လောကကြီးက မတရားဘူး လို့ဆိုတဲ့ ဦးကျော်သူ

အာဂSeptember 21, 20101min24714

(၁) မောင်ရန်လင်း တစ်ယောက် မြောက်ဒဂုံမြို့နယ် နေအိမ်အနီးရှိ ရေအိုင်ထဲတွင် ဆော့ကစားနေသည်။ ငါးကလေးများအား လိုက်လံ ဖမ်းဆီးနေသည်။ ခဏအကြာ “အား” ခနဲ အော်သံနှင့်အတူ ရေအိုင်တစ်ခုလုံး ရဲရဲတောက် နီရဲသွားသည်။ ထိုအခါမှ မိခင်ဖြစ်သူသည် အပြေးအလွှား ရောက်လာကာ မောင်ရန်လင်းအား ပွေ့ချီ၍ ကြည့်ရှုမိတော့သည်။ မောင်ရန်လင်း ခြေဖဝါးတစ်ခုလုံး သွေးသံရဲရဲနှင့် ဟက်တက် ကွဲနေသည်ကို တွေ့ရသည်။ ပုလင်းကွဲကြောင့်လား၊ သံပြားကြောင့်လားတော့ မသိ။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ရောက်လာတော့သည်။ ဒေါက်တာ ထူးထူးကျော်နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ သူနာပြုဆရာမများက ဝိုင်းဝန်း၍ ကူညီဖေးမ ကုသပေးတော့သည်။ ကွဲသွားသော ခြေဖဝါး မှ ဒဏ်ရာအား ထုံဆေးပေးကာ ဆေးထည့်၍ ချုပ်ပေးလိုက်သည်။ မောင်ရန်လင်း ခမျာ နာကျင်လွန်း၍ ငိုရှာတော့သည်။ အငိုတိတ်အောင် ဝိုင်းဝန်း၍ ချော့မြူခြင်း၊ Pucci Cake မိသားစုမှ လှူဒါန်းထားသော ဘီစကစ်ထုတ်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကပေး၍ နာကျင်မှု ဒဏ်ရာ ပျောက်ကင်းအောင် “သတိ္တရှိတဲ့ ယောက်ျားလေးကွ၊ ဗမာ့သွေးကွ” ဟူ၍ အားပေးကာ ချော့မြူ ခဲ့ရသည်။ ဒဏ်ရာကို ချုပ်ပေးအပြီး ပိုးသတ်ဆေး ထိုးပေးကာ ဒေါက်တာ ထူးထူးကျော်နှင့် မောင်ရန်လင်း၏ မိခင်နှင့်အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးပေးခဲ့သည်။

(၂) တောင်ဒဂုံမြို့နယ်နေ ဦးကျော်ကျော်ဦးနှင့် ဇနီးဖြစ်သူတို့သည် တစ်နေကုန် စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှား ခဲ့ရသည့်အတွက် ပင်ပန်းနွမ်းနယ်မှုတို့ကို အနားပေးခြင်းဖြစ်သော အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်မောကျတော့သည်။ နံနက် လင်းအားကြီး (၄းဝ၀) နာရီခန့်တွင် “ဗွမ်း” ဆိုသော အသံကို ကြားမိသည်။ အိမ်အောက်မှ ငါးပွက်လေသလား၊ အိပ်မက်လေလားဟု ထင်မိကာ ပြန်လည်အိပ်စက် မိတော့သည်။ နံနက် (၅းဝ၀) နာရီခန့်တွင် ခြေရင်းတွင် အိပ်နေသော မိမိတို့၏ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်အား လက်ဖြင့် စမ်းမိသည်။ မရှိတော့ . . . သားငယ်လေး မရှိတော့။ အနီးနားတွင် ထ၍ ရှာမိသည်။ မရှိ။ အိမ်ပတ်ဝန်းကျင်တွင် ရှာမိသည်။ မရှိ။ မိမိတို့တဲအိမ်၏ ကြမ်းခင်းတွင် အပေါက်တစ်ခုရှိနေသည်။ ထိုအပေါက်ထဲသို့ ခြေထောက်ဖြင့် ထိုး၍ ရေအိုင်ထဲသို့ စမ်းကြည့်သည်။ ခန္ဓာကိုယ်တစ်ခုကို စမ်းမိသွားသည်။ အလျင်အမြန်ဖြင့် ထိုခန္ဓာအား ဝိုင်း၍ မကြည့်သော် သားငယ်လေး မောင်မျိုးကျော်ကျော် ဖြစ်နေတော့သည်။ တစ်ဦးတည်းသော သားငယ် (၉) လအရွယ် မောင်မျိုးကျော်ကျော်သည် အိပ်နေရင်း ထိုကြမ်းပေါက်မှ ရေထဲသို့ ကျသွားခြင်း ဖြစ်တော့သည်။ သားငယ်လေး အသက်မရှိတော့။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မောင်မျိုးကျော်ကျော်၏ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်ရတော့သည်။ ကျန်ရစ်သူ မိဘနှစ်ပါးနှင့်တကွ ရပ်ကွက်သူ/သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဝန်ထမ်းများ၊ အသင်းသူ/သားများ အားလုံး ကြေကွဲကြရသည်။

ထိုအကြောင်းအရာ နှစ်ခုအား စမ်းစစ်ကြည့်ပါက မိဘတို့၏ ပေါ့ဆမှု၊ အုပ်ထိန်းခြင်း ပေါ့လျှော့မှု ဟု အပြစ်တင် မရ။ လူကြီးမိဘများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ ဘဝခရီးကြမ်းကို ရုန်းကန်လှုပ်ရှားရမှု … စသည်တို့ကြောင့် မိမိတို့၏ ရင်သွေးငယ်များအား အချိန်ပြည့် ဂရုမစိုက်နိုင်ခြင်း၊ အချိန်ပြည့် မကြည့်ရှုနို်င်ခြင်းတို့ကြောင့် ဖြစ်တော့သည်။

ထို့ကြောင့် မျိုးဆက်သစ် ရင်သွေးငယ်များ ဆုံးရှုံးရခြင်းများသည် မိခင် ဖခင်တို့၏ အပြစ်လား … ?

မိခင် ဖခင်တို့၏ ဂရုမစိုက်မှုကြောင့်လား … ?

စီးပွားရေး ကျပ်တည်းမှုကြောင့်လား … ?

ဆိုးဝါးလှသော ဘဝကို ရုန်းကန်လှုပ်ရှားနေရမှုကြောင့်လား … ?

ပတ်ဝန်ကျင်၏ ဆိုးကျိုးများကြောင့်လား … ?

မည်သို့ဖြစ်စေ … လောကကြီးကိုဘဲ အပြစ်တင်လိုက်မိတော့သည်။

လောကကြီးက မတရားဘူး။

ကျော်သူ

မှတ်ချက် ။           ။ ဦးကျော်သူ ရဲ့ Face book မှကူးယူဖော်ပြပါသည်။

ပြုတ်ကျခဲ့သည့် ကြမ်းပေါက်မောင်မျိုးကျော်ကျော် ရဲ့ အိမ်


14 comments

  • lwin

    September 21, 2010 at 2:53 pm

    တောက်…………………………….

  • Gong Zhu

    September 22, 2010 at 4:03 pm

    သနားပါတယ်နော် . . . တော်တော်လေးနာမယ်နဲ့တူတယ် . . .

  • zaw maung

    January 29, 2012 at 8:25 pm

    ဒီလောက်တောင်စုတ်ပြတ်နုံချာနေတဲ့ ဘဝတွေကြည့်ရင်းနဲ့ တကယ် ကိုမျက်ရည်ဝဲမိပါတယ်ဗျာ။
    လူသားအားလုံး လူနဲ့တူအောင်နေနှိုင်ကြပါစေလို့ ဆုတောင်းရင်း……………..

  • ရွာစားကျော်

    January 29, 2012 at 8:32 pm

    ဘယ်လိုပြောရမှန်းမသိအောင်ပါပဲဗျာ

  • MaMa

    January 29, 2012 at 8:45 pm

    အာဂလူသားရေ- ရေးမယ့်ရေးတော့လည်း….. 🙁

  • padonmar

    January 30, 2012 at 12:16 am

    တံငါသည်လင်မယားညဖက်ကြီး အိမ်အောက်က ဗွမ်းကနဲအသံအကြား ငါးမှတ်လို့ မှိန်းနဲ့ထိုးပြီးအဖော်မှာ သားကလေးလိမ့်ကျတာဖြစ်နေတယ်ဆိုတဲ့ ဇာတ်လမ်းလေး ဖတ်မိတုန်းက တကယ်မဖြစ်နိုင်ဖူးထင်မိတာ၊
    ခုလို ဓာတ်ပုံနဲ့တကွ ဆိုတော့

  • kyeemite

    January 30, 2012 at 11:51 am

    ပုံထဲကအိမ် ကိုလည်းကြည့်ကြပါအုံးဗျာ…ပထမစာဖတ်နေတုံး မိဘနှစ်ပါးကိုအပြစ်မြင်လိုက်သေးတယ်..
    အိမ်ပုံတွေ့လိုက်မှ…ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိဖြစ်သွားတယ်..

  • ရွှေဘိုသား

    January 30, 2012 at 12:00 pm

    ဆင်းရဲတာတွေ အပြင်မှာ ရှိရင်ရှိမယ် ဗွီဒီယိုထဲမှာ မရှိရဘူး ဆိုတဲ့ ဝိုင်း ရဲ့အတွေးလေးကိုတောင် သတိရတယ်
    သနားပါတယ် အကုန်လုံး ဆင်းရဲမှုပပျောက်အောင် ပြုလုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်

  • x-man

    January 30, 2012 at 4:18 pm

    ကိုအာဂရေ (သို့) ကိုတယောက်သောသူ ရေ
    ရင်းနှီးစွာပြောပါရစေ။
    အဲဒီ စာလေးကိုကျနော်ဖတ်ဖူးတာတော်တော်ကြာခဲ့ပါပြီ။အဲဒီကတည်းကစဉ်းစားမိတာလေး
    ခု ပြောပြချင်လို့ပါ။
    ဆင်းရဲတာနဲ့ ကြမ်းပေါက်ကနေ ကလေးကိုမကျအောင် ဂရုမစိုက်နိုင်ခြင်းဟာသီးခြားပါ။
    အဲဒီလိုအပေါက်ရှိလို့ရှိရင် ဘယ်လောက်ဘဲဆင်းရဲပါစေ အတတ်နိုင်ဆုံး ဖာထေးထားရပါမယ်။
    ဖြစ်ကတတ်ဆန်း နေတတ်တဲ့ သဘောကို ပြောချင်တာပါ။
    ဂျပန်တွေလဲ ဟိုးအရင်ကတော်တော်ကိုဆင်းရဲတာပါ။ (ခုလဲ ဆင်းရဲသူတွေကိုတွေ့နေတုန်းပါဘဲ။)
    ဆင်းရဲလို့ ကျောက်တုံးကိုဘဲ လမ်းခင်းထားပေမဲ့ ညီနေအောင်၊သွားလို့ကောင်းအောင်၊ကြည့်လို့
    ကောင်းအောင် သပ်သပ်ရပ်ရပ်လေး လုပ်ထားပါတယ်၊အဲဒါ ဆင်းရဲတာနဲ့ မဆိုင်ပါဘူး။
    စေ့စပ်သေချာတဲ့ (သို့) လေးလေးစားစားလုပ်တတ်တဲ့ (သို့) ပေါ့ပေါ့နေပေါ့ပေါ့မစားတဲ့ စိတ်ပါ။
    အဲဒီ စိတ်ကလေး ရှိရင် ကို အဲဒီကလေးမသေပါဘူး။ သူ့ဟာသူရှောက်ဆော့လို့ ကားတိုက်တာမှ
    မဟုတ်တာဗျာ။ ကိုယ်နဲ့တူတူအိပ်နေရဲ့ ကလေးအပေါက်ထဲကျသေရတယ် ဆိုတဲ့
    “ဘဝကိုထိန်းသိမ်းနိုင်စွမ်း”အားနဲ တဲ့ လူတွေအဖို့ ဘဝတခုလုံး တိုးတက်အောင် ဘယ်လို စွမ်းမှာလဲ
    လို့ ဆက်စဉ်းစားမိတယ်။
    အာရက္ခသဗိ္မဒါ (ရရှိလာသော ဥစ္စာပစ္စည်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း) ဆိုတာကြီးပွါးရာအကြောင်း
    လေးပါးထဲက တခုဆိုတော့ ကိုယ့်သားသမီးလေးကိုတောင်မစောင့်ရှောက်နိုင်တာလို့ တွေးမိပါတယ်။
    ကိုမောင်ကတော့ သနားစိတ်နဲ့ မိဘရဲ့ ပေါ့ဆမှု လို့အပြစ်တင်လို့မရဆိုပေမဲ့
    ဖြစ်သလိုနေတာ(ပေါက်နေတာကိုသူရက်နဲ့ အဲဒီနားမှာ သိပ်တာ) ကတော့ မဟုတ်သေးပါဘူး။
    ~~~~~~~~~~~~~~
    ဆင်းရဲတာနဲ့ ဖြစ်သလိုနေတာ ရောနေတဲ့ အကြောင်းလေးပါ။
    လေးစားပါတယ်။

    • naywoonni

      January 30, 2012 at 10:33 pm

      ဟုတ်တာပေါ့ ……… စကားတစ်ခုကြားဖူးသေးတယ်…။ ဖြစ်သလိုနေရင် နေသလိုဖြစ်မယ်တဲ့ ဘယ်လောက်အထိမှန်သလဲတော့ မသိဘူး…။ တော်တော်များများက နေသလိုဖြစ်နေတာများတယ်….။

    • Thel Nu Aye

      January 31, 2012 at 9:49 am

      safety ဆိုတဲ့စကားဟာမြန်မာလူမျိုးတွေနဲ့တော်တော်ဝေးနေတာကိုသတိထားမိနေ တာတော်တော်ကြာပါပြီ။ အခုဖြစ်ရပ်မှာလဲ ဆင်းရဲချမ်းသာမဆိုင်ပဲ အတွေးအခေါ်နဲ့ပဲဆိုင်မယ် လို့ထင်ပါတယ်။ ၉ လအရွယ်ကလေးဟာတွားသွားနေပါပြီ။ ဒီကြမ်းပေါက်ကနေအချိန်မရွေးကျ သွား နိုင်တယ်ဆိုတာမိဘတွေသိကိုမသိတာဖြစ်မှာပါ။ ဖြစ်နိုင်ချေဆိုတာထည့်တွက်ဖို့မလိုဘူးလို့ ထင်နေကြတာပါ။ ထည့်တွက်ပြရင်လဲနမိတ်မရှိနမာမရှိဆိုပြီးပယ်ချခံရတတ်ပါတယ်။ ဆင်းရဲလို့မသိတာထက် ပေါ့ပေါ့ဆဆနေ တတ်တဲ့အကျင့်တွေကြောင့်ဖြစ်ရတာပါ။ မဖြစ်လောက်ပါဘူးဆိုတဲ့စကားဟာကံကိုယုံကြည်လွန်း တဲ့ကျွန်မတို့ လူမျိုးရဲ့လက်သုံးစကားပါ။ ဖြစ်လာရင်လဲကိုယ့်ပေါ့ဆမှု့ဆိုတာထက်ကံကိုပုံချတတ် တာလဲအကျင့်လိုဖြစ်နေကြပါပြီ။ ပြုပြင်ဖို့ခက်ခဲတဲ့အချက်တွေပါ။ တော်တော်မလွယ်ပါဘူး။

  • ba gyi

    January 31, 2012 at 10:39 am

    လောကကြီးက သူ့သဘာဝအတိုင်းနေတာပါ၊လူတွေကသာကိုယ့်လွတ်မြောက်ရေးအတွက်မရဲရင့်ကြလို့
    မစွန့်စားကြလို့၊အမြင်မှန်နဲ့ မရှင်သန်ကြလို့ပါ။ ဆရာကြီးလုပ်တာမဟုတ်ပါဘူး၊ကိုယ်တိုင်လည်းအားနဲနေပါသေးတယ်၊ကျနော်တို့စည်းရုံးကျိုးစား၊ ဖေါက်ထွက်နိုင်ဘို့၊ လူထုအားကို အများကြီးလိုပါသည်။

Leave a Reply