မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မတ်လ ၂၀၂၄

kaiMarch 27, 20241min4680

လူနှစ်မျိုးသာရှိသည်။
များပြားလှသည့် နှစ်မျိုးနှစ်စားတို့ဝယ် နိုင်ငံရေးနွယ်ပြဆိုသည်ကား လစ်ဘရယ်(လွတ်ပြန့်စွဲ-ဘယ်နှင့် ကွန်ဆာ့ဗေးတစ်(ရှေးရိုးစွဲ-ညာ)သာဖြစ်၏။ “ရှိပြီးသားကိုကိုင်ဆုပ် မပြုပြင်မပြောင်းလဲလိုသူ”နှင့် “ရပြီးသားကိုပြင်ဆင် သစ်ဆန်းကြည့်လိုသူ”များပါ။ ကမ္ဘာ့နိုင်ငံအသီး၏ နိုင်ငံရေးဇတ်ခုံတို့ဝယ် ဘယ်/ညာတို့သည် လူဦးရေအချိုးဖြင့် မျှခြေအနီးဆုံးဖြစ်ကာ အပြန်အလှန်ဆွဲယူထိမ်းကြောင်းကြခြင်းဖြင့် မဇ္ဈိမပဋိပဒါ အစွန်းနှစ်ဖက်ရှောင်နိုင်ခဲ့ပြီး တိုးတက်ခဲ့ကြသည်။ လူဦးရေအားဖြင့် ၅၀% +အနီးစပ်ဆုံးဖြစ်လျှင်ဖြစ်သလောက် ဘယ်/ညာ ပါတီတို့တလှည့်စီအုပ်ချုပ်ကြရင်း ရှေ့သို့ချီ သမိုင်းအမည်တွင်နိုင်ခဲ့ကြ၏။

“မြန်မာဟူသမျှ ရှေးရိုးစွဲခဲ့ကြ”
မြန်မာတို့သည် မူလကွန်ဆာ့ဗေးတစ် ရှေးရိုးစွဲများဖြစ်သည်။ အစွန်းရောက်နေသည်မူ၍ ရှေးစွန်းစွဲဟုပင်ခေါ်နိုင်သည်။ ရှေးအစဉ်အဆက် ထောင်စုနှစ်မျှ ထေရဝါဒဘာသာရေး၏ဘုန်းတော်ကြီးပညာသင်ကြားရေးစနစ်တွင်သာ အရိုးစွဲခဲ့ကြရကား ပညာရေးတွင်ဘာသာရေးကိုး၍ တိုး၍တွန်းကာ အစွန်းရောက်သွားဟန်ရှိသည်။ ဤသည်မျိုးအလယ်ခေတ်ဥရောပခေတ်၌လည်းဖြစ်ခဲ့ဖူးပါသည်။ နှစ်၁၀၀၀ ကျော်ကြာခံစားကြရပြီးနောက် ၁၆ရာစုတွင် သူတို့ထိုးထွက်နိုင်ခဲ့ကြ၍ တိုးတက်သောဥရောပကို တည်ဆောက်နိုင်ခဲ့ကြ၏။
မြန်မာနိုင်ငံတွင် ၁၉ရာစုနှစ်လည်လောက်မှ ရှေးစွန်းစွဲ ဘုန်းတော်ကြီးကျောင်းပညာရေး၊ သက်ဦးဆံပိုင်ဘုရင်နှင့်တွဲထားသည့်နိုင်ငံရေးစံနစ်တို့အား ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသူတို့ရှိသောအခါ ရှေးစွန်းစွဲနှင့် လွတ်ပြန့်စွဲတို့ကြီးမားသောပဋိပက္ခဖြစ်လာသည်။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြင့် ပြုပြင်ပြောင်းလဲလိုသူ ကနောင်မင်းသားကြီးလုပ်ကြံခံရခြင်းနှင့် နောက်ပိုင်းနန်းတွင်းသားမင်းညီမင်းသားဆွေမျိုး‌တော် တရာကျော်အား လည်မျိုတုတ်နှင့်ရိုက်သတ်ခြင်းအားဖြင့် အာဏာလုသိမ်းခြင်းတို့ဖြစ်ခဲ့သည်။ တနိုင်ငံထဲနေလူမျိုးတူအချင်းချင်း မျိုးဖြုတ်သတ်နေသော မြန်မာကမ္ဘာလေးထဲသို့ အဦးဆုံးဝင်လာ သိမ်းပိုက်လိုက်သည်မှာ အင်္ဂလိပ်နန်းတွင်းမဟုတ်။ ဗြိတိသျှစစ်တပ်လည်းမဟုတ်။ ငွေရှင်ကြေးရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားသော အရှေ့အိန္ဒိယကုမ္ပဏီသာဖြစ်ပါ၏။ ၁၈၈၆ ဇန်နဝါရီ ၁ရက်နေ့တွင် သိမ်းယူထားသောမြန်မာပြည်အား ဝိတိုရိယဘုရင်မကြီးထံ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့၏။ ပညာမစုံသော အစွန်းရောက်ခြင်းသည် တိုင်းပြည်အားဆုံးရှုံခြင်းရလဒ်သာရှိပေသည်။

“နယ်နမိတ်အတိအကျနှင့် ပထမမြန်မာနိုင်ငံ”
အင်္ဂလိပ်တို့အုပ်ချုပ်သော နှစ်၁၀၀ကျော်တွင် အောက်မြန်မာနိုင်ငံ ထိုခေတ်နှင့်ညီသော အစိုးရအုပ်ချုပ်ရေး။ တရားရေး၊ ပညာရေးနှင့် ဘဏ္ဍာရေးဖြင့် စက်မှု/လက်မှုတိုးတက်ခဲ့ကြသည်။ အရှေ့တောင်အာရှသာမက အာရှ၏ထင်ရှားသော မြို့ပြနှင့်လမ်းတံတားလေဆိပ်အဆောက်အဦကြီးများဖြင့်ခန့်ညားလာသည်။ ရေနံ ကျွန်းသစ်နှင့် ဆန်စပါးထုတ်လုပ်မျုထိပ်တန်းရောက်ခဲ့ပေရာ ယခုကမ္ဘာ့စူပါရေနံကုမ္ပဏီ BP၏မူလအစသည် Burmah Oil Company ဆိုလျှင်အံ့သြကြမည်လော။ အင်္ဂလိပ်တို့သည်ကျွန်းသစ်ခုတ်ရာ၌ပင် ဗရမ်းဗတာမခုတ်/မထုတ် စနစ်တကျထုတ်/စိုက်ဖြင့်ရေရှည်စီမံကိန်းထားခဲ့ပေရာ ယခုခေတ်မြန်မာများကိုယ်ပိုင်အုပ်ချုပ်ရေး၏ သယံဇာတထုတ်လုပ်မှုထက်များလွန်စွာ စနစ်ကျသည်။ အာရှတိုက်၏စပါးကျီဟုပင်အမည်ရသည်အထိ စပါးစိုက်ဆန်ထုတ်နိုင်ခဲ့ရာ လယ်သမားတို့အားကွင်းဆင်းငွေချေးသူ ချစ်တီးတို့၏အတိုးယူနှုန်းမှာ ထိုခေတ်သာမာန်ပေါက်စျေးအတိုးနှုန်းထက် နိမ့်ထားသည်ကို ယခုခေတ်ကျမှ သိကြရပါ၏။ ထိုနိုင်ငံ‌တော်သည် အင်္ဂလိပ်တို့သတ်မှတ်ပေးသွားသောနယ်နမိတ်မြေပုံအရ ပထမမြန်မာနိုင်ငံတည်း။
ပညာရေးဦးစားမပေးသော ခေတ်ပညာတတ်မဟုတ်သည့် နိုင်ငံရေးခေါင်းဆောင်များလက်ထက်တွင် မြန်မာတို့လွတ်လပ်ရေးရခဲ့သည်။ မျက်စိမလည်ပါလင့်၊ တိုက်ယူ၍မဟုတ် ပေး၍ရခဲ့ခြင်းသာ။ ပထမဝန်ကြီးချုပ်ဦးနုသည်၄င်း အားဏာသိမ်းဗိုလ်ချုပ်ကြီးဟူသည့် ဦးနေဝင်းသည်၄င်း ခေတ်ပညာတတ်ဘွဲ့ရများမဟုတ်ပါ။ ကျောင်းထုတ်ခံရသည့် ပညာရေးတပိုင်းတစသမားများသာဖြစ်ပါ၏။ ထိုနောက်ပိုင်းခေတ်များသည် မြန်မာတို့၏အမှောင်ခေတ်ကြီးတည်း။

“တပြန်လည်ရှေးရိုးစွဲ”
၁၉၈၈ အရေးတော်ပုံကြီးဖြစ်ပြီးနောက် နဝတ နအဖ စစ်အစိုးရအဆက်ဆက်သည် အခြေခံပညာရေးစနစ်တွင် ဘုန်းတော်ကြီးပညာသင်ကြားရေးပြန်အစားထိုးလာသည်။ အစိုးရ၏အလုပ်စစ်စစ်အား သာသနာ့ဝန်ထမ်းများအား အခြေခံပညာရေးအားအပ်နှံသင်ကြားအုပ်ချုပ်စေခြင်းလောက် မိုက်မဲမှုမရှိပေ။ ရှေးယခင်က ပညာရေးစနစ် ဆရာ ခေတ်ပညာသင်ရိုးညွှန်းတန်းတို့တို့စနစ်တကျမရှိမူ၍ မလွှဲသာအစားထိုးရခြင်း၌ မတတ်သာသော်လည်း ယခုခေတ်ကာလမျိုးတွင် အစိုးရတရပ်က ဦးစားပေးတာဝန်ယူရမည့် တိုင်းပြည်အနာဂတ် ကလေးငယ်များအားပညာသင်ကြားရမှုလောကီစစ်စစ်ကို လောကုတ္တရာသမားများအား အခမဲ့ဝန်ထမ်းစေခြင်းသည် အကျိုးထက်အယုတ်များ၏။ ဂေါတမမြတ်စွာဘုရားကိုယ်တော်တိုင်က ပရဟိတကို ရဟန်းများဦးစားပေးမလုပ်ကြပါရန်ဆိုထားခဲ့သည်။
ထို”ဘက”ပညာရေး၏အသီးအပွင့်များကို ထိုထိုစာသင်ကလေးငယ်များ အရွယ်ရောက်လာသည့် ယခုခေတ်အချိန်တွင် မြန်မာတို့ခံစားကြရပြီ။ မဘသ/၉၆၉ ဟူသော အမျိုးဘာသာသာသနာ၏ မူလအကြောင်းရင်းသည် ထိုထိုကလေး/ဆရာများ၏လက်ထွက်ရယ်ပါ။ သက်တမ်းတွက်ချကြည့်ပါ။ ယခုအသက် ၁၀-၄၀နှစ်တန်းကြား မဘသအစွန်းရောက်သူများမှာ ထို”ဘက”ပညာရေး၏ အကျိုးဆက်သားများဖြစ်ပါ၏။ မြန်မာပြည်ကဲ့သို့ တိုင်းရင်းသား၁၃၅မျိုးထလုပ်ထားသောတိုင်းပြည်တွင် လူမျိုး ၁၃၅မျိုး။ ဘာသာစကား ရာချီတွင် သာသနာဆိုသည် ဟိန္ဒူ၊ ထေရ။ မဟာယာန။ ခရစ်ယန်။ အစ္စလမ် သာသနာဝင်တို့သည်လည်း လူသန်းချီရှိရကား မဘသဟူသည် ကွဲပြားခြားနားခြင်းကို အသိအမှတ်မပြုပဲ အုပ်စုဖွဲ့ရန်လိုမုန်းတီး ခွဲခြားခြင်းသက်သက်ကိုသာ ဆောင်လေသည်။ မျက်စိများဖွင့်ကြည့်ပါ။ ရိုဟင်ဂျာတို့အား မျိုးဖြုတ်ရှင်းလင်းခြင်းအပါအဝင် မဘသမတူသူများအား ရွာလုံးကျွတ်မီးရှို့ဗံးကြဲလူသတ်ခြင်းလက်ယဥ်စွာပြုရဲသူများမှာ ထိုအစွန်းရောက်ခြင်း၏အကျိုးအကြောင်းကြောင့်သာ။

“မဇ္ဈိမပဋိပဒါ”
ပြန်လည်ထိမ်းညှိရန် မည်ကစကြရမည်နည်း၊ ဤသူလည်းမသိ။ ရပြီးသားကိုပြင်ဆင်သစ်ဆန်းကြည့်လိုသူများ၏ လစ်ဘရယ်ခေတ်ရောက်သင့်ပြီ။
မဇ္ဈိမပဋိပဒါသည် အလယ်အလတ်ကျင့်စဥ်ဟု မဖွင့်လို၊ ၂မျိုးလုံးဖက်မပါ အလယ်အလတ်ရွေးကာ ခြံစည်းရိုးခွထိုင်လျှင် ဂွထိယုံသာရှိသည်။ အပို/အလို၊ အပယ်/အတွယ်တို့ကိုထိန်းကာ အစွန်း၂ပါးလွတ်အောင်ကျင့်ကြံအားထုတ်နေထိုင်သည်ကိုသာခေါ်သည်။ အစွန်းလွတ်နေထိုင်ကျင့်ကြံခြင်းသည် အလယ်အလတ်ရွေးခြင်းမဟုတ်ရပေ။ ကွန်ဆာ့ဗေးတစ်တို့ကိုထိမ်းညှိရန် လစ်ဘရယ်တို့လိုပါသည်။

ယခုနှစ်ပိုင်းတွင် မြန်မာပြည်တွင်းအလုပ်အကိုင်အဆင်မပြေခြင်း စစ်မှုထမ်းဥပဒေပြဌာန်းအသက်ဝင်ခြင်း စစ်ဘေး၊မျိုးဖြုတ်ဘေးတို့ကြောင့် သိန်းသန်းချီသော မြန်မာလူငယ်/လူရွယ်များ ထိုင်း၊မလေးရှား၊ချိုင်းနား၊အိန္ဒိယ၊စင်္ကာပူ ဂျပန်၊ကိုရီးယား၊အမေရိကားများသို့ထွက်ခွာနေသည်ကိုတွေ့ကြရမည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ဖြစ်၏။ ထိုင်းနိုင်ငံတွင်ရှိသောတရားဝင်အလုပ်သမားဦးရေတွင် မြန်မာသည် (၂.၃)သန်းဖြင့်ပထမအများဆုံးတည်း။
ထိုမြန်မာတို့တွင် ဝတ်စားဆင်ယင်မှု အနေအထိုင် တို့မှစ၍ လူမှုဆက်ဆံရေးများအထိ အံမဝင် ချို့ချော်လျှက်ရှိသည်များကိုတွေ့ကြရမည်။
မိမိ၏ကိုယ်ပိုင်အခွင့်အရေးဆိုနိုင်ပါသော်လည်း လူမျိုးတမျိုးလုံးကိုဆွဲချသွားသလို တိုးတက်သောနိုင်ငံအဖြစ် ကို ဟန့်တားနေမှုများပင်ဖြစ်နိုင်သည်။
အရာရာရှေးရိုးဆန်လွန်းလျှင် မသင့်တော်ပေ။ ရိုးရာဟူ၍အတင်းအဓမ္မကြီးထိမ်းသိမ်းနေခြင်းလည်းမဟန်ပါ။

“ပုဆိုးတွေချွတ်ကြ”
လိုရင်းဆိုရလျှင် အမျိုးသားတို့ပုဆိုးလုံချည် ကွင်းလုံးကျွတ်ချွတ်ချရမည့်အချိန်ပါ။ လွှတ်တော်အပါအဝင်အခန်းအနားများ၌လည်း ပုဆိုးတကားကား ခြေညှပ်ဖိနပ်တဖြတ်ဖြတ် ခေါင်းပေါင်းတလူလူလွှင့်ပြခြင်းဖြင့် မိမိ၏ယဥ်ကျေးမှုဟူ၍ထိမ်းပြနေခြင်းသည် ရှေ့ဆက်ရမည့်လက်တွေ့အလုပ်များအတွက် အဆင်မပြေနိုင်။ ဖုံထူ မိုးများ ရွံ့စင်သောအပူပိုင်းစွတ်စိုတိုင်းပြည်တွင် အောက်ဖွင့်ထားသည့် ပုဆိုး/ထမိန် လူ့ကိုယ်လုံးအားအဝတ်ပါတ်ထားခြင်းသည် တကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေးအတွက်လည်း မသင့်တော်ပေ။ မိသားစုဝင်တိုင်းအလုပ်လုပ်ကြ၍ လူသားဆန်စွာ လူမှုစီးပွားဘဝတာဝန်တို့ကို ဖြည့်စီးရသည့်ခေတ်ဝယ် ပုဆိုးဝတ်သည် ခုန်ကျော်လွှား တက်/ဆင်းအလုပ်လုပ်ခြင်းအတွက် မည်မျှအဆင်မပြေဆိုသည်ကို ကော်လာဖြူ/ပြာလုပ်ဖူးသူတိုင်းသိပါ၏။
လူမျိုးရေးပြင်းထန်လှပါသည်ဆိုသော ဂျပန်နှင့်ချိုင်းနားသည်ပင် လူမျိုးရေးအဝတ်အစားကို ရိုးရာယဥ်ကျေးမှုအခမ်းအနားများတွင်သာဂုဏ်ယူဝတ်ဆင်၍ နိုင်ငံရေးအမှုကိစ္စ၊ ပညာရေး၊ တရားရေး ရုံးကိစ္စ အလုပ်ရုံးတို့တွင် တိုးတက်သော နိုင်ငံကြီးများနည်းတူ ဝတ်ဆင်ကြသည်မဟုတ်ပါလော။
ယဥ်ကျေးမှုတော်လှန်ရေးအချိန်ပါ။ စစ်အာဏာရှင်အစဥ်ဆက် လုပ်ပြနေခဲ့သည်များထဲမှ တော်လှန်အသင့်ဆုံးအရာပါ။
အမျိုးသမီးတို့တွင် အလှအပအတွက် ဖက်ရှင်ရှိပေရာ ထူးခြားဆန်းပြားခြင်းအနေပြု ဖက်ရှင်တရပ်တဘောထား အဆင်ပြေသလိုဝတ်နိုင်ပါသော်လည်း အမျိုးသားတို့အတွက် နေ့တဓူဝတွင် ပုဆိုး တိုက်ပုံနှင့် ညှပ်ဖိနပ်သည် အလုပ်လည်းမတွင်ကျယ်။ဂျပန်ပြည် မဲဂျီဘုရင်သည် ခေတ်ပြောင်းတော်လှန်ရေးပြုချိန် ၁၉ရာစုလယ်တွင် အမိန့်ပြန်တမ်းထုတ်ကာ ရိုးရာကီမိုနိုများအားဆွဲချွတ်ခဲ့သည်။ ယခုလူထုအစိုးရသည်လည်း ပုဆိုးဆွဲချွတ်ရန်အချိန်ပါ။ သံတမန်များ ဝန်ကြီးဝန်လေးအရာရှိများမှ စရမည်ဖြစ်သတည်း။

ကျား/မတန်းတူမှု၊ ဘုန်းကံနိမ့်/မြင့်၊ အစားအသောက်၊ အလှူအတန်းစသဖြင့်များစွာကို အခြေခံလူနေမှုလေးများမှ စ,ပြင်ယူသွားပါလျှင် ကောင်းမွန်သောနိုင်ငံသစ်ကြီးဖြစ်လာနိုင်ပါသည်။ ဆို၍သာနေရသည် အစွန်းရောက်တို့တိုင်းပြည်၏အခြေအနေမှာ နေ့လားညလားတည်း။ အချင်းချင်းမျိုးဖြုတ်ထုတ်သတ်၍ မဝကြသေး။ အပြန်အလှန်လက်စားချေခြင်းမပြီးသေး။ ရှေးနှစ်၂၀၀ ကကဲ့သို့ အင်္ဂလိပ်တို့လည်းလာမကယ်နိုင်အား။ ယခုခေတ်စူပါပါဝါ အမေရိကား၏ ယခုနှစ်ပေါ်လစီကိုခြုံကြည့်လျှင် မြန်မာပြည်တွင်း တိုက်ရိုက်စစ်ရေးအကူပေးကာ ဝင်ပါတ်သက်မည်မဟုတ်သေးပေ။ ထိုမှတပါးမြန်မာတို့အား ပြည်တော်ပြန်မည်မဟုတ်မှန်းသိလျှက်နှင့် အမေရိကားပြည်ဝင်ဗီဇာဟူသမျှ လွယ်လွယ်ပေးပစ်ကာ ခေါ်တော်ဆင့်နေသည်။ ရောက်လာသမျှသူများအား ပြန်ရန်မလို အလုပ်လုပ်ရပ်တည်နေနိုင်သည် TPS ထုတ်ပေးအကာအကွယ်ပေးထား၏။ အရင်ရောက်နှင့်ပြီးသူ မီဒီယာသမားအနေနှင့် တိုက်တွန်းလို၏။ လူသာလာပါ။ အစွန်းစွဲများထားရစ်ပစ်ခဲ့ကြပါ။