွေပြန်တက်လာပြီး လက်လီဈေး တစောင်ကို ကျပ် ၁၂၀၀ ထိ ရောင်းနေကြောင်း ထီအရောင်းဆိုင်တွေဆီကနေ သိရပါတယ်။

Jan 17 ။ ချင်းပြည်နယ်၊ ပလက်ဝဒေသက စစ်ကောင်စီတပ်သား ၂၇၈ ဦး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်လိုင်ခရိုင်၊ ဘန်ဒေါက်ဘန်ဂါရွာကို ထပ်မံထွက်ပြေး ခိုလှုံကြပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသတွေမှာ စခန်းသိမ်းပွဲ တိုက်ပွဲတွေကြုံနေရပြီး စကစ တပ်သား ၄၀၀ ကျော် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး မီဇိုရမ်၊ အိုင်းဇော်လ်၊ လဲန်းပွီးလေဆိပ်က‌နေ အိန္ဒိယအစိုးရက မြန်မာပြည်ဘက်ကို ပြန်ပို့ပေးခဲ့ကြောင်း သိရပါတယ်။


ရန်ကုန်မြို့မှာ အိမ်နဲ့ တိုက်ခန်းငှားခတွေ ဆက်တိုက်တိုးတောင်းနေတာကြောင့် အိမ်ငှားနေထိုင်သူတွေ အခက်အခဲအကျပ်အတည်းတွေ ပိုရင်ဆိုင်နေရကြောင်း အိမ်ငှားနေထိုင်သူတွေ ပြောပါတယ်။ အိမ်ရှင်နဲ့ ပွဲစားတွေက အိမ်ခန်း၊ တိုက်ခန်းငှားခတွေကို လခြားဆိုသလို စျေးနှုန်း တိုးမြှင့်သတ်မှတ်နေတာဖြစ်ပြီး တနှစ်အတွင်း စျေးနှုန်း ၃ ကြိမ်လောက်ထိ ပြောင်းလေ့ရှိလာတာပါ။

Jan 16 ။ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ပစ်ချလိုက်တဲ့ FTC-2000G စစ်‌ကောင်စီ တိုက်လေယာဉ်မှာ ပါသွားတဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး ဗိုလ်မှူးအေးမြင့်နဲ့ ဗိုလ်ကြီး ကောင်းစံတို့ နှစ်ဦး သေဆုံးသွားကြောင်း ကေအိုင်အေက ပြောပါတယ်။
Fighter FTC-2000G တိုက်လေယာဉ်ဟာ အဆင့်မြင့်လေ့ကျင့်ရေး အပေါ့စား တိုက်လေယာဉ်ဖြစ်ပြီး ၂၀၂၂ က ချိုင်းနားကနေ ဝယ်ယူထားတဲ့ ၆ စီးထဲက ၁စီး ဖြစ်ပါတယ်။


၂၀၂၃ တနှစ်တာအတွင်း ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အထည်ချုပ် စက်ရုံ ၃၀ ဝန်းကျင်လောက် ပိတ်သိမ်းတာတွေရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FGWM)က ပြောပါတယ်။

Jan 15 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားဒေသမှာ လောင်းကစားရုံတွေ ဖွင့်လှစ်လာပြီးနောက် ပြီးခဲ့တဲ့ သီတင်းကျွတ် ဘုရားပွဲတွေမှာ စတင်ပြီး လောင်းကစားဝိုင်းတွေ ပေါ်တင် ဖွင့်လှစ်လာကာ မီးသတ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူပေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တို့ရှိ ဒေသခံ၊ စစ်ရှောင်တွေဟာ စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် နယ်မြေကူးသန်းသွားလာဖို့ ခက်ခဲတဲ့အပြင် စားသောက်ကုန် ဈေးနှုန်းတွေလည်း အဆမတန် တက်ပြီး ပိုခက်ခဲနေကြပါတယ်။

Jan 14 ။ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေကို ရက်ရှည်ရုံးပိတ်ရက်တွေကလွဲလို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု မရှိသလောက် ဖြစ်နေတဲ့အတွက် ကမ်းခြေအခြေပြု စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်နေပြီး အခက်အခဲကြုံနေကြကြောင်း သိရပါတယ်။


၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လခွဲအကြာထိ မှတ်တမ်းတွေအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက ချင်းပြည်နယ်မှာ ၇ မြို့၊ စစ်ကိုင်းတိုင်းမှာ ၄ မြို့၊ ကချင်ပြည်နယ်မှာ ၁ မြို့၊ ရှမ်းပြည်နယ်မှာ ၁၆ မြို့၊ ကရင်နီပြည်နယ်မှာ ၂ မြို့ စုစုပေါင်း ပြည်နယ်နဲ့တိုင်း ၅ ခုက မြို့ပေါင်း ၃၀ အထိ သိမ်းယူခဲ့ပါတယ်။

Jan 13 ။ အပစ်ရပ်ဖို့ ချိုင်းနားဆီမှာ သဘောတူခဲ့တဲ့ စစ်ကောင်စီဟာ ကတိကို နောက်တကြိမ် ချိုးဖောက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ TNLA ရှိရာ ငြိမ်းချမ်းရေးကုန်းဘက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

မြန်မာပြည်တွင်း ရွှေစျေး ဆက်တိုက်မြင့်တက်လာပြီး အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၇ သိန်း ၇ သောင်း ဝန်းကျင်ထိ ရောက်ရှိနေပါတယ်။ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကတော့ တဒေါ်လာကို ၃,၄၅၀ ကျပ် ဝန်းကျင်နဲ့ ကာလအတန်ကြာ စျေးငြိမ်နေပါတယ်။

Jan 12 ။ စူပါမားကတ်တွေမှာ ရောင်းချနေကြတဲ့ ဆန် ကီလိုအထုတ်ငယ်တွေရဲ့ သိုလှောင်မှု ပမာဏတွေကို အသင်းချုပ်က လွှင့်တင်ထားတဲ့ မြန်မာဆန်စပါးအွန်လိုင်းစနစ်မှာ စာရင်းပေးပို့ မှတ်ပုံတင်ဖို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ အတွင်း မြန်မာစစ်တပ်က တိုင်းရင်းသား လူနည်းစုဒေသတွေက ကျေးရွာတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေ ရှိတဲ့နေရာတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုတိုးလာခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က သတင်းထုတ်ပြန်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရှာမရအောင် ဖျောက်တာ၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ အဓမ္မပြုကျင့်တာတွေ၊ တရားလက်လွတ် ဥပဒေမဲ့ဖမ်းဆီး အကျဉ်းချတာတွေ စစ်တပ်က လုပ်ခဲ့ကြောင်း ၂၀၂၄ လူ့အခွင့်အရေးအစီရင်ခံစာမှာ ရေးသားတာပါ၊

Jan 11 ။ ရုပ်သံ သတင်းထောက်ဟောင်း၊ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တဦးလည်းဖြစ်သူ ရှင်ဒေဝီကို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မတွေနဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ သူမဟာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာအဖြစ် မှတ်တမ်းရုပ်ရှင်ပေါင်းများစွာ ရိုက်ကူးခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်ဆုတွေလည်း ရခဲ့သူ ဖြစ်ပါတယ်။


နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ၂၀၂၄၊ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဒီနေ့ထိ အရပ်သား(၁၉,၉၀၅)ဦး ဖမ်းဆီးခံထားရပါတယ်။


စစ်ကောင်စီဟာ ၂၀၂၃ အတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးစုအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ဖော်ပြပါတယ်။

Jan 10 ။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ရေးနည်းလမ်းတခုတည်းသာ ကျန်တော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။


စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် ပြီးခဲ့တဲ့ ၂လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် အိန္ဒိယပြည်ထဲ ထွက်ပြေးဝင်ရောက်ကြောင်း အိန္ဒိယဘက်က ပြောပါတယ်။

Jan 09 ။ ကချင်ပြည်နယ်၊ ဖားကန့်မှာ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် လူနှစ်သောင်းနီးပါး ထွက်ပြေးနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မြန်မာပြည်တဝန်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သန်းခြောက်သိန်းကျော်ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ဖော်ပြထားပါတယ်။


မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ ဇန်နဝါရီလ ၇ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်အထူးဒေသ(၁)မှာ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇၃ ဦးသေဆုံးပြီး ၇၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ပြောပါတယ်။

Jan 08 ။ ပြည်ပရောက် မြန်မာပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်မယ့်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသဖို့၊ သွေးစွန်းငွေ၊ သွေးစွန်းအခွန်များ ဖြတ်တောက်မှုကို ပူးပေါင်းပါဝင်ကြဖို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၁၆ ခုက ထုတ်ပြန်တောင်းဆိုပါတယ်။


နယ်မြေဒေသ လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၂၃ ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီက ခွင့်မဲ့၊ စစ်ပြေးနဲ့ စစ်မှုထမ်းဟောင်းတွေကို တာဝန်ပြန်ထမ်းဆောင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ အကျဉ်းထောင်တွေက ခွင့်မဲ့၊ စစ်ပြေး အကျဉ်းသားတချို့ကို လွတ်ငြိမ်းပေးခဲ့ပါတယ်။

Jan 07 ။ ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပါတယ်။


စစ်ကောင်စီတပ်ဟာ ၂၀၂၃၊ ဒီဇင်ဘာ ၃၁ ရက်ထိ ပြည်သူ့နေအိမ်ပေါင်း ၈၀,၀၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်တပ်ကို မှတ်တမ်းတင်နေတဲ့ Data for Myanmar ရဲ့ အချက်အလက်အရ သိရပါတယ်။ တနိုင်ငံလုံး မီးရှို့ခံရတဲ့ အိမ်ပေါင်း ၈၀၀၀၀ လောက်မှာ စစ်ကိုင်းတိုင်းက ၆၀၀၀၀ လောက်နဲ့ မကွေးတိုင်းက ၁၂,၀၀၀ လောက်ပါဝင်ကြောင်း သိရပါတယ်။

Jan 06 ။ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ ဖြစ်တဲ့ ကိုးကန့်ဒေသအားလုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီလို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ကြေညာပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ကြိုးပမ်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပါတယ်။

Jan 05 ။ ၂၀၂၃၊ ဒုတိယ ၆လတာ ကာလအတွင်း စစ်ကောင်စီက နိုင်ငံတဝန်း လူဦးရေ ၆၁၅ ဦး အဖမ်းခံရသူတွေဟာ ရန်ကုန်တိုင်းထဲက အများဆုံးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပါတယ်။ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချခံထားရသူက ၁၆၂ ဦး ရှိပါတယ်။


မြန်မာ-ချိုင်းနား နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် ချိုင်းနား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာစွန်းဝေတုန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို ရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Jan 04 ။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့မှာ အကျဥ်းသား ကိုးထောင် ကျော်လွှတ်ပေးခဲ့ပေမဲ့ ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ ဟင်္သာတ၊ မအူပင်နဲ့ မော်လမြိုင် ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဥ်းသား တယောက်မှ ပါမလာပါ။


စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ တနိုင်ငံလုံးက တက္ကသိုလ် ၄၇ ခု ဖွင့်ခဲ့ပေမဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်တွေမှာ ကျောင်းတက်တဲ့ ကျောင်းသား/ကျောင်းသူ ၂၄,၂၄၃ ဦး ရှိပါတယ်။


ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်း US နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က US ပြည်ထောင်စုကိုယ်စား မြန်မာလွတ်လပ်ရေးနေ့မှာ ပြောပါတယ်။

Jan 03 ။ အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း စစ်ကောင်စီဟာ ICRC အပါအဝင် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းကိုမှ ထောင်တွေဝင်တွေ့ခွင့် မပေးခဲ့ပါဘူး။ ဒီနေ့အထိ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခွဲကျော်(၂၅၇၃၀)ရှိကြောင်း AAPP က ပြောပါတယ်။


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းထံ ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချခဲ့ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပါတယ်။

Jan 02 ။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်ကြောင့် မြန်မာကလေးငယ် ၆သန်း အစားအစာ ငတ်မွတ်ပြီး အာဟာရ ချို့တဲ့နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UN OCHA) က အာရှ-ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


၂၀၂၃ ခုနှစ်အတွင်းမှာ မွန်ပြည်နယ် တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ပြီး ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို ၂၀၂၄ မှာလည်း စစ်ရေးအရှိန်ပိုမြှင့်မယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ထားပါတယ်။

Jan 01 ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ကစပြီး အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေကြောင်း စက်ရုံလုပ်သားတွေက ပြောပါတယ်။ စက်မှုဇုန်တွေက စက်ရုံအလုပ်သမားတွေ အိမ်ပြန်ချိန်မှာ မှောင်ရိပ်ခို လုယက်မှုတွေ မကြာခဏ ကြုံတွေ့နေရပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒုစရိုက်မှုတွေ ပိုများပြားလာတာကြောင့် ဒေသခံပြည်သူတွေ လုံခြုံမှုမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေတာပါ။


ချိုင်းနား တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်း၊ အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းနေမယ့် အကြောင်း‌တွေ အပါအဝင် ချိုင်းနားနဲ့ပတ်သက်ပြီး အချက် (၁၀)ချက်ပါတဲ့ ကြေညာချက်တစောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

Dec 31 ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပါတယ်။ အကျဉ်းထောင်တွေမှာ သတ်ဖြတ်ခံခဲ့ရသူ ၁၈ ဦးရှိပြီး၊ မကျန်းမာတဲ့အခါ ဆေးကုခွင့်ကောင်းကောင်းမရလို့ သေဆုံးခဲ့သူ ၁၆ ဦးလို့ ဖော်ပြထားပါတယ်။


နိုင်ငံတဝန်း ပြင်းထန်လာတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ဒီနှစ်အတွင်း နေပြည်တော်က စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်း ရှိလာပါပြီ။

Dec 30 ။ ၂၀၂၃၊ ဧပြီကနေ ဒီဇင်ဘာအထိ ကာလအတွင်း မြန်မာပြည်ကနေ ပို့ကုန်တင်ပို့မှု ၁၀.၁၃ ဘီလီယံ ဒေါ်လာရှိခဲ့ပြီး၊ အထည်ချုပ်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ တင်ပို့မှုနဲ့ ပဲအမျိုးမျိုး တင်ပို့မှုတွေကနေ ဝင်ငွေအများဆုံးရခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Dec 29 ။ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေ ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဦးဆောင်ကာ အစုရှယ်ယာထည့်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားပြီး လာရောက်ဖမ်းဆီးလို့မရအောင် ရဲတပ်ဖွဲ့ဝင်တွေက
ကင်းစောင့်ပေးတာလို့ ပြောပါတယ်။


စစ်ကောင်စီဟာ ပြည်သူ ၇၀၀ လောက်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဝရမ်းကပ် ချိပ်ပိတ်ခဲ့ကြောင်း NLD ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီထဲမှာ အန်အယ်လ်ဒီပါတီဝင် ၁၉၁ ယောက်နဲ့ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ယောက်ရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Dec 28 ။ မြန်မာပြည်မှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ အရေအတွက်ဟာ စစ်အာဏာမသိမ်းခင်ကထက် ၂ဆနီးပါး တိုးလာကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာ ရှိခဲ့ပေမဲ့ ယခုနှစ် ဒီဇင်ဘာမှာ အေဂျင်စီ ၅၂၄ ခုရှိပြီ ဖြစ်ပါတယ်။


ရခိုင်ပြည်မြောက်ပိုင်း မြောက်ဦးနဲ့ ပေါက်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ ၅ရက်အတွင်း အရပ်သား ၁၈ဦးထက်မနည်း သေဆုံးပြီး ၂ဝကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။ အခုလိုတိုက်ပွဲတွေကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေ တိုးလာနေပြီး လူဦးရေ ၃ သိန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရခိုင် အရပ်ဖက်လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

Dec 27 ။ “၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုအသစ် အများအပြား ထပ်မံကြုံတွေ့နိုင်သလို စစ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်းတွေလည်း ထပ်ဖြစ်မယ့်နှစ် တနှစ် ဖြစ်လာလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက ပြောပါတယ်။ NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “တော်လှန်ရေးဟာ ဘယ်လို
အဆုံးသတ်နိုင်မလဲဆိုတာ ခန့်မှန်းတွက်ချက်နိုင်တဲ့ အခြေအနေဖြစ်နေပြီလို့”ပြောပါတယ်။


စစ်အုပ်ချုပ်မှုအောက်မှာ သတင်းလွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းသွားမှုနဲ့အတူ သတင်းသမားတွေကို အကာကွယ်ပေးမယ့် အဖွဲ့အစည်း လိုအပ်လာတာကြောင့် မီဒီယာကျွမ်းကျင်တဲ့ ပညာရှင်တွေ စုစည်းပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားတွေက “လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ” (Independent Press Council Myanmar-IPCM) တခု ဖွဲ့စည်းထားကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေ က ပြောပါတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း အခုချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ သတင်းသမား ၆၁ ဦးရှိနေပြီး ဖမ်းဆီးခံရပြီးမှ ပြန်လွတ်မြောက်သူ ၁၂၃ ဦး ရှိပါတယ်။

Dec 26 ။ ရခိုင်ပြည်နယ်ရဲ့ အထင်ကရ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေရှိပြီး တမြို့လုံးလည်း ထွက်ပြေး တိမ်းရှောင်နေခဲ့ရပါတယ်။ စစ်ကောင်စီက မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးရကြောင့် AA အဖွဲ့က ပြောသလို စစ်ကောင်စီကလည်း ဒီလိုပျက်စီးရတာဟာ AA ဘက်က ပစ်ခတ်တာဖြစ်ကြောင်း
တုံ့ပြန်ပါတယ်။ ရခိုင်မှာ တိုက်ပွဲဖြစ်မှု တလကျော်ကြာတာနဲ့အမျှ အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာနေသလို စကစ က ကုန်းလမ်းရေးလမ်းတွေကို ပိတ်၊ ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ အခက်ကြုံနေပါတယ်။


ကရင်နီပြည်နယ်မှာ 1111 (၁ လေးလုံး)စစ်ဆင်ရေး စတင်ကတည်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ လွိုင်ကော်မြို့တွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့ ရပ်ကွက်တွေမှာ စစ်ရှောင်တချို့ နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်း ပြန်ယူတာမျိုး ရှိနေပေမဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ကြုံလာပြီး ကာကွယ်ရေးတပ်တွေက အဝင်အထွက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

Dec 25 ။ မြန်မာပြည်တွင်း ပဋိပက္ခတွေကြား အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရနိုင်ခြေ များလာပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ဝန်ဆောင်မှုရပိုင်ခွင့်တွေ ဆုံးရှုံးလာကြောင်း UNFPA ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း ပဋိပက္ခတွေမှာ လူဦးရေ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြပြီး အဲဒီအထဲ တဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်မှာ နိုင်ငံရေးအရ အငြင်းအခုံဖြစ်မှု၊ ရှုပ်ထွေးမှုတွေ ပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့က အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်ကာလမှာ မြန်မာ့စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ခဲ့ပြီး မြို့ပေါင်း ၂၁ မြို့ကို တော်လှန်ရေးအင်အားစုတွေက လပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တာပါ။

Dec 24 ။ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီကို သံပုံးတွေနဲ့ ဝယ်ယူခွင့် မရတော့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန် မီးစက်နှိုးဖို့အတွက် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှာ လျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့် ပုဂ္ဂလိကဘဏ်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖုန်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အပါအဝင် လုပ်ငန်းတော်တော်များများ မီးစက်သုံးစွဲနေကြရတာဖြစ်ပြီး ဓာတ်ဆီ ဝယ်မရတဲ့ အခက်အခဲကိုလည်း ကြုံနေရပါတယ်။


ဧရာ၀တီတိုင်းမှာ စစ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့် အထည်ချုပ်စက်ရုံတွေ ပိတ်တာ၊ အလုပ်သမားတွေ လျှော့ချတာကြောင့် ၁၁ လအတွင်း အလုပ်သမား အယောက် ၂,၀၀၀ နီးပါး အလုပ်လက်မဲ့ ဖြစ်နေရကြောင်း အလုပ်သမား အရေးကူညီပေးနေတဲ့သူတွေက ပြောပါတယ်။