လမ်းကြားသရဲ

နွယ်ပင်September 9, 20101min1605

လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ
တရားမဝင် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား/အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ
အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။

တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကို
တွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာတော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး
ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထားတဲ့ ကစားစရာ မော်တော်ကားလေး ပျောက်သွားကြောင်း တရုတ်သင်္ချိုင်း
ကို ပြုပြင်ရေး ကန်ထရိုက်ဆွဲထားတဲ့ တရုတ်သူဋ္ဌေးကို တိုင်ကြားပါတော့တယ်။ ဒါနဲ့ တရုတ်သူဋ္ဌေးလည်း ဒေါပွပြီး မြန်မာအလုပ်သမား အားလုံးကို
နှစ်ပတ်တိတိ အလုပ်မဆင်းဖို့ အပြစ်ပေးပါတော့တယ်။

နှစ်ပတ်တိတိ အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေလည်း အလုပ်ပြန်မဆင်းရခင်စပ်ကြား သူတို့ နေထိုင်ရာ အခန်းထဲမှာ နေ့တိုင်း
လိုလို သောက်ပွဲစားပွဲလေးတွေ လုပ်ပြီး နေခဲ့ကြပါတယ်။ အခန်းရဲ့ပြင်ပဆိုလို့ တိုက်နံဘေးက စတိုးဆိုင်လောက်ပဲ သူတို့ သွားရဲ
ပါတယ်။ သူတို့ အားလုံးက အဲဒီနိုင်ငံမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်စားနေရတဲ့ ဘဝတွေပါ။

အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ အရက် စုသောက်ကြတဲ့ အလုပ်သမားတွေထဲမှာ အရက်နည်းနည်းလောက် သောက်ပြီးရင် သွေးဆူတတ်တဲ့
အလုပ်သမား တစ်ယောက် ရှိပါတယ်။ ထိုသူက အလုပ်သမားအားလုံး နှစ်ပတ်တိတိ အလုပ်ပြုတ်ရတဲ့ တရားခံ အလုပ်သမားပါ။ တရုတ်သင်္ချိုင်း
ကလေးအုတ်ဂူပေါ်က ကစားစရာ မော်တော်ကားလေး ကို ယူလာတာလည်း သူပါပဲ။ အလုပ်ခဏပြုတ်လို့ အရက်သောက်လိုက် တီဗွီကြည့်
လိုက်လုပ်နေကြတဲ့ ညတညမှာ ကလေး ကစားစရာကို သင်္ချိုင်းက ယူလာတဲ့ အလုပ်သမားက အရက်သောက်ပြီး အရက်ဝိုင်းနံဘေးမှာ အိပ်ပျော်သွား
ပါတယ်။ အရက်သောက်နေကြတဲ့ အလုပ်သမားတွေဟာ အရက်သောက်နေရင်း စကားသံကို ကျယ်ကျယ် မပြောရဲပါဘူး။ နံဘေးအခန်းတွေက
သူတို့ရဲ့ ဆူညံမှုကို ရဲစခန်းဆီ ဖုန်းဆက် တိုင်ကြားရင် သူတို့အားလုံးတရားမဝင် အလုပ်သမားဖြစ်နေတာကို ရဲက သိသွားမှာ စိုးလို့ပါ။

ဒီလိုနဲ့ နည်းနည်း ညဥ့်နက်လာချိန်မှာ အရက်ဝိုင်းနံဘေး အိပ်ပျော်နေတဲ့အလုပ်သမားက နိုးလာပါတယ်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ အရက်တွေ
ကို တစ်ခွက်ပြီး တစ်ခွက် ယူသောက်ပါတယ်။ ထို့နောက် အရက်ဝိုင်းထဲက အခြားအလုပ်သမားတွေကို စကားသံ ဗလုံဗထွေးနဲ့ ယစ်ပါတော့
တယ်။ အဲဒါနဲ့လည်း မပြီးသေးပါဘူး၊ အိပ်ခန်းထဲက အိပ်ပျော်နေတဲ့သူတွေကို ဇွတ်အတင်းနိုးပြီး ယစ်ပါသေးတယ်။ ပထမတော့ အားလုံးက
သူ့ကို မူးပြီး မယစ်ဖို့ ဝိုင်းပြီး တောင်းပန်ကြပါတယ်။ ဘယ်လိုလိုပြောပြောပြောလို့ မရခဲ့ပါဘူး။ အမူးလွန်နေတဲ့ သူက နောက်ဆုံးမှာ နောက်ဖေး
မီးဖိုချောင်ထဲက အသားလှီး ဓါးကို ယူပြီး အားလုံးကို ခုတ်မယ် ထစ်မယ်တကဲကဲ လုပ်ပါတော့တယ်။ အသံတွေဟာ တစထက်တစ ပိုဆူညံလာပြီး
ထိန်းမရအောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အဲဒီအခန်းထဲကအလုပ်သမားအားလုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။

မူးပြီး ယစ်နေတဲ့ အလုပ်သမားကို သတ်ပြစ်လိုက်ပါတယ်။ သေသူရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ကြပါတယ်။ အဲဒီလို အပိုင်းပိုင်း
ဖြစ်အောင် ခုတ်ထစ်တဲ့ နေရာမှာ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တင်ပြီး ခုတ်ထစ်ရင် ဓါးမ’ကြောင့် ခုတ်သံတွေ ထွက်ပေါ်လာလို့ အောက်ခန်းက လူတွေ
သိသွားမှာကို သူတို့ စိုးရိမ်းကြပါတယ်။ ဒါကြောင့် လူသေအလောင်းကိုဟိုဖက်တစ်ယောက် ဒီဖက်တစ်ယောက် အမြင့်မှာ မြှောက်ပြီး ခုတ်ထစ်
ကြပါတယ်။ အဲဒီနောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမှိုက်ပြစ်ရာအသုံးပြုတဲ့ အိတ်အမဲရောင်တွေနဲ့ နှစ်ထပ် သုံးထပ် သေသေချာချာ ထုတ်ပိုး
ပါတယ်။ မနက် မိုးမလင်းခင် ဝေလီဝေလင်းမှာ လူသေအစိတ်အပိုင်းများထည့်ထားတဲ့ အိတ်အမဲတွေကို သူတို့ နေထိုင်ရာ တိုက်အမြင့်ကြီး၏
အမှိုက်ပြစ်ရာတွင် အသုံးပြုသော *ဂလိုင်ပေါက်မှတဆင့် ပြစ်ချခဲ့ကြပါတယ်။(*ဂလိုင်ပေါက်= ကန်ထရိုက်တိုက်အပေါ်ထပ်တွင် နေထိုင်သူများ
အနေဖြင့် အမှိုက်ထုပ်များကို စွန့်ပြစ်ရာတွင် တိုက်အောက်ခြေသို့ဆင်းစရာ မလိုပဲ အလွှာတိုင်းတွင် ရှိသော အမှိုက်ပြစ်နိုင်သည့် အပေါက်တစ်ခု။)

အသတ်ခံရတဲ့ အလုပ်သမား မိသားစုဟာ မြန်မာနိုင်ငံအောက်ပိုင်းက ကျေးရွာလေးတစ်ခုကပါ။ ဇနီးသည်နဲ့ သားသမီးငယ်သုံးဦး တို့ဟာ
အဲဒီသတင်းကို ချက်ချင်း မသိရှိခဲ့ကြပါဘူး။ သေဆုံးသွားသူရဲ့ ကလေးငယ်များဟာ ညစဉ်လိုလို အိမ်မက်ဆိုးတွေ မက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဖခင်ဖြစ်သူဟာ
ကစားစရာ မော်တော်ကားလေး တစ်ခုကို လက်တစ်ဖက်မှာ ကိုင်ဆောင်ထားသလို အခြားလက်တစ်ဖက်မှာလည်းအသားဖြူဖြူ ကလေးငယ်တစ်ဦး
လက်ဆွဲပြီး သူတို့အိမ် အပေါက်ဝမှာ မျက်နှာငယ်ငယ်နဲ့ ရောက်လာတယ်လို့ အိမ်မက် မက်ကြပါတယ်။အသတ်ခံရသူဟာ နှစ်လတစ်ကြိမ် အိမ်ကို
ပိုက်ဆံပို့တဲ့ အခါတိုင်းသူ့မိသားစုထံ ဖုန်းဆက်လေ့ ရှိပါတယ်။ ကျန်ရစ်သူ မိသားစုလည်း လကုန်ရင် တယ်လီဖုန်းဆက်မလားလို့ စောင့်မျှော် နေခဲ့ကြပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း အဲဒီကိစ္စကိုညီညွတ်စွာနဲ့ တိုးတိုးတိတ်တိတ်ပဲ နေခဲ့ကြပါတယ်။ ဒီလိုနဲ့ လူသတ်မှုဖြစ်ပွားပြီး နှစ်ပတ်သုံးပတ်လောက် ကြာတော့ သူတို့ ဌားရမ်းနေထိုင်ရာ အဲဒီအဆောက်အဦးမှာ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တိုက်တစ်ခုလုံးမှာ နေထိုင်သူ အများစုကဒေသခံတရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ ညဖက် အမှိုက်ထုပ်သွားပြစ်သူတွေကို သရဲခြောက်ခံရတဲ့ သတင်းဟာ တဖြေးဖြေးချင်း လူပြော များလာပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေထဲမှာ အသတ်ခံရတဲ့အလုပ်သမားနဲ့ တရွာတည်း အတူတူ အလုပ်လာလုပ်သော အလုပ်သမား တစ်ယောက်ရှိပါတယ်။
ထိုသူလည်း ညစဉ် အိမ်မက်ဆိုးတွေမက်ခဲ့ပါတယ်။ ညစဉ် အိမ်မက်ထဲမှာ အသတ်ခံရတဲ့ အလုပ်သမားကသူ့ အတွက် ဘာသာရေးဆိုင်ရာ အမျှအတန်းပေးဝေဖို့ လာပြောတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ သူ့ပစ္စည်းတွေနဲ့ ပိုက်ဆံအချို့ကို သူ့မိသားစုထံ ပို့ပေးဖို့လည်း အိမ်မက်ထဲမှာလာလာပြောတယ်လို့ ဆိုပါတယ်။
ဒါနဲ့ ကျန်တဲ့ အလုပ်သမားတွေလည်း သူတို့ သတ်လိုက်တဲ့ အလုပ်သမားမိသားစုကို သနားပြီး ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုထံနှစ်လ တစ်ကြိမ် စုပေါင်းပြီး ပိုက်ဆံ ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အသတ်ခံရသူရဲ့ ရုပ်အလောင်းကို တစ စီ ခုတ်ထစ်ပြီး လွှတ်ပြစ်ခဲ့တဲ့ အမှိုက်ပြစ်ရာ လမ်းကြားက သူတို့ နေထိုင်ရာ အလွှာမှာ နှစ်ဖက်ရှိပါတယ်။
တိုက်ရဲ့ ဘေးအစွန်းနှစ်ဖက်မှာ အပေါ်ထပ်ကို တက်ရောက်နိုင်တဲ့ လှေကားတွေ ရှိပါတယ်။ အမှိုက်ပြစ်တဲ့ လမ်းကြားဟာ လှေကားနဲ့ ကပ်လျှက်မှာ ရှိပါတယ်။
သူတို့နေထိုင်ရာ အလွှာက နေထိုင်သူတွေ ညဖက်ဆိုရင် ဘယ်သူမျှ အမှိုက် သွားမပြစ်ရဲပါဘူး။ အဲဒီလှေကားနံဘေးကို ညဖက်တွေမှာ ဘယ်သူမျှ မသွားရဲပါဘူး၊ အခြားအစွန်းတစ်ဖက်မှာရှိတဲ့ လှေကားနဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားကိုပဲ အသုံးပြုကြပါတယ်။ အဲဒီလမ်းကြားနဲ့ ကပ်လျှက် အခန်းက လူတွေကတော့ညဖက်တွေမှာ လမ်းလျှောက်သံတွေ ကြားရတယ်၊ လူတစ်ယောက်ဒေါသထွက်ပြီး “တောက်” ခေါက်လိုက်တဲ့ အသံ၊ ဝမ်းနည်းစွာနဲ့ရှိုက်ကြီးတငင်ငင် ငိုကြွေးသံတွေ ကြားရတယ်လို့ ဆိုပါတယ်။

တိုက်မှာ နေထိုင်တဲ့ တရုတ်မိသားစုတွေက သရဲခြောက်တယ်လို့နာမည်ထွက်လာတဲ့ အမှိုက်သွားပြစ်ရာလမ်းကြားကို ပထမတော့စာရွက်တွေ သွားကပ်ပါတယ်။ အဲဒီစာရွက်တွေက တရုတ်ဘုံကျောင်းတွေမှာ ပေးဝေတဲ့ ဘာသာရေးစာ ရေးသားထားတဲ့ စာရွက်တွေပါ။ဒါပေမဲ့ သရဲခြောက်တဲ့ ပြဿနာက ပြေလည် မသွားပါဘူး။
လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း နောက် လေး …ငါးလအကြာလောက်မှ အဲဒီတိုက်ကနေ အခြားတစ်နေရာကို ပြောင်းရွှေ့သွားပါတယ်။
သူတို့ လူသတ်မှု ဖြစ်ပွားပြီး တစ်နှစ်ကျော်ကျော် အကြာမှာ အသတ်ခံရသူရဲ့ မိသားစုထံကို လုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီး ကွယ်လွန်သွားကြောင်း
အကြောင်းကြားခဲ့ပါတယ်။ မြန်မာပြည်က မိသားစုလည်း ဘုမသိ ဘာမသိနဲ့ သူများပြောတာကို ယုံပြီးလက်ခံလိုက်ရပါတယ်။ ရေခြားမြေခြားမှာ တရားမဝင်နေထိုင်ပြီး
အလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်ရဲ့ သေဆုံးမှုမှာအလောင်းကို ပြန်သယ်ဆောင်ဖို့ဆိုတာ ခက်ခဲမှာပဲလို့ ကျန်ရစ်သူမိသားစုက မှတ်ယူခဲ့ပါတယ်။

သရဲခြောက်တဲ့ ဇာတ်လမ်းက မပြီးဆုံးခဲ့ပါ။ သရဲခြောက်တယ်လို့နာမည်းကြီးနေတဲ့ အဲဒီတိုက်ကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတရားဝင်နေထိုင်ပြီး အလုပ် လုပ်ကိုင်ဖို့ မြန်မာပြည်က မိသားစုတစ်စု ပြောင်းရွေ့လာပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာပြည်က ပြောင်းရွှေ့လာတဲ့မိသားစုဟာ ယခင်က လူသတ်မှုဖြစ်ပွားခဲ့တဲ့
အခန်းနံဘေးက အခန်းမှာ နေထိုင်ကြပါတယ်။ သူတို့မိသားစုမှာ ဆရာဝန် လင်မယား၊ သားသမီးသုံးဦး၊ အဖွားဖြစ်သူတို့ ပါရှိတဲ့ လူခြောက်ဦးပါ။ သူတို့ပြောင်းရွှေ့လာပြီး
လပိုင်းအတွင်း သူတို့အလွှာမှာ နေထိုင်တဲ့ တရုတ်မိသားစုတွေနဲ့ခင်မင်ရင်းနှီးလာပါတယ်။ တရုတ်မိသားစုတွေဆီကနေ အမှိုက်ပြစ်တဲ့လမ်းကြားမှာ ညဖက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကိုသူတို့ ကြားသိခဲ့ပါတယ်။

သူတို့ ကြားခါစက မယုံတဝက် ယုံတဝက်ပါ။ ခင်ပွန်းဖြစ်သူ ဆရာဝန်က သရဲတစ္ဆေကို လုံးဝ မယုံကြည်သူပါ။ တနေ့တော့ အဲဒီတိုင်းပြည်မှာလာရောက် အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်းတွေကို သူတို့ အခန်းမှာညစား ခေါ်ကျွေးပါတယ်။ ညစား စားရင် အရက် သောက်ဖြစ်ကြပါတယ်။ ည တစ်နာရီ ပတ်ဝန်းကျင်လောက်မှာ
အရက်ဝိုင်း သိမ်းပါတော့တယ်။ ညစား စားပွဲကနေ အိမ်ပြန်ကြမယ့် သူငယ်ချင်းတွေကို အိမ်ရှင်ဆရာဝန်နဲ့ နောက်တနေ့မနက်ကျမှ အိမ်ကိုပြန်မယ့် ငယ်သူချင်းတစ်ဦး
တို့က ကားဂိတ်အထိ လိုက်ပို့ကြပါတယ်။

ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို အဌားကား(TAXI) ပေါ်တင်ပြီး တိုက်ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။ နှစ်ဦးစလုံး အနည်းငယ်မူးနေတာကြောင့် သူတို့အခန်းရှိရာနဲ့ နီးကပ်တဲ့ လှေကားကနေ အပေါ်ထပ်ကို တက်လာခဲ့ပါတယ်။ လှေကားအပေါ်ကို တက်ခါစမှာ အပေါ်ကစကားပြောနေသံလိုလို သူတို့ ကြားနေရပါတယ်။ သူ့တို့စိတ်ထဲမှာ
သူတို့ နှစ်ဦးစလုံး မူးနေလို့ အိမ်ရှင် ဆရာဝန်မိသားစု အခန်းတံခါး အပြင်ထွက်ပြီး စောင့်နေတာ ဖြစ်မယ်လို့ ထင်နေပါတယ်။

လှေကားကနေ သူတို့အလွှာထဲ ချိုးအကွေ့မှာ ရုတ်တရက်နှစ်ဦးစလုံး ကြက်သီးတွေ ထ သွားပါတယ်။ မူးနေတာလည်း ပြေသလိုခံစားလိုက်ရပါတယ်။
သူတို့ ခုနက ကြားနေရတဲ့ အသံကို သတိရလိုက်ပါတယ်။ ဒါနဲ့ နံဘေးပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်တော့ အမှိုက်သွားပြစ်နေကြ လမ်းကြားထဲမှာ လူတစ်ယောက်
က ကျောပေးပြီး အမှိုက်ပြစ်တဲ့ အပေါက်ဝ အပေါ်က နံရံကိုလက်နှစ်ဖက်မြှောက်တွန်းလို့ ခပ်ကုန်းကုန်း ရပ်နေပါတယ်။ အဲဒီလူရဲ့ နောက်ဖက်မှာ ကလေးငယ်တစ်ဦးက
ငိုနေပြီး ကျောပေးရပ်နေသူရဲ့ တင်ပါးကို တဖြန်းဖြန်းနဲ့ ရိုက်နေပါတယ်။ သူတို့ ရပ်လိုက်တဲ့ ခဏလေးအတွင်းမှာပဲ ကလေးငယ်ဟာ သူတို့ဖက်ကို လှည့်ကြည့်
လာပါတယ်။ ကလေးရဲ့ မျက်လုံးနှစ်ဖက်ဟာ တော်တော်လေး ငိုထားတဲ့ပုံစံမျိုးပါ။ မျက်လုံးတွေ ရဲရဲတောက်လို့။

ကလေးက သူတို့ကို မြင်မြင်ချင်း အံ့အားသင့်သလို ဖြစ်သွားပြီး စိုက်ကြည့်နေပါတယ်။ ငိုနေတဲ့ ကလေးငယ်ကို ဆရာဝန်ဖြစ်သူက တချက်ပြုံးပြပြီး သူ့တို့အခန်းဖက်ဆီ ထွက်ခဲ့ပါတယ်။ ခြေလှမ်း လေး …. ငါးလှမ်းလောက် လှမ်းပြီးချိန်မှာ သူတို့ နောက်ကျောဖက်ကနေ အသံတစ်ခုကြားလိုက်ရပါတယ်။ “ညီလေးတို့” ဆိုတဲ့
အသံကို သူတို့နှစ်ဦး သေသေချာချာ သဲသဲကွဲကွဲ ကြားလိုက်ရတာပါ။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်တော့ နောက်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ သူတို့စိတ်ထဲ
ဇဝေဇဝါ ဖြစ်ဖြစ်နဲ့ အခန်းဆီ ဆက်မသွားသေးပဲ အခုလေးတင် ကျော်ဖြတ်ခဲ့တဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားဆီ နှစ်ဦးသား ပြန်သွားကြည့်ပါတယ်။ လမ်းကြားထိပ်
ကို ရောက်တော့ လမ်းကြားထဲမှာ ဘယ်သူကိုမျှ မတွေ့ရတာကြောင့်အရမ်း အံ့ဩသွားပါတယ်။ ခုနက ကျောပေးရပ်နေသူနဲ့ ကလေးငယ်တို့၊ ဒီလမ်းလေးထဲကနေ စက္ကန့်ပိုင်းလောက်သာ ရှိတဲ့ အချိန်အတွင်းလျင်လျင်မြန်မြန်ကြီး ထွက်ခွာ ပျောက်ကွယ်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးလို့ အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး
ကြည့်မိလိုက်ပါတယ်။ အဲဒီအချိန်အထိ သူတို့နှစ်ဦးစလုံး သရဲခြောက်ခံနေရတယ်လို့ သူတို့ကိုယ် သူတို့ မထင်သေးပါဘူး။

သူတို့နေထိုင်ရာ အခန်းရှေ့ရှိ ပထမ သံတခါးမှာ ခတ်ထားတဲ့ သော့ခလောက်ကို ဖွင့်ရင်း အထဲကို အဝင်မှာ သော့ခလောက်အိမ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားပါတယ်။ အိမ်ရှင်ဆရာဝန်ဖြစ်သူက ပြုတ်ကျသွားတဲ့သော့ခလောက်အိမ်ကို ကုန်းကောက်လိုက်ချိန်မှာ နံဘေးက ဧည့်သည်သူငယ်ချင်းဖြစ်သူက …“ဟိုနား ပုန်းနကွယ်ကနေ လူနှစ်ယောက် ခေါင်းလေးတွေ ထွက်ပြီးပြူးတစ် ပြူးတစ်နဲ့ ငါတို့ကို ကြည့်နေတယ်ကွ …”လို့ ပြောပါတယ်။ အိမ်ရှင်ဆရာဝန်က လှမ်းကြည့်တော့ ဘာမျှ မတွေ့ရပါဘူး။
သော့ခလောက်ပြုတ်ကျသံ၊ သံတခါး ဖွင့်သံတွေကြောင့် အိမ်ထဲကမိသားစုလည်း အတွင်း သစ်သားတံခါးကို ဖွင့်လာပါတယ်။ ဧည့်သည်ဖြစ်သူက အိမ်ထဲက ထွက်လာတဲ့ မိသားစုကို ဒီတိုက်မှာ အခြားမြန်မာ အလုပ်သမားတွေ စုပေါင်းနေထိုင်တဲ့ အခန်းများ ရှိသလားလို့ မေးမြန်းစပ်စုရင်း အခန်းထဲကို ဝင်ခဲ့ကြပါတယ်။

ဆရာဝန်မိသားစုက ဧည့်သည် သူငယ်ချင်းဖြစ်သူကို သူတို့အလွှာရဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားမှာ ညဖက် သရဲခြောက်ကြောင်း ရှင်းပြကြပါတယ်။ နံဘေးခန်းက လူတွေဆိုရင် ညဖက်မှာ အဲဒီနေရာဆီအမှိုက်သွားမပြစ်ရဲသလို တတိုက်လုံးမှာ နေတဲ့ လူတွေလည်း အဲဒီဖက် လှေကားကို ညဖက်မှာ အတက်အဆင်း မလုပ်ရဲကြောင်း ပြောပြ
ပါတယ်။ ဧည့်သည် သူငယ်ချင်းက သူ အလုပ် လုပ်နေတဲ့ စက်ရုံမှာသရဲတစ္ဆေခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ စပ်စုစမ်းသပ်ချင်တဲ့ လူငယ်အလုပ်သမားများ ရှိကြောင်း၊ ခွင့်ပြုမယ်ဆိုရင် သူတို့ကိုခေါ်ဆောင်ပြီး အလည်လာချင်ကြောင်း ပြောပါတယ်။ အိမ်ရှင်မိသားစုက အရမ်းဆူဆူညံညံ မဖြစ်ဘူးဆိုရင် အလည်လာခဲ့ဖို့ ဖိတ်ကြား
လိုက်ပါတယ်။

အဲဒီည တညလုံး အိမ်ရှင်ဖြစ်သူ ဆရာဝန်ဟာ အိမ်မက်ဆိုးတွေမက်ပြီး အိပ်ယာက လန့်လန့်နိူးပါတယ်။ အိမ်မက်ထဲမှာ သူတခါမျှ မတွေ့ဖူးတဲ့ လူတစ်ယောက်က သူ့ကို သင်္ချိုင်းကုန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်၊ ပြီးတော့ အုတ်ဂူတစ်ခုကို လက်ညှိုးထိုးပြပြီး ကလေးကစားစရာ မော်တော်ကားတစ်ခု ရှာဖွေ လာထား
ပေးဖို့နဲ့ ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြပြီး သူ့သားသမီးတွေကိုအကူအညီပေးဖို့လည်း ငိုပြီး ပြောပါတယ်။ အဲဒီအိမ်မက်အကြောင်းဆရာဝန်က ကျန်တဲ့သူတွေကို ပြောပြပါတယ်။

မနက်မိုးလင်းတော့ အိမ်ကိုပြန်မယ့် ဧည့်သည်ဖြစ်သူ ငယ်သူငယ်ချင်းကို ညက သူ မက်ခဲ့တဲ့ အိမ်မက်အကြောင်း ပြောပြပါတယ်။ သူငယ်ချင်းဖြစ်သူက …
“ဒါ မင်းကို ချဲထိုးဖို့ နံပါတ် ပေးတာနဲ့တူတယ်၊ အိမ်မက်ထဲမှာ သူ ပြောသွားတဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်း လေးလုံးကို ဒီတိုင်းပြည်က လေးလုံးထီမှာ သွားထိုးကြည့်ပါလား …”လို့ ရယ်မောစရာ ပြောပါတယ်။တခါမျှ ထီမထိုးဖူးတဲ့ ဆရာဝန်လည်း ထီဆိုင်မှာ သွားပြီး လေးလုံးထီကို အရှေ့ ငါးကျပ်၊ အနောက် ငါးကျပ်ဖိုး ထီထိုးပါတော့တယ်။

နောက်တနေ့ ညနေမှာ သူငယ်ချင်းဖြစ်သူနဲ့ လူငယ်လေးယောက်တို့သူတို့အခန်းကို အလည်ရောက်လာပါတယ်။ အလည်လာသူများကသရဲခြောက်တဲ့ ကိစ္စကို လက်တွေ့စမ်းသပ်ကြည့်ချင်ကြောင်း ပြောကြပါတယ်။ ဘယ်လို စမ်းသပ်မှာလဲလို့ မေးကြည့်တော့ လူငယ်များကသူတို့မှာ နည်းလမ်း (၂)ခုရှိကြောင်း၊ ပထမ နည်းက သရဲခြောက်တဲ့နေရာဆီ သစ်သားခုံ တစ်ခု သယ်သွားမယ် … ပြီးတော့ အဲဒီ သစ်သားခုံပေါ်မှာ လက်ဖဝါးတွေကို မှောက်ခုံအနေအထားနဲ့ ကားပြီး ဖြန့်
ထားရမယ် … လက်မချင်း ထိထားရမယ် …. လူတိုင်း အဲဒီပုံစံလုပ်ရမယ် … တစ်ဦးနဲ့ တစ်ဦး လက်သန်းချင်း ထိထားရမယ်… ခုံအလယ်မှာ အသားစိမ်းတစ်ခုကို ခွက်တစ်ခုနဲ့ လုံအောင်အုပ်ပြီးအဲဒီအပေါ်မှာ ဖယောင်းတိုင် ထွန်းထားရမယ် … နံဘေးမှာ ရပ်ကြည့်နေသူ မရှိရဘူး … သရဲခေါ်တဲ့လူက လွဲရင် အစီအစဉ် စတဲ့အချိန်ကနေ ပြန်ထွက်ဖို့ ပြောတဲ့အထိ ဘယ်သူမျှ စကားမပြောရဘူး… လို့ ဆိုပါတယ်။

ဒုတိယနည်းကတော့ “ခေါစာ”ပြစ်ပြီး “ပြာ” ခင်းတဲ့ နည်းလို့ ဆိုပါတယ်။ ဖိနပ်ကို ဘယ်ညာပြောင်းစီးရမယ် … အကျႌကို ပြောင်းပြန်ဝတ်သွားရမယ် …
“ခေါစာ” သွားပြစ်မယ့် လူက “လိပ်ပြာ” ရင့်တဲ့သူ(လုံးဝ အကြောက်အလန့် မရှိသူ) … လက်ပြန်အနေအထားနဲ့ ခေါစာကျွေးမဲ့ လင်ဗန်းကို ချရမယ် … လင်ဗန်းရဲ့ နံဘေး ပတ်ပတ်လည်မှာ“ပြာ”မှုန့်တွေ ခင်းရမယ် … ဟင်းအိုးအုပ်တဲ့ စလောင်းဖုံး တစ်ခုခုနဲ့အသံထွက်အောင် တီးပြီး လာစားဖို့ ဖိတ်ရမယ် … ခေါစာ ပြစ်ထားတဲ့
နံဘေးကို ဘယ်သူမျှ မသွားရဘူး … နှစ်နာရီလောက်နေရင် လာ မလာဆိုတဲ့ “ခြေရာ”တွေကို ပြာတွေပေါ်မှာ သွားကြည့်လို့ ရကြောင်းပြောပြကြပါတယ်။

ဒီလိုနဲ့ အိမ်ရှင် ဆရာဝန် အပါအဝင် လူခြောက်ယောက်တို့ဟာသရဲ ရှိ မရှိကို စမ်းသပ်ဖို့ အလုပ်များကြပါတော့တယ်။ သူတို့တိုက်နံဘေးရှိ တရုတ်မြေစိုက်နတ်စင်ကနေ အမွှေးတိုင်ကြောင့်ကြွေကျထားတဲ့ ပြာမှုန့်တွေကို သွားယူကြပါတယ်။ နောက်ဖေးမီးဖိုချောင်မှာ Gas မီးဖိုကို အသုံးပြုတာကြောင့် အိမ်တွေမှာ ပြာမှုန့်ရှာဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တရုတ်သတင်းစာတွေကို မီးရှို့ပြီး“ပြာ” ရအောင် လုပ်ရပါတယ်။ သူတို့ စမ်းသပ်ဖို့ သဘောတူ ထားတဲ့နည်းလမ်းက ဒုတိယ နည်းလမ်းပါ။ ပထမနည်းကို
သဘောမတူကြပါဘူး။ ခေါ်လိုက်လို့ ဝင်လာရင်၊ ဝင်လာတဲ့ သရဲက သရဲထက်ကြီးသော “သဘက်” ဆိုရင် အန္တရာယ်ရှိမှာ စိုးလို့ပါ။ ည (၉)နာရီ ကျော်ကျော်လောက်မှာ သရဲခြောက်တဲ့ အမှိုက်ပြစ်ရာလမ်းကြားဆီကို သူတို့ သွားကြပါတယ်။ “ခေါစာ” ပြစ်မဲ့ လင်ဗန်းထဲမှာစားစရာတွေ အပြင် လွန်ခဲ့တဲ့ ညက ဆရာဝန်ဖြစ်သူရဲ့ အိမ်မက်ထဲက
အတိုင်း ကလေးကစားစရာ အရုပ်ကားလေး တစ်စီးကိုပါ ထည့်ယူလာကြပါတယ်။ အမဲသား၊ ဝက်သားဟင်းတွေ၊ ခေါက်ဆွဲကြော်တွေနဲ့ ကလေးကစားစရာ မော်တော်ကားလေး တစ်ခု အပါအဝင်လင်ဗန်းအလယ်မှာ အမွှေးတိုင် သုံးချောင်းလောက်ကို မီးရှို့ ထိုးစိုက်ကြပါတယ်။ ဗလတောင့်တောင့် လူငယ်တစ်ဦးက “ခေါစာ” ပြစ်တဲ့
အလုပ်ကို လုပ်ပါတယ်။ သူက “ခေါစာ” ထည့်ထားတဲ့ လင်ဗန်းကိုလက်ပြန်ပုံစံနဲ့ ချအပြီးမှာ ကျန်တဲ့သူတွေက အသင့်ယူဆောင်လာတဲ့“ပြာမှုန့်”တွေကို လင်ဗန်းကနေ သုံးပေလောက်ရှိတဲ့ အကွာအဝေးအထိ ခပ်ထူထူလေး ခင်းကြပါတယ်။ ပြာမှုန့်တွေ ဘယ်သူမျှ မနင်းမိအောင် ဂရုတစိုက် ခင်းပြီးချိန်မှာ “ခေါစာ”ကျွေးသူက စလောင်းဖုံး
ကို ဟင်းမွေရာမှ အသုံးပြုတဲ့ ယောင်းမနဲ့ သုံးချက်လောက်တီးပြီးပါးစပ်ကလည်း “ဒီနေရာမှာ ရှိတဲ့၊ နေထိုင်နေတဲ့ မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်များရှိရင် လာရောက်ပြီး အားရပါးရ စားသုံးကြပါ …” လို့အသံခပ်အုပ်အုပ်နဲ့ သရဲ ခေါ်ပါတော့တယ်။

အဲဒီနောက် သူတို့ အားလုံး ဆရာဝန်မိသားစု နေထိုင်ရာ အခန်းပေါက်ဝဖက်ကို ပြန်လာခဲ့ကြပါတယ်။ နေထိုင်ရာ အခန်းပေါက်ဝကနေ အမှိုက်ပြစ်ရာ လမ်းကြားထိပ်ကို လှမ်းကြည့်ရင် မြင်နေရပါတယ်။ ဒါကြောင့် သူတို့ တစ်အုပ်စုလုံး အိမ်ခန်းထဲ ပြန်မဝင်ကြပဲ အခန်းပေါက်ကနေ လမ်းကြားထိပ်ကို မျက်ခြေမပျက်စောင့်ကြည့်တာပါ။
ဒီလိုနဲ့ တစ်အုပ်စုလုံး စကားပြောလိုက် အိမ်ထဲက မိသားစု ကျွေးမွေးတဲ့ မြန်မာပြည်က လာတဲ့ လဖက်သုတ်နဲ့ ရေနွေးကြမ်းတွေသောက်ရင်း စောင့်နေကြပါတယ်။
ည (၁၁)နာရီ ကျော်ကျော်လောက်မှာ လှေကားကနေ တစုံတယောက် ပြေးတက်လာတဲ့ ခပ်ပြင်းပြင်းခြေသံတစ်ခုကို သူတို့ ကြားလိုက်ရပါတယ်။ ခြေသံ
ဟာ လှေကားကနေ သူတို့ အလွှာကို ကွေ့ဝင်လို့ရတဲ့ နေရာအရောက်မှာ လုံးဝ ရပ်သွားပြီး ရုတ်တရက်ဆိုသလို ကလေးငယ်တစ်ဦးဟာ “ခေါစာ” ပြစ်ထားတဲ့
အမှိုက်သွားပြစ်ရာ လမ်းကြားထဲဆီ ပြေးဝင်သွားပါတယ်။ ပထမတော့ စောင့်ကြည့်နေသူ အားလုံးကြောင်တောင်တောင် ဖြစ်သွားပါတယ်။ သူတို့ထဲက တစ်ယောက်
က “ဒီကလေးက ဘယ်ကလဲ” လို့ ပြောလိုက်တော့မှ အားလုံးသတိဝင်လာပြီး လမ်းကြားလေးဆီအပြေးအလွှား သွားကြည့်ကြပါတော့တယ်။

အမှိုက်သွားပြစ်တဲ့ လမ်းကြားထိပ်ကို ရောက်ဖို့ ဆယ်ပေကျော်ကျော်လောက်သာ အလိုမှာ လမ်းကြားထဲမှ တစုံတယောက်က အပြင်ကိုပစ္စည်းတစ်ခု လွှင့်ပြစ်လိုက်ပါတယ်။ လွှင့်ပြစ်ခံရတဲ့ ပစ္စည်းကို သူတို့အားလုံး ဝိုင်းကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့ လင်ဗန်းထဲမှာသူတို့ထည့်ပေးထားတဲ့ ကလေးကစားစရာ မော်တော်ကားလေးပါ။
လမ်းကြားထိပ်ကို ရောက်ရှိသွားပြီး လမ်းအတွင်းကို ကြည့်လိုက်တော့ဘယ်သူကိုမျှ မတွေ့ရပါ။ ခုနက ကလေး ဘယ်ပျောက် သွားသလဲလို့ပဟေဠိဆန်ဆန်ဖြစ်နေချိန်မှာ သူတို့ထဲက တစ်ယောက်က …“ဒီမှာကြည့် ပြာတွေပေါ်မှာ ခြေရာတွေ အများကြီးပဲ”“ခေါစာ” ဗန်းထဲက အစား အစားတွေလည်း တစ်ယောက်ယောက်စားသောက်ထားသလို ပုံပျက် နေပြီး နံဘေးမှာ ခင်းထားတဲ့ ပြာတွေပေါ်မှာလည်း ခြေရာ အသေးတွေရော အကြီးတွေရော ရှုပ်ရှက်ခတ်နေပါတယ်။ အဲဒီချိန်မှာ သူတို့ထဲက တစ်ယောက်က
မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အမှိုက်ထုပ် ပြစ်ချရာ အပေါက်ကို လက်ညှိုးထိုးပြီး“ဟိုမှာ …ဟိုမှာ” လို့ အော်ပါတော့တယ်။ ကျန်တဲ့သူတွေ ဝိုင်းကြည့်ကြတော့ ဘယ်သူကိုမျှ မတွေ့ရပါဘူး။ ရုတ်တရက် သူတို့အားလုံးရဲ့ မျက်စိရှေ့က အမှိုက်ပြစ်တဲ့ အပေါက်ဝရှိ အနံ့ပြန်မတက်အောင်ဖုံးကားပေးတဲ့ သံပြားဖုံးဟာ သူ့အလိုလိုပွင့်ပြီး ပြန်ပိတ်သွားပါတယ်။
“ဟိုမှာ .. ဟိုမှာ”လို့ အော်နေတဲ့ လူငယ်လည်း အော်ရင်း တန်းလန်းနဲ့ လဲကျသွားပါတယ်။ တစ်အုပ်စုလုံး သတိမေ့သွားတဲ့ လူငယ်ကိုပွေ့ချီပြီး အခန်း ရှိရာဆီ အမြန် သယ်ဆောင်ရပါတော့တယ်။

ရုတ်ရုတ်သဲသဲ ဖြစ်သံတွေကြောင့် သူတို့နေထိုင်ရာအလွှာရှိ နံဘေးခန်းက လူတွေလည်း အပြင်ထွက်ကြည့်ကြပါတယ်။ သူတို့လည်းမသိချင်ယောင်ဆောင်ပြီး နေခဲ့ကြပါတယ်။ မိနစ်(၂၀) နီးပါး ဝိုင်းပြုစုအပြီးမှာ သတိလစ်သွားတဲ့ လူငယ်လည်း သတိပြန်ရလာပါတယ်။အကြောက်လွန်နေသူရဲ့ ခန္ဓာကိုယ်ကို ဘုရားစင်က သောက်တော်ရေတွေ
စွန့်ပြီး ပက်ဖြန်းတဲ့သူက ဖြန်း၊ လည်ပင်းမှာ စိတ်ပုတီး ဆွဲပေးကြနဲ့အလုပ်ရှုပ်ကြပါတော့တယ်။ သတိပြန်ရလာသူအား စိတ်ငြိမ်သွားရန်ဆရာဝန်က ဆေးတစ်လုံး တိုက်လိုက်ပါတယ်။

အခန်းပိုင်ရှင် မိသားစုက အမှိုက်ပြစ်ရာ လမ်းကြားတွင် သူတို့အုပ်စုခေါစာပြစ်ခဲ့တဲ့ လင်ဗန်းနဲ့ ပြာမှုန့်တွေကို မနက်ကြမှ သန့်ရှင်းရေးလုပ်လိုက်မယ်လို့ ပြောပါတယ်။ သူတို့ထဲကတချို့က အဲဒီနေရာကိုနောက်တစ်ခေါက် သွားကြည့်ချင်ကြောင်း ပြောကြပါတယ်။ သူတို့တတွေအခန်းအပေါက်ဝကနေ အဲဒီလမ်းကြားလေး ထိပ်ဆီ ထွက်ကြည့်ကြ
ပါတယ်။ တိုက်တစ်ခုလုံး တိတ်ဆိတ်နေပါပြီ။ ခုနက မီးပွင့်လာတဲ့နံဘေးအခန်းတွေလည်း မီးတွေပိတ်ပြီး ပြန်အိပ်သွားပုံ ရပါတယ်။ သူတို့နံဘေးအခန်းမှ
အိမ်မြှောင်တစ်ကောင်ရဲ့ စူးစူးဝါးဝါး စုတ်ထိုးသံကြောင့်သူတို့အားလုံး လန့်သလိုလို ဖြစ်သွားကြပါတယ်။ လက်က နာရီကိုကြည့်လိုက်တော့ (၁)နာရီ ထိုးဖို့ မိနစ်အနည်းငယ် လိုပါသေးတယ်။

အခန်းအပေါက်ဝကနေ အမှိုက်ပြစ်ရာလမ်းကြားဆီကို သူတို့အားလုံးထပ်သွားကြဖို့ ချီတုံချတုံ ဖြစ်နေကြပါတယ်။ သူတို့အားလုံး လမ်းကြားလေးဆီမှာ ဘာများ ဆက်ဖြစ်လာမလဲလို့ စိုက်ကြည့် နေကြပါတယ်။အခန်းအားလုံးဆီကနေ အိမ်မြှောင်တွေရဲ့ ဆက်တိုက် စုတ်ထိုးသံကြောင့်သူတို့ အရမ်းအံ့ဩနေပါတယ်။ ရုတ်တရက် အမှိုက်ပြစ်ရာ လမ်းကြားထိပ်ရှိ မီးရောင်အောက်မှာ လူအရိပ်နှစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့အားလုံး နည်းနည်း တွေးဝေသွားပါတယ်။ သူတို့ထဲက တစ်ယောက်က …
“ဖြစ်ချင်တာဖြစ် သွားကြည့်ကြရအောင်၊ အရမ်းကြီး ကြောက်မနေနဲ့”ဒီလိုနဲ့ သူတို့အားလုံး ခပ်လန့်လန့်ဖြင့် လမ်းကြားထိပ်ကို အသွား၊မရောက်တရောက်လောက်မှာ မီးရောင်အောက်က အရိပ်နှစ်ခုဟာသူ့အလိုလို ပျောက်သွားပြန်ပါတယ်။ သူတို့ထဲက တချို့လည်းဘောင်းဘီးက ခါးပတ်တွေ ဆွဲဖြုတ်ပြီး တစ်ခုခုဖြစ်လာရင် ခါးပတ်နဲ့
ရိုက်မယ့်ပုံစံ အသင့်ပြင်ထားပါတယ်။ အဲဒီအချိန်မှာ သူတို့ထဲကလူငယ်တစ်ဦးမှ …“ခုနက ဒီလမ်းထိပ်က ဟိုဟာ(ကလေးကစားစရာ) လေးရော”

လမ်းထိပ်ကို ပထမ တခေါက်အလာမှာ အတွင်းကနေ လွှင့်ပြစ်လိုက်တဲ့ကလေးကစားစရာ အရုပ်ကားလည်း မတွေ့ရတော့ပါ။ လမ်းကြားရှေ့ကို အရောက်၊ အတွင်းကို ကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့လင်ဗန်းလည်း မရှိတော့ပါ၊ အမှိုက်ပြစ်တဲ့ အပေါက်ဝအောက်မှာကစားစရာ အရုပ်ကားလေး ရောက်နေတာကို တွေ့ရပါတယ်။ ပြာမှုန့်
တွေလည်း ပြန့်ကြဲနေပြီး နင်းပြီးလျှောက်ထားသလို လူခြေရာ ပုံစံအများအပြားကို တွေ့လိုက်ရပါတယ်။ လေး …. ငါးမိနစ်လောက်ဟိုကြည့် ဒီကြည့်အပြီးမှာ သူတို့အားလုံး အခန်းရှိရာဆီ လှည့်ပြန်ခဲ့ပါတယ်။ အိမ်ခန်းသို့ ရောက်လုဆဲဆဲမှာ အနောက်ဖက်မှ “တောက်”ခေါက်သံ တစ်ခုကို ပီပီသသ ကြားလိုက်ရပါတယ်။ လှည့်ကြည့်လိုက်
တော့ ဘာမျှ မတွေ့ရပါ။ သူတို့အားလုံး အခန်းအတွင်းကို ဝင်ကြတော့မယ့်ဆဲဆဲမှာ လူတစ်ဦးရဲ့ ငိုရှိုက်သံလိုလို အသံ သဲ့သဲ့တချို့ကို ကြားလိုက်ရပါတယ်။ နောက်တခေါက် သွားကြည့်ဖို့ သူတို့မရဲတော့ပါ။

အလည်ရောက်နေသူတွေနဲ့ စကားတပြောပြောဖြင့် အိမ်ရှင်ဆရာဝန်ပါ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားပါတယ်။ အိမ်ရှင်ဖြစ်သူဟာ အိမ်မက်မက်နေသလိုလို အပြင်တွင် တကယ်ခံစားနေရသလိုလို အိမ်မက်တစ်ခုကို မက်ခဲ့ပါတယ် …ဆရာဝန်၊ ငယ်သူငယ်ချင်းဖြစ်သူနဲ့ “ခေါစာ” ပြစ်ခဲ့တဲ့ ဗလတောင့်တောင့်လူငယ် သုံးဦးတို့ဟာ သူတို့ အိမ်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြပါတယ်။ အဲဒီအချိန်မှာ အပြင်က ဧည့်ခေါ် ခေါင်းလောင်းတီးသံ ကြားရပါတယ်။ တံခါးကို သွားဖွင့်ကြည့်တော့ အသက်လေးဆယ်ကျော်
အရွယ် လူကြီးတစ်ဦးနဲ့ အသက် ရှစ်နှစ် … ကိုးနှစ်အရွယ် ကလေးငယ်တို့ကို တွေ့ရပါတယ်။ သူတို့က နံဘေးအခန်းမှာ နေသူများဖြစ်ကြောင်း၊ပြောပြစရာ ရှိတယ်လို့
ပြောဆိုပြီး သူတို့နေထိုင်ရာ ကပ်လျှက် အခန်းထဲသို့ ခေါ်ဆောင်သွားပါတယ်။ အခန်းထဲ ရောက်ရောက်ချင်းမှာပဲကလေးငယ်က သူတို့သုံးဦးကို အခန်းအတွင်းထဲရှိ ရေချိုခန်းကို
လက်ညှိုး ထိုးပြပါတယ်။ ရေချိုးခန်းအတွင်းကို ရောက်တော့ အိမ်သာအပေါ်ရှိ ရေဆွဲချရာ ရေပုံးထဲကို ပစ္စည်းတစ်ခုခု နှိုက်ယူပေးဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ်။
ရေဆွဲချရာ ပုံးထဲကို နှိုက်ကြည့်လိုက်တော့ပလပ်စတစ်နဲ့ သေသေချာချာ ထုတ်ပိုးထားတဲ့ ကလေးကစားစရာ အရုပ်ကားလေးတစ်ခုကို တွေ့ရပါတယ်။ အဲဒီနောက်
ကလေးငယ်ကအုတ်နံရံဖက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အုတ်နံရံဟာ တီဗွီမျက်နှာပြင် တစ်ခုလိုဖြစ်လာပြီး သင်္ချိုင်းတစ်ခုကို မြင်နေရပါတယ်။ သင်္ချိုင်းထဲရှိ
လမ်းအကွေ့အကောက် အတော်များများကို ဖြတ်ကျော်အပြီးမှာ အုတ်ဂူတစ်ခုကို တွေ့ရပါတယ်။ ကလေးငယ်က ရေပုံးထဲမှာ ရရှိလာတဲ့ အရုပ်ကားလေးကို အဲဒီအုတ်ဂူပေါ်မှာ ထားပေးဖို့ ပြသပါတယ်။ အဲဒီနောက်ရုတ်တရက်ဆိုသလို နံရံပေါ်က မြင်ကွင်းရော ကလေးငယ်ပါပျောက်ကွယ်သွားပါတယ်။

အဲဒီချိန်မှာ သူတို့သုံးဦးကို အခန်းအတွင်းသို့ ခေါ်ဆောင်လာတဲ့ လူကြီးဖြစ်သူက စကားပြောဖို့ ဧည့်ခန်းအတွင်းကို ခေါ်ဆောင်သွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၅)နှစ် နီးပါးက ဒီတိုက်မှာအလုပ်လုပ်ရင်း နေထိုင်တဲ့ မြန်မာပြည်သား တစ်ဦးဖြစ်ကြောင်း၊ အလုပ် လုပ်တဲ့ နေရာကနေ ကလေးကစားစရာ ပစ္စည်းတစ်ခုကိုယူဆောင်လာမိကြောင်း၊
တနေ့တော့ အခန်းထဲမှာ သောက်ရင်းစားရင်းကနေ မူးပြီး သူအိပ်ပျော်သွားကြောင်း၊ အဲဒီနောက် သူသတိလစ်သလို ဖြစ်သွားကြောင်း၊ သူ့ခန္ဓာကိုယ်ဟာ တစုံတယောက်
ရဲ့ ဝင်ရောက်ပူးကပ်ခြင်းကို ခံရပြီး အခန်းဖော်တွေနဲ့ အချင်းများခဲ့ကြောင်း၊ နောက်ဆုံးမှာ သူ့အခန်းဖော် သူငယ်ချင်း အလုပ်သမားများက သူ့ကို ရက်စက်စွာ
သတ်ပြစ်ခဲ့ကြောင်း၊ သူ သေဆုံးပြီး တစ်နှစ်ကျော်တဲ့ အချိန်မှာ မြန်မာပြည်ရှိ ကျန်ရစ်သူ သူ့မိသားစုက ဘာသာရေးဆိုင်ရာ အမျှအတန်း ပေးဝေခဲ့ကြောင်း၊ သူ သေဆုံး
တဲ့ ဒီနေရာမှာ ယနေ့အချိန်အထိ ဘာသာရေးဆိုင်ရာ ဆောင်ရွက်မူများ လုံးဝ မလုပ်ရသေးကြောင်း၊ မြန်မာပြည်တွင် ကျန်ရစ်ခဲ့သော သူ့သားသမီးများအနက
်အကြီးဆုံးဖြစ်သူ သူ့သားလေးမှာ ယခုအခါ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် မိသားစုအား လုပ်ကျွေးနေရကြောင်း၊သူ့အတွက် အမျှအတန်းပေးဝေဖို့နဲ့
သူ့သားအကြီးဆုံးလေးကိုဒီနိုင်ငံမှာ တရားဝင်အလုပ်သမားအဖြင့် အလုပ် လုပ်ခွင့်ရဖို့ကူညီပေးစေလိုကြောင်း ပြောပါတယ်။ မြန်မာပြည်ရှိ သူ့မိသားစု
ထံ ဆက်သွယ်ဖို့ ဖုန်းနံပါတ် တစ်ခုကိုလည်း ပေးပါတယ်။ အဲဒီနောက်သူလည်း ပျောက်ကွယ်သွားပါတော့တယ်။
…… …… …

မနက်စောစောစီးစီး ဧည့်သည်တွေထဲမှ ငယ်သူငယ်ချင်းဖြစ်သူနဲ့“ခေါစာ” ပြစ်ခဲ့တဲ့ လူငယ်တို့ နှစ်ဦး ညက အိမ်မက်ဆိုးများ မက်ကြောင်းအိမ်ရှင်
ဆရာဝန်ကို ပြောပြပါတယ်။ ဒီလိုနဲ့ နောက် (၂) ရက်ခန့်အကြာမှာ ဆရာဝန်ဖြစ်သူဟာ အလုပ်ထဲကနေ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ရှေ့ သံတံခါးကို
ဖွင့်အဝင်မှာ သူ့နားထဲမှာ နံဘေးကနေ တစုံတယောက် တိုးတိုးလေး ကပ်ပြောသလို ခံစားလိုက်ရပါတယ်။ သူ့ကိုပြောသွားတဲ့ စကားသံက …
“ညီလေး၊ မင်း ထီထိုးထားတာ … တိုက်ပြီးပြီလား …”ရုတ်တရက် သူ ကြောင်သွားပါတယ်၊ နံဘေးကို ကြည့်လိုက်တော့လည်း သူ့နံဘေး ပတ်ဝန်းကျင်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ ဒါနဲ့ သူလည်းထီထိုးခဲ့တာကို သတိရသွားပြီး တိုက်အောက်ထပ်ကို ပြန်ဆင်းခဲ့ပါတယ်။ တိုက်နံဘေးက အိန္ဒိယကုန်စုံဆိုင်အရှေ့ရှိ သတင်းစာအပုံမှာ
သူ ထိုးထားတဲ့ ထီနံပါတ်ကို ရှာဖွေလိုက်ပါတယ်။ သူ အရမ်းအံ့ဩ သွားပါတယ်။ သူ့ သူငယ်ချင်း ရယ်စရာအဖြစ် ပြောခဲ့တဲ့၊ သူ့အိမ်မက်ထဲမှာ သရဲ
ပေးခဲ့တဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်းလေးလုံးဟာ ထီရဲ့ဒုတိယဆုနေရာမှာ တွေ့လိုက်ရလို့ပါ။ ထီထိုးထားပေမဲ့ ထီပေါက်ဖို့လုံးဝ မမျှော်လင့်ထားတဲ့
သူ့အဖြစ်ဟာ သူ့ကိုယ်သူ မယုံသလိုနဲ့သတင်းစာပေါ်က နံပါတ်ကို ကြည့်လိုက် လက်ထဲမှာ ထိုးထားတဲ့ထီ စာရွက်ကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေပါတယ်။

အိမ်ရှင်ဆရာဝန်ဖြစ်သူဟာ သူ့မိသားစုကို ထီပေါက်ခဲ့တဲ့ အကြောင်းစုံကို ပြောပြလိုက်ပါတယ်။ သူ့ဇနီးသည်နဲ့ မိခင်ဖြစ်သူတို့က ကွယ်လွန်သွားသူအတွက်
ဆွမ်းသွတ်အမျှ ပေးဝေဖို့၊ အိမ်မက်ထဲမှာ ပေးခဲ့တဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ဖို့ တိုက်တွန်းကြပါတယ်။ မယုံတဝက်ယုံတဝက်နဲ့ အိမ်မက်ထဲက
ဖုန်းနံပါတ်ကို သူ ဆက်သွယ်လိုက်ပါတယ်။ မြန်မာပြည်က တယ်လီဖုန်းပိုင်ရှင်မိသားစုရဲ့ အကူအညီပေးမှုကြောင့် ကျန်ရစ်သူ မိသားစုနဲ့ သူ အဆက်အသွယ်
ရခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဒီတိုင်းပြည်မှာ အလုပ်လာလုပ်ရင်း ကွယ်လွန်ခဲ့သူနဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုကို
အကူအညီပေးချင်ကြောင်း ရှင်းပြလိုက်ပါတယ်။ နောက်ရက်တွေမှာ သူ ထီပေါက်လို့ ရခဲ့တဲ့ ငွေတွေထဲက မြန်မာငွေ (၁၀) သိန်း တန်ဖိုးကို
လွှဲပို့ပေးလိုက်သလို ကွယ်လွန်သူရဲ့ သားအကြီးဆုံးဖြစ်သူကိုလည်းဒီတိုင်းပြည်မှာ တရားဝင် အလုပ်သမားအဖြစ် လာရောက်နိုင်အောင်အစစ အရာရာ
အကုန်အကျခံ ကူညီမယ်ဖို့ ကတိပေးလိုက်ပါတယ်။

အဲဒီရက်တွေ နောက်ပိုင်းမှာ ဆရာဝန်ဖြစ်သူဟာ သူ့အခန်းနဲ့ကပ်လျှက်အခန်းက အခန်းပိုင်ရှင်တွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ အခန်းပိုင်ရှင် တရုတ်အဖွားကြီးဟာ
အဲဒီအခန်းမှာ တခါတရံသာ လာနေလေ့ရှိကြောင်း နံဘေးခန်းတွေက ပြောပြကြပါတယ်။ ဒါနဲ့ အခန်းပိုင်ရှင် တရုတ်အဖွားအို ရှိရာဆီ သူ ရောက်ခဲ့ပါတယ်။
တရုတ်အဖွားအိုက ဆရာဝန်မိသားစုအခန်းနံဘေးရှိ သူ့အခန်း ဟာ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ သူ့သမီးနဲ့ သမက်တို့ ပိုင်ဆိုင်တဲ့ အခန်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ (၁၅)နှစ် ပတ်ဝန်းကျင်က သူ့တို့မိတ်ဆွေ တရုတ်လူမျိုးတစ်ဦးက သူ့ အလုပ်သမားများ နေထိုင်ရန် ဌားရမ်းခဲ့ဖူးကြောင်း၊ အဲဒီနောက်တော့ အိမ်ဌားတွေ ခဏခဏ
ပြောင်းရွှေ့ကြကြောင်း၊ ဒါနဲ့ နောက်ပိုင်းမှာ ဘယ်သူကိုမျှ မဌားတော့ပဲ သူ နေထိုင်ခဲ့ကြောင်း၊ ယခင်က ဘာမျှ မဖြစ်ခဲ့တဲ့ သူ့အခန်းဟာညဖက်တွေမှာ သရဲခြောက်သလို ထူးထူးဆန်းဆန်းတွေ ဖြစ်ကြောင်း၊ ဒါကြောင့် ဘယ်သူကိုမျှ ထပ်မဌားတော့ပဲ တခါတရံ နေ့လည်ပိုင်းတွေမှာ သူ အလည်လာပြီး နေခဲ့ကြောင်း၊ ညဖက်မှာ
မအိပ်ရဲတာကြောင့် ယခုအခါ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းအဟောင်းများသာ ထားရှိသော စတိုးခန်းအဖြစ် အသုံးပြုကြောင်း ရှင်းပြပါတယ်။

ဆရာဝန်ဖြစ်သူက တရုတ်အဖွားအိုအား လွန်ခဲ့သော (၁၅)နှစ်ခန့်ကအဲဒီအခန်းမှာ သူ့သူငယ်ချင်း အလုပ်သမားတစ်စု နေထိုင်ခဲ့ဖူးကြောင်း၊ သူတို့ထဲက တစ်ယောက်ဟာ
အရက် အလွန်သောက်သောကြောင့် လုပ်ငန်းခွင်ထဲမှာ ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်သူ ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတစ်ခုဟာ အဲဒီအခန်းထဲမှာ ကျန်ရစ်ခဲ့ကြောင်း၊ သူ ဒီတိုက်ကို
ပြောင်းရွှေ့လာပြီး မကြာမဏဆိုသလို ကွယ်လွန်သူက အိမ်မက်ပေးကြောင်း၊ ဒါကြောင့် အဲဒီအခန်းထဲမှာ ကွယ်လွန်သူအတွက် ရည်စူးပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့တဲ့ ပွဲတစ်ခု လုပ်ချင်ကြောင်း ခွင့်တောင်းခံပါတယ်။ အခန်းပိုင်ရှင် အဖွားအိုကလည်းကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တစ်ခုမှာ ဆရာဝန်မိသားစုနဲ့ ရင်းနှီးသူသူငယ်ချင်း မိတ်ဆွေများဟာ အဲဒီတိုင်းပြည်ကို ကြွရောက်နေတဲ့မြန်မာဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့ကြပါတယ်။ တရုတ်မိသားစုပိုင်ဆိုင်ရာ အခန်းအတွင်း ကွယ်လွန်သူအတွက် ရည်စူးပြီး ဆုတောင်းမေတ္တာပို့သလို သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့
အမှိုက်သွားပြစ်ရာ လမ်းကြားဆီမှာလည်း ပရိတ်တရား နာယူခဲ့ကြပါတယ်။ တရားပွဲအပြီး ဆရာဝန်နဲ့ သရဲခြောက် မခြောက်ကို စမ်းသပ်ခဲ့တဲ့ငယ်သူငယ်ချင်းတို့ဟာ အဲဒီအခန်းထဲရှိ အိမ်သာအပေါ်မှ ရေဆွဲချရာရေပုံးထဲကို ရှာဖွေ ခဲ့ကြပါတယ်။ ရေပုံးအတွင်းက ပလပ်စတစ်နဲ့သေသေချာချာ ထုပ်ပိုးထားတဲ့ ကလေးကစားစရာ
အရုပ်ကားလေးတစ်စီးကို တွေ့ရှိပြီးတဲ့နောက်ပိုင်း သရဲတစ္ဆေ မယုံကြည်တဲ့ ဆရာဝန်ဟာ သူ့အယူအဆကို စွန့်လွတ်လိုက်ပါတော့တယ်။

သူတို့နှစ်ဦးဟာ အရုပ်ကားလေးကို တရုတ်သင်္ချိုင်း တစ်ခုခုမှာ သွားထားပြစ်ဖို့ စိတ်ကူးကြပါတယ်။ ဒီလိုနဲ့ အဌားကားတစ်စီးကို ဌားပြီးတရုတ်သင်္ချိုင်းတစ်ခုသို့ သွားရောက်ချင်ကြောင်း ကားသမားကို ပြောပါတယ်။ ကားသမားက ဘယ်သင်္ချိုင်းလဲလို့ မေးတော့ သူတို့နှစ်ဦးလည်း တရုတ်သင်္ချိုင်းဖြစ်ရင် ပြီးရောလို့ ပြန်ဖြေခဲ့ပါတယ်။
ဒီလိုနဲ့သူတို့နှစ်ဦး အဌားကားရဲ့ နောက်ခန်းကနေ လိုက်ပါခဲ့ကြပါတယ်။ ကားသမားက ရှေ့ခန်းမှာ ကားမောင်းနေရင်း တရုတ်လို ပြောနေပါတယ်။ သူတို့ကတော့ ကားသမား အဌားကားဌာနနဲ့ တရုတ်လိုပြောနေတယ်လို့ပဲ ယူဆနေကြပါတယ်။ ကားဟာ နာရီဝက်နီးပါးကြာအောင် မောင်းနေချိန်မှာ သူတို့ စိတ်ထဲ ဒီကားသမား ပိုက်ဆံ
ပိုလိုချင်လို့ လှည့်ပတ်မောင်းနေတယ် ထင်မိပါတယ်။ ဒါကြောင့်ကားသမားကို ဘယ်တော့ရောက်မလဲလို့ မေးလိုက်တော့ ကားသမားက ခင်ဗျားတို့ သွားချင်တဲ့ နေရာကို မကြာခင် ရောက်တော့မှာပါလို့ပြန်ဖြေပြီး တစ်ယောက်တည်း တရုတ်လို ဆက်ပြောနေပါတယ်။ ဒီလိုနဲ့ တရုတ်သင်္ချိုင်းကုန်းတစ်ခုရဲ့ ရှေ့မှာ ကားသမားက ကားကို
ရပ်ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးလည်း တရုတ်သင်္ချိုင်းဝန်းထဲကို ရောက်ပြီး ဟိုအုတ်ဂူပေါ်တင်ခဲ့ရင် ကောင်းနိူးနိူး ဒီအုတ်ဂူပေါ်မှာ ထားခဲ့ရင် ကောင်းနိူးနိူးနဲ့သင်္ချိုင်း အလယ်က လမ်းမကြီးအတိုင်း ဝင်ခဲ့ကြပါတယ်။ ရုတ်တရက်သင်္ချိုင်းလမ်းမကြီးရဲ့ လက်ဝဲဖက် တစ်နေရာကနေ လေချွန်သံကိုကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ ကလေးငယ် တစ်ဦးက သူတို့ကို
လက်ယက်ပြီး ခေါ်နေပါတယ်။ ဒါနဲ့ ကလေးငယ်ရှိရာဆီ သူတို့ သွားကြပါတယ်။ ကလေးငယ်ရဲ့ နံဘေးနားကို မရောက်ရှိခင် သူတို့ရဲ့ မျက်စိရှေ့မှာပဲ ကလေးငယ်ဟာ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ လှမ်းခေါ်ခဲ့တဲ့ နေရာဆီကို ရောက်အောင်သွားကြည့်လိုက်တော့ သူတို့ အရမ်းထိန့်လန့်သွားပါတယ်။ အုတ်ဂူလေး တစ်ခုပါ။ အဲဒီအပေါ်မှာ သူတို့“ခေါစာ” ပြစ်ခဲ့တဲ့ လင်ဗန်းကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ဦးလည်းယူဆောင်လာတဲ့ ကစားစရာ အရုပ်ကားလေးကို အုတ်ဂူပေါ်မှာ တင်ပြီး ခပ်သုတ်သုတ် ထွက်ခွာခဲ့ကြပါတယ်။

တရုတ်သင်္ချိုင်းအပေါက်ဝကို ပြန်ထွက်လာတော့ အလာမှာ ဌားစီးခဲ့တဲ့ကားနဲ့ ကားမောင်းသူကို တွေ့ရတာကြောင့် ကားဌားချင်ကြောင်းပြောပြီး ကားပေါ်သို့ တက်လိုက်ပါတယ်။ ကားပေါ်မှာ ဆယ်မိနစ်ကျော်ကျော် ထိုင်နေတဲ့ချိန်အထိ ကားမမောင်းတာကြောင့် ကားသမားကို ဘာဖြစ်လို့ မမောင်းသလဲဆိုပြီး မေးကြည့်လိုက်တော့ ကားသမားက
“ဒီသင်္ချိုင်းဆီကို အလာမှာ ခင်ဗျားတို့ နှစ်ယောက်နဲ့ အတူတူ ပါလာတဲ့ ကောင်လေးရော ပြန်မလိုက်တော့ဘူးလား ….”သူတို့နှစ်ဦး ကားတံခါးဖွင့်ပြီး ကားပေါ်ကနေ မပြေးရုံတမယ်ပြန်ဆင်းတော့မလို ဖြစ်သွားပြီးမှ ….“သူ ပြန်မလိုက်တော့ဘူး … လာခဲ့တဲ့နေရာကို အမြန်ဆုံး မောင်းပါ”

မှတ်ချက် ။ ။ စိတ်ဝင်စားစရာကောင်းတယ်ထင်လို့ သူငယ်ချင်း တစ်ယောက် ပို့ပေးသော မေးလ်မှ ကူးယူဖော်ပြထားပါသည် ။

5 comments

  • etone

    September 9, 2010 at 9:43 am

    ဒီ ပို့စ်ကို တယောက်ယောက်က ဒီ site မှာတင်ပြီးပြီ ။ ဘယ်သူလည်းတော့မမှတ်မိတော့ဘူး ။ စိတ်ဝင်စားဖို့ကောင်းလို့ သေချာဖတ်ပြီးမှတ်မိနေတာ ။

  • intro

    September 9, 2010 at 9:48 am

    ဖတ်ရတာ.. အသည်းတယားယားနဲ့ လျှို့ဝှက်သည်းဖို ဝတ္ထု ဖတ်ရသလိုပါပဲဗျာ၊ အရေးအသားအရမ်းကောင်းတာပဲ

  • Shwe Zin U

    September 9, 2010 at 11:26 am

    ဒီပို့စ် က ကိုအောင် ပျူနိုင်ငံ ကိုယ်တိုင် ရေးတဲ့ ပိုစ့် တပုဒ် ဖြစ်ပါတယ် မူရင်း စာရေးသူ ကို သိသွားရင် ဖော်ပြပေးသင့်ပါတယ် အဲဒီဘလော့ မှာ အဲလို ကူးယူဖော်ပြခြင်း ကိုကန့်ကွက်ထားပါတယ် http://pyustate.com/ မှာ သွားဖတ်ကြည့်လို့ ရပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  • nyein

    September 10, 2010 at 2:43 am

    ဒီစာစုလေးကို ဘယ်သူရေးမှန်းလဲ မသိခဲ့ပါဘူး ဒီမှာတင်ထားပြီးသား ပို့စ်မှန်းလဲ မသိခဲ့ပါဘူး မှတ်ချက်မှာဖော်ပြထားပါတယ်

    သူငယ်ချင်းတစ်ယောက်ပို့ပေးထားတဲ့ မေးလ်မှာ ဖတ်ရလို့ စိတ်0င်စားစရာကောင်းလို့ ပြန်လည်ကူးယူဖော်ပြထားတာဖြစ်ပါတယ် ။

    အခုလိုပြောပြပေးတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ် ။

Leave a Reply