ပြုံးသူမှာ မျက်ရည်တွေနဲ့ပါ။
ချယ်ရီတို့ မိသားစုကတော့ ၃ယောက်ပါ။ ကွမ်းခြံကုန်းမှာ နေကြတာ စီးပွားရေး အဆင်မပြေတော့ ၈တန်းမှာဘဲ ကျောင်းနားလိုက်တယ်။ သူငယ်ချင်းတွေက မေးတော့ ငါတို့ အိမ်ကျပ်နေလို့ မပြောဘဲ ကျန်းမာရေးမကောင်းလို့ ပါဆိုပြီး ညာပြောခဲ့တယ်။ အဖေ နဲ့ အမေ ကတော့ သူများတွေလို လယ်တွေ ယာတွေ လုပ်ငန်းတွေ မရှိတော့ ရှိတဲ့ အိမ်လေးကို ရောင်းပြီး မြို့မှာ စီးပွားသွားလုပ်မယ် ဆိုပြီး အိမ်ရောင်းလိုက်တယ်။ ချယ်ရီကတော့ နယ်မှာဘဲ ဦးလေး အဒေါ်အိမ်မှာ ကပ်နေတယ် အဒေါ်က အကျီချုပ်တော့ လက်ချုပ်လိုက်တာတို့ ကူပြီး စက်နင်းပေးတာတို့ လုပ်ပေးတော့ အနေလည်း ချောင်တယ် အလုပ်တွေ သိပ်များရင် အဒေါ်က မုန့်ဖိုးပေးသေးတယ် အဆင်တော့ ပြေတာပေါ့။ အဖေ နဲ့ အမေကတော့ မြို့ပေါ်တက်သွားကြတယ်။ အိမ်မှာတော့ ဦးလေး အဒေါ် နောက်ပြိး ကလေး နှစ်ယောက် အားလုံးက ချယ်ရီ ထက်ငယ်တော့ ကလေးတွေ ထိန်းပေးရတာနဲ့ တနေ့တနေ့ မပျင်းရဘူးပေါ့။ အဖေ အမေ တို့ကတော့ မြို့ကိုသွားတာ အလုပ် အဆင်ပြေမပြေတော့ မသိဘူး သူတို့ ပါသွားတဲ့ ပိုက်ဆံတွေ ကုန်သွားလို့ အဖေကော အမေ ပါ စတိုးဆိုင်မှာ လုံခြုံရေး လုပ်နေတယ်။ မိဘဆိုတော သတိရတယ် အမေနဲ့ အဖေက နားရက်ချင်း မတူကြတော့ အိမ်လည်း ပြန်မလာ နိုင်ကြဘူး ဖုန်း ဆက်ရင်တော့ စကားပြောဖြစ်တယ်။ အမေတို့နဲ့ လာချင်တယ် ဆိုတော့ အမေက ဒီမှာ အမေတို့လည်း ကျော တနေရာစာ ငှားပြီးနေတာ နဲနဲ စုမိမှဘဲ သမီးကို ခေါ်မယ်တဲ့ ဦးလေး အဒေါ်တွေနဲ့ တည့်အောင်နေ ကလေးတွေကို ကောင်းကောင်း ထိန်းဆိုပြီး ဆုံးမပြိး ဖုန်းချချသွားတယ်။ ရန်ကုန်ဆိုတဲ့ မြို့ကြိးကို မရောက်ဘူးပါဘူး။ မိဘတွေ ရှိတယ် ဆိုတော့ ရောက်ချင်တယ် တခါတလေ အမှား လုပ်လို့ အဒေါ် ဆူရင် ရန်ကုန်ကို ပြေးချင်စိတ်ပေါက်မိတယ်။ ဒီလိုနဲ့ နေလိုက်တာ မှတ်မှတ်ရရ.. အဲဒီနေ့က မြို့ထဲမှာ အသံချဲ့စက်နဲ ့လိုက်အော်တယ် မုန်တိုင်းရှိတယ် သတိထားဖို့ ထူးတော့ ထူးဆန်းတယ် တခါမှ ဒီလိုမျိုး အော်တာ မကြားဘူးဘူး ဒီလိုနဲ့ နေလိုက်တာ.. မိုးတွေ စရွာလာတယ် ကောင်းကင်ကြီး တခုလုံး နီရဲ လာတယ်။ လေတွေ မိုးတွေ အရမ်းကြီးတော့ အိမ် အမိုးတွေ စပြီး လှုပ်ပြိး ကွာသွားတယ် အိမ်ထဲမှာ ကလေးတွေနဲ့ အတူတူ ဖက်ပြိးနေနေရာကနေ အမိုးလန်သွားတော့ မိုးတွေလဲ စိုကုန်တယ် နောက်ပြိး လေတွေ အတင်းတွန်းတော့ အိမ်ကလည်း လှုပ်ရမ်းနေပြီး ဦးလေးက ပြောတယ် မဖြစ်ဘူး ငါတို့ သွားရအောင် ဘုန်းကြိးကျောင်းဘက်ကို သွားရအောင် အဒေါ်ကော ကလေးတွေပါ အနောက်က လိုက်လာကြတယ်။ မိုးစက် မိုးပေါက်တွေက အသားကို ထိမှန်တာ စပ်လိုက်တာ အသားတွေလည်း ဘာဖြစ်မှန်း မသိတော့ပါဘူး.. လေတွေက အရှေ့က တိုက် ရေတွေက အလုံး အရင်းနဲ့ ပါလာတယ် လေနဲ့ လွတ်ရာပြေးဖို့ လုပ်ရင်းနဲ့ တခါ လေလမ်းကြောင်းက ပြောင်းသွားပြန်တယ် ဒါနဲ့ အနောက်ကို ပြန်ပြေးတယ်။ ဦးလေး အဒေါ်တို့နဲ့ ကလေးတွေတော့ ပြေးရင်းနဲ့ မတွေ့တော့ဘူး ရေထဲမှာ သွပ်မိုးစတွေ ပါလာတာ တော်သေးတယ် ကံကောင်းလို့ မထိဘဲ အရှိန်နဲ့ သွပ်စကြီး တခြားပြေးစောင့်တာ မျက်စိထဲ မြင်မိတယ် စောင့်မိတဲ့ သူကတော့ ဆက်မပြေးနိုင်ရှာတော့ဘူး။ ပြေးရင်းနဲ့ အဝတ်အစားတွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး အကုန် လေထဲ ပါသွားပြီ မြင့်တဲ့ နေရာ တက်ဖို့ဘဲ ကြိုးစားရတော့တယ်။ ဘာမှ လည်း မမြင်ရဘူး ကောင်းကင်တခုလုံး သွေးရောင် လွမ်းနေသလိုဘဲ လူတွေ ကလည်း မြင်ရတာ တယောက်နဲ့ တယောက် မသဲကွဲ ရေတွေကလည်း ဒူးကနေ ခါး နောက် လည်ပင်းနား ရောက်လာပြီ နီးစပ်ရာ လှမ်းဆွဲဖို့ ကြိုးစားရတယ် အပင်တွေ အကိုင်းတွေကလည်း ကျိုးကျိုးလာပြီး လူဆီကို ဦးတည်ပြီး စောင့်ဖို့ လာနေသလား ထင်ရတယ်။ ရေတွေက မတရား များလာပြီ ပြေးလည်း မပြေးနိုင်တော့ဘူး ကံကောင်းချင်တော့ ဦးလေး ကြိး တယောက် လှမ်းဆွဲလိုက်ထားလိုက် ရေထဲ ကို အပြီး မမျောသွားတာပါ။ ထိုဦးလေးကြိးက ဆွဲပြိး ကယ်လိုက်လို့ အသက်ရှင်တယ် ပြောရမှာဘဲ ဒါပေမဲ့ ဦးလေးကြီး နာမည်တောင် မမေး မိဘူး။ အသံတွေလည်း မထွက်တော့ဘူး မိုးကတော့ လင်းစပြုလာပြီ မိုးတွေက တော့ ရွာနေတုန်းဘဲ အလင်းရောင်မြင်နေပြီ ထိုဦးလေးကြီးက ချယ်ရီကို လှမ်းဆွဲလိုက်တာ သူ့လက်မောင်း တဖက် သွပ်ပြား ညိသွားလို့ အသားဟတ်တက်ကွဲသွားတယ်။ အတွင်းတော်တော် နက်မယ် ထင်တာဘဲ။ သူကတော့ မကြောက်နဲ့ သမီး ဦးလေး ရှိတယ် မကြောက်နဲ့ အဲဒီလိုစကားတွေ အဆက်မပြတ်ပြောတယ်။ အမှန်တော့ ကြားသာ ကြားနေတာ ကြားတဲ့ အသံ နားထဲလဲ မဝင် လူကတော့ တုန်ရီမှုတွေနဲ့ အသိစိတ် သိပ်မရှိပါဘူး။ အဝတ်တွေ မရှိတော့ဘဲ ပြေးလွားနေတဲ့ ချယ်ရီကို ထိုဦးလေးကြီးမှဘဲ စောင်ကြိး တထည်နဲ့ ပတ်ပေးထားပါတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ မိုးလင်းတော့ စောင်ကြီး ပတ်ပြီး ငုတ်တုတ် ထိုင်နေလိုက်ပါတယ်။ ဘယ်သူနဲ့ မှလည်း စကား မပြောနိုင်ဘူး အသွားသလို ဖြစ်နေပြီ ငိုချင်တာက လွဲရင် ကျန်တာ ဘာမှ မသိဘူး စိတ်ထဲမှာ အားလုံးက ဟင်းလင်းပြင်ကြီးလိုဘဲ စားဖို့လည်း သတိမရဘူး။ ဗိုက်လည်း မဆာဘူး။ ငုတ်တုတ်ဘဲ ထိုင်နေတယ်။ မျက်စိရှေ့မှာတင် လက်ဝတ်လက်စားတွေနဲ့ သေနေတဲ့ အမျိုးသမီးတွေ ကို ရွှေတွေ ချွှတ်ယူနေတာတွေလည်း တွေ့တယ်။ ဦးလေးနဲ့ အဒေါ်တို့ကို ရှာချင်လို့ ထိုင်ရာကနေထပြီး သွားဖို့ကျန်တော့လည်း ဘယ်ရောက်နေမှန်းမသိဘူး ပတ်ဝန်းကျင်မှာ သစ်ပင် အပြိုအလဲတွေနဲ့ လူသေကောင်တွေ တုန်လှုပ်ခြောက်ခြားမှုတွေ အပြည့်နဲ့ ညလည်း အိပ်မပျော်ဘူး မိုးများ ရွာလေမလားလို့ ကြောက်နေတယ် လေလေး တိုက်ရင်တောင် နောက်တခါ ထပ်ကြုံရလေမလား စဉ်းစားတုန်လှုပ်နေမိတယ်။ နောက် တနေ့ မှာတော့ လူတစု လာခေါ်တယ် ကယ်ဆယ်ရေး စခန်းကို လိုက်သွားတယ်။ နာမည်မေးတယ်။ မိသားစုဝင်တွေ မေးတယ် အသံတွေ ကြားနေရတယ် ဘာမှ မပြောနိုင်ဘူး အနေတဲ့ လူတယောက်လို မျက်ရည်တွေ မိုးလိုရွာနေတယ်။ ပြေးရင်းနဲ့ ကယ်တင်လိုက်တဲ့ ဦးလေးကြီးကတော့ လက်က ဒဏ်ရာနဲ့ သူကို ဆေးရုံ ခေါ်သွားကြတယ်။ ကယ်ဆယ်ရေး စခန်းမှာ နေရာ တနေရာရပြီး ကတည်းက အဲဒီ နေရာကနေ မရွေ့ဘူး ထိုင်နေတော့ ကယ်ဆယ်ရေး သမားတွေက ထမင်းထုတ်လာပေးတယ်။ နားထဲမှာ အသံတွေ ဆိုးဆိုးဝါးဝါးကြားနေရတာ စားလို့လည်း မဝင်ဘူး ဘေးကနေ ဖြောင်းဖြ ပြိး နားဝင်အောင် ပြောပေးနေတယ် ဒီလိုနဲ့ ၁ရက်ပြီး ၁ရက် ကုန်သွားတော့ စခန်းထဲမှာ ရှိတဲ့ လူတွေ မိသားစုတွေ ပြန်တွေ့ကြတယ် သွားကြတာ လူတွေ နဲသွားပြီ။ လူသိပ်မရှိတော့ဘူး စကားနဲနဲ ပြောလို့ မိသားစုဝင်တွေ နာမည်နဲ့ ချယ်ရီ နာမည်ကော ဦးလေး မိသားစုတွေပါ နာမည်တွေ ပြောပြတယ်။ ဦးလေး မိသားစုကတော့ အကုန်လုံး သေသွားကြပါတယ်။ စခန်းမှာ ၁လကျော်နေပြိးချိန်မှာတော့ ချယ်ရီလို့ နာမည် ခေါ်သံ တခုက အားအင် ဖြစ်စေ သလို အိပ်မက်များလား ထင်ရလောက်အောင် ဝမ်းသာခဲ့ရတယ် ဝမ်းသာလွန်းလို့ မျက်ရည်တွေနဲ့ အပြည့် အမြင်အာရုံ ဝေဝါးသွားအောင်ပါဘဲ။ အမေနဲ့ အဖေက နာဂစ်တိုက်ပြီး လမ်းတွေ က လာလို့ ရတဲ့ အချိန်ကစလို့ ကယ်ဆယ်ရေး စခန်းတွေ တခုပြီး တခု လိုက်ရှာနေတာပါ။ သူတို့လည်း သေပြီ ထင်ပြီး လက်လျော့ နေကြပြီ။ ဒါမှ မတွေ့ရင်တော့ သေပြီလို့ သတ်မှတ်ရတော့မယ် လို့ ဆုံးဖြတ်ပြိး နောက်ဆုံး မျှော်လင့်ချက် တခုအနေနဲ့ လာခဲ့လိုက်တာ တွေ့လိုက်ရလို့ အားလုံး ဝမ်းသာ အားရ ဖြစ်ကြရတယ်။ မိသားစု ပေါင်းစုံ ကြလို့ တကယ် ဝမ်းသာရပါတယ်။ အခုတော့ အဖေ ကော အမေ ကောနဲ့ မခွဲရတော့ပါဘူး။ ရန်ကုန်မှာ မိဘတွေ ငှားနေတဲ့ အခန်းမှာဘဲ တူတူ လိုက်နေပြီး အဖေနဲ့ အမေ အလုပ်မသွားခင် ထမင်းချိုင့်ထည့်ပေးပြီး နေ့ဘက် အိမ်မှာ ဘုရားလေး ရှိခိုးပြီး နေရတာကိုက တကယ် လုံခြုံ အေးချမ်းတယ်လို့ ခံစားနေရပါပြီ။ ဘယ်လိုဘဲ ဖြစ်ဖြစ် မိဘတွေနဲ့ နေရတာ စိတ်ထဲမှာ နေပျော်တယ်။ ထပ်ပြိးလည်း မိသားစု မခွဲချင်တော့ဘူး။ ချယ်ရီ ကံကောင်းပြီလို့ အမေက ပြောတယ် ချယ်ရီ ဆက်ပြီး ကျန်တဲ့ ဘဝမှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။
မှတ်ချက်။ ။ ဆူး အသိ မိန်းကလေး တယောက် ခံစားခဲ့ရတာတွေကို သူပြောတဲ့ အတိုင်း ခံစားပြီး ရေးပေးထားတာပါ။ ကောင်မလေး နာမည်ကတော့ ချယ်ရီပါတယ် နာမည်ကတော့ ခပ်ရှည်ရှည်ဘဲ။
14 comments
april
October 16, 2010 at 12:46 pm
နာဂစ်ကြောင့် ခွဲခွာရတဲ့သူတွေက နည်းမှမနည်းတာ..ပြန်တွေ့တဲ့သူတွေ အတွက်တော့ ဝမ်းသာစရာ အကောင်းဆုံးပေါ့နော်။
ဆူး
October 16, 2010 at 12:53 pm
ပျော်စရာ ဇတ်သိမ်းလေးပေါ့..
tunaung
October 16, 2010 at 1:04 pm
အို….စိတ်မကောင်းစရာဘဲ ဒါပေမဲ့ချယ်လေးတယောက်မိဘတွေနဲ့ပြန်တွေ့ရတာဝမ်းသာလိုက်တာ..အော်နာကစ်အမှတ်တရလေးပါဘဲ..ကွယ်လွန်သွားတဲ့သူတွေအားလုံးကောင်ရာမွန်ရာရောက်ကြပါစေ….
michaelaungpu
October 16, 2010 at 1:11 pm
(မျက်စိရှေ့မှာတင် လက်ဝတ်လက်စားတွေနဲ့ သေနေတဲ့ အမျိုးသမီးတွေ ကို ရွှေတွေ ချွှတ်ယူနေတာတွေလည်း တွေ့တယ် )
အဲ့ဒါလေးက အရမ်း သံဝေဂ ရဖို ့ကောင်းတယ်နော်
ဪ………..ဪ……………..ဪ..ဪ
ဆူး
October 17, 2010 at 3:53 am
နောက်ကြုံမှ တူများ အကြောင်းတွေ လျောက်ရေးအုန်းမယ်..
fatty poak
October 17, 2010 at 4:22 pm
စိတ်မကောင်းပါဘူးဗျာ…..တော်သေးတာပေါ့နော်………။
cruz
October 17, 2010 at 11:12 pm
happy ending ………good
bigcat
October 19, 2010 at 3:15 am
အခုလို ဖြစ်ရပ်မှန်လေးတွေ တင်ပေးတာ ကောင်းတယ်။ ဘဝသရုပ်ဖေါ်ပေါ့နော် အန်တီဆူး။ အဘသရုပ်ဖေါ်ကတော့ နေပြည်တော်မှာ။
ဆူး
October 19, 2010 at 3:25 am
နေပြည်တော်.. နေပြည်တော်.. သမိုင်းမှာ ရှိခဲ့တဲ့ နေပြည်တော်.. ရုပ်ရှင်ရုံ နေပြည်တော်.. အဘ နေပြည်တော် ရွှေနန်းသွားပြီး ငါးကြင်းကင် ဆက်တဲ့ ပုံပြင်လား.. အဘ ရုပ်ရှင် ကြည့်တဲ့ သရုပ်ဖော်လား.. နေပြည်တော် ရုံမှာကတော့ ကုလားကားဘဲ တင်တာများတယ်.. ကုလားမလေးတွေက အကကောင်းတော့ အဘ မျက်စိကြည်အောင် သွားတာနေမှာပေါ့.. ဇတ်လမ်း ဇတ်အိမ် ခိုင်လုံအောင် သတင်း အရင်လိုက်အုန်းမယ်.. နောက်မှ သေချာရေးပေးမယ်
unclegyi1974
October 19, 2010 at 3:49 pm
ဟုတ်ပါတယ်နာဂစ်ဖြစ်ပြီးနောက်ကယ်ဆယ်ရေးလိုက်
တဲ့လူတွေတချို့ဘဝပြောင်းဖြစ်သွားတာတွေ့ရတယ်
လို့အဲဒီဒေသကပြောင်းလာတဲ့လူပြောတာကြားဖူးပါ
တယ် လူလိုက်မကယ်ဘဲသေတဲ့လူတွေဆီက
လက်ဝတ်လက်စာတွေလိုက်ချွတ်ယူကြတာပွဲတော်
ကြီးပါဘဲတဲ့ တချို့လဲရွှေအထုပ်လိုက်ရကြတယ်ပြော
ပါတယ်
ဆူး
May 3, 2011 at 2:43 pm
ယနေ့သည် နာဂစ် နှစ်ပတ်လည် နေ့ ဖြစ်ပါသည်။
MaMa
May 3, 2011 at 5:07 pm
ဆူးရေ မြစ်ဝကျွန်းပေါ်သားတွေ (ယခုလက်ရှိ နေထိုင်နေကြသူတွေရော၊ အရင်က နေထိုင်ခဲ့ကြသူတွေရော) ထဲမှာတော့ နာဂစ်အမှတ်တရတွေ အများကြီးပါပဲ။ အသိတစ်ယောက်ဆို သူနဲ့ သူ့မိန်းမ အမျိုးတွေ အားလုံး ၆ဝကျော် သေသွားလို့ ရက်လည်ဆွမ်းသွတ်လုပ်ပေးမယ့်သူတောင်မကျန်တော့လို့ သူတို့ကပဲ အားလုံးအတွက် စုပြီး ရက်လည်ဆွမ်းသွတ် လုပ်ပေးရတယ်။
ဆူး
May 3, 2011 at 5:16 pm
နာဂစ် ဇတ်လမ်းတွေကတော့ အားကြီးပါပဲ။
ကိုယ်တွေ့တွေ လည်း အများကြီး ရှိမှာပါ။
ကိုယ်တွေ့ရင်း အသက်ဆုံးရှုံးသွားတဲ့ လူတွေလည်း မနည်းပါဘူး။
ဒီ ဇတ်လမ်းကလေးကတော့ တပည့်တယောက်ရဲ့ ကိုယ်တွေ့ ဇတ်လမ်းလေးပါ။
etone
May 4, 2011 at 1:38 am
နာဂစ်တဲ့ကွာ အသံတောင် မကြားချင်ဘူး … ။
တစ်ခါမှ ဒီလောက်ထိ ဆိုးဆိုးရွားရွားမဖြစ်ခဲ့ဖူးဘူး… မီးတွေကလည်းပြတ် .. ရေကလည်းမရှိ.. လမ်းပန်းဆက်သွယ်ရေးကလည်း မရနဲ့ … အတော် ဒုက္ခရောက်ခဲ့တာ… ဘဲဥတလုံး ၊ ခေါက်ဆွဲခြောက်တထုတ်တောင် ဘယ်လောက် ဈေးတတ်သွားမှန်းမသိဘူး … သိပ်တွေ ၊သံတွေလည်း ဈေးတွေတက်တာ ပလူကို ပျံလို့ … တကယ်ဆို ဒါမျိုး မဖြစ်သင့်ပါဘူး…သူများတွေ စိတ်ဒုက္ခရောက်နေချိန်ပွဲလန့်တုန်း ဖျာခင်းတဲ့ လူတွေ ကောင်းစားသွားတယ် ။