နှင်းပန်းဝါဝါလေးများ
ကျွန်မကို သမီးဂျူလီက “မေမေ နှင်းပန်းဝါလေးတွေ မညိုးခင် သွားကြည့်ရအောင် ” လို့ အခါပေါင်းများစွာ တယ်လီဖုန်းဆက်ပြီး ခေါ်ပေမဲ့ ကျွန်မနေတဲ့ ပင်လယ်ကမ်းခြေက အိမ်ကနေ အဲဒီနှင်းပန်းဝါလေးတွေ စိုက်ပျိုးထားတဲ့ ရေကန်ကြီးဘေးက တောင်စောင်းကိုရောက်ဖို့ နှစ်နာရီကြာ ကားစီးရမဲ့ခရီးကို ငြီးငွေ့တာကြောင့် အခါခါ ငြင်းဆိုခဲ့ပါတယ်.. ဒါပေမဲ့ ဇွဲကောင်းလှတဲ့ ဂျူလီ့ကြောင့် နောက်ဆုံးမှာတော့ “ လာမဲ့ အင်္ဂါနေ့မှာ မေမေ လာခဲ့ပါမယ်” လို့ စိတ်မပါလှစွာနဲ့ ကတိပေးလိုက်ရပါတယ်..
ဒါနဲ့ အင်္ဂါနေ့ရောက်တော့ မနက်ခင်းဟာ အေးစက်ပြီး နှင်းတွေ ခပ်ဖွဲဖွဲကျနေပေမဲ့လို့ ကျွန်မရဲ့ကတိအတိုင်း ဂျူလီတို့အိမ်ကို ကားမောင်းထွက်လာခဲ့လိုက်ပါတယ်.. ပျင်းရိဖွယ် အချိန်တစ်ချို့ ကုန်ဆုံးအောင် ကားမောင်းလာပြီးနောက် သမီးဂျူလီတို့အိမ်ရောက်တော့ မြေးလေးတွေကို ပွေ့ဖက်နှုတ်ဆက်ပြီး “သမီးရဲ့ နှင်းပန်းဝါတွေကို သွားကြည့်ဖို့ဆိုတာ မေ့လိုက်ပါတော့လားကွယ်။ ကြည့်ပါဦး အပြင်မှာ နှင်းတွေကျနေပြီး တိမ်တွေကလဲ ထူထပ်နေတာဘဲ။ ဒီလောက်အေးစက်နေတဲ့အချိန်မှာ အိမ်အပြင်ထွက်လာပြီး ခရီးသွားဖို့ဆိုတာ သမီးနဲ့မြေးလေးတွေကို တွေ့ဖို့သာမဟုတ်ဘဲ တစ်ခြားကိစ္စအတွက်ဆို တစ်လက်မလေးတောင်မှ မေမေ ကားမောင်းလာမှာ မဟုတ်ဘူး” လို့ ဂျူလီ့ကို ပြောလိုက်ပါတယ်..
သမီးဂျူလီက ကျွန်မရဲ့စကားဆုံးတော့ တည်တည်ငြိမ်ငြိမ်လေး ပြုံးလိုက်ပြီး “မေမေရယ် ဒီလိုရာသီဥတုမျိုးမှာ ကားမောင်းခဲ့တာ အခုမှအခု မဟုတ်ဘဲနဲ့။ ဘာမှ မထူးဆန်းပါဘူး မေမေရဲ့ ”
“အင်းလေ.. ဒါပေမဲ့ ဒီနေ့က ခါတိုင်းထက် ဆိုးတယ်လို့ သမီး မထင်ဘူးလား။ သမီးအနေနဲ့ မေမေ့ကို ဒီလိုလမ်းမျိုးကို ထပ်မမောင်းစေချင်ဘူး မဟုတ်လား.. နှင်းတွေစဲသွားရင် မေမေ ခနနေ အိမ်ပြန်တော့မယ်” လို့ ခပ်ပြတ်ပြတ်အသံနဲ့ ကျွန်မလဲ ပြန်ပြောလိုက်ပါတယ်..
“အား မေမေကလဲ .. သမီးကားက ဝပ်ရှော့ပို့ထားရတာမေမေရဲ့။သမီးကားကို သွားယူဖို့ ဝပ်ရှော့ကို မေမေ့ကားနဲ့ လိုက်ပို့ခိုင်းမလို့ပါဆို။ ” ဂျူလီက ပြုံးစစလေးနဲ့ ကျွန်မကို ပြောလိုက်ပါတယ်.. ဂျူလီရဲ့ မျက်ဝန်းတွေထဲမှာလည်း ရယ်ရွှင်မြူးတူးရိပ်ကလေးတွေကို တွေ့မြင်နေရပါတယ်.
“ကဲ.. ဒါဆိုလဲ အဲဒီဝပ်ရှော့က ဘယ်လောက်ဝေးလဲ ” ကျွန်မက ပြန်မေးလိုက်ပါတယ်။
“သိပ်မဝေးပါဘူး မေမေရဲ့… ကဲပါလေ သမီးမောင်းပါ့မယ်.. သမီးက ဒီလိုရာသီဥတုမျိုးမှာ ကားမောင်းတာ ကျွမ်းပါတယ်.. စိတ်မပူနဲ့” ဂျူလီက ပြုံးရယ်ပြီး ကျွန်မကို ပြန်ပြောပါတယ်။
ကလေးတွေကိုပါ ကားပေါ်ခေါ်တင်လာပြီး မိနစ်အနည်းငယ်ကြာ နှင်းတွေ သဲသဲလှုပ်ကျဆင်းနေတဲ့ လမ်းပေါ်မှာ ကားမောင်းပြီးတဲ့နောက် ကျွန်မ မနေနိုင်တော့ဘဲ ဂျူလီ့ကို မေးလိုက်ပါတယ်.. “ဂျူလီ.. ဘယ်ကိုမောင်းနေတာလဲ.. ဒီလမ်းက သမီးပြောတဲ့ ကားဝပ်ရှော့ကို သွားတဲ့လမ်းလဲ မဟုတ်ပါလား”
“ကားဝပ်ရှော့သွားတဲ့လမ်းပါဘဲ မေမေရဲ့.. ဒါပေမဲ့ နှင်းပန်းဝါတွေဆီ သွားတဲ့လမ်းနဲ့တစ်လမ်းထဲဘဲလေ ”
“ဂျူလီ… ကားကိုပြန်လှည့်စမ်း… မေမေ အဲဒီကို မသွားချင်ပါဘူးလို့ သမီးကို ပြောထားပြီးသားလေ ” ကျွန်မ လေသံကို ခပ်တင်းတင်းလုပ်ပြီး ပြောလိုက်မိပါတယ်..
“သမီးကတိပေးပါတယ် မေမေရယ်.. အဲဒီကိုရောက်သွားတဲ့အခါကျရင် တွေ့ရတဲ့ မြင်ကွင်းကိုကြည့်ပြီး မေမေစိတ်ပျက်မယ်ဆိုရင် သမီးကိုကြိုက်သလိုပြော.. တကယ်လို့ မသွားဖြစ်ခဲ့ရင်သာ မေမေ နောင်တရနေမိမှာ”
ကျွန်မလဲ သမီးဂျူလီရဲ့ စကားကို ဘာမှ မတုံ့ပြန်ဖြစ်တော့ဘဲ နှုတ်ဆိတ်ပြီး ကားပေါ် လိုက်လာမိပါတော့တယ်.. ကားပေါ်ပါလာတဲ့ မြေးကလေး ၂ယောက်ကတော့ ဆော့ကစားရင်း ပါလာကြပါတယ်.. မိနစ် ၂ဝလောက် ကျောက်စရစ် လမ်းကျဉ်းလေးအတိုင်း ကားမောင်းလာပြီး ဘုရားရှိခိုးကျောင်း သေးသေးလေး တစ်ခုကို မြင်လိုက်ချိန်မှာ ဂျူလီက ကားကို ရပ်လိုက်ပါတယ်.. ဘုရားကျောင်းနဲ့ ခပ်ဝေးဝေး တစ်နေရာမှာတော့ လက်ရေးနဲ့ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုဒ် အမှတ်အသားလေး တစ်ခုကို တွေ့လိုက်ပါတယ်.. ကလေးတွေကို လက်ကိုယ်စီဆွဲပြီး အဲဒီဆိုင်းဘုဒ်ညွှန်ပြရာ လမ်းကလေးအတိုင်း ဂျူလီဦးဆောင်ပြီး ကျွန်မတို့တွေ လျှောက်လာခဲ့ကြပါတယ်.. တောင်ပတ်လမ်းသွယ်လေးအတိုင်း လျှောက်လာရာက လမ်းတွေ့တစ်ခုအရောက် မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်မကို အသက်ရှု ရပ်ဆိုင်းသွားမတတ် ရင်သပ်ရှုမော ဖြစ်စေပါတော့တယ်။
ကျွန်မတစ်သက် မြင်ဖူးသမျှ မြင်ကွင်းတွေထဲမှာ အလှပဆုံး မြင်ကွင်းလေးတစ်ခုပါဘဲ။။ တောင်ထိပ်တစ်ခုလုံးနဲ့ တောင်စောင်း တစ်လျှောက်လုံးဟာ ရွှေဝါရောင် ကော်ဇောကြီးတစ်ချပ် ဖြန့်ခင်းထားသလို ဝင်းဝါတောက်ပ နေပြီးတော့ တစ်စုံတစ်ယောက်က စိတ်ကူးကောင်းကောင်းနဲ့ လက်ရာမြောက်အောင် သေသပ်လှပတဲ့ ရွှေရောင်ရေဆေး ခပ်များများနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားကြီး တစ်ချပ်လိုပါဘဲ.. ဒါပေမဲ့ အခု မြင်တွေ့နေရတာက တကယ့်သဘာဝ ပန်းချီကား။ တောင်ကြီးတစ်ခုလုံးကို ဝံ့ကြွားတောက်ပစွာ ရွှေရောင်လွှမ်းခြုံထားစေတဲ့ ပန်းချီဆရာတွေတောင် လက်မှိုင်ချရမဲ့ အလှ။ ဆွဲဆောင်မှုအားကောင်းလွန်းလို့ ကျွန်မဖြင့် အသက်တောင် မရှူမိဘူး ထင်တာပါဘဲ။
ဒီလိုမြင်ကွင်းမျိုးကို စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တောင် အခု လက်တွေ့မြင်နေရတဲ့ မြင်ကွင်းလောက်တော့ လှပအောင် စိတ်ကူးပုံဖော်တတ်ခဲ့မယ် မထင်ဘူး…. မြင်နေရတဲ့ တောင်စောင်းကြီးတစ်ခုလုံးမှာ အဝါရောင် လှိုင်းလုံးတွေ အလိပ်လိုက် ထနေသလို ထင်ရပြီး တောင်စောင်းကြီးတစ်ခုလုံးကို အလှဆင်ထားလိုက်ပုံက အဝါရောင် ဖဲကြိုးတွေ ချခင်းထားသလိုပါဘဲ။ ကျွန်မစိတ်ထဲ ရွှေရောင်ပင်လယ်ပြင်ကြီးတစ်ခု ကိုယ့်မျက်စိရှေ့ကို ရောက်လာသလို ထင်မြင်မိတော့တယ်.. တစ်သက်မှာ တစ်ခါဆိုသလို အလှဆုံးပန်းခင်းကြီးကို တွေ့လိုက်ရတာပါဘဲ… အိုး…….. ဘယ်လိုလူတွေကများ ဒီတောင်ကြီးတစ်ခုလုံးကို ရွှေရောင် လွှမ်းသွားလောက်အောင် မျက်စိတစ်ဆုံး ကျယ်ပြောလှတဲ့ ပန်းခင်းကြီးကို လာစိုက်ထားတာပါလိမ့်။
“ ဘယ်သူတွေကများ ဒီလောက်များလှတဲ့ ပန်းတွေကို ဒီနေရာမှာ စိုက်ထားတာလဲ ဂျူလီ” မနေနိုင်တော့တဲ့အဆုံး ဂျူလီ့ကို ကျွန်မ မေးလိုက်မိပါတော့တယ်။
“ဒီပန်းတွေကို စိုက်တာလား။။ လူအများကြီးက စိုက်ထားတယ်လို့ မေမေ ထင်နေတယ်လား.. မဟုတ်ဘူး မေမေရဲ့ ဒီပန်းခင်းကြီးတစ်ခုလုံးကိုလေ မိန်းမတစ်ယောက်တည်းက စိုက်တာ” ဂျူလီရဲ့ အဖြေစကားက ကျွန်မရဲ့ အံ့အားသင့်မှုကို ထိန်းချုပ်မထားနိုင်အောင် ထူးဆန်းသွားစေခဲ့တယ်..
“မိန်းမ တစ်ယောက်တည်းက ဒီလောက် ကျယ်ပြန့်လှတဲ့ ပန်းခင်းကြီးကို စိုက်တယ် ဟုတ်လား။။ ဖြစ်နိုင်ပါ့မလား ဂျူလီရယ်.. ” မယုံနိုင်လွန်းစွာ ကျွန်မ ပြန်ပြောလိုက်မိတော့ ဂျူလီက ပန်းခင်းကြီးတွေရဲ့ အလယ်မှာ ရှိနေတဲ့ အိမ်ကလေးတစ်လုံးကို လက်ညိုးညွှန်လိုက်ရင်း
“တကယ်ပြောတာပါ မေမေရဲ့။ သူက ဟောဟိုက အိမ်ကလေးမှာ နေတယ်လေ.. ဒါတွေအားလုံးဟာ သူတစ်ယောက်တည်းနဲ့ စိုက်ခဲ့တာတွေပေါ့.. လာ .. မေမေ မယုံရင် သမီးတို့ သူ့ဆီသွားကြမယ်။ သူနဲ့ စကားပြောကြည့်ပေါ့။ ”
ရွှေဝါရောင် ပန်းခင်းကြီးရဲ့အလယ်မှာ ရှိနေတဲ့ အိမ်ကလေးဆီကို ကျွန်မတို့ လျှောက်လာခဲ့ကြပါတယ်.. အိမ်ရှေ့အရောက်မှာတော့ ပေါ်တီကိုမှာ ချိတ်ထားတဲ့ ဆိုင်းဘုဒ်လေးတစ်ခုကို စိတ်ဝင်စားဖွယ် တွေ့လိုက်ရပါတယ်.. အဲဒီဆိုင်းဘုဒ်မှာ ရေးထားတာက “နှင်းပန်းဝါဝါတို့ရဲ့ ဥပဒေသ” ဆိုတဲ့ စကားလုံးတွေပါဘဲ။ အဲဒီအိမ်ကလေးမှာ ကျွန်မတို့ တွေ့ဆုံခဲ့ရသူ၊ ဒီလောက်များပြားလှသော နှင်းပန်းဝါတွေကို စိုက်ပျိုးထားတဲ့ အမျိုးသမီးဟာ ကျွန်မရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ သူပါဘဲ.. အိုး ကျွန်မအတွက်တော့ သူနဲ့ တွေ့ခွင့်ရတာဟာ မေ့နိုင်စရာမရှိတဲ့ ဘဝရဲ့ အမှတ်တရလေး တစ်ခုပါဘဲ. သူ့ဆီက သိပ်ကောင်းမွန်တဲ့ ဘဝအတွေ့အကြုံ၊ သင်ခန်းစာကောင်းလေးတစ်ခုကို လက်ဆောင်ရခဲ့ပါတယ်… ဒီအမျိုးသမီးဟာ ကျွန်မဘဝတစ်လျှောက် ဘယ်သောအခါကမှ မတွေ့ခဲ့ဖူးပေမဲ့ တန်ဖိုးရှိလှတဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သွားခဲ့ပါတယ်.. နှင်းပန်းဝါကလေးတွေနဲ့ ပတ်သက်တဲ့ သူရဲ့ ဆောင်ပုဒ်က “တစ်ကြိမ်ကို နှင်းပန်းဥလေးတွေ တစ်လုံးစီ စိုက်ပျိုးရုံနဲ့ အကြိမ်ပေါင်းများစွာ စိုက်ပျိုးပြီးတဲ့အခါ တောင်ကြီးတစ်ခုလုံးကို နှင်းပန်းတွေ ဖုံးလွှမ်းသွားအောင် လုပ်နိုင်ပါတယ်တဲ့…”
သိပ်ကောင်းမွန်တဲ့ ဥပေဒသပါဘဲလား။ အားကျလေးစား စံနမူနာ ယူထိုက်လှပါတယ်… ဘယ်လောက်ကြီးမားတဲ့ ကိစ္စဘဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူးဆိုတာ ဘယ်မှာ ရှိပါ့မလဲနော်.. မိန်းမ တစ်ယောက်တည်းက စိုက်ပျိုးထားတာပါလို့ ပြောရင် ယုံနိုင်ဖွယ်မရှိတဲ့ ဒီ ပန်းပင်လယ်ကြီးဟာ တကယ်လက်တွေ့ကျကျ လုပ်ဆောင်တတ်သူ မိန်းမတစ်ယောက်ရဲ့ ဖန်တီးမှု စွမ်းအားတွေနဲ့ တောင်ကြီးတစ်ခုလုံးကို အဝါရောင်တွေလွှမ်းခြုံသွားအောင် ဆေးခြယ်ပစ်ခဲ့တယ်။ ဒီတောင်ကြီးတစ်ခုလုံး နှင်းပန်းဝါတွေ ဖုံးလွှမ်းသွားဖို့ဆိုတာ အတွေးသက်သက်ဆိုရင် ဖြစ်နိုင်မယ်လို့ မထင်ရပေမဲ့ အကြိမ်ပေါင်းများစွာ နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာတော့ စိတ်ကူးသက်သက်ဟာ လက်တွေ့ အကောင်အထည် ဖြစ်လာနိုင်ခဲ့ပြီ မဟုတ်ပါလား။ ဒီ ဥပဒေသလေးကို လက်ကိုင်ပြုပြီး ကျွန်မဘဝမှာလည်း ကျွန်မဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့ ခွန်အားတွေ ရလိုက်ပါပြီ။ ကျွန်မကို ဒီနေရာ ရောက်အောင် ခေါ်ဆောင်လာတဲ့ သမီး ဂျူလီ့ကို နှစ်နှစ်ကာကာ ကျေးဇူးတင်မိရင်းက ပြုံးပြလိုက်မိပါတော့တယ်။
Daffodil ခေါ် အဝါရောင် နှင်းပန်းတွေရဲ့အကြောင်းပါ။ The Daffodil Principle ( Unknown Author) ကို နှစ်ခြိုက်စွာ ဘာသာပြန် ဝေမျှပါသည်။
2 comments
weiwei
October 1, 2010 at 5:08 am
ပုံတွေကိုမမြင်ရပေမယ့် စိတ်ကူးနဲ့ပဲ ကြည့်လိုက်တယ်။ အရမ်းလှတယ့်ရှုခင်းနဲ့ အတုယူသင့်တယ့် စကားလုံးတွေပဲ။
etone
October 1, 2010 at 7:15 am
ပုံထဲက ပန်းခင်းကြီးကတော့အရမ်းလှတယ် ။ နှင်းတွေမရှိတာကလွဲလို့ပေါ့။