ရင်ထဲမှာ ရှိပြီးသား Inside

who cares

ဒီပို့စ်ကို ဘုရားဆိုတာ နှလုံးသားထဲမှာ ရှိရင်ပြီးတယ်လို့ ပြောလေ့ရှိတဲ့ သူတွေအတွက် တင်လိုက်တာပါ။ အဆောင်အယောင် ကိုးကွယ်မှု ဓလေ့ ထုံးတမ်းတွေ မလိုဘူး။ ဘုရားကို ဘုရားမှန်း သိရင် လုံလောက်ပြီ။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်နေတဲ့ သူတွေထက် စာရင် ငါတို့ အပုံကြီးသာတယ်။ ကိုယ်လုပ်မှကိုယ်စား၊ ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့၊ လုပ်စရာတွေ အပုံကြီးဆိုပြီး ပြောလေ့ရှိကြပါတယ်။ တခြား ဘာသာတွေရဲ့ ထုံးတမ်းဓလေ့ တွေက ကိုယ့်ဆီမှာလို မရှုပ်ထွေး၊ မတင်းကျပ်၊ သက်ဆိုင်ရာ ဘုရားတွေအပေါ် အကြွင်းမဲ့ သစ္စာရှိ အားကိုးနေရင် လုံလောက် နေပြီ။ မိရိုးဖလာ ဗုဒ္ဓဘာသာကြတော့ စည်းကမ်းဓလေ့ တွေကလည်းများ၊ နားမလည်နိုင်တာ တွေက လည်း တပုံကြီး၊ လုပ်ဆိုလို့သာ လုပ်လိုက်ရတယ်။ ဆိုတော့ကာ ဘာမှန်းမသိတာချင်း အတူတူ ရိုးရှင်း တာက ပို မဟုတ်ပေဘူးလား ဆိုတဲ့အတွေး ဝင်လာတာပေါ့။ ဘာကို အပြစ်သွား ပြောမလဲ။ ဘုရားက တော့ ကိုယ့်အပြစ်ကိုယ်ရှုတဲ့။ ပြင်လွန်းတော့ ဖင်ချွန်း ဆိုတာလိုပေါ့။ ဒါလည်း သူ့ခေတ်သူ့အခါ လူတွေရဲ့စရိုက်ကို လိုက်လို့ ဖြစ်လာရတဲ့ ကိုးကွယ်ဆည်းကပ်ပုံ တမျိုးလို့ အစွန်းလွတ်ဆိုပါရစေ။
သစ္စာတရားဆိုတာ ကာလဒေသလိုက်ပြီး ပြောင်းလို့မရ၊ ရခဲ့ရင် သမုတိသစ္စာသာ ဖြစ်သွားလိမ့်မည်။ သို့ပေမဲ့ အမှန်တရားနဲ့ဆိုင်တဲ့ ဓမ္မတာထုံးတမ်းတွေသည် အခြေအနေ၊ အချိန်အခါ ပေါ်တည်ပြီး လိုက်လျောညီထွေ ဖြစ်ရပါမည်။ အရင်ကဒီလိုမို့ အခုလည်း ဒီလိုပဲဆိုရင် ဟိုတုန်း က လူတွေရဲ့စိတ်၊ ပတ်ဝန်းကျင် စတာတွေကရော အခုနဲ့တူလို့လားလို့ ကြည့်စေလိုပါသည်။ တူလျင် ရနိုင်ပါတယ်။ ဂျူးလူမျိုး အများစုဟာ ရှေးထုံးစံတွေကို လက်ခံကြပါတယ်။သူတို့ကြတော့ ဘာလို့ ရလည်း ဆိုရင် ချမ်းသာတာကိုး၊ အောင်မြင်နေကြတာကိုး။ ဒီလို ထုံးစံတွေကြောင့် ဘုရားသခင်က ကောင်းချီး ပေးတာ ဆိုပြီး နောက်လူတွေက မပင်မပန်း လက်ခံနိုင်ကြတာပေါ့။ မွဲသထက်မွဲ၊ ကျွဲထက်တောင် ပြဲ လာနေတဲ့ မြန်မာတွေကရော နတ်၊သိကြားတွေက စောင့်ရှောက်လိုက်ကြတာလို့ ဖြေနိုင်မှာလား။
ခေတ်နဲ့လည်းညီ မူရင်းအနှစ်သာရနဲ့လည်း မသွေဖည် ရလေအောင် ဘယ်လို လုပ်ကြမလဲ။ အစဉ်အလာ တိုင်းကို ထိန်းထား ဖို့တော့ မဖြစ်နိုင်၊ အရင်း၊ အဖျား၊ အနှစ်၊ အကာ ဆိုပြီး ဓမ္မဓိဌာန် ကျကျ ချန်သင့်တာချန် ယူသင့်တာယူ လိုက်နိုင်ကြရင် မတော်ပေဘူးလား။ အဖျားတို့၊အကာ တို့ ဆိုတာ ခေတ်အလိုက် ပြောင်းနေတဲ့ အပေါ်ယံ အလုပ်တွေကို ဆိုလိုပါတယ်။ ဥပမာ – ထိုင်းမှာ ဘုရား ပေါ်တက်ရင် ဖိနပ်စီးတာ ပြဿနာမဟုတ်၊ မြန်မာပြည် အတွက်တော့ ပျားအုံတုတ်နဲ့ ထိုးတဲ့ ကိစ္စပါ။ အခုချိန်မှာ အနှစ်ကိုပဲယူ၊ ခေတ်ထပ်ပြောင်း တဲ့အခါ အနှစ်ကို မှီပြီး အကာ အသစ်တွေ ထပ်ဖြစ်ကြ။ အမြဲပြောင်းနေမှတော့ အရေးမကြီး။ လူတွေရဲ့ ကံပေါ်မူတည်ပြီး ထွင်ကြဆင်ကြ ပါလိမ့်မည်။
သိရမှာက ယနေ့က ဘာခေတ်လည်း၊ ဘာကိုဦးစားပေးတဲ့ ကာလလည်း ဆိုတာပါ။ အများက ကြက်သားစားချင်ရင် ကြက်သားဟင်းချက်ရမှာပေါ့၊ ကိုယ်လိုချင်တဲ့ ဟင်းပုံစံကို ပါးနပ်စွာနဲ့ ချက်ခြင်း ကို ဆိုလိုချင်တာပါ။ မချက်ရင်တော့ သူများဆီ သွားစား ကြပါ လိမ့်မယ်။ သွားလဲ ဘာဖြစ်လဲလို့ နေ၍ မရ၊ ပြောင်းသွားမဲ့သူတွေက ကိုယ့်သား၊သမီး၊ ဆွေမျိုးသင်္ဂဟတွေ မိုလို့ပါ။ ဘယ်လို ချက်မလဲဆိုရင် ဘုရားဘာလို့ ပွင့်လာသလဲ ဆိုတာ ပြန်ကြည့်ပါ။ ဘာကြောင့် ဘယ်တရားကို ဘယ်ဟာအတွက် ထား ခဲ့သလဲဆိုတာ သိကြရင် အတော်ဟုတ်ပါလိမ့်မယ်။ စာဖတ်၊ တရားနာလို့ရတဲ့ အသိထက်၊ ကိုယ်တိုင် လည်းအားထုတ်၊ ဆိုင်ရာကိုလည်းတိုက်တွန်း၊ တဖက်ကလည်း ဓမ္မတာ နဲ့ သာသနာ ကွဲပြီး လုပ်ရ၊ မလုပ်ရမှာ၊ သင့်၊ မသင့်တာတွေကို ကိုယ့်အထွာနဲ့ကိုယ် မြင်ဖို့ပါ။
လောကမှာ ဘယ်ဟာမှ ဝုန်းဆိုပြီး ဖြစ်မလာဘဲ အဆင့်ဆင့် ပြောင်းလဲ လာတာပါ။ စတြာဝဠာ ဟာ စက္ကန့်နဲ့အမျှ ပေါက်ကွဲပြန့်ကား နေတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြသလိုပေါ့။ ဘာသာတရား မှာလည်း ဒီလိုပါပဲ၊ ဘုရားဟော မူရင်းကို အကြောင်းအမျိုးမျိုးနဲ့ ချဲ့ထွင်၊ တန်ဆာဆင်ပြီး ခေတ်အလို အတိုင်း ကြီးမားကျယ်ပြန့် လာရပါတယ်။ ဒါပေမဲ့ အရိယာ တွေရဲ့ မဆုတ်မနစ်တဲ့ ကျေးဇူးကြောင့် ပဋိဝေဒ သာသနာသည် မဆိတ်သုန်းခဲ့။ အဲဒီ သာသနာမှ ဘုရားဟော အနှစ်သာရ အစစ်။ သာသနာ အစသည် ပဋိဝေဒ အောင်မြင်မှုပန်းတိုင်မှ ပဋိပတ် အကျင့်လမ်း၊ ပဋိပတ်ကမှ တဆင့်ပြန်တော့ ယနေ့ ပိဋကတ်သုံးပုံ။ သာသနာတပတ် ပြန်လည်တဲ့ ယနေ့ သာသနာ ဒုတိယအနှစ်၂၅၀ဝ အစမှာ လည်း ပထမအနှစ် ၂၅၀ဝ စတုန်းကလို မူရင်း ပဋိဝေဒ သာသနာ ဆိုက်ဖို့ ပဋိပတ် အကျင့်တွေနဲ့ သာသနာ ကို ခေတ်နဲ့အညီ ပြန်လည်တည်ဆောက်ကြရင် ကောင်းမယ်လို့ တွေးထင်မိလို့ပါ။

who cares

4 comments

  • kopauk mandalay

    September 25, 2010 at 11:51 am

    တကယ်တမ်း ပြောရရင် အခုခေတ်မှာ စားဝတ်နေရေးရယ် ဘဝမြင့်အောင်ရယ်ကြိုးပမ်းနေကြတဲ့သူများပါတယ်။
    ဒီဘုရားတရားကိစ္စတွေဆိုတာလုပ်သင့်မှန်း သိပေမယ့် မလုပ်နိုင်တဲ့သူရယ် လုပ်ချင်ပေမယ့်လည်းမလုပ်နိုင်တဲ့သူရယ်ရှိနေပါတယ်။
    ဒါပေမယ့်လည်းနေရာတိုင်းမှာတော့ ဘုရားတရားဆိုတဲ့စိတ်နဲ့သာတွေးနေရင်လဲ အံချော်ကုန်ပါမယ်။
    ကွယ်လွန်သူဘကြီးတစ်ယောက်ရှိပါတယ်။
    သူက လက်ဘက်ရည်အရမ်းကြီုက်ပါတယ်။
    သူနဲ့တရားပြောဘက်ဓမ္မမိတ်ဆွေတွေက လက်ဘက်ရည်ကြိုက်လွန်းတဲ့သူ့ကို ရသတဏှာ မပြတ်သေးဘူးလို့ ဝေဖန်တော့ သူက
    ” ပုတီးချိန်ပုတီး တီးချိန်တီး ပေါ့ကွာ “လို့ပြန်ပြောတာလေးကို နားထဲကမထွက်ပါဘူးဗျာ။
    သဘာဝကျလွန်းလို့ပါ။

  • michaelaungpu

    September 25, 2010 at 1:31 pm

    ဘုရားဆိုတာ နှလုံးသားထဲမှာ ရှိရင်ပြီးတယ်လို့ ပြောလေ့ရှိတဲ့ သူတွေ ဘုရားကို ဘုရားမှန်း သိရင် လုံလောက်ပြီ။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်နေတဲ့ သူတွေထက် စာရင် ငါတို့ အပုံကြီးသာတယ်။
    ပညာလွန်လျှင်ကောက်ကျစ်တတ်တယ် ဆိုလား
    ဂျူးလူမျိုး အများစုဟာ ရှေးထုံးစံတွေကို လက်ခံကြပါတယ်။သူတို့ကြတော့ ဘာလို့ ရလည်း ဆိုရင် ချမ်းသာတာကိုး၊ အောင်မြင်နေကြတာကိုး။ ဒီလို ထုံးစံတွေကြောင့် ဘုရားသခင်က ကောင်းချီး ပေးတာ ဆိုပြီး နောက်လူတွေက မပင်မပန်း လက်ခံနိုင်ကြတာပေါ့။ မွဲသထက်မွဲ၊ ကျွဲထက်တောင် ပြဲ လာနေတဲ့ မြန်မာတွေကရော နတ်၊သိကြားတွေက စောင့်ရှောက်လိုက်ကြတာလို့ ဖြေနိုင်မှာလား။
    သတ္တဝါတစ်ခုကံတစ်ခုဆိုလား
    သတ္တဝါတိုင်းမှာ ကံရှိတယ်ဆိုတာကို လူဝင်စားတွေ နွားဝင်စားတွေ ကိုရှာဖွေတင်ပြမှရပေလိမ့်မယ်
    ဆိုခြင်တာက ရှေးဘဝနောက်ဘဝကို လက်ခံမှ ကံဆိုတာကိုယုံကြမယ့်အခြေနေလေ
    အဲ့ခါကြ ငါ့ ဘယ်ကလာ ဘယ်ကိုသွားမလဲမေးတော့ ဘယ်သိမလဲဆိုတာကလာပြန်ရော
    ဒါကြောင့် သတ္တဝါတိုင်းမှာ ကံရှိတယ်ဆိုတာကိုက သဘာဝပဲလေ ဘုရားဆိုတာက အဲ့သည်သဘာဝကို ရှာဖွေတွေ ့ရှိတဲ့ပုဂ္ဂိုလ်လေကွယ် တီထွင်တယ်ပြောဝူး
    ” ပုတီးချိန်ပုတီး တီးချိန်တီး ပေါ့ကွာ “တဲ့လား
    အင်္ဂျင်ဝိုင် တစ်လိုင်း ဓာတ်ဆီတစ်လိုင်း ပေါ့ဗျာ
    သူ ့နေရာနဲ ့သူဆိုလား
    လိုင်းတူမှပူးတဲ့သဘောလဲရှိသေးတယ်
    ပြောတာလည်းပြောပေါ့ ငှက်ပြစ်ဖို ့လောက်စာလုံး လုံးနေတဲ့သူကို နျူကလီးယား ဒြပ်စင်အကြောင်း ပြောပြသလိုလဲဖြစ်နေပါဦးမယ် ငါ့ရှင်ရယ်
    ကာလ၊ဒေသ၊ ပုဂ္ဂိုလ် အကြောင်းသုံးပါးကိုဆင်ခြင်ရမယ်တဲ့လား အမှန်စကားကို ပြောဖို ့

  • weiwei

    December 24, 2010 at 7:12 pm

    သရဏဂုံ ၃ ပါးကို ရင်ထဲမှာ တည်အောင်လုပ်နိုင်မှ ဗုဒ္ဓဘာသာအစစ် ဖြစ်မှာပါ … ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ ကတော့ ကလေးလဲ ရွတ်တတ်ပါတယ် … ရင်ထဲမှာ အပြီးစွဲနေဖို့ကတော့ သံသယစိတ်ကင်းမှ ရမှာ … အဲဒီစိတ်ကင်းဖို့က ဒိဌိနဲ့ ဝိစိကိစ္ဆာကို ကွာအောင်ရှုမှတ်မှ ရနိုင်ပါလိမ့်မယ် … ကျင့်မှရမှာပါ … ဘုရားဒကာ ကျောင်းဒကာလုပ်နေရုံနဲ့ ရင်ထဲမှာ ဘုရားတကယ်ရှိဖို့ မသေချာကြောင်းပါ …

  • Thint Aye Yeik

    February 8, 2017 at 3:12 pm

    ပြီးခဲ့တဲ့ အပါတ် ဆန်းဒေးတုန်းက ကိုရီးယားစာ/စကား သင်ချင်လို့ (ပညာဒါ သင်ပေးတဲ့) သင်တန်းတစ်ခုထဲ ရောက်သွားတာ။
    တစ်ချိန် ဝင် သင်ခဲ့တယ်။ သင်ပေးတာက မနက် ၁ဝး၃ဝ ကနေ ၁၁းဝဝ ထိ နာရီဝက်လောက်ပဲ။ ၁၁းဝဝ ကနေ ၁၂း၃ဝ ထိကတော့ ထထွက်သွားလို့ မရ။ သင်တန်းသားတွေ အကုန် စုပြီး ခရစ်ယာန်တွေရဲ့ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီးချင်းတွေ ဆိုကြရ… တရားဆရာ ဟောပြောတာကို နားထောင်ကြရတယ်။ မရှိဆင်းရဲသား သင်တန်းကြေး သက်သာရာ လိုက်ရှာနေတဲ့ ဗုဒ္ဓဘာသာ လူငယ်လေးတွေမှ အများကြီး။ ခိုင်း သမျှ လိုက် လုပ်ကြရတာပါပဲ။ ကိုယ်ပါ ရောသောပေါသောနဲ့ အာမင်တွေ ဘာတွေ လုပ်ခဲ့ရ… ကျေးဇူးတော် ချီးမွမ်းတဲ့ သီချင်းတွေ လိုက်ဆိုလိုက်ရသေး။ တိန်တိန်
    :k:
    သူတို့တွေ အဲလို လုပ်နေတာတွေ့တော့ ကိုယ့်ဘာသာရေး ခေါင်းဆောင်တွေကိုလည်း အဲ့လို လူငယ်တွေအတွက် အကျိုးရှိမှာလေးတွေ လုပ်ပေးရင်းး… ဘာသာတရား အဆုံးအမထဲက ကောင်းနိုးရာရာလေးတွေကိုပါ သိသွားအောင် ဆွဲယူ သင့်တယ် ထင်တာပဲ။

Leave a Reply