ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့… ဂွတ်… မောနင်း

အာဂOctober 16, 20101min2366

နံနက် ၅နာရီဆိုရင် ကျွန်တော်လမ်းလျှောက်ထွက်တတ်တယ်။ အသက်ကလေးရလာတော့ ငွေရှာတဲ့အလုပ်ကိုလျှော့ပြီး ကိုယ့်ဘဝအတွက် အရေးကြီးတာတွေကို လုပ်ချင်လာတယ်။ ကိုယ်ဝါသနာပါတာတွေ လုပ်ချင်လာတယ်။ အောင်မြင်မှုနောက် ငွေနောက် လိုက်ရတာကြာလာတော့ ငြီးငွေ့လာတယ်။ မနက်မိုးလင်းကနေ ပြီး မိုးချုပ်တဲ့အထိ ပိုက်ဆံနောက် တကောက်ကောက်လိုက်ခဲ့တာတွေကို ပြန်တွေးကြည့်ရင်… ရင်မောလိုက်တာ။

အသက် (၅၀)နား နီးလာတော့ ငွေနဲ့ကျန်းမာရေး၊ အောင်မြင်မှုနဲ့ ကျန်းမာရေး တစ်ခုခုကို ရွေးချယ်ရတော့မယ်ဆိုတဲ့ အသိလေးဝင်လာတယ်။ ဒီအသက် ဒီအရွယ်မှာ ကျန်းမာရေးကလည်း သိပ်ပြီး မဟုတ်ချင်ဘူး။ ညာဘက်ကျောက်ကပ်ကို ခွဲပြီး ကျောက်ထုတ်ထားတာ နှစ်ခါရှိပြီ။  ဒီတော့ လမ်းလျှောက်ရင် ညာ ဘက်ခြေထောက်က သိပ်မသွက်ဘူး။

လမ်းလျှောက်တယ်ဆိုတော့ လမ်းကောင်းကောင်းကို ရွေးရတာပေါ့။ ကျွန်တော်နေတာက အရှေ့ကျွဲဆည်ကန်မှာ။ ကျွန်တော်တို့အရပ်က လမ်းလျှောက်လို့ သိပ်မကောင်းဘူး။ ဒါကြောင့် မနက်မနက်ဆိုရင် ဆိုင်ကယ်ကို စီးပြီးထွက်ခဲ့တယ်။ သိပ္ပံလမ်းနဲ့ (၆၂)လမ်းထောင့်က ရွှေဥယျာဉ်လက်ဖက်ရည်ဆိုင်မှာ ဆိုင်ကယ် ကိုအပ်တယ်။ သိပ္ပံလမ်းအတိုင်း တစ်ခါတလေ အရှေ့ဘက်ကို လမ်းလျှောက်ဖြစ်တယ်။ တစ်ခါတလေတော့လည်း အနောက်ဘက်ကို လျှောက်ဖြစ်တယ်။

ငယ်ငယ်တုန်းက လမ်းအလွန်လျှောက်ခဲ့ရတယ်။ ကျောင်းသွားရင်လည်း ခြေကျင်ပဲ။ ဈေးသွားရင်လည်း ခြေကျင်ပဲ။ တက္ကသိုလ်ကျောင်းတက်တော့မှ ကိုယ်ပိုင် စက်ဘီး စီးခွင့်ရခဲ့တယ်။ စက်ဘီးစီးရတာကိုက ကျန်းမာရေးလေ့ကျင့်ပြီးသားဖြစ်နေတော့ မန္တလေးသားဖြစ်ရတာကို ဂုဏ်ယူမိတယ်။ ဒါပေမယ့် အခုတော့ မန္တလေးသူ၊ မန္တလေးသားတွေလည်း ဆိုင်ကယ်စီးတဲ့သူတွေ ဖြစ်ကုန်ကြပြီ။ ဒါကြောင့် မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်မှဖြစ်မယ် ဆိုတဲ့ “သတိ”ကလေးဝင်လာတယ်။ မနက်တိုင်းလမ်းလျှောက်ဖြစ်တော့တယ်။ ကျွန်တော့်မှာ လမ်းလျှောက်ဖော် လမ်းလျှောက်ဖက်မရှိပါ။

လမ်းလျှောက်ဖော်မရှိလည်း အရေးမကြီးပါဘူး။

အရှေ့ဘက်က ရှမ်းရိုးမတောင်တန်းပြာပြာကြီးဟာ ကျွန်တော့်ရဲ့ မိတ်ဆွေပဲ။ အဲ့ဒီတောင်တန်းကြီးကို ကြည့်ပြီး လမ်းလျှောက်ရတာ အရသာရှိလိုက်တာ။ တစ်ခါတလေ အောင်ပင်လယ်ကန်ပေါင်ပေါ်က လေနုအေးအေးလေးတွေ ရှူရှိုက်မိတိုင်း မန္တလေးသားဖြစ်ရတာကို ကျေနပ်မိတယ်။ လယ်ကွင်းစိမ်းစိမ်းတွေ နဲ့ လှချင်တိုင်းလှနေတဲ့ မနက်ခင်းဟာ ကျွန်တော့်ရဲ့သူငယ်ချင်းပါပဲ။ ကျွန်တော်နေတဲ့မန္တလေးကို ကျွန်တော်အရမ်းချစ်တယ်။ မန္တလေးမှာ ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုတွေ၊ မြန်မာ့ဓလေ့တွေ အများကြီး ကျန်ရှိနေသေးတယ်။

လမ်းလျှောက်ပြီးအပြန်မှာ ရွှေဥယျာဉ်လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ရှမ်းခေါက်ဆွဲ မစားဘူး။ မန္တလေးကိုချစ်တဲ့စိတ်အရင်းခံနဲ့ မြီးရှည် စားချင်စားတယ်။ မုန့်တီစားချင်စားတယ်။ ပြီးမှ လက်ဖက်ရည်ပုံမှန်တစ်ခွက်ကို သောက်တယ်။ ဒါဟာ ကျွန်တော့်ရဲ့ နံနက်ခင်းအရသာပါပဲ။

ဒီလိုနဲ့ … လမ်းလျှောက်တာ တစ်နှစ်ကျော်ကျော်လောက်ကြာတော့ ရွှေဥယျာဉ်လက်ဖက်ရည်ဆိုင်မှာ လူတစ်ယောက်နဲ့ခင်မင်မိတယ်။ သူဟာ ကျွန်တော့်လိ ုပဲ မနက်တိုင်းလမ်းလျှောက်တတ်သူပါ။ အသားဖြူဖြူ၊ အရပ်ပုပု၊ နဖူးကျယ်ကျယ်၊ နှာခေါင်းပြားပြားနဲ့ ကွာတားဘောင်းဘီအဖြူကို အမြဲဝတ်တယ်။ စကား ပြောရင်လည်း မပီဘူး။ သူ့လိုလူတွေ သိပ္ပံလမ်းမပေါ်မှာ မနက်မနက်ဆိုရင် အုပ်စုဖွဲ့ပြီး လမ်းလျှောက်နေတာမြင်ရတော့ အားကျစရာကောင်းလိုက်တာ။ သိပ္ပံ လမ်းမကြီးကလည်း ဖြူးလို့၊ ဖြောင့်လို့၊ ခေါင်မိုးလှလှ အိမ်ကလေးတွေနဲ့ သိပ်လှတဲ့ မန္တလေးမြို့ကြီးပါ။

သူက ကျွန်တော့်ကို ပြန်ပြုံးပြတယ်။ တစ်ခါတလေ ကျွန်တော်က သူ့ကို good morning လို့ နှုတ်ဆက်ရင် သူက ကျွန်တော့်ကို လက်ပြန်ပြတယ်။ သူဘယ်သူ လဲဆိုတာ ကျွန်တော်မသိ။ ကျွန်တော်ဘယ်သူလဲဆိုတာလည်း သူမသိ။ သူနဲ့ ကျွန်တော်ဟာ မနက်တိုင်းလမ်းလျှောက်တတ်တဲ့ ကျန်းမာရေးလိုက်စားသူတွေ ဖြစ်တယ်။

တစ်မနက်မှာတော့ သိပ္ပံလမ်းမကြီးအတိုင်း အရှေ့ဘက်ကိုမျက်နှာမူလို့ သူနဲ့ကျွန်တော် အတူတူ လမ်းလျှောက်ခဲ့ကြတယ်။ လမ်းလျှောက်ရင်းနဲ့ ဘာစကား ပြောရရင် ကောင်းမလဲလို့ ကျွန်တော်တွေးနေမိတယ်။

စကားဆိုတာ တစ်ဖက်လူနားလည်တဲ့အကြောင်းအရာကို ပြောမှ အပေါက်အလမ်းတည့်ပေတော့မှာပေါ့။ ဒီရက်ပိုင်းမှာ မန္တလေးကထုတ်တဲ့ ဂျာနယ်တွေထဲမှာ၊ သတင်းစာတွေထဲမှာ မန္တလေးမြို့တည် အနှစ် ၁၅ဝ ပြည့်တော့မယ့်အကြောင်း ဆောင်းပါးတွေ၊ သတင်းတွေ ဖတ်ရတော့ အဲ့ဒီအကြောင်းပြောရင်ကောင်းမယ် လို့ စဉ်းစားမိတယ်။

“သိလားဗျ။ မကြာခင်မှာ မန္တလေးမြို့ကြီး စတည်ခဲ့တာ အနှစ် (၁၅၀)ပြည့်တော့မှာ။ ကျွန်တော်တို့ မန္တလေးမြို့ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁မှာ မြို့တည်ခဲ့ တာ။ “အုတ် – ကျစ် – ကျော် – အေး – မန္တလေး” လို့ စာပြုပြီး မှတ်တမ်းတင်ခဲ့တယ်”

“အေး”

“ကျွန်တော်က မြန်မာ့သက္ကရာဇ် ၁၃၂၁ ျမှာ မွေးတာ။ မန္တလေးမြို့တည်တဲ့ ရာပြည့်နှစ်မှာ မွေးတဲ့သူပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ မန္တလေး အနှစ် (၁၅၀)ပြည့်ကို ဆုံဆည်းခွင့်ရတော့မယ်”

“အေး”

တစ်ဖက်လူဟာ ကျွန်တော်ပြောသမျှကို ဘာမှ ပြန်မပြောဘူး။ ဒီလိုနဲ့ အောင်ပင်လယ်နတ်ကွန်းနားကို ကျွန်တော်တို့ရောက်လာခဲ့တယ်။

“မင်းတုန်းမင်းတရားကြီးက ကျွန်တော်တို့ မန္တလေးမြို့ကို စနစ်တကျ အကွက်ချပြီး မြို့သစ်ကြီးတည်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ ပညာရှိသူရဲကောင်းတွေ အများကြီးပဲ သိလားဗျ”

“အေး”

“ဒီ အောင်ပင်လယ်ရွာနားမှာပေါ့… ရေမြှုပ်ဗုံးကို ကနောင်မင်းသားကြီး စမ်းသပ်ခဲ့တာလေ။ ဒီရေမြှုပ်ဗုံးသာ အဲ့ဒီအချိန်တုန်းက ခွင့်ပြုခဲ့ရင် ဗြိတိသျှအင်ပါယာ ကို ကျွန်တော်တို့ ကောင်းကောင်းအန်တုနိုင်တယ်”

“အေး”

“ဒါနဲ့ ခင်ဗျား ယောမင်းကြီး ဦးဘိုးလှိုင်ကို ကြားဖူးတယ်မဟုတ်လား။ သူကလည်း ပညာရှိကြီးဗျ။ ဟိုတစ်နေ့ကမှ သူ့အကြောင်း၊ သူ့ အတ္ထုပ္ပတ္တိကို ဂဃနဏ ဖတ်လိုက်ရမှ ယောမင်းကြီးဦးဘိုးလှိုင်ဟာလည်း တော်တော်ကို စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးမှန်း ကျွန်တော်သိလိုက်ရတယ်”

“အေး”

“ပြောရဦးမယ်၊ အောင်ပင်လယ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မန္တလေးမှာ ဂုဏ်ယူစရာကောင်းတဲ့ သီချင်းတွေရှိတယ်ဗျ။ မန္တလေးမြို့ရဲ့ ကိုယ်ပိုင်သီချင်းတွေ ပေါ့၊ ကျွန်တော်ဆိုရင် မနက်တိုင်း မန္တလေးသီချင်းလေးတွေကို ဆိုညည်းပြီး လမ်းလျှောက်တာ”

“အေး”

“ခင်ဗျား… မြို့မငြိမ်းကို သိလား”

“ငေါ… မတိဘူး”

“ဒါဆိုရင် ခင်ဗျား နန်းတော်ရှေ့ဆရာတင်ကိုတော့ သိလောက်မှာပါ”

“ငေါ… မတိဘူး”

“ဒါဆိုရင်ရောဗျာ… လေဘာတီ မမြရင်တို့၊ စိန်ဗေဒါတို့ ခင်ဗျား သိလောက်မှာပါ”

“ဒါလည်း… ငေါ… မတိဘူး”

မန္တလေးကိုချစ်တဲ့ ကျွန်တော်က မန္တလေးရဲ့ အမှတ်သင်္ကေတတွေကို မေးနေမိတယ်။ သူဟာ ကျွန်တော်ဘာမေးမေး “မသိဘူး”ပဲ ဖြေနေတယ်။ ကျွန်တော် လည်း သူ့ကို တအံ့တဩကြီး ကြည့်နေမိတယ်။

“ဒါဆိုရင် ခင်ဗျားသိတာဘာရှိလဲ”

“ငေါ… တိတာတွေ အများကြီးရှိတယ်။ ဒီနေ့ ငွေဈေးဘီလောက်ပေါက်တယ်။ ရွှေဈေး ဘီလောက်ပေါက်တယ်။ ငေါတိတယ်။ အိမ်ဈေး၊ မြေဈေး ဘိလောက် ရှိတယ်။ ငေါတိပါတယ်။ နင်ပြောတဲ့ မြို့မငြိမ်းတို့၊ ဦးဘိုးလှိုင်တို့က ဘီလောက်ဈေးပေါက်လဲ”

“ဗျာ…”

ရွှေမန္တလေးဂျာနယ် – အမှတ်စဉ် (၂၈၂)၊ ၆.၁၀.၂၀၀၈။

တွင်း (အတွေးစာစကား)၊ စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၄၀၈၀၉၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ်။

6 comments

  • R Ga

    October 16, 2010 at 11:54 am

    ပထမတင်မိတဲ့ တစ်ခု က သူများတင်ပြီးသားဖြစ်နေလို့ အနောက်တစ်ခု တင်လိုက်တယ် ဒါလည်း တင်ပြီးသားဆိုရင်တော့ တောင်းပန်တယ်ဗျာ………

  • tunaung

    October 16, 2010 at 12:46 pm

    ဝေါ်မန်းကြုံးကို့လန်း နီပုစွတ်တောက် မား

  • michaelaungpu

    October 16, 2010 at 1:19 pm

    (“ငေါ… တိတာတွေ အများကြီးရှိတယ်။ ဒီနေ့ ငွေဈေးဘီလောက်ပေါက်တယ်။ ရွှေဈေး ဘီလောက်ပေါက်တယ်။ ငေါတိတယ်။ အိမ်ဈေး၊ မြေဈေး ဘိလောက် ရှိတယ်။ ငေါတိပါတယ်။ နင်ပြောတဲ့ မြို့မငြိမ်းတို့၊ ဦးဘိုးလှိုင်တို့က ဘီလောက်ဈေးပေါက်လဲ”)
    ရာဇဝင်ကို ပြောနေတဲ့သူရယ် စီးပွားရေးကို ပြောနေတဲ့သူရယ် ဘယ်သူ ့ကို ရွေးမလဲ
    အဲ့ဒါမှ တစ်ကယ့်ပွဲ

  • me2

    October 16, 2010 at 2:11 pm

    ဆရာက စီလုတ်ကိုမှ သွားမေးမိတာကိုး……… 🙂 ။ သူကတော့ အဲဒါတွေပဲစိတ်ဝင်စားမှာပေါ့။
    မန္တလေးနဲ့ အဝေးကိုရောက်နေတဲ့ချိန်မှာ ကိုယ့်မန္တလေးက နေရာလေးတွေ ကိုဖတ်ရတာ အရမ်းကြည်နူးရပါတယ်။
    ကျေးဇူးတင်ပါတယ် ဆရာ။

  • bigcat

    October 16, 2010 at 5:41 pm

    သူတို့တရုတ်တွေကချမ်းသာလို့ မြင်နေကြတာပါဗျာ။ ယူအက်စ်မှာလည်း ပထမဆုံးသမ္မတကဘယ်သူ၊ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တာဘယ်သူ၊ ပြည်တွင်းစစ် ဘယ်နှစ်ခုနှစ်ကဖြစ်၊ ဘယ်တုန်းက ဘယ်သူဆီက လွတ်လပ်ရေးလည်း၊ ပြည်နယ်ဘယ်နှစ်ခုရှိလည်း၊ အခြေခံဥပဒေဘယ်တုန်းကဆွဲလည်း စတဲ့အခြေခံ အချက်တွေကို မသိတဲ့မြန်မာတွေ လက်ညှိးထိုးမလွဲ။ နိုင်ငံသားခံဖို့ အင်တာဗျူးခေါ်မှ မျက်လဲဆန်ပြာနဲ့ ဖုတ်ဖတ်ခါထပြီး အလွတ်ကျက်ကြတာပါပဲ။ အဓိက ကတော့ ကြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့လာသူတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ အခြေခံသမိုင်းကို ငယ်စဉ် အခြေခံပညာ ကျောင်းသားဘဝမှာ မသင်ခဲ့ရတာပါပဲ။ အလွန်အကျူးမဖြစ်ရင် ဥပမာ သူတို့သားသမီး မျိုးဆက်သစ်တွေကို သက်ဆိုင်ရာ နိုင်ငံလူမျိုးရဲ့ ထုံးတမ်းဓလေ့ ဘာသာစကားတွေကို မျက်ကွယ်မပြု ပျက်ရယ်မပြုရင် နားလည်ပေးရပါမယ်။ သတိပြုဖို့က မြန်မာပြည်သားတွေဟာ အရင်ခေတ်တွေကလို တံခါးပိတ်ပြီး ကိုယ်နိုင်ငံထဲမှာပဲ ရှိနေကြတော့တာ မဟုတ်ဘူးဆိုတာပါ။

    • kai

      October 16, 2010 at 11:55 pm

      မြန်မာပြည်လည်း ..နိုင်ငံသားဆိုင်ရာဥပဒေတွေ အလေးအနက်ထား ပြင်သင့်ပါပြီ။
      မှတ်မိသလောက်… တိုင်းရင်းသား။ နိုင်ငံသား၊ ဧည့်နိုင်ငံသား။ နိုင်ငံသားပြုမှုခံရသူ။ ဘာတွေလည်းမသိ..ရှုပ်နေတာပါပဲ..။
      အဲဒီတော့… ယူအက်စ်လိုပဲ .. နိုင်ငံသားလျှောက်မယ်ဆိုရင်.. အင်တာဗျူးရယ်..စာမေးပွဲရယ်တော့ စစ်သင့်တယ်..။
      အခုဟာက… ဥပဒေအရတော့ ဘယ်သူမှမပေးဘူးဟေ့ ဆိုပြီး..မတရားပိတ်ပင်ထားပြီး.. ပေးချင်တဲ့သူကျ လက်သိပ်ထိုးနေတော့…
      လူဝင်မှုကြီးကြပ်ရေးကလူတွေနဲ့ …အာဏာပိုင်တွေ..စားဖို့သောက်ဖို့ ဂွင်ဖြစ်နေတာပဲ..။
      လူတွေကသာ တိုးတိုးလာပြိး … ဘယ်သူတွေက ..ဘာမှန်းမသိ…မြန်မာပြည်အတွက်..ဘာမှပါမလာ..။ သွေးစုတ်ပြန်ပို ့မဲ့သူတွေဖြစ်ကုန်တာများတယ်ပေါ့..။

      မြန်မာနိုင်ငံသားပြုခြင်းအတွက် …စာမေးပွဲစစ်မ်ယ..။ မြန်မာသမိုင်းကို သေသေချာချာသိရမယ်..။
      ဒေါ်လာ ၁သန်းပါလာရင် ..ရင်းနှိးမြုတ်နှံရင်…အမြဲတန်းနေထိုင်ခွင့်ပေးမယ်..။ ၅နှစ်ကြာရင်နိုင်ငံသားပေးမဟေ့ဆိုတဲ့ဥပဒေထုတ်ပြန်ဖို့ ..နောင်တက်မဲ့အစိုးရကို တိုက်တွန်းပါကြောင်း…။

Leave a Reply