ဆင်းရဲတွင်းနဲ့ အာဏာရှင်တစု
တနေ့သ၌ မောင်ဘချစ်၏ဂေဟာသို့ မိတ်ဆွေရင်းဖြစ်သူ ဂျော်နီအာင်ဘု
ရောက်ချလာသည်။
“အောင်ဘုရေလာထိုင်၊ ရေသန့်တော့ရှိတယ်။ ဘုံဘိုင်က ထည့်ထားတာ”
“မင်းကလဲကွာ အတော်ကပ်စေးကုပ်တာပဲ၊ ဘာလို့ရေသန့်ဘူးတွေ မဝယ်ရတာလဲ”
“ရေသန့်ဘူးဆိုတာ အဆောင်အယောင်ကွ၊ ဒီကရေဟာ သန့်နေပြီးသားပဲ။ မင်းလိုပေါ့၊
ဂျော်နီဆိုတာ မင်းတောက နာမည်မှ မဟုတ်တာပဲ၊ ဂျော်နီလို့လုပ်လိုက်တာနဲ့ အောင်ဘုဟာ
ပြောင်းသွားတာမှ မဟုတ်ပဲ။ ဒါက ပညတ်တွေပါ”
“ဟုတ်ပါတယ်။ စာတတ်ပေတတ် မောင်ဘချစ်ရယ်။ ဂျော်နီဆိုတာ ဒီကလူတွေ
ခေါ်ရလွယ်အောင်လို့ပါ။ ငါ့ကိုရောက်ခါစက ကေယင်မလေးတွေ ဘု .. ဘု လို့ခေါ်ရင် လူက
ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ သူတို့ရဲ့ ဘု က ဘူး ဘူးလို့ အသံထွက်နေတယ်လေ ဟဲ
ဟဲ”
“ဒါကတော့ ကုန်ကိုမြင်ရင် အစုန်လား အဆန်လားဆိုတာ သိတာပဲ၊ ဘူး ဆိုလည်း
ဘူးလိုက်ပေါ့ကွာ၊ မှန်တာပြောတာပဲ”
“အင်း … မှန်တာပြောတာကို မကြိုက်ဘူးကွ။ ငါ ရန်ကုန်မှာနေတုန်းက မုန့်ဟင်းခါး
အရမ်း ကြိုက်တယ်။ ဘူးကျော်နဲ့မှ စားတယ်။ ဆိုင်ရောက်ရင် ကောင်မလေးတွေက အကိုကြီး
ဘာနဲ့စားမလဲ ဆိုရင် ငါက ဘူးကျော်နဲ့လို့ ပြောလေ့ရှိတယ်။ ကြာတော့ ငါက
မုန့်ဟင်းခါးတပွဲဆိုရင် သူတို့က ငါ့ကို မေးတယ်။ အကိုကြီး ဘူးလား တဲ့။ ပထမတော့
အေးလို့ ပြောတယ်။ နောက် ဘေးက လူတွေက ပြုံးစိစိဖြစ်ကုန်ကြတော့ ငါလည်း
ရှက်လာတာပေါ့”
“ဒါနဲ့”
“မုန့်ဟင်းခါးတောင် ပြတ်သွားတာ ။ ခု ဒီက ဈေးရောင်း ပွဲတွေမှာတော့ စားတယ်။
ပဲကျော်နဲ့ပဲ စားတော့တယ်ကွ”
“မင်း ကံကောင်းတယ်။ မြန်မာပြည်မှာဆို မင်းခုလောက်ဆိုရင် တခုခုဖြစ်ပြီ”
“ဘာလဲ၊ အမတ်ပေါ့ ဟုတ်လား။ ရွေးကောက်ပွဲမှာ အရွေးခံနေရပြီပေါ့ ဟုတ်လား”
“မင်း အရွေးခံတော့ အရံခွေးပေါ့ကွာ”
“အရံခွေးတော့ မဖြစ်ပါရစေနဲ့ မောင်ဘချစ်ရာ”
“တခုခုဖြစ်မယ်လို့ ငါပြောတာက ရန်ကုန်က အကြော်တွေ မဟုတ်တရုတ်လုပ်ထားလို့ မင်း
ရောဂါရပြီး တခုခုဖြစ်နေမှာကိုပြောတာ”
“ဟေ၊ အကြော်တွေက စားအုန်းဆီသုံးတာ ငါ သိတယ်။ ဝက်ဆီရောတယ်။ ဈေးပေါပေါ
ရောင်းရတာကိုး”
“ခု ဒါတွေတင်ဘယ်ကမလဲ။ ရေသန့်ဘူးတွေကိုပါထည့်ပြီး ဆီလုပ်ပစ်လိုက်တယ်”
“ ဟေ၊ ဟုတ်လား။ ပလပ်စတစ်တွေကို ကြော်ပစ်လိုက်တယ် ဟုတ်လား”
“ဟုတ်တယ်ကွ၊ ပလပ်စတစ်ကို ဆီထဲထည့်ကျော်တော့ ပလပ်စတစ်ဆီထဲ ပျော်သွားတယ်။
ဒီအခါဆီဟာ ပိုပြီး အကြော်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဆီရဲ့
ဆူမှတ်မြင့်သွားတာကိုး”
“ဘယ်လို ဘယ်လို”
“ဥပမာ ရေထဲကို ဆားထည့်လိုက်ရင် ရေခဲမှတ် နိမ့်သွားတယ်ကွ။ ဒါကို (Depression of
Freezing Point) လို့ ခေါ်တယ်။ ဒီအတိုင်းပဲ ဆားပါတဲ့ရေဟာ
ဆူမှတ်မြင့်သွားတယ်။(Elevation of Boiling Point) ပေါ့။
ပလပ်စတစ်ပျော်နေတဲ့ဆီဆိုရင် အပူချိန် အတော်မြင့်မြင့်ရောက်တဲ့အထိ မဆူသေးဘူး။
ကြော်လို့ရမှာပေါ့။ ဒီတော့ အကြော်တွေဟာ ကြွပ်မှာပဲ၊ ရွမှာပဲ အသေအချာပေါ့”
“ဒါပေမယ့် အကြော်တွေထဲ အဲဒီပလပ်စတစ်တွေ ပါမလာဘူးလား၊ ရောဂါကောမဖြစ်ဘူးလား”
“ပလပ်စတစ် နည်းနည်းတော့ ပါလာမယ်။ ရောဂါလည်းဖြစ်မှာ သေချာတာပေါ့။ ဒါပေမယ့်
အဲဒီရောဂါတွေဟာ ချက်ချင်းမဖြစ်ဘူး”
“ဘာလဲ မောင်ဘချစ်။ တို့မြန်မာတွေ ရောဂါပြီးကုန်လို့လား”
“မြန်မာတွေဟာ အင်မတန် သနားစရာကောင်းတယ်။ ကိုယ်ခန္ဓာထဲ ရောဂါမျိုးစုံ
မွေးထားကြတာပဲ။ ဒါပေမယ့် ပလပ်စတစ်လို ဆီကရတဲ့ရောဂါက ကင်ဆာလိုရောဂါမျိုးကွ၊
ချက်ချင်း မပေါ်ဘူး။ နောက်မှ သေတာ။ အစားအသောက်တွေမှာ အရောင်ဆိုးတယ်။ အဆိပ်တွေ
ရောတယ်။ ဒါတွေ အားလုံးကို ဆင်းရဲခြင်းကရတဲ့ရောဂါလို့ ခေါ်ရမှာပေါ့”
“ဘာ ဆင်းရဲခြင်းကရတဲ့ရောဂါ ဟုတ်လား”
“ဟုတ်တယ်လေ၊ ဆင်းရဲတော့ မဟုတ်တာတွေ အရောအနှောတွေ ပါလာတာပေါ့”
“ငါ ကြားဖူးတော့ ဒါဟာ ဝိသမလုပ်ငန်းရှင်တွေ လောဘတက်လို့ ဖြစ်ရတာပဲဆို”
“အေး အရင် မဆလ လက်ထက်က ဒီလိုပဲ သွေးထိုးထားတာရှိတယ်။ လူတွေဟာ ဆင်းရဲတော့
ဈေးကြီးရရင် ဝယ်မစားနိုင်ဘူး။ ဒီတော့ လုပ်ငန်းရှင်က ဈေးပေါအောင် အရောတွေ
ထုတ်ရတာကွ။ တကယ်လို့ ချမ်းသာရင် ဘာမှဒီလိုပြဿနာ မပေါ်ဘူး။ ဆင်းရဲတာ
အစိုးရကြောင့် ဆိုတာကို မပေါ်လွင်အောင်လို့ လုပ်ငန်းရှင်တွေကို
အပြစ်တင်တဲ့ကိစ္စကွ”
“မောင်ဘချစ်ရာ၊ မင်းက ဘာဖြစ်ဖြစ် အစိုးရကိုပဲ ကြံဖန်အပြစ်တင်နေသလိုပဲ”
“ငါလည်း အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် အစိုးရဆိုတာ ပြည်သူကို စောင့်ရှောက်ရမှာ
မဟုတ်လား။ ဆင်းရဲတာဟာ သူ့အမှားလို့ ပြောနိုင်တာပဲလေ။ တို့တတွေ လံကွတ်တီပဲ
ကျန်တော့တယ်။ ဘယ်လောက် ဆင်းရဲကြလဲ၊ စားရမဲ့ သောက်ရမဲ့ ဘယ်လောက်ဖြစ်ခဲ့ရလဲ”
“မင်းဟိုမှာတုန်းက စားရမဲ့ဖြစ်ပေမဲ့ သောက်ရမဲ့တော့ မဖြစ်ပါဘူး။ ဘီအီးတို့
တောတို့တော့ သောက်နိုင်သေးတယ် မဟုတ်လား”
မောင်ဘချစ်သည် ပြောရင်းဆိုရင်း ထွေးညိုကို သတိရနေမိသည်။ ထွေးညိုဆိုသည်မှာ
တောအရက် ဖြစ်သည်။ အင်မတန် ပေါပါသည်။ ဒီလောက်ကောင်းပြီး ဒီလောက်ပေါအောင် ဘယ်လို
ရောင်းနိုင်တာလဲ။
“ဈေးကြီးလို့တော့ဖြင့် တောသားတွေ ဘယ်ဝယ်သောက်နိုင်မလဲကွ။ တောအရက်က ရေသန့်ထက်
တောင် ပေါသေးတယ်ကွ။ တပိုင်းလောက်သောက်လိုက်ရင် ရေချိန်ကိုက်သွားတာပဲ။
ဘာလုပ်ထားလဲ သိလား၊ ရာဘာဖိနပ် ဖြတ်စတွေကို ကဇော်ထဲ ထည့်ဖောက်တယ်။ ဖားပြုတ်
ထည့်ချက်တယ်။ နောက် အင်ဒရင်းပိုးသတ်ဆေးကို နှီးဖျားလေးတတို့ ထည့်တယ်။ တခါတခါ
မီသနောလည်း နည်းနည်း ရောပေးလိုက်တာပဲ”
“ဘုရား ဘုရား”
“ဘုရားမတနဲ့ အောင်ဘု၊ အရက်သမားတွေ ဘုရား တရားနဲ့ ဝေးတယ်ကွ၊ ကျော်သူတို့
သန်းမြင့်အောင်တို့နဲ့သာ နီးတာ။ သူတို့က အရက်သောက်လေ၊ နားရေးကူညီမှုအသင်းက
အလုပ်ရှုပ်လေပဲကွ”
“သူတို့က ဒီပိုးသတ်ဆေးတွေ ဘာတွေညာတွေကို ဘာကြောင့်ထည့်ရတာလဲ”
“အဲဒါတွေက အဆိပ်တွေကွ (Toxin) လို့ ခေါ်တယ်။ အဆိပ်တွေဟာ အရက်ထဲ ပျော်ဝင်လွယ်တယ်။
နည်းနည်းနဲ့ ထိတယ်။ ရှတယ်။ အမူးလွယ်တယ်၊ အရက်သမား မြွေကိုက်ရင် အဆိပ်တက်
မြန်တယ်ကွ။ ဒါကြောင့် သေရည်သေရက် လို့ ခေါ်တာ”
“ဒါ ဆင်းရဲလို့ဖြစ်ရတဲ့ ရောဂါတွေဆိုတော့ ချမ်းသာတဲ့သူတွေ ရောဂါနည်းမှာပေါ့
ဟုတ်လား မောင်ဘချစ်”
“အေး မင်းပြောလို့ ပြောရဦးမယ်။ ငါ သတိရတာက စပြောမယ်။ မြန်မာပြည်မှာ ချမ်းသာတဲ့
လူတန်းစားတွေဟာ ခုခေတ်မှာပေါ်တဲ့ ကုန်တိုုက်တွေကနေ အစားအသောက်တွေ ဝယ်စားတတ်တယ်”
“ငါလည်း သိတယ်။ ခေတ်ပျက်သူဌေးတွေလေကွာ။ သူတိုကဟာ ကုန်တိုက်တွေမှာ ခပ်တည်တည်
ဈေးဝယ်ကြတယ်။ စစ်အစိုးရနဲ့ နီးစပ်တဲ့လူတွေ တည်ထောင်ထားတာ၊ စစ်တီးမတ်တို့
အိုးရှင်း၊ အေရှားလိုက်တဲ့ ကွ၊ ဂျမ်းရှင်းအိပ် တို့ စိန်ဂေဟာ တို့လည်း
ရှိတယ်လေ။ ခု မော်တင်ဆိုတဲ့ ကုန်တိုက်ကြီးတောင် ထပ်ဖွင့်ဆိုပဲ”
“အေး၊ ခေတ်မီတိုးတဲ့နိုင်ငံဆိုတော့ ကုန်တိုက်တွေရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။
ဒါပေမယ့် အဲဒီက အစားအသောက်အများစုဟာ စင်ကာပူ မလေးရှား ထိုင်းတို့ဆီက
ရက်လွန်ပစ္စည်းတွေကို ပြန်ထုပ် ထားတာတွေကွ”
“တကယ်”
“ဟုတ်တယ်။ ဒါမှလည်း ဈေးပေါမှာပေါ့။ ချော့ကလက်တို့ မုန့်ဘူးတို့ကအစပေါ့
အောင်ဘုရ”
“အင်း တလောကလည်း တရုတ် နှိပ်စက်သေးတယ်။ မယ်လမင်း တွေကို နို့မှုန့်တွေမှာ
ရောထည့်တယ်”
“ဒါတွေကို ဂျာနယ်တွေက မသိဘူးလား၊ မရေးဘူးလား”
“ရေးတာပေါ့ကွ၊ ဒါပေမယ့် စာပေစိစစ်ရေးက ပယ်တယ်လေ။ စာစောင်တွေက သက်သေပြပြီး
ရေးတာပဲ။ မရဘူး။ ကုန်တိုက်တွေမှာ ဒီလိုလုပ်စားနေတာ စစ်အစိုးရ
အသိုင်းအဝိုင်းကလူတွေ မဟုတ်လား”
“ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လူတွေပါလား”
“လူတွေ သေကုန်ပြီး ငတေတယောက်တည်း မာနေလို့ကော ဘာများထူးမှာလဲ အောင်ဘုရာ။ ခု
ကားတွေဆိုရင်လည်း အဟောင်းတွေကို မတန်တဆ ဒဏ်ရိုက်ပြီး လိုင်စင်ချပေးတယ်။ ဒဏ်ကြေး
အတွက် ညှိရတယ်လေ။ ညှိတယ်ဆိုတာ မင်းတဝက် ငါတဝက်ဆိုတာမျိုးပေါ့”
“အင်း … ငါးလာပို့တဲ့ တံငါ ပုံပြင်ထဲကလို မင်းတဝက် ငါတဝက်ဆိုရင်
ကောင်းမှာလားပဲ”
“ဘယ်လို ဘယ်လို၊ အောင်ဘုလည်း အလာကြီးပါပဲလား၊ ဆိုပါဦး”
“ငါ ကြားဖူးတဲ့ ပုံပြင်လေကွာ။ တခါက ဘုရင်ကြီးတပါး ရှိတယ်။ ငါး အင်မတန်
ကြိုက်တယ်။ တရက်မှာ မိုးကြီးလေကြီးကျလို့ ဘယ်တံငါမှ ငါးမရဘူး။ ဒါပေမယ့် ငါးရတဲ့
တံငါက ငါးကြီး တကောင်ကိုဆွဲပြီး နန်းတော်လာပို့တယ်”
“ကပ်ဖားရပ်ဖား လုပ်ရှာတယ်”
“ဆုတော်ငွေ လိုချင်တာကိုး။ ဒါနဲ့ပဲ နန်းတော်ရောက်တော့ တံခါးမှူးက
ဝင်ခွင့်မပြုဘူး”
“ငါးထဲမှာ ဗုံးပါလားမှ မသိတာပဲ၊ စက်ထဲထည့်မရှာဘူးလား”
“ဒီလိုမဟုတ်ဘူးလေ။ တံခါးမှူးက ဟေ့ကောင် မင်းဆုရမှာ သေချာတယ်။ မင်းတဝက်ငါတဝက်
ဘယ့်နှယ့်လဲလို့ ညှိတယ်။ တံငါသည်လည်း ခေါင်းညှိတ်ပြီး အထဲဝင်သွားတယ်။ ဘုရင်က
သဘောကျပြီး ‘ဟေ့ ဆုတော်ပေးမယ်။ မင်းဘာ လိုချင်လဲ’ လို့ မေးတယ်။ တံငါက ကြိမ်ဒဏ်
၁ဝဝ သာပေးပါလို့ တောင်းတယ်”
“ဟာ၊ စင်ကာပူမှာသာဆို ဒီကောင် သေပြီ”
“ဘုရင်က ကောင်းပြီဆိုပြီး ကြိမ်ဒဏ် ၁၀ဝ ရိုက်စေတယ်။ အချက် ၅ဝ ပြည့်တဲ့အခါ
ပြောတယ်။ ကျန် ၅ဝ ကို ကျွန်တော့်ပါတနာကို ပေးပါ ဆိုတော့ ဘုရင်က ဘယ်သူလဲလို့
မေးတယ်။ တံခါးမှူးကို ခေါ်ပြတော့ ဘုရင် အတော်စိတ်ဆိုးသွားတယ်။ ဒါကြောင့်
တံခါးမှူးကို ကြိမ်ဒဏ် ၅ဝ ချပြီး အလုပ်ဖြုတ်လိုက်တယ်။ ပြီးတော့မှ တံငါကို
တံခါးမှူးခန့်လိုက်တယ်တဲ့”
“ဪ အောင်ဘု၊ အောင်ဘု။ ဒီနေရာမှာ မင်းမှားသွားပြီ”
“မမှားပါဘူး မောင်ဘချစ်ရာ၊ ငါ ငယ်ငယ်က ဒီလိုသင်ရတာပဲကွ”
“အေး ခုခေတ်ပြောင်းသွားပြီ၊ အောင်ဘုတောင် ဂျော်နီအောင်ဘု ဖြစ်လာတာပဲ မဟုတ်လား။
မင်းပြောတဲ့အထဲမှာ ဘုရင်ကြီးစိတ်ဆိုးသွားတဲ့အထိ မှန်တယ်”
“ဟုတ်တယ်လေ။ ဘုရင်က သူ့တံခါးမှူး လာဘ်စားတာသိလို့ စိတ်ဆိုးသွားတာပေါ့”
“ဒီလိုမဟုတ်ဘူး။ တံငါသည်က တံခါးမှူးကိုခေါ်လိုက်တော့ ဘုရင်ကြီးဟာ
စိတ်ဆိုုးသွားတယ်။ ‘ဒီတံခါးမှူးဆိုတာ ငါ့မြေး မြောက်မူးလဲရဲ့ ရည်းစားရဲ့
အဖေရဲ့တဝမ်းကွဲ။ မင်း သူ့ကို စော်ကားတယ်’ လို့ ပြောတယ်။ ဒီတော့ တံငါက
‘မဟုတ်ရပါ သူ လာဘ်စားတယ်။ ဥပဒေအရ အရေးယူပါ’ လို့ ပြောတော့ ဘုရင်က ‘ဥပဒေက
မည်သို့ပင်ဆိုစေကာမူ တံငါသည်ကို ထောင် ၃၅ နှစ်ချစေလို့ အမိန့်ချ လိုက်တယ်”
“ယုတ္တိမရှိလိုက်တာ၊ ဘာအမှုနဲ့ ချမှာလဲ”
“မနေ့က ဖမ်းထားတဲ့ ငါးကို ရေခဲစိမ်ပြီး လာပို့တဲ့ အမှုပေါ့ကွ။ ငါးဟာ
ဒိတ်အောက်နေပြီ။ Expire ဖြစ်နေလို့တဲ့ ကွ။ မှတ်ပီလား”
“ဒီလောက်တောင်ပဲလား မောင်ဘချစ်ရေ”
“ဒိထက်တောင်ပိုသေး”
—
အရာရာဟာ
အမြဲတမ်း အတွက် မဟုတ်ဘူးဆိုတာ သိရက်နဲ့
ဘာလို့များ တရားသေ ဆုပ်ကိုင်ထားခဲ့ကြသလဲ …???
——————————————————————–
S M…sep2010…REF>>>**Forward mail**
==================================
2 comments
bigcat
September 29, 2010 at 4:17 am
စီတီးမတ်က ရက်လွန် တူတံဆိပ် ထောပတ်သံဗူးတွေ ရောင်းတာကတော့ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ကြာတော့ကြာခဲ့ပါပြီလေ။ အခုလောက်ဆို ပိုင်ရှင်သူဌေး (စတီဖင်လောလို့ထင်တယ်) လည်းအသက်ကြီးလို့ တရားတွေပါတွေရပြီး ကောင်းရောင်း ကောင်းဝယ်လုပ်ကိုင် စားသောက်နေပြီ ထင်ပါတယ်။
chitsayar
September 29, 2010 at 4:34 am
ဝင်ရောက်ဖတ်ရှုသွားပါသည်