နေ့စဉ်တိုက်နေရသောတိုက်ပွဲလေးလေ

who whoSeptember 28, 20101min1220

တို့တွေဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ တပ်သားတွေလိုပါပဲ ။ ဘာလို့လဲဆိုတော့ မနက်မိုးလင်းလို့ မျက်လုံးလေးဖွင့်လိုက်တာနဲ့စပြီး အပစ်ခံရပါပြီ ။ ကိုယ်မနှစ်မြို့တဲ့ အာရုံတွေ မြင်လိုက်ရရင်ပဲ စိတ်ကလေးက မကြည်လင်တော့ဘူးနော် ။ ဒီလိုပါပဲ စကားလုံးစက်သေနတ်တွေနဲ့လည်း အပစ်ခံနေရပြန်ပါတယ် ။ ကိုယ်မကြိုက်တဲ့ မကြားချင်တဲ့ အသံမျိုးနဲ့ အပစ်ခံ ရတဲ့ အခါ ဒီစိတ်လေးမှာ ဒဏ်ရာတွေရရပြန်ပါတယ် ။ ဒီကြားထဲက ကိုယ်က မခံနိုင်လို့ ပြန်ပစ်ရာက သူတစ်ပြန် ကိုယ်တစ်လှည် ့အပြန်ပြန် စကား သေနတ်နဲ့ တစ်ယောက် တစ်ယောက် ပစ်ကြရင်းက တိုက်ပွဲတွေပြင်းထန်လို့ ဒဏ်ရာတွေက မသေရုံတမယ် ခံစားရတာမျိုးတွေလည်း ကြုံကြရပြန်ပါတယ် ။ ဪ ဒါတွေသည် ကြိုတင်ချိန်းဆိုထားခြင်း မရှိပဲ အချိန်မရွေး တိုက်နေရတဲ့ တိုက်ပွဲတွေပါလား ။ ဒါဆိုရင် တို့တွေဟာ တိုက်ပွဲတွေနေ့စဉ် အချိန်မရွေး အကြောင်းတိုက်ဆိုင်တိုင်း တိုက်နေရမှတော့ ဆင်းရဲမလား ၊ ချမ်းသာမလား တွေးကြည့်ပေတော့ ။ အင်း ဒီကြားထဲက ချုံခိုတိုက်တဲ့ မမြင်နိုင်တဲ့ အတွေး တိုက်ပွဲက ပိုတောင်ဆိုးနေပါသေးတယ် ။ တစ်ခါတလေများ စိတ်ကလေး ကြည်လင်နေရာကနေ မကျေနပ်တဲ့ အတွေးလေးတွေ က အလစ်ချောင်းပြီး ဝင်ဝင်လာလို့ လူဟာ ချက်ချင်း ညိူးနွမ်းသွားလိုက်တာ ။ တိုက်ပွဲက တန်းကျ သွားပြီလေ ။ လက်မြှောက်အရှူံးပေးလိုက်ရပြီလေ ။ ထမင်းတောင် မမြိုနိုင် လောက်အောင်ထိ ဖြစ်သွားရတာနော် ။ ဒါဘာကြောင့်လည်း ဆိုတော့ အတွေး တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်လို့ပေါ့ ။အင်း ဒီလိုကြီးသာဆို လူလည်း ဘယ်တော့ မှ ရွှင်လန်းနိုင်မှာ မဟုတ်တော့ဘူးပေါ့ ။ အာရုံငါးပါး ကာမဂုဏ် ရန်သူတွေက အပြင်က ဝိုင်းထားနေပြီ ။ အတွင်းမှာ ပုန်းခို ချောင်းမြောင်းပြီး ဒုက္ခပေးမယ့် အတွေးတွေကလည်း အလစ်ချောင်းလို့ အဆင်သင့် တိုက်ဖို့ ပြင်နေကြပြီ ။ ဒီရန်တွေကို ဘယ်လိုလွတ်အောင် ရှောင်ရပါ့မလဲ ။ ဒီနေရာမှာ ဦးနှောက်စားရပြီပေါ့ ။  ကိုယ့်ဘက်  ကတော့ နံပါတ်တစ်  အရေး   အကြီးဆုံးစစ်ဆင်ရေး အနေနဲ့ “ သတိ “ တရားလေးကို ဦးအောင် ရှေ့ပြေးအနေနဲ့ နေရာယူထားရမယ် ။ ဒီလိုသတိ အထူးကြပ်ကြပ်မတ်မတ် ကို ထားနိုင်ပြီ ဆိုရင်တော့ ဝင်လာမယ့် ရန်သူတွေကို မလွတ်တမ်းစောင့်ကြည့်နေရပါမယ် ။ စောင့်ကြည့်ရင်းက ဝင်လာပြီဆိုတာ သိတာနဲ့ တန်းပစ်ပေတော့။ “ သမင် မွေးရင်း ၊ ကျားစားရင်း “ ဆိုသလို တစ်မျိုးဝင် လာရင် ဒီတစ်မျိုးကို သတိနဲ့ တန်းသိပေးနေနိုင်ဖို့ ဉာဏ်မျက်လုံးဖွင့် နားကိုစွင့်လို့ တိုက်ပေးရမယ် ။ တိုက်တဲ့အခါမှာ ကျည်ဆန်က အရေးကြီးတယ်နော် ။ တို့ပြန်တိုက်မယ့် “ကျည်” က ဗြဟ္မစိုရ် တရား (၄) ပါး ၊ တစ်ပါးပါးနဲ့ ပြန်ခံနိုင်ရမယ် ။ ကိုယ့်ကိုယ် အမြဲ ရန်ရှာနေတဲ့ ဒေါသူပုန် ကိုတော့ မေတ္တာ ကျည်တောင့်တွေ ပစ်လွတ်ပေးလိုက်ပါ ။ ဪ စိတ်ကလေး ငြိမ်းချမ်း ရှာပါစေ လို့ စိတ်ထဲက အကြိမ်ကြိမ် တရစပ် မေတ္တာဓါတ်တွေ အတွဲလိုက် ပစ်ပေးလိုက်ပါ ။ နောက်တစ်ခါ သိပ်ကို လိုချင်ရမ္မက်ကြီးနေတဲ့ လောဘ ရန်သူတွေနဲ့ တွေ့တဲ့အခါ သနားစိတ်လေးနဲ့ ဂရုဏာပွားပေးလိုက်ပါ ။ ဪ သူခမျာ ဒါလေး လိုချင်တာနဲ့ ဒီလောက်တောင် ပင်ပန်း နေရှာတယ် ၊ ဪ ဆင်းရဲရှာတယ် လို့ သနားစိတ်လေးထားပြီး ဂရုဏာ ကျည်ထောင့်လေးနဲ့ ပြန်ပစ်လိုက်ပါ ။ တစ်ခါတလေကျတော့ သူတစ်ပါးထက် ကိုယ့်ကို အရေးပေးခံ ရတဲ့အခါ ၊ ကိုယ်အောင်မြင်တာကို မြင်ရတဲ့အခါ ကိုယ့်အပေါ်မှာ မနှစ်မြို့နိုင် တဲ့ ရန်သူတွေနဲ့လည်း တွေ့ရနိုင်တယ်လေ ။ အဲဒီအခါမှာ ဝန်တိုတာ ၊ မနာလိုတာတွေ ဖုံးပြီး ဒုက္ခတွေရောက်နေရတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှူ့ တွေလည်း ကြုံရမှာပါပဲ ။ ဒါသည်ပင် “မုဒိတာ” မပွားနိုင်ရှာလို့ ပင်ပန်းနေ ရပါလား ။ အင်း မုဒိတာ မပွားနိုင်လို့ပဲ လောဘ ၊ ဒေါသ ၊ မောဟ တွေနဲ့ တရှူးရှူး ၊ တရှဲရှဲ ဖြစ်နေရှာပြီ ။  အမြန်ဆုံး အေးချမ်းနိုင်ပါစေလို့ ဒီလို နှလုံးသွင်း လေးနဲ့ သူ့ရဲ့  action ကို ကိုယ်က ပြန်ပြီး reactလုပ်ပေးပါ။ မီးလို ကျစ်ကျစ်တောက် ပူလောင်နေရှာတဲ့ သူ့ရဲ့နှလုံးသားလေးကို မေတ္တာ ၊ ဂရုဏာ ၊ စိတ်ကလေးတွေနဲ့ ပက်ဖြန်းပေးလိုက်ပါ ။ ဒီလိုဆိုတော့ သူလည်း ငြိမ်းချမ်းသလို သူ့ရဲ့အပူတွေ ကိုယ့်ဆီ မဝင်လာနိုင် တော့ပါဘူး ။ အင်း ပြောသာပြောရပါတယ် ။ တစ်ခါတရံ ကျပြန်တော့လည်း ကိုယ့်ဘက်က ဘယ်လိုပင်ကောင်းသော နှလုံးသွင်းနဲ့တုံ့ပြန်ပါစေ ။ တစ်ဖက်လူမှာက စစ်ပြေငြိမ်းဖို့အရိပ်အရောင်တောင် မမြင်နိုင်တဲ့ အခြေအနေမျိုးတွေလည်း ကြုံရတတ်တယ်။ အဲဒီအခါကျတော့ ဘယ်လိုနှလုံးသွင်းပေးရမလဲဆိုရင်  ဪသူလည်း ပူလောင်တာနဲ့ ထိုက်လို့ ပူလောင်နေရရှာပြီ။ သူ့ပူလောင်မှုကို သူပဲဖန်တီးလို့ သူပြန်ခံရတာပဲလေ။ ဒီပူလောင်မှုကို သူကိုယ်တိုင် ငြိမ်းမှ ငြိမ်းနိုင်တော့မှာပဲ ငါက ဘာများ တတ်နိုင်မှာမို့လဲလို့ ဥပေက္ခာနှလုံးသွင်းနဲ့ တိုက်ကွက်ပြောင်းပေးရပါမယ်။ အင်း ဒါတောင် ဒီလို ဥပေက္ခာ ပြုထားတဲ့ ကြားက သူ့အကြောင်းတွေက အတွေးထဲမှာ ခဏခဏ တိုက်ခံ နေရပြန်ရင် တော့ ဓိဌါန်နဲ့သာ စစ်ဆင်ရေး ပြောင်းပေတော့ ။ ငါသည် ဒီနေ့ တစ်ရက်တာ အတွင်း ဒီလူနဲ့ ပတ်သက်လို့ တစ်စုံတရာ တွေးတောခြင်းမပြုတော့ပါ ။သူ့ အကြောင်းကို သူ့ရှေ့မှာလည်း မပြောသလိုကွယ်ရာမှာလည်းမပြောတော့ပါ ။ သူနဲ့ပတ်သက်လို့ ဒီတစ်ရက်တာတော့ ကာယကံ ၊ ဝစီကံ ၊ မနောကံ တစ်စုံတရာ မထားတော့ပါလို့ ကိုယ့်ကိုကိုယ် ဘုရားရှေ့မှာဖြစ်ဖြစ် ဓိဌါန် ယူလိုက်ပေါ့ ။ ဒါပြီးရင်တော့ တစ်ရက်တာလုံး သတိအထူးထားပြီး စိတ်ကို ရှင်းပေးရမယ် ။ ဒီရန်သူအတွေးတွေက ကိုယ့်သမာဓိ ကို လာစမ်းပါလိမ့်မယ် ။ ဝင်လာပြန်ပြီ ဒီအတွေးတွေပြန်လိုက်ပါဦးနော် ၊ ဒီနေ့တော့ ဓိဌါန်ထားလို့ လက်မခံနိုင်ပါဘူး လို့ သာချိုချိုသာသာလေးနဲ့ ငြင်းလိုက်ပါ ။ အင်း ဒီလိုနဲ့ပဲ တစ်ရက်တာ လောက် ကိုယ့်စိတ်ကလေး ရှင်းနေအောင် စောင့်ရှောက်နိုင်ရင် တော့ ဘယ်လောက်တောင် အကျိုးကျေးဇူးများမလဲ ကြည့်လိုက်ပေါ့နော် ။ ဒီလိုနဲ့ ဪ ငါသည် ဒီနေ့တစ်ရက်တော့ ဒီရန်သူလက်က လွတ်အောင်ရုန်း နိုင်ပြီဆို ဝမ်းမြောက်လိုက်ပေါ့ ။ နက်ဖြန်လည်း ငါ ဒီရန်သူ လက်အောက်က လက်အောက်ကလွတ်အောင် ရုန်းရဦးမယ်ဆိုပြီး တစ်ရက်ပြီး တစ်ရက် စောင့်ရှောက် ကြည့်လိုက်ပါ ။ တစ်ပတ်လောက်ထိ အဝင်မခံပဲ လွတ်အောင် ရုန်းနိုင်ရင်တော့ သူနဲ့ ကိုယ်ဟာ ကမာ္ဘခြားသွားသလို ခံစားရပါမယ်နော် ။ နောက်ဆို သူက သူပဲ သူ့သဘော သူဆောင်ဖြစ်နေတာ ။ ငါက ငါပဲ သူနဲ့ ငါက တခြားစီပါလားလို့ ခွာသွားနိုင်မယ် ။ ဒါသည်ပင်ဉာဏ်နှင့် ခွာခြင်း ပါပဲ ။ တစ်နည်းတော့ လူပုဂ္ဂိုလ် အနေနဲ့ ရှောင်နေခြင်းထက် မကောင်းတဲ့ အကုသိုလ်တွေ အဝင်မခံအောင် ဉာဏ်နဲ့ စိတ်ထဲက ခွာထားရမှာပါ ။ တစ်ခါတရံမှာ တို့တွေဟာ တစ်စုံတစ်ယောက်နဲ့ အဆင်မပြေတဲ့ အခါ သူနဲ့ ဝေးရာကို ရှောင်တတ်ကြတယ်လေ ။ ဒါကအပေါ်ယံရှောင်ခြင်းပါပဲ ။ အတွင်း စိတ်ထဲက ရှောင်နိုင်မှသာ တကယ့် အောင်နိုင်ခြင်း ဖြစ်မှာပါ ။ ဒါကြောင့် တစ်ချို့ကပြောကြတာရှိတယ်။အင်းကိလေသာတွေနဲ့ဝေးချင်ရင် တောထွက် ပေါ့လို့ ပြောတတ်ကြတယ်လေ ။ တကယ်တော့ တောထွက်တယ်ဆိုတာ လူ့ခန္ဓာကြီးကတော့ တောထဲမှာထွက်သွားပါပြီ။ ဒီတောထဲမှာ တစ်ယောက် တည်း ထိုင်ပြီး ကိလေသာတွေ တွေးချင်တိုင်းတွေးနေမယ် ဆိုရင်တော့ ဒါဟာ တောထွက်ခြင်း အစစ် မဟုတ်ပါဘူး ။ လူတောထဲက ထွက်ခြင်းသာဖြစ်ပြီး ကိလေသာတောထဲက မထွက်နိုင်ရှာသေးပါဘူး ။ အမှန်တကယ် လူပေါင်း စိတ်ခွာ နေနိုင်ခြင်းသည်သာ နေရိုးနေစဉ် ပတ်ဝန်းကျင် လူမူ့ရေး ထဲမှာ လည်ပတ် ကျင်လည် နေရင်းက စိတ်ထဲဝင်လာသမျှ ကိလေသာတွေကို မောင်းထုတ်နိုင်မယ်ဆိုရင် ဒါလည်း ကိလေသာတောထဲက ရုန်းထွက် နေခြင်း ပါပဲနော် ။ တစ်ရက်လွတ်အောင် နေနိုင်ရင် ငါတစ်ရက်တော့ တောထွက်နိုင်ပြီ လို့သာမှတ်ပါ ။ လုပ်ရင်း ၊ ကိုင်ရင်း ၊ ပြောရင်း ၊ ဆိုရင်း က ဝင်လာတဲ့ သေနတ်သံတွေ နားစွင့်လို့ သတိကျည်ကာ နဲ့ ကာကွယ်နိုင်ပြီး ဗြဟ္မစိုရ် နှလုံးသွင်းလေးနဲ့ ပြန်တိုက်နိုင်အောင် ကြိုးစားရမှာပါ ။ နောက်ပြီး အရာရာ ကို ဆုပ်ကိုင်ဖို့ထက် စွန့်လွတ်ဖို့ စိတ်ကလေး ထားနိုင်ရင်တော့ တော်တော် လေး ပေါ့သွားပြီနော် ။ အင်း … ဘဝ ဝဋ်ကြွေးတွေက တောင်လိုပုံ နေလို့ မို့ ပေးဆပ်နေရပေမဲ့ စိတ်ကလေးကို မခွာနိုင်ရင်တော့ ဒဏ်ရာတွေ အပြည့်နဲ့ အသေခံရ တော့မှာပေါ့နော် ။ ဒါဆိုရင်တော့ ညံ့ဖျင်းရာ ကျသွားတော့မယ် မို့လား ။ ဒီတော့ တို့အားလုံး ဘဝစစ်မြေပြင် မှာ ဝင်လာတဲ့ ကိလေသာ ရန်သူမှန်သမျှ ကို သတိတရား နဲ့အမြန်ဆုံး ဖယ်ရှားနိုင်အောင် ကြိုးစား ကြပါစို့လို့ တိုက်တွန်းရင် နဲ့ နေ့စဉ် “ကိလေသာ” တောက ထွက်မြောက် နိုင်သော ဉာဏ်ပညာတွေ တိုးပွား နိုင်ပါစေလို့ ဆန္ဒ ပြုလိုက်ပါတယ် ။

ကျွန်တော့ဧ။်အတွေးသက်သက်ကိုဖောက်သည်ချလိုုက်ပါသည်။