ကျိုက်ထီးရိုး တစ်ခါတခေါက် ဖူးမြော်ခိုက်
ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း အဝင်အပါဖြစ်သော ပေါင်းလောင်းတောင်ပေါ်မှာ
တည်ရှိပြီး မြန်မာနိုင်ငံမှာ တန်ခိုးကြီးတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး
စေတီတည်ရှိတဲ့တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊ ကျိုက်ထီးရိုးစေတီတည်ရှိရာ တောင်ထွတ်မှာ
ပင်လယ်ပြင်မှ ပေ ၃၆၀ဝ ခန့် မြင့်ပါတယ်။ ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ အံ့ဩဖွယ်တော်တော်ကောင်းပါတယ်။
ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့အစွန်းမှာ လုံးပတ် ပေ ၅ဝ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဍာန်
ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာတင်နေတာကို တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဉာဏ်တော်
၁၅ ပေခန့် မြင့်သော စေတီတော်ကို တည်ထားတာတွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့်
ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို တွေ့ရပါတယ်၊ စေတီတည်ထားရာ
ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာတွေ့နိုင်တယ်။ ထိုကျောက်တုံးကို
တွန်းပြီအောက်ခံကျောက်အကြားကို အပ်ခြည်ကြိုးသွင်းပြီး ဆွဲယူနိုင်လို့ရတယ်။ ဗုဒ္ဓဉာဏရသေ့သည် ဆံတော်ဓာတ် ၃
ဆူကို မပျောက်မပျက်ရအောင် သူရဲ့ဆံကျစ်အတွင်း့ စည်းနှောင် ထားခဲ့တယ်တဲ့။ နောက်နှစ်ကာလ
အတန်ကြာလတ်သော် အနာရောဂါ နှိပ်စက်သဖြင့် ရသေ့ကြီးဟာ အင်း ငါကွယ်လွန်ခဲ့သော် ဒီဆံတော်ဓာတ် ၃ ဆူကို
မည်သို့မည်ပုံ ထားခဲ့ရပါမည်နည်းဟု တွေးတော ပူပန်ခြင်း ဖြစ်မိခဲ့တယ်တဲ့။၊ ထိုအခါ သိကြားမင်းက လူ့ပြည်ကို
ဆင်းသက်လာပြီ။ ရသေ့ကြီးရဲ့ ဆနအတိုင်း ရသေ့ကြီးဦးခေါင်းနှင့်တူတဲ့ ကျောက်တုံးကို ရှာဖွေပြီး ကျောက်တုံးထဲကို
သန်လျက်နှင့်ထွင်း၊ ဆံတော်တစ်ဆူကို ဌာပနာခဲ့တာတဲ့၊ ထို ကျောက်တုံးပေါ်မှာ တည်ထားသောစေတီကို
မွန်ဘာသာအားဖြင့် ကျိုက်အိသိရိုး မြန်မာဘာသာဖြင့် ရသေ့ရွက်သောဘုရားဟု ခေါ်တွင်စေတယ်၊ နောင်ကာလ
ကြာလတ်သော် ကျိုက်အိ သိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာခဲ့တာ ဆိုဘဲ၊ အဲ ကျန်ဆံတော် ၂ ဆူကိုလည်း
သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များမှာ အသီးအသီး ဌာပနာပေးခဲ့ကြောင်းနှင့် သမိုင်းများတွင်
ဆိုသည်၊ ထိုစေတီများမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားပါတယ်၊ ကျိုက်ထီးရိုးရင်ပြင်တော်မှ မြင်ရတဲ့
ရှုမျှော်ခင်းမှာ အလွန်သာယာပါတယ်၊ ကြည်နူးဖို့လည်း ကောင်းတယ်။ ပြီးတော့ အနောက်ဖက်ကို မျှော်ကြည့်မယ်ဆိုရင်
စစ်တောင်းမြစ်ကို ကျော်လွန်ပြီ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်ပေါ်တက်ဖို့
လမ်း ၂ လမ်းရှိတွေ့ရပါတယ်၊ တစ်လမ်းက စစ်တောင်းရွာမှ တက်ရတဲ့လမ်းဖြစ်ပြီး ကျန်တစ်လမ်းကတော့
ကျိုက်ထိုမြို့ကနေ မော်တော်ကားလမ်းဖြင့် ၉ မိုင်ခန့်ဝေးတဲ့ ကင်မွန်းစခန်းခမှ တက်ရတဲ့လမ်း ဖြစ်ပါတယ်၊ ဒုတိယလမ်းမှာ
ဘုရားဖူးအများ အသုံးပြုတဲ့လမ်း ဖြစ်ပါတယ်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုး ရင်ပြင်တော်အထိ ရ မိုင်ခွဲခန့်ရှိပြီး
စခန်းပေါင်း ၂ရ ခုကို ဖြတ်ကျော်သွားရပါတယ်။ ကျိုက်ထီးရိုးပွဲတော်အချိန်မှာ နှစ်စဉ် တပို့တွဲလကနေ တန်ခူးလအထိ
ကျင်းပပါတယ်။ ပွဲတော်အချိန့် မြန်မာနိုင်ငံ အရပ်ရပ်က ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြတာကို
တွေ့ရှိရပါတယ်။၊ ဘုရားသို့တက်ရာ လမ်းတစ်လျောက်မှာ ဘုရားဖူးများ နားနေတည်းခိုရန် ရေမြောင်ကလေး။ ရွှေရင်ဆို့၊
ကင်ပြွမ်းပင်၊ ရေမြောင်းကြီး၊ ဘိုးပြန်တောင်၊ စိုင်တမော့ အစရှိတဲ့ စခန်းများ၊့ ဈေးဆိုင်များကိုလည်း တွေ့ရှိခဲ့ရတယ်။
ကင်းမွန်းစခန်းမှာဆိုရင် ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များ ရှိပြီး လမ်းခရီးမှာ မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊
ကျောက်သမာန် စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်တင်နတ် စသော နတ်ကွန်းများကို တွေ့ရှိရလိမ့်မယ်၊
အသက်အရွယ် ကြီးရင့်သူနှင့် အိုမင်းမစွမ်းသူတို့ကတော့ အထမ်းပုခက်များစီးပြီး တက်ကြတာကို တွေ့ခဲ့ရတယ်။
တချို့ကြတော့ ပိုက်ဆံရှိလို့ တက်ကြတာလည်း ဖြစ်ပါလိမ့်မယ်။ ဘုရားဖူးများဟာ ကျိုက်ထီးရိုးဘုရားကတစ်ဆင့်
မုဆိုးဘုရား။ ဖားဘုရား၊ နဂါးဘုရားများကို ဖြတ်ကျော်ပြီး ၄ မိုင်လောက်ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားကိုလည်
သွားလို့ရတယ်။ ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုး ဘုရားမြောက်ဘက်မှာတော့
ကျီးကန်းပါးစပ်လို့လည်းခေါ် ကျောက်ဂူနေရာတို့မှာလည်း သွားပြီး ဆုတောင်းဓိဋ္ဌာန်ပြုပြီး အမွေးနံ့သာ ပက်ဖြန်းပြီး
ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်လို့ ရတာကို တွေ့ရပါတယ်။ အင်း လျှောက်သွားရရင်တော့ သွားရမဲ့နေရာတွေက
အများကြီးပဲ ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း အရမ်းကောင်းပါတယ်။ ယမင်းလည်း ၂ ခေါက်ဘဲ
ရောက်ဖူးပါသေးတယ်။ ပထမတစ်ခေါက်ကတော့ တော်တော်ကို အဆင်မပြေပါဘူး။ လပြည့်နေ့လည်း ဖြစ်၊
လူတွေကလည်းအရမ်းများတော့ တည်းခိုခန်းကနေ သိပ်ပြီး မလည်ဖြစ်ပါဘူး။ မိသားစုနဲ့သွားတာဆိုတော့လည်း
ပျော်တာပါဘဲ။ အဲ နောက်တစ်ခေါက်ကျတော့ သူငယ်ချင်းတွေနဲ့ သွားရတာဆိုတော့ ပိုပြီး ပျော်တာပေါ့။ ပြီးတော့
မှတ်မှတ်ရရ နှစ်သစ်အကူးမှာ သွားဖြစ်ခဲ့တာလေ။ နှစ်သစ်အကူးကို တောင်ပေါ်မှာ ကျင်းပခဲ့ရတာဆိုတော့ ပျော်ဖို့
အရမ်းကောင်းတယ်။ တစ်ညလုံး မအိပ်ဖြစ်ခဲ့ဘူး။ မနက်ကြတော့လည်း ပန်းကပ်၊ ဆီမီးကပ်နဲ့ဆိုတော့ ပြီးတော့
ရွှေသင်္ကန်းကပ်ဖို့ ကြတော့ ပါလာတဲ့ ယောက်ျားလေးသူငယ်ချင်းကို သွားကပ်ခိုင်းရတယ်။ အင်း အဲဒီမှာ အတွေးတစ်ခု
ခေါင်းထဲရောက်လာတယ်။ ဘာလို့ ယောက်ျားလေး မဖြစ်ခဲ့ရတာလဲလို့ပေါ့။ ဒါပေမဲ့လည်း ရောက်နေတဲ့ဘဝကိုလည်း
စိတ်ပျက်လို့ တွေးမိတာ မဟုတ်ပါဘူး။ ဘယ်နေရာရောက်ရောက် ကျင့်ကြံနိုင်ရင် တစ်နေ့တော့ အောင်မြင်မှာပဲလို့ စိတ်ကို
ဖြေသိမ့်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်း တစ်နှစ် တစ်ခေါက်တော့ မှန်မှန်သွားနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးရှိခဲ့တယ်။
မိတ်ဆွေတို့ကော ရောက်ခဲ့ပြီးကြပြီပေါ့နော်။ ဒီတစ်ခါသွားရင် ပြောဦးနော်။
8 comments
ဆူး
October 9, 2010 at 12:00 pm
ကျိုက်ထီးရိုးကို အလွန်သွားချင်နေပါသည်။ မိုးရွာနေတော့.. ဒီအချိန်က အဆင်မပြေသေးဘူး။ ကျိုက်ထီးရိုးကိုတော့ ၃ခါ ဘဲ ရောက်ဘူးပါတယ်။ ကျိုက်ထီးရိုးဆိုလို့ နောက်နေ့မှ ကျိုက်ထီးရိုးအပြန်မှာ ကြုံခဲ့ရတဲ့ အမှတ်တရ လေးကို ပိုစ်တင်လိုက်အုန်းမယ်.. ကျိုက်ထီးရိုးမှာတော့ ခဏဘဲ သွားလို့လားမသိဘူး နေရတာ ပျော်တယ်။
manawphyulay
October 9, 2010 at 12:14 pm
ဟယ် ဟုတ်လား… သုံးခေါက်တောင် မနောတောင် နှစ်ခေါက်ပဲ ရောက်ဖူးတယ်။ သွားချင်ပါသေးတယ်။ ကြည်နူးဖို့ကောင်းသလို ပျော်ရွှင်ဖို့လည်း အရမ်းကောင်းတယ် မနောက မိသားစုမောင်နှမနဲ့တစ်ခေါက်၊ သူငယ်ချင်းတွေနဲ့တစ်ခေါက်လေ…
unclegyi1974
October 9, 2010 at 2:23 pm
အန်ကယ်တို့ က ကျိုက်ထီးရိုး ဘုရားကို ငယ်ငယ်က ၃ ခေါက် ကြီးမှ ၂ ခေါက် ရောက်ဘူးတယ်
ငယ်စဉ် ပထမ အခေါက် တောင်စတက်တာဖြစ်လို့ တောင်ပေါ်ရောက် ပြီးပြန်ဆင်းလာတော့
တကိုယ်လုံးနာပြီး နောက်ဘယ်တော့မှမသွားတော့ဘူး လို့လူကြီးတွေကိုပြောခဲ့တာ သတိရသေးတယ်
အဲဒီအချိန်တုန်းက ကားလမ်မရှိသေးဘူးလေ တောလမ်းသက်သက်တက်ရတာ
အခုကားလမ်ပေါက်သွားပေမဲ့ တောင်ပေါ်ကားနဲ့တက်ရတာ ဟိုတုန်းကလမ်းလျှောက်တက်ရသလောက်
မပျော်တာ ပြောရရင် တဝက်ကိုမပျော်တာ
kopauk mandalay
October 9, 2010 at 4:06 pm
မနောဖြူလေးရော အန်ကယ်ကြီးရော ဆူးရောနောက်တစ်ခါသွားရင် အတူတူသွားကြရ မကောင်းဘူးလားဗျာ။
တစ်ခါမှမရောက်ဘူးသေးတော့ ရောက်ဘူးချင်လို့ပါ။
ဟုတ်တယ်ဟုတ်
ဆူး
October 10, 2010 at 6:48 am
ကောင်း၏ ဒီအဆိုကို ထောက်ခံပါတယ်.. စရိတ် ကို တော့ ပွိုင့် ကြိုထုတ်ပြီး ကဲ ကြတာပေါ့.. ဟီးဟီး.. ရတနာပုံ နေပြည်တော် အတွက် အထူး သတင်းထောက်တွေအနေနဲ့.. ဟဲဟဲ..
MandalayThar
October 10, 2010 at 2:19 am
ကျွန်တော်ကတော့ ၁ ခေါက်ဘဲရောက်ဘူးတာ။ ရောက်ဘူးတော့လဲ သူများတွေရောက်ဘူးတဲ့ လမ်းက မရောက်ဘူးဘူး။ ကျွန်တော်ရောက်ဘူးတဲ့ လမ်းက စွန်တောင်ဘက်က သွားတဲ့လမ်း။ ကျိုက်ထိုကနေ မိနစ် (၃၀) လောက် ကားနဲ့သွားလိုက်တယ်။ စွန်တောင်အောက်ချေ ရောက်တော့ တောလမ်းကနေတတ်တာ။ နည်းနည်းတော့ တကယ် လမ်းကြမ်းတယ်။ လူတယောက်စာ သွားတဲ့ သွားလမ်းလေးဘဲရှိတာ။ မတ်လည်းမတ်တယ်။ စွန်တောင်တောင်ထိပ်ရောက်တော့ တောင်ထိပ်ပေါ်မှာ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းဘဲရှိတယ်။ ရူခင်းကတော့ တကယ်မိုက်တယ်။ အဲဒီကနေ တောင်တွေ တောင်တွေဖြတ်ပြီး မုဆိုးဒူးထောက် တောင်ဘက်ပေါက်လာတာ။ အဲဒီကနေ ကင်းမွန်းစခမ်းရောက် နောက် ကျိုက်ထီးရိုးတောင်ဘက်ကို လှမ်းကူးပြီးသွားရတယ်။
michaelaungpu
October 10, 2010 at 4:14 am
ဘုရားလည်းဖူး လိပ်ဥလည်းတူး ဆိုလား
(နောက်တစ်ခေါက်ကျတော့ သူငယ်ချင်းတွေနဲ့ သွားရတာဆိုတော့ ပိုပြီး ပျော်တာပေါ့ )
(ရွှေသင်္ကန်းကပ်ဖို့ ကြတော့ ပါလာတဲ့ ယောက်ျားလေးသူငယ်ချင်းကို သွားကပ်ခိုင်းရတယ်)
ရင်ခုန်စရာ အတွေ ့ကြုံလေးတွေကို ကဗျာတွေ ရေးမချလိုက်ပါနဲ ့အရိပ်တကြည့်ကြည့် ကိုယ့်အတွက်
ဘေလေချာ (လမ်းကြိတ်စက်) ကြီးနဲ ့ အကြိတ်ခံရတာထက် ဆိုးတယ်ဆိုတာကို သိစေခြင်ပါတယ် ခလေးရယ်
( ပိုင်တယ်ကွာ ငါ့ကဗျာ )
manawphyulay
October 10, 2010 at 1:41 pm
michaelaungpu>>> လိပ်ဥတူးရင် ခုချိန်ထိ တစ်ယောက်ထဲ နေမလားရှင့်…. ဘုရား ဘုရား ဆိုပြီး ကားယား ကားယားလုပ်တဲ့ ထဲမှာ မနော မပါဘူးနော်…