သေမင်းရဲ့ အဆိပ်ငွေ့မြှား (သိုင်းဝတ္ထုခေါင်းစဉ်မဟုတ်) No Smoking
ဆေးလိပ်ဖြတ်တာနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို တွေ့လိုက်ရတော့ ကျွန်နော် ငယ်ငယ်တုန်းက သုံးနှစ်လောက် ဆေးလိပ်သောက်ခဲ့တာ၊ ဆေးလိပ်ဖြတ်ခဲ့တာတွေကို သွားသတိရမိတယ်။ ဆေးလိပ်ကို ဘာလို့သောက်ခဲ့ သလဲဆိုရင် လူအထင်ကြီးတာ ခံချင်လို့၊ စသောက်စဉ်အခါက ရှစ်တန်း ဆိုတော့ အသက်က ဂျူနီယာဆယ်ကျော်သက်၊ စိတ်ကစားကစ အရွယ်ဆိုတော့ သက်တူရွယ်တူ တွေရှေ့မှာ ဟန်လုပ်ချင်တာက အဓိကပါ။ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးကများ မသောက်နဲ့လို့ ပြောရင် သဘောတွေကျလို့။ ဂရုစိုက်တယ်ပေါ့လေ။ စစချင်းတော့ ငါးသုံးလုံးနဲ့ မာလ်ဘိုရို တို့နဲ့ပါ။ သူတို့ရှေ့ သွားပြီး စီးကရက်သောက် စတိုင်ထုတ်ရတာ တော်တော်ဟုတ်နေတယ် ထင်ခဲ့ပါတယ်။ မှတ်မှတ်ရရ ဆေးလိပ်စသောက်တဲ့ နေ့က ကျောင်းကအပြန် အနားယူပြီး မကြာခင်မှာ သူငယ်ချင်းတယောက်နဲ့ လိုက်နေတဲ့ ကောင်မလေးဆီအသွား လမ်းမှာ ငါးသုံးလုံး တလိပ်စီ ဝယ်ခဲ့ကြပါတယ်။ အဲဒီအချိန်ထိ သူရောကျွန်နော်ပါ ဆေးလိပ် လုံးဝမသောက်တတ်သေး။ ဝယ်သာဝယ်ခဲ့တယ်၊ ဆေးလိပ် မီးမညှိခဲ့ကြ၊ ဘာလို့လည်းဆိုတော့ ကောင်မလေး အိမ်ရှေ့ကြမှ စတိုင်ထုတ် ရမှာမိုလို့ပါ။ နို့မဟုတ်ရင် လမ်းမှာ လေစားတာနဲ့ ကုန်သွားမှာကိုး။ ကောင်မလေး လမ်းထဲလည်းရောက်ရော ဆေးလိပ်သောက်ဖို့ မီးခြစ် လိုက်ရှာရပါတယ်။ အသက်က အရမ်းငယ်သေးတော့ လမ်းသွားလမ်းလာတွေဆီက တောင်းမီးမညှိရဲ။ လ္ဘက်ရည်ဆိုင်ထဲလည်း ဝင်ပြီး မီးမတောင်းရဲနဲ့ နောက်ဆုံးတော့ စီးကရက်ကို အကောင်းအတိုင်း ပါးစပ်မှာကိုက်ပြီး အိမ်ပြန်ခဲ့ရပါတယ်။
သောက်တာ နဲနဲကြာသွားတဲ့အထိ ဆေးလိပ်အငွေ့ကို အဆုတ်ထဲကို ရှိုက်မသွင်း တတ်သေး။ ပါးစပ်က ဖွာယုံလောက် ဟန်ရေးပြတဲ့ အဆင့်ပဲရှိသေးတာပါ။ ကိုယ့်ထက် ဆေးလိပ်သောက် ဝါရင့်တဲ့ သူငယ်ချင်းတယောက်က ဆေးလိပ်ဖွာတာကို လူကြားထဲမှာ လှောင်တော့ ရှက်ပြီး ဆေးလိပ်တကယ် သောက်နိုင်ဖို့ ကျင့်ရပါတော့တယ်။ ဘယ်လိုကျင့်သလဲဆိုတော့ စီးကရက်ကို ရေချိုးခန်ထဲမှာ မီးညှိပြီး ပါးစပ်ကနေ ရှိုက်သွင်းလိုက်ပါတယ်။ ပထမဆုံးအရှိုက်မှာ အတွေ့အကြုံမရှိသူမို့ မိုက်ခနဲတောင် ဖြစ်ပြီး ဘေးကနံရံဘောင်ကို် လက်နဲ့ကိုင်ထားလိုက်ရတာ ကောင်းကောင်းမှတ်မိပါသေးတယ်။ နောက်အရှိုက် တွေမှာတော့ တဖြည်းဖြည်းနဲ့ ဟုတ်သွားလိုက်တာ နောက်ဆို ထမင်းစားပြီးရင်၊ လ္ဘက်ရည်ဆိုင်ထိုင်ရင်၊ မနက်ပိုင်း ကျောင်းမသွားခင် အိမ်သာတက်ရင် ဆေးလိပ်သောက်မှ နေလို့ရပါတော့တယ်။ မဟုတ်ရင် တခုခုလိုနေတဲ့အတိုင်း စမြင်းခံပြီး ဝမ်းချုပ်နေသလိုပါ။ ငါးသုံးလုံးနဲ့စခဲ့တဲ့ ဘဝလည်းနောက်တော့ ဘတ်ဂျက်မတတ်နိုင်တော့လို့ အိပ်စပို့ဒူးယား၊ အဲဒီကနေ ဒူးယားဗူးစိမ်း၊ နောက်ဆုံး့ ဆေးပေါ့လိပ်နဲ့ အဆုံးသတ်ပါတယ်။ သောက်ခဲ့တာ တွေကတော့ ငွေတောင်၊ ရွှေပြည်စိုး နဲ့ ခြင်္သေ့သုံးကောင်ရွှေပတ်တို့ပါ။ ကံအကြောင်း မလှလို့ နွားတံဆိပ်နဲ့ အကစလို့ခေါ်တဲ့ သောက်လို့မရတဲ့ ဆေးပေါ့လိပ်တွေကိုလည်း သောက်ခဲ့ဖူး ပါသေးတယ်။ စာဖတ်သူ တချို့သောက်ဖူးခဲ့ရင် ကောင်းကောင်းကြီး သိကြပါလိမ့်မယ်။ ငယ်ကချစ် အနှစ်တရာ မမေ့သာတဲ့။ ကြုံခဲ့ဖူးသူများ မေ့နိုင်ကြအုံးမယ် မထင်ပါ။ ဆေးလိပ်ကို နှစ်တွေအကြာကြီး စွဲမသောက်ခဲ့ပေမဲ့ တကယ်နှစ်နှစ်သက်သက် သောက်ခဲ့တာပါ။ ဆယ်ကျော်သက် အရွယ်နဲ့ တနေ့ကို ဆေးပေါ့လိပ် ငါးလိပ်အထက်ကုန်ပါတယ်။ စီးကရက်ဆိုရင် နှစ်ရက်တဗူး သောက်ပါတယ်။ တလိပ်ချင်း မတတ်နိုင်လို့ အကြိုက်တူရာ သူငယ်ချင်းနဲ့ စပ်ပြီးဗူးလိုက်ဝယ်၊ လ္ဘက်ရည်ဆိုင် ရောက်မှ တဝက်စီခွဲ သောက်ကြပါတယ်။
ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာ တန်ဆောင်းမုန်လမှာပါ။ ဘာလို့မှတ်မိလည်း ဆိုတော့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်တာမိုလို့ပါ။ ဆုံးဖြတ်တာကနေ တကယ်ပြတ်သွားတဲ့ အထိကို တနှစ်တိတိ ကြာပါတယ်။ နောင်နှစ် ဘုရားပွဲလှည့်တော့ လုံးဝ ပြတ်သွားပါပြီ။ လ္ဘရည်ဆိုင်ထိုင်လို့ သူများတွေသောက်လည်း နေနိုင်သွားပါတယ်။ ဖြတ်ကာစတော့ ဒုံးတိဖြတ်ဖို့ကြိုးစားပေမဲ့ စိတ်မနိုင်လို့ အပတ်တိုင်း တလိပ်စီလျော့ပါတယ်။ ဒီတပတ်ငါးလိပ်ဆို နောက်တပတ်လေးလိပ်ပေါ့။ တဖြည်းဖြည်းနဲ့ လျော့သွားလိုက်တာ လိပ်ဝက်နဲ့ လိပ်တစိတ်မှာ တော်တော်ကြာပါတယ်။ နောက်တော့ ရက်ခြားကို တရှုနှစ်ရှုလောက် အလွမ်းပြေသောက်ပါတယ်။ တနှစ်လည်းပြည့်ရော လုံးဝပြတ်လို့သွားပါပြီ။ တကယ် ပြတ်မပြတ် ဘယ်လိုလုပ် သိလည်းဆိုတော့ အခါ်အားလျော်စွာ ကြုံလို့စမ်းပြီး ပြန်သောက်ကြည့်တာ မခံစားနိုင်တော့။ အဲ..ရက်ကြာကြာ သောက်မိရင်တော့ ပြန်နီးစပ် သွားနိုင်ပါတယ်။ အရေးကြီးတာက အစပိုင်းပါ။ ပြတ်ပြီးကာစမှာ မသောက်ဘဲ နေနိုင်လိုက်ရင် ပါးစပ်က သောက်ရကောင်းမှန်း မသိတော့။ အရက်လည်းဒီလိုပါပဲ။ လူကြီးဖြစ်ဖို့ သောက်တတ်ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ကြိတ်မှိတ်ပြီး ရမ်ကို မျိုချလိုက်တာ နောက်တော့ အရက်ရဲ့ ခါးသက်သက် အရသာကို မူးလာမဲ့ အရှိန်ကလေးကိုမျှော်ပြီး ဟုတ်သွားပါတယ်။ အဲဒီတုန်းက ဖြူစိမ်းဝတ် ကျောင်းသားဘဝနဲ့ မဟုတ်တာတွေ အကုန်လုပ်ခဲ့ မိပေမဲ့ အသက်ကြီးလာလို့ နောက်ပိုင်း ကိုယ့်လိုငမိုက်သားလေးတွေကို လမ်းမှာတွေ့ရင် နားရင်းအုပ်ချင်စိတ် ပေါက်မိလို့ သူတို့လည်းမင်းလိုပဲလေလို့ ကိုယ့်ကိုယ်ကို သတိပေးရပါတယ်။
ဖြတ်လိုက်ပြီး အတော်ကြာမှ ပြန်သောက်ကြည့်တော့ သောက်ခါစကလို ခါးသက်သက်ကြီး ပါးစပ်ထဲမှာ ပြန်တွေ့ပါတယ်။ အရသာကို ရင်းနှီးသလိုရှိပေမဲ့ ပိုပြီးခါးသလိုပါပဲ။ အဲဒီတုန်း ကဆိုရင် အင်္ကျီမှာ၊လွယ်အိတ်မှာ ဆေးလိပ်အနံ့ အမြဲပါ။ ပုဆိုးနဲ့ အင်္ကျီလက်မောင်းဆိုတာ မီးပေါက်တွေနဲ့ အပြည့်ပါ။ လက်ဖျားတွေကို နမ်းကြည့်လိုက်ရင် ဆေးလိပ်နံ့၊ လက်ချောင်းထိပ်လေးတွေကလည်း အရွယ်နဲ့မလိုက် ဝါကျင့်ကျင့်ဖြစ်နေပါတယ်။ ဆေးလိပ်ကို ဆယ်စုနှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲသောက်ခဲ့ပြီး ချက်ခြင်းဆိုသလို ဖြတ်နိုင်တဲ့ လူများကိုလည်း တွေ့ဖူးပါတယ်။ လူတဦးချင်းစီရဲ့ စိတ်နဲ့ဆိုင်မယ် ထင်ပါတယ်။ စိတ်မနိုင်လို့ ဖြတ်မရဆိုတာတော့ လက်မခံနိုင်ပါ။ ဘိန်းဖြူလိုမျိုး အရမ်းကို စွဲလန်းစေတဲ့ အရာမျိုးတောင် ဖြတ်နိုင်ကြသေးရင် ဆေးလိပ်ဆိုတာ အပရိကပါ။ မိမိစိတ်ကိုယ်က မဖြတ်ချင်တာ၊ ဖြတ်ရကောင်းမှန်း တကယ်မသိကြလို့ပါ။ ဆေးလိပ်ဖြတ်ကြဖို့ကိုလည်း ကျန်းမာရေးအဖွဲ့တွေက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းကြပါတယ်။ ဒါပေမဲ့ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်တဲ့ စီးပွားရေးလုပ်ငန်း ဆိုတော့လည်း ဆေးလိပ်ထုတ်တဲ့ ကုမ္မဏီကြီးတွေက ဘယ်လက်ပိုက်ကြည့်နေ ကြပါ့မလဲ။ သူတို့ရဲ့ အောက်လမ်း အထက်လမ်းပညာတွေနဲ့ ပြန်ဖိုက်တာ အခုအချိန်အထိတော့ ဆက်လက်ချီတက်ဆဲပါ။ သူတို့ရဲ့ဈေးကွက်က တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ကိုရောက်လို့ သွားပါပြီ။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ဈေးကွက်ကလည်း မက်လောက်စရာ ရှိနေဆဲပါ။ အစိုးရများ ကလည်း အခမဲ့ ဆေးလိပ်ဖြတ်ကုထုံးတွေ၊ ပညာပေးတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးကင်ဆာရောဂါ ပုံတွေကို ဆေးလိပ်ဗူးအပြင်မှာ ဥပဒေပြဌာန်းပြီး ထည့်စေပါတယ်။
ချမ်းသာတဲ့ နိုင်ငံများမှာတော့ ပိုပြီးထိရောက်တဲ့နည်းက ဆေးလိပ်အခွန်ကို မတန်တဆ မြှင့်ကောက်တာပါ။ ဆေးလိပ်သောက်သူ အတော်များများ မတတ်နိုင်တော့လို့ ဖြတ်ကြရပါတယ်။ ဆေးလိပ်ဆိုတာကလည်း တကယ်ကြိုက်လို့သောက်ရင် အချိန်အဆနဲ့ သောက်ဖို့မလွယ်တာကိုး။ ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး ဖြတ်လိုက်ပုံရပါတယ်။ နိုင်ငံတိုင်းမှာတော့ ဒီလိုလိုက်လုပ်ဖို့ မလွယ်ကူလှပါ။ လာဘ်ပေးလာဘ်ယူများပြီး၊ တရားဥပဒေစိုးမိုးမှု အားနဲတဲ နိုင်ငံတွေမှာဆိုရင် မှောင်ခိုဈေးကွက်ကို အားပေးဖို့၊ တာဝန်ရှိဝန်ထမ်းတွေ လာဘ်ယူဖို့ လမ်းပေါက်ထွင် ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ တနည်းအားဖြင့် ဆေးလိပ်သောက်သူများနဲ့ ဆေးလိပ်ကုမ္မဏီကြီးများကို ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါကုရတဲ့ ကျန်းမာရေးစရိတ်တွေ မျှခံခိုင်းတဲ့ သဘောပါ။ မြန်မာပြည်က စရိတ်မျှပေးကျန်းမာရေး အစီအစဉ်ထက်တော့ အများကြီးနောက်ကျပါတယ်။ တဆက်ထဲ တွေးမိတာကတော့ ခုခံအားကျဆင်းမှု လူများကို အုပ်စုအလိုက်ခွဲပြီး အများဆုံးရောဂါ ဖြစ်စေတဲ့ အလေ့အကျင့် ရှိသူများကို အေအိုင်ဒီအက်စ်အခွန် ဆိုပြီး ကောက်ဖို့ပါ။ သူတို့ကို အားပေးအားမြှောက် ပြုနေကြသူများကိုလည်း ဆေးလိပ်ကုမ္မဏီများလို အခွန်တိုးကောက်ရပါမယ်။ ဒါဆိုရင် သူတို့ကြောင့် ကုန်နေရတဲ့ ကျန်းမာရေးစရိတ်တွေ တခြားနေရာ တွေဆီကို ပြန်ရောက်သွားနိုင်ပါတယ်။ မဖြစ်နိုင်မှန်းသိလို့ နောက်တာပါနော်။ လိင်တူဆက်ဆံရတာ ကြိုက်နှစ်သက်သူများ ဒေါမကန်ကြပါနဲ့။
10 comments
kai
October 9, 2010 at 9:23 pm
ဆေးလိပ်ဖြတ်တဲ့ ကိုယ်တွေ့လေးဖတ်ရတာ ..ကျေးဇူးတင်တယ်ဗျာ.။
မြန်မာလူငယ်တွေအတုယူနိုင်ပါစေ..။
တဆက်ထဲ..ခုခံအားကျဆင်းမှု လူများကို အုပ်စုအလိုက်ခွဲပြီး အများဆုံးဖြစ်စေတဲ့ အလေ့အကျင့် ရှိသူများကို အေအိုင်ဒီအက်စ်အခွန် ဆိုပြီး ကောက်ဖို့ပါ။ ဆိုတာလေး..အရမ်းစိတ်ဝင်စားမိတယ်..။
AIDS ဖြစ်စေတာက ..လိင်တူဆက်ဆံတာကစလာတယ်ဆိုပေမဲ့.. ဆေးထိုးအပ်တွေကဖြစ်တာလည်း တော်တော်များတယ် ဖတ်ဖူးပါတယ်။ နောက် ပြည့်တန်ဆာတွေပေါ့။
မြန်မာပြည်မှာစလုပ်လိုက်ပြီး တကမ်ဘာလုံးကလိုက်အတုယူဖြစ်သွားအော် .. အဲဒီ AIDS TAX အခွန်ကောက်စံနစ်လုပ်သင့်တယ်လို့ ထောက်ခံလိုက်ပါကြောင်း..။
bigcat
October 10, 2010 at 1:28 am
ကျေးဇူးတင်ပါတယ် ဆရာkaiခင်ဗျား။ နဲနဲအက်ဒစ်လုပ်လိုက်ပါတယ်။ ဆေးလိပ်သောက်စသောက်တဲ့နှစ်ကို ခုနှစ်တန်းကနေ ရှစ်တန်းကိုပါ။ ချစ်တတ်တဲ့ နှလုံးသားကတော့ ခုနှစ်တန်းနှစ်ကထဲကစတာပါ။ အဲဒါနဲ့များ ရောသွားသလားမသိဘူး။ သောက်တဲ့နှုန်းကို တနေ့နှစ်ဗူးကနေ နှစ်ရက်တဗူးကို ပြင်လိုက်တယ်။ တခြားစာလုံးပေါင်း ကျကျန်ခဲ့တာလေးတွေကိုလည်း ဖြည့်လိုက်ပါသေးတယ်။ ရေးတုန်းကတော့ ပြင်ဖို့အကြံရှိပေမဲ့ မေ့သွားပါတယ်။ ဆေးလိပ်သောက်ခဲ့လို့ မေ့တဲ့ရောဂါ စောစောစီးစီး ရနေပြီနဲ့ တူပါတယ်။
ဆူး
October 10, 2010 at 4:04 am
အလွန်ကောင်းတဲ့ စာလေး ဖြစ်ပါသည်။ လူငယ်မျိုးဆက်သစ်များ ဖတ်သင့်တဲ့ ပိုစ်လို့ထင်ပါသည်။
michaelaungpu
October 10, 2010 at 4:40 am
NO SMOKING
no ဆိုတာက မဟုတ်ဘူး smoking ဆိုတာက ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာမဟုတ်ဘူး ကနေ ဘယ့်နှယ် ဆေးလိပ်မသောက်ရလို ့ ဘာသာပြန်ကြပါလိမ့်!!!!!!!!!!!!!!!
kopauk mandalay
October 10, 2010 at 11:40 am
ဆေးလိပ်ဖြတ်ဘို့က ကိုယ်တိုင်စိတ်ပြတ်ဘို့က အဓိကပါ။
ကျနော်မနှစ်က 8လပိုင်းမှာဆေးလိပ်ဖြတ်ပါတယ်။
ဘာမှမဖြစ်ခင်ဖြတ်တာပါ။
1982ခုနှစ်က တနေ့တစ်လိပ်ကစလိုက်တာ 2009မှာ တစ်ဘူးကျော်စံချိန်ရောက်မှနေသာထိုင်သာရှိလာပါတယ်။
အဲဒီတုန်းက သောက်နုန်းတစ်နေ့တစ်ဘူးကျော်။
ကျနော်ဆေးလိပ်ဖြတ်မယ်ပြောတော့ ဆေးလိပ်ဝယ်ပေးနေရတဲ့ တပည့်လေးတွေက ပြုံးပါတယ်။
ကျနော်အခုချိန်မှာ ကိုယ်ဘေးမှာသောက်ရင်ဖြစ်ဖြစ် ကို်ယ်က သူများကိုမီးညိပေးရင်တောင် မသောက်ချင်တော့ပါ။
အဓိက ကတော့ သူများတိုက်တွန်းတာထက် ကို်ယ်စိတ်ကပြတ်ဘို့ပါ။
ဘာနဲ့မှ အစားမထိုးစေချင်ပါ။
ဒီအတိုင်းဖြတ်ပါ။လျှော့လည်းမသောက်ပါနဲ့။
ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ။
unclegyi1974
October 10, 2010 at 3:21 pm
ကိုပေါက်ပြောတာဟုတ်ပါတယ်၊
ကျွန်တော့်မျက်မြင်ပါ အရက်အလွန်ကြိုက်တဲ့ ဦးလေးကြီ တယောက်မြင်ဘူးပါတယ်
မသောက်ရင်ခြေတွေတုန် လက်တွေတုန် လေတွေတက် တဲ့အဆင့်ရောက်နေပါပြီ
ဖြတ်မယ်ဆိုပြီး ဖြတ်လိုက်တာ လုံးဝမသောက် လှည့်မကြည့်စတမ်းပါဘဲ ပထမတော့ခံရတာပ
နောက်ပြတ်သွားတာပါဘဲ စိတ်ကအဓိကပါ
Gong Zhu
October 10, 2010 at 6:30 pm
လှည်းတန်းမှာ ဆေးလိပ်ပြတ်တဲ့ သံလိုက် နားကပ်ရှိတယ်တဲ့ … သုံးထောင်ဆိုလား လေးထောင်ဆိုလားပဲ ..
iris iris
March 14, 2012 at 1:41 pm
ဆေးလိပ်ဖြတ်ဖူးတဲ့သူများ အကြံဉာဏ်လေးပေးကြပါ..
ဆေးလိုက်ကို တဖြည်းဖြည်းလျော့ရင်းနဲ့ ဖြတ်သင့်တာလား
လုံးဝကြီးဖြတ်ချလိုက်သင့်တာလား….
ကျေးဇူးအထူး….း)
ကြောင်ကြီး
March 15, 2012 at 11:09 am
ကိုယ့်စရိုက်ကိုယ် အသိဆုံးပါ…။ အတိအကျ မသိလည်း တနည်းမဟုတ်တနည်း စမ်းရင်း တည့်သွားပါမယ်… အရေးကြီးတာ ဖြတ်ချင်စိတ် ရှိဖို့ဖြစ်ပါတယ်။ အဲဒီစိတ်ရှိဖို့ ဆေးလိပ်သောက်ခြင်းသည် ဘယ်သူ့အတွက်မှ မကောင်း၊ ဆေးလိပ်ဖြတ်နိုင်တာ ကိုယ့်စိတ်ကိုယ်နိုင်တာမို့ ဂုဏ်ယူအားကျစရာ ဖြစ်တယ်လို့ စိတ်ထားနိုင်ရင် ပိုအထောက်အကူဖြစ်မယ် ထင်ပါတယ်။ ဘေးထွက်ကောင်းကျိုးအနေနဲ့ ရခဲ့တာတော့ လဘက်ရည်ဆိုင် ထိုင်တဲ့အကျင့်ပါ ပျောက်သွားပါတယ်။ သတိပြုဖို့က ကွမ်း၊ ပီကေ လို အစားထိုးများ ဖြည့်စွက်မသုံးဘဲ ယတိပြတ် ဖြတ်နိုင်ရင် ပိုကောင်းပါတယ်။ မိမိစိတ်ကိုယ် မိမိပိုင်နိုင်ဂျပါဇေ..
Thint Aye Yeik
February 8, 2017 at 2:49 pm
ဦးကြောင်က ဒီတုန်းက ကြောင်ဘာသာစကားလည်း မပြောသေးဘူးနော်။
ပြီးတော့ သာမီးလေးတွေကို ကြိုက်တေးဝူး။ ဆလိပ်နဲ့အရက်ပဲ ကြိုက်သေးတာပေါ့နော်။
ဆလိပ်နဲ့အရက်ကို သာမီးလေးတွေနဲ့ အစားထိုးပြီး ဖြတ်လိုက်သလားလို့ သံသယ ရှိစရာဖဲ