အင်တာနက်ကို E-mail ပို့ရုံ၊ Chat လုပ်ရုံပဲလို့သာ သင်ထင်နေသလား
အင်တာနက်အသုံးပြုတဲ့အခါ သိထားရမှာက ဘယ်လိုအကြောင်းအရာ အချက်အလက်တွေ ဘယ်နေရာကနေ ရှာလို့ရမလဲ ဆိုတာပါပဲ။
အင်တာနက်ပေါ်ကို အစိုးရတွေက အစပြုလို့ နိုင်ငံတကာကော်ပိုရေးရှင်းတွေ ပညာရေး အဖွဲ့အစည်းတွေ လုပ်ငန်းရှင်စီးပွားရေးသမားတွေ အလယ် သာမန်ကျောင်းသား ကျောင်းသူ များတွေအဆုံး အချိန်နဲ့အမျှ အမျိုးမျိုးသော အကြောင်းအရာတွေကို တင်လေ့ရှိပါတယ်။ အင်တာနက်အပေါ်ကို သူတို့ရဲ့အကြောင်းအရာတွေ၊ သူတို့သိတဲ့အချက်တွေကို တင်ခြင်း အားဖြင့် အဲဒီအချက်တွေကို အခြားသူတွေသိမယ်၊ သူ့အလုပ်ကို နိုင်ငံတစ်ဝန်းက လူတွေ ပိုသိလာမယ်။ ဒီလိုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကို ကမ္ဘာအရပ်ရပ်က သိပြိး ပိုမို အောင်မြင်လာနိုင်ပါတယ်။
ဒီနည်းအားဖြင့် မိမိသိတဲ့အချက်ဖြစ်စေ၊ မိမိရဲ့ကဗျာဖြစ်စေ၊ မိမိရဲ့ဆောင်းပါးဖြစ်စေ၊ မိမိရဲ့အတွေ့အကြုံတွေဖြစ်စေ၊ မိမိရဲ့မှတ်ချက်တွေကိုပဲ ဖြစ်စေ လူတွေ အဖွဲ့အစည်းတွေဟာ အင်တာနက်ပေါ်မှာ တင်လာကြပါတယ်။ ဒီလိုအချက်တွေ တင်လာကြတဲ့အတွက် အင်တာနက်ပေါ်မှာ အချက်အလက်တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြီး များပြားလာပါတယ်။ ဒီလိုနဲ့ပဲ ယနေ့လူတွေဟာ လိုအပ်တဲ့အချက်မှန်သမျှကို အင်တာနက်ကနေ ရှာကြတဲ့ ဓလေ့တစ်ခုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံလာရတော့တာပါပဲ။
ယနေ့ထက်ထိ အင်တာနက်လောက် ကမ္ဘာအရပ်ရပ်က လူသားတွေအတွက် လိုအပ်တဲ့ အချက်တွေကို တစ်ထိုင်တည်း၊ တစ်နေရာတည်းကနေ ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အရာ လူ့သမိုင်းမှာ မပေါ်ဖူးသေးပါဘူး။ တစ်ဖက်က ကြည့်ရင်လည်း အချက်အလက်တွေ စုံလာသလို၊ မလိုအပ်တဲ့ အချက်အလက်တွေလည်း အင်တာနက်ပေါ်မှာ အများကြီး ရှိလာပါတယ်။ လူတွေဟာ ကောင်းတာတွေကို တင်ကြသလို၊ မလိုအပ်တာတွေကိုလည်း တင်ချင်တင်မိကြပါတယ်။ ဘယ်သူမဆို ကောင်းတာ ဆိုးတာတွေကိုလည်း တင်လို့ရလို့ပါပဲ။ တကယ်တော့ အင်တာနက်ပေါ်က အချက်တွေရဲ့ ကောင်းတာဆိုးတာဟာ လူတွေရဲ့ ကောင်းတာဆိုးတာနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အခုဆိုရင် အင်တာနက်သုံးမယ့်သူ တစ်ဦးအတွက် အရေးကြီးတဲ့အချက်ကို ခန့်မှန်းလို့ ရပြီလို့ ထင်ပါတယ်။
သန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့အချက်တွေလည်း ရှိသလို သန်းနဲ့ချီပြီး အသုံးမဝင်တဲ့ အမှိုက်တွေလည်း ရှိတဲ့ အင်တာနက်ကို သုံးတဲ့အခါ ကိုယ်လိုတဲ့အချက်ကို ဒက်ထိရှာဖွေနိုင်ဖို့ အရေးကြီးသွားပါပြီ။ ဒါဟာ အင်တာနက်နဲ့ ပတ်သက်လို့ လူတိုင်းသိရှိနားလည်ရမယ့် ကိစ္စဖြစ်ပါတယ်။
အင်း ပြောရရင် ဒီလိုကိစ္စဟာ အင်တာနက်မှာမှ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ဗီဒီယိုခွေဆိုင်မှာ သွားငှားရင်တောင်မှ ခွေတွေကို ကိုယ့်ဟာကိုယ် ရှာတာထက် ခွေဆိုင်က ငှားပေးတဲ့သူကို မေးလိုက်တာက ပိုပြီး မြန်ဆန်ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲ ? အဖြေက
ရှင်းရှင်းလေးပဲ။ ခွေဆိုင်က လူက လာသမျှ လူတွေရဲ့ ဇာတ်လမ်းအပေါ် အမြင်တွေကို မေးမြန်းမယ် ငှားသူတွေမရှိရင် ဆိုင်ထဲက ခွေတွေကို ကြည့်နေ၊ စီနေမယ်။ ကြာတော့ သူ့ဝန်းကျင်မှာ ကျွမ်းကျင်လာပြီပေါ့။ ဒီတော့ ခွေငှားတဲ့သူလာတော့ သူ့အနေနဲ့ အလွယ်တကူ
ထုတ်ပေးလာနိုင်တာပေါ့။ ဒီလိုပဲ အင်တာနက်ထဲမှာ သန်းနဲ့ချီတဲ့ အချက်တွေထဲက ကိုယ်လိုချင်တာကို ကိုယ့်ဟာကိုယ် လိုက်ရှာတဲ့အခါ ဘယ်အကြောင်းအရာက ဘယ် website မှာရှိတယ်ဆိုတာ သိဖို့ရာ မလွယ်ကူလှပါဘူး။ အသစ် အသစ်တိုးလာတဲ့ Website တွေကလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်များပြားလာနေပါတယ်။ ကိုယ်ကတော့ ကိုယ်ရှာချင်တာကို သိနေတယ်။ ဥပမာ အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်တွေ သိချင်တယ် ဆိုပါတော့။ ဒီအခါ အင်တာနက်ထဲမှာ ရှာပေးတဲ့အဖွဲ့တွေ၊ Website တွေ အများကြီးရှိတယ်။ သူတို့ကို Search Engine တွေလို့ ခေါ်တယ်။ ယခုလောလောဆယ် Search Engine တွေထဲမှာ နာမည်ရနေတာက Google နဲ့ Yahoo တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးမယ့်သူတွေဟာ Search Engine တွေဖြစ်တဲ့ www.google.com နဲ့ www.yahoo.com တို့ကို သုံးတတ်ဖို့ လိုပါတယ်။ ဒီတော့ အရင်ဆုံး အင်္ဂလိပ်စာတစ်ခုကိုတော့ အနည်းအကျဉ်း၊ အဓိပ္ပာယ်သိထားရင် အဆင်ပြေပါတယ်။ အာဖရိကတိုက်၊ အာရှတိုက်က အင်တာနက်သုံးတဲ့သူတွေအားလုံး အင်္ဂလိပ်စာအများကြီး မတတ်ပေမယ့် အင်တာနက်ပေါ်မှာ လိုချင်တဲ့အချက်တွေကို ရှာနေကြတယ် မဟုတ်လား? တဖြည်းဖြည်း အင်တာနက်သုံးရင်းနဲ့ပဲ အင်္ဂလိပ်စာကိုလည်း တစ်ဖက်တစ်လမ်းကနေ ပိုတိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိလာနေပါတယ်။
2 comments
bigcat
October 17, 2010 at 3:20 pm
ကျွန်နော်ကတော့ အီးမေးလ်ပို့ယုံ၊ ချက်တင်ထိုင်ယုံတင်သာမက ပုံတွေလည်းကြည့်ပါတယ်။
sithuphyo
October 17, 2010 at 4:25 pm
ကျောင်းသားကျောင်းသူအတော်များများကတော့ ချက်တင်ထိုင်. မေးလ်ပို့တာလောက်ဘဲံသိတာလေ။သနားစရာကောင်းတဲ့ကလေးတွေပါ။
သူတို့ခမျာအင်တာနက်ဆိုတာဘာမှန်းကိုမသိကြတာလေ.ချက်တင်ရေစီးကြောင်းမှာမျောနေတာ။ အဲ့လိုမျိုးလူတွေရှိနေလို့အင်တာနက်
အမြန်သင်တန်းတွေ ပိုက်ဆံရနေကြတာ။ဟီးးဟီးး