အဂျန်တာ လှိုဏ်ဂူတန်းကြီးများ
အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်တို့ အိနိ္ဒယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ “Incredible India” မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့ဩဖွယ်ရာကောင်းသောအိနိ္ဒယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃ဝ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇနာ္တ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိနိ္ဒယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ ရတနာသိုက်ကြီးများသဖွယ်အဖြစ် တည်ရှိနေ သည်ကို တတ်သိနားလည်သော ပညာရှင်သုတေသီ အပေါင်းတို့က တညီတညွတ်တည်း လက်ခံထားခဲ့ကြ သည်။
“နှစ်ပေါင်း(၄၀)တိုင်တိုင် သုတေသနပြု၍ အဂျန်တာအကြောင်း သုတေသန စာအုပ်ရေးသားခဲ့သော အမေရိကန်သုတေသနပညာရှင် Prof Dr. Walter M Spink က “Ajanta: A brief History and Guide” ဟူသော သူ၏စာအုပ်တွင် “The caves had two periods of patronage: an early group was crafted around the 1st and 2nd centuries BC while a second wave of work began centuries later. Spink pinpoints the Vakataka emperor Harisena as a reigning sponsor of the incredible renaissance.” ဟု ရေးသားခဲ့သည်။
“Soon after his rise to the throne in AD 460, the caves began to realise their present forms, until Harisena’s unexpected death in 477. The site was probably deserted in the 480s. The silver lining to the tragedy, according to Spink, is that the sudden downfall of the eminent Vakataka empire at the pinnacle of the caves’ energetic crafting is solely responsible for their phenomenally well-preserved state today. If you’re interested, Spink’s book Ajanta: A Brief History and Gudide (1994) can be bought from touts near the site.”
Dr. Spink ၏ သုတေသနပြုချက်နှင့် အိနိ္ဒယရှေးဟောင်းသုတေသနဌာန၏ သုတေသန ပြုချက်များအရ ဂူပေါင်း(၃၀)မျှရှိသော အဂျန်တာလှိုဏ်ဂူတန်းကြီးများကို နှစ်ခေတ်နှစ်ပိုင်း နှစ်မျိုးနှစ်စား လေ့လာတွေ့ ရှိရမည် ဖြစ်သည်။ B.C.(၂)ရာစု၊(၁)ရာစု ခေတ်ပိုင်းများနှင့် A.D.(၁)ရာစုမှ (၆)ရာစုအထိ ခေတ်အပိုင်း များဖြစ်သည်။ B.C (၂) ရာစုမှ (၁) ရာစုအထိ နှစ်ပေါင်းတစ်ရာခန့်ကာလ- ထေရဝါဒ ဗုဒ္ဓဘာသာ အားကောင်းသောခေတ်ပိုင်းဖြစ်ခဲ့သည်။ အသောကမင်းလက်ထက် သာသနာပြန့်ပွားရေး ဆောင်ရွက်ချက်အရ သုနာပန္တရတိုင်း (ဘုံဘေအနီးပင်လယ်ကမ်းရိုးတန်းတဝိုက်၊ ဝနဝါသီတိုင်း၊ ကဏ္ဏတ္တက ပြည်နယ် နှင့် အန ္တရာပရာဒေ့ရ်ှတဝိုက်)၊ မဟာရဠဒေသများသို့ သာသနာပြုအဖွဲ့ စေလွှတ်ခဲ့ကြောင်း ထေရဝါဒ သာသနသမိုင်းများ (ပါရာဇိကဏ္ဍအဌကထာ၊ ဋီကာ၊မဟာဝံသ)တွင် တွေ့ရှိရသည်။ သို့ဖြစ်ခြင်းကြောင့် B.C.(၃၀၀) ခန့်ကရောက်ရှိသွားသော ထေရဝါဒဗုဒ္ဓ သာသ နာတော်သည် B.C.(၂)၊ B.C.(၁) ရာစု များအထိ ထိုမဟာရဌပြည်နယ်တဝိုက်တွင် ထွန်းကား တည်ရှိနေသည်မှာ မလွဲဧကန်ဖြစ်ချေမည်။ ထို့ကြောင့် အဂျနာ္တလှိုဏ်ဂူတန်းကြီး၏အစသည် ထေရဝါဒ ပင် ဖြစ်ရမည်။ သို့ဖြစ်ခြင်းကြောင့် B.C.(၂)၊ B.C.(၁) ရာစုများအတွင်းက ထွင်းထုခဲ့သော လှိုဏ်ဂူ များသည် ထေရဝါဒလှိုဏ်ဂူများဖြစ်ခဲ့သည်။
ထေရဝါဒလှိုဏ်ဂူများတွင် ဗုဒ္ဓဆင်းတုတော်များထုလုပ်ထားခြင်း၊ ဗုဒ္ဓရုပ်ပုံတော်များ ရေးဆွဲ ထားခြင်း မရှိခဲ့ချေ။ မြတ်ဗုဒ္ဓကိုယ်စား ကြာပွင့်များ၊ ညောင်ပင်များ၊ စက်ဘီးများ(ဓမ္မစကြာ) ခြေရာများကိုသာ ထွင်းထုထားခဲ့သည်ကို တွေ့ရှိရသည်။ ထိုလှိုဏ်ဂူကြီးများမှာ သံဃာတော်များ သီတင်းသုံးကြသည့် ကျောင်းဆောင်များ (ဝိဟာရ)၊ ဆွမ်းစားဆောင် (ဘောဇနသာလာ)၊ တရားထိုင်အ ခန်းငယ်များ (ကမ္မဌာနကုဋီ)၊ ဘုရားဝတ်ပြုဆောင်များ၊ စာသင်စာချအဆောင်များ အဖြစ်အသုံးပြုခဲ့ သည်ကို အများအားဖြင့်တွေ့ရသည်။ ထေရဝါဒခေတ် B.C. (၂-၁) လှိုဏ်ဂူများတွင် ဘုရားဆင်းတု မပါသော ဆန်ချီပုံဟန် စေတီငယ်များကို ဟမ္မိကာတင်၍ ထိုဟမ္မိကပေါ်တွင် ထီးပါ/မပါ နှစ်မျိုး ထုလုပ်ကိုးကွယ်ခဲ့ကြသည်ကိုတွေ့ရသည်။
ထေရဝါဒ ဗုဒ္ဓဘာသာယဉ်ကျေးမှု မှေးမှိန်၍ မဟာယာနဗုဒ္ဓဘာသာ အားကောင်းလာသော A.D.(၁ မှ-၆) ရာစုအထိ နှစ်ပေါင်း ၆၀ဝ နီးပါးကာလများတွင် ပလ္လင်ပေါ်တွင် ခြေထောက်တွဲလျား ချ၍ ထိုင်တော်မူသော မြတ်စွာဘုရားက တရားဟောတော်မူဟန် ပုံတော်ခပ်များများကို ထုလုပ်လာ ကြသည်။ တင်ပလ္လင်ခွေ၍ တရားဟောဟန်ပုံများလည်း ထုလုပ်ကြသည်။ ထိုမြတ်စွာဘုရား ရုပ်တုတော်၏ ဝဲယာ နှစ်ဘက်တို့တွင် အမည်နာမ မဖော်ပြသော အလုပ်အကျွေးနှစ်ယောက်၏ ပုံတို့ကို နွဲ့နွဲ့နှောင်းနှောင်း ထုလုပ် ထားသည်။ အိနိ္ဒယရှေးဟောင်း သုတေသနဌာနအရာရှိများကို မေးလိုက် တိုင်း အလုပ်အကျွေးနှစ်ပါးဟုသာ ဖြေကြသည်။ မည်သူမည်ဝါ ဟူ၍မပြောနိုင်ကြ။ ထေရဝါဒတွင် မြတ်စွာဘုရား၏အလုပ်အကျွေးမှာ အရှင်အာနန္ဒာတစ်ပါးတည်းသာရှိသည်။ ဝဲ-ယာနှစ်ဖက် ဟန်ချက်ညီညီ လှပစေဖို့ တစ်ဘက်တစ်ရုပ် ထုလုပ်ခြင်းဖြစ်မည်ထင်ပါသည်။ လက်ဝဲရံ လက်ယာရံ သာရိပုတ္တရာ၊ မောဂ္ဂလန်မထေရ်ကြီးနှစ်ပါး မဖြစ်နိုင် ဘူးလားဟုမေးသည့်အခါမှာလည်း ဖြစ်နိုင်သည်ဟုပင် ပြောကြပြန်ပါသည်။ အချို့ဘုရားဆင်းတုတော်များ၏ ဝဲ-ယာ တွင် လက်ဝတ်တန်ဆာ၊ လည်ဆွဲတန်ဆာ အပြည့်နှင့် မကိုဋ်ခေါင်းပေါင်း စောင်းထားသော ဘုရားလောင်းရုပ်တုများကိုလည်း တွေ့ရသည်။
မည်သည့်ဂူသည်ထေရဝါဒ၊ မည်သည့်ဂူသည် မဟာယာနဟု ခွဲခြား၍ မရတော့ပေ။ A.D (၅-၆) ရာစုများတွင် Vakataka မင်းဆက်၊ Harisena မင်းလက်ထက်တွင် ဤလှိုဏ်ဂူတန်းကြီးများတွင် မဟာယာနသံဃာတော်များမြောက်များစွာ သတင်းသုံးတော်မူခဲ့ကြပေသည်။ A.D.(၂-၃-၄) ရာစုနှစ် များတွင် တိုင်းရေးပြည်ရေး မငြိမ်သက်သဖြင့် ခပ်မှိန်မှိန်ဖြစ်နေခဲ့သော Ajanta ဂူကျောင်းတိုက် ကြီးများကို Harisena မင်းက အရှိန်အဟုန်မြှင့်၍ ချီးမြှေက်ထောက်ပံ့ခဲ့ရာ ပန်းချီ ပန်းပု အနုပညာရှင် များ၏လက်စွမ်းများသည် အမြင့်ဆုံးအရှိန်အဟုန်သို့တက်ရောက်ခဲ့သည်။
http://www.sitagucenter.org/images/phocagallery/India/6a.jpg
ထေရဝါဒ ခေတ်ကတည်ဆောက်ခဲ့သော ထူပါစေတီတစ်လုံးတွင် ထွင်းဖောက်၍ ဘုရားဆင်း တုများထုလုပ်ကိုးကွယ်ခဲ့သည်။ ထီးမပါသော ဟမ္မိကတွင် ထီးတင်လှူပူဇော်ခြင်းများကို တွေ့ရသည်။ ကျောက်ထီးတပ်ဆင်ရန် အဆင်မပြေသော စေတီများတွင် သစ်သားထီးများတပ်ဆင်ခဲ့သည်ကို လည်းတွေ့ရသည်။ ကျောက်ဆစ်လက်ရာများမှာပို၍ ပို၍အနုစိပ်ချောမွတ်လာသည်။ ဘုရားပုံတော် များ၏ အသွင်အပြင်တွင်လည်း အသက်ဝင်လှုပ်ရှားသည့်ဟန်များကို မျက်နှာသွင်ပြင်၏ အပြင်ရံ တွင်တွေ့ရ သည်။ လှိုဏ်ဂူအမှတ် (၂၆) တွင် ဖူးတွေ့ရသော အောင်တော်မူခန်း၊ ပရိနိဗ္ဗာန်စံခန်း၊ ရုပ်ကြွများမှာ ဂုတ္တခေတ်ရုပ်ကြွများကဲ့သို့ပင်ဖြစ်သည်။
လှိုဏ်ဂူအမှတ်(၉)တွင် စေတီတော်နှင့် တွဲလျက်ထုလုပ်ထားသော အာသနမုဒြာ၊ ဓမ္မစက္ကမုဒြာ ၏လက်ရာမှာ အံ့ချီးဖွယ်ရာဖြစ်သည်။ A.D.(၅-၆)ရာစု လက်ရာများဖြစ်ခြင်းကြောင့် အိနိ္ဒယပြည်အ လယ်ပိုင်း မြောက်ပိုင်းတွင် ထွန်းကားနေသော ဂုတ္တခေတ်ဟန်များနှင့် မတိမ်းမယိမ်းရှိလေသည်။ ဓမ္မစက္ကမုဒြာကို ဗီဟာနယ်သားတို့က တင်ပလ္လင်ခွေအပြည့်ထိုင် (Fully crosslegs) ဟန်ဖြင့် ထုလုပ်ကြသည်။ မဟာရဋ္ဌ ကျောက်ဆစ်ဆရာတို့က ပလ္လင်ပေါ်မှာထိုင်နေသော မြတ်စွာဘုရားကို ခြေတော်နှစ်ဖက်အောက်မှာချစေ၍ သက်တောင့်သက်သာထိုင်နေဟန်(အာသနမုဒြာ)ဖြင့်ဓမ္မဒေသနာ ဆင်းတုများကို ထုလုပ်ကြသည်။ ထိုအာသနမုဒြာ၊ ဓမ္မဒေသနာ ဆင်းတုတော်များ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းတွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ဝှေးမြို့၊ (ရှေးဟောင်းဗုဒ္ဓဘာသာထွန်းကားရာ)နယ် တွင်လည်းကောင်းတွေ့ရှိရသည်။
နံရံဆေးရေးပန်းချီများတွင် မြတ်စွာဘုရား၏ဘဝဖြစ်စဉ်များ၊ ဇာတ်တော်များ၊ မြတ်စွာဘုရား၏ မျက်မှောက်ဘဝဖြစ်စဉ် ဖွားမြင်သည်မှ ပရိနိဗ္ဗာန်စံသည်အထိ အကြောင်းအရာတို့ကို အသေးစိတ်ဖော် ပြသည့် နံရံဆေးရေးပန်းချီများမှာ ကြီးကြီးကျယ်ကျယ် ပျက်စီးသွားသည်မရှိ၊ ဖတ်လို့မှတ်လို့ရလောက် အောင်ထင်ရှားစွာ ယနေ့တိုင်ကျန်ရှိနေသည်မှာ ရှေးခေတ်ဗုဒ္ဓဘာသာ အနုပညာရှင်တို့၏ အံ့ချီးဖွယ် ကောင်းသောနည်းစနစ်ပင်ဖြစ်သည်။
B.C. (၂)ရာစုမှ A.D. (၆)ရာစုအထိ နှစ်ပေါင်း ၈၀ဝ ခန့် ထေရဝါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာဝင်တို့လက်တွဲညီညီလက်ဆင့်ကမ်း၍ သယ်ဆောင်ခဲ့သော ဤမျှကြီးမြတ်သည့်ဘာသာတ ရားတစ်ခု၊ ဤမျှလောက်ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား ဤကမာ္ဘမြေပေါ်တွင် တည်ရှိနေရစ် စေသတည်းဟု ခိုင်ခိုင်မာမာမှတ်တိုင်ကြီး စိုက်ထူခဲ့သည်မှာ ဤ Ajanta ပင်ဖြစ်လေသလောဟု ရင်သပ်ရှုမော အံ့ဩရပေသည်။
နံရံတွင်ရေးသော ပန်းချီဆေးတို့ကို သစ်ခေါက်အမျိုးမျိုးတို့မှထွက်သော အဆီအနှစ် တို့ဖြင့် လည်းကောင်း၊ မြေမှထွက်သော ကျောက်တစ်မျိုးမျုးိတို့ အရောင်မျိုးစုံရှိသည့် ကျောက်တို့ကို မှုန့်မှုန့် ညက်ညက်ကြိတ်ချေရောစပ်လျက်လည်းကောင်း ရေးဆွဲခဲ့ကြသည်။ ချုပ်ထိန်းသည့်ဆေးကိုမူ သစ်ပင်တို့မှ ထွက်သော သစ်စေး၊ ကျွဲစသော သားကောင်တို့မှထွက်သော သားရေအစေးတို့ဖြင့် ထိမ်းချုပ်ခဲ့ကြောင်း သုတေသီတို့ ရှာဖွေတွေ့ရှိခဲ့ကြလေသည်။
မြန်မာနိုင်ငံတွင် ပင်းတယဂူ၊ ဘုရင့်ညီဂူ၊ ပိတ်ချင်းမြောင်ဂူ စသည့်ဂူများရှိပါသည်။ အလို အလျောက်သဘာဝဖြစ်ဂူများဖြစ်ကြပါသည်။ ထိုဂူများအတွင်းရှိ ဘုရားဆင်းတုများမှာ ပြင်ပမှာထွင်းထု ထည့်သွင်းပူဇော်ထားကြသည်သာများပါသည်။ သို့သော်ခေတ်ဦးမြန်မာများဖြစ်ကြသည့် ပျူတို့သည် ပုဂံဒေသတဝိုက်တွင်လည်းကောင်း၊ ဖိုဝင်းတောင်ဒေသတွင်လည်းကောင်း၊ သဲကျောက်တောင်များကို ဖောက်ထွင်း၍ ပလ္လင်တံကဲ၊ ဘုရားတန်ဆောင်းနှင့် ကျောက်ထွင်းပန်းပုရုပ်ကြွ သဲကျောက်ဆင်းတုများ ထွင်းထုပူဇော်ခဲ့ကြသည်ကို ဖိုဝင်းတောင်တဝိုက်၊ ပုဂံဒေသတဝိုက်တွင် အများအပြားတွေ့ရမည်ဖြစ် သည်။ ထို့ကြောင့် ပျူဂါမ=ပျူဂါမ်=ပုဂံ ခေတ်ဦးလူ ပျူမြန်မာတို့သည် ကျောက်တောင်များကို ဂူထွင်း၍ ပန်းချီ ပန်းပုတို့ဖြင့် ခြယ်မှုန်းလျက် ဘုရားတည်ကျောင်းဆောက်ပြုခဲ့ကြသည်မှာ အဂျန်တာအလိုရာ တို့၏ ခေတ်နောက်ပင်ကျသော်လည်း အနုပညာလက်ရာမှာကားနောက်တန်းမကျခဲ့ချေ။
အဂျန်တာရှိလှိုဏ်ဂူပေါင်း(၃၀) တို့တွင်ထူးထူးခြားခြား မှတ်သားဖွယ်ရာ ပန်းချီပန်းပုလက်ရာများ ရှိသည့် ဂူတို့ကိုအနည်းငယ် အကြမ်းဖျဉ်းမျှ သုံးသပ်ကြည့်လို့ ရပါသည်။
*ဂူအမှတ်(၁)လှိုဏ်ဂူမှာ မဟာယာနဝိဟာရ လှိုဏ်ဂူတစ်ခုဖြစ်သည်။ အလှပဆုံးပန်းချီပန်းပုတို့ ဖြင့်တန်ဆာဆင်ထားလေသည်။ ဤမဟာယာနလှိုဏ်ဂူအတွင်းရှိ ပဒုမ္မာကြာဖူးကိုင်ထားသော ဘုရား လောင်းပုံပန်းချီရုပ်မှာ အိနိ္ဒယပြည် နံရံပန်းချီလက်ရာအပေါင်းတို့တွင် အဂျန်တာအနုပညာက အလှပ အပြောင်မြောက်ဆုံးဟု ဖော်ပြနေပေသည်။ မြတ်စွာဘုရားအလောင်းတော်၏ နေ့စဉ်ဘဝ ဝတ်စား ဆင်ယဉ်မှု၊ မျက်နှာအသွင်အပြင်၊ ကိုယ်အမူအရာဟန်တို့မှာ B.C (၅)ရာစု အဂျန်တာဒေသ မဟာယာန ဗုဒ္ဓဘာသာဝင် အနုပညာရှင်တို့၏ အပြောင်မြောက်ဆုံးသောလက်ရာဟု ဆိုရမည်ဖြစ် သည်။
ဘုရားလောင်း၏ပတ်ဝန်းကျင်တွင် နတ်သမီး၊ နတ်သား မြောက်များစွာခြံရံလျက် ပီပြင်ကြည် လင်သော မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ နှုတ်ခမ်း၊ မေးစေ့တို့ အပေါ်တွင် လွှမ်း၍နေသောအရိပ်အရောင် များမှာ ဒုက္ခပင်လယ်ဝေနေသော သတ္တလောကကြီးကို ဒုက္ခပင်လယ်မှ ဆယ်ထုတ်၍ နိဗ္ဗာန်ကျည်း ကုန်းထက်သို့ ပို့ဆောင်မည့် မဟာဂရုဏာရှင်ဖြစ်ကြောင်းကို မပြောသော်လည်း ပြောနေသကဲ့သို့ ထင်ရပေသည်။ ထေရဝါဒတွင် သောင်းခွင်စကြာဝဠာ နတ်ဗြဟ္မာတို့ ညီညာရုံးစုတောင်းပန်မှုကြောင့် တုသီတာနတ်နန်း စံမြန်းနေသော သေတကေတု ဘုရားလောင်းနတ်သား နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော့မည့် အသွင်ဟန်မျိုးဟု ထေရဝါဒရှုထောင့်က ကြည့်မိလေသည်။
ရေးချယ်ထားသော ဆေးရောင်တို့မှာ အလွန်တောက်ပြောင်သော အစိမ်း၊ အပြာ၊ အနီရောင် များဖြစ်လေရာ ဒေသထွက်ဆေးဒန်း၊ ဒုတ္တာ၊ ဟင်္သာပြဒါးများ၊ ဟိမဝနာ္တတစ်ခွင်၊ တိဗက်ကုန်းမြေမြင့် တစ်ခွင်တွင် တွေ့ရသော တောက်ပြောင်သောအရောင်ရှိသည့် ကျောက်ခဲမျိုးစုံတို့ကို အမှုန့်ကြိတ်၍ ခြယ်မှုန်းထားသောဆေးရောင်များဖြစ်သည်။
*လှိုဏ်ဂူ(၂)မှာလည်း မဟာယာနကျောင်းတော်ပင်ဖြစ်သည်။ လှပတင့်တယ် ရှုမငြီးဖွယ်သော မြတ်စွာဘုရား၏ ဘဝဖြစ်စဉ် ဇာတ်တော်များ၊ မယ်တော်မာယာအိပ်မက်၊ လုမိ္ဗနီတွင်သိဒ္ဓတ္ထ ဖွားမြင် တော်မူခန်း တို့ကို တခမ်းတနား ခြယ်မှုန်းထားသည်ကို တွေ့ရသည်။
*လှိုဏ်ဂူ(၃)မှာ ငလျင်ဒါဏ်ကြောင့်ပြိုကျပျက်ဆီးနေသည်။ ပြင်ဆင်နေဆဲဖြစ်သည်။
*လှိုဏ်ဂူ(၄)မှာလည်း မဟာယာနလက်ရာတို့ဖြင့်ပြွမ်းသည့် ကျောင်းဆောင်တစ်ခုပင် ဖြစ်သည်။ ဂူတွင်းသို့ဝင်သွားလျှင် တစ်ဖက်တစ်ချက် ကျောက်တိုင်ပေါင်း(၁၄)တိုင်တို့ဖြင့် တန်ဆာဆင်လျက် ဂူငယ် အတွင်းမှာ အဝလောကိတေသွာရနတ်ရုပ် ရှိလေသည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်မှာ ဘေးရန်အပေါင်းတို့ကို အကာအကွယ်ပေးသည့် နတ်ဟုယူဆကြသည်။ ဘေးရန်အမျိုးမျိုးကြောင့် ပြေးလွှား ခိုလှုံလာကြသော လူသားပေါင်းမြောက်များစွာတို့၏ ရုပ်ကြွများဖြင့် ပီပီသသထွင်းလုပ်ထားရာ အထူးပင် ဆွဲဆောင်အားကောင်းသည့် ရုပ်ကြွလှိုဏ်ဂူတစ်ခု ဖြစ်သည်။
*လှိုဏ်ဂူ(၅)မှာ ပြိုကျပျက်စီးနေသည်။
*လှိုဏ်ဂူ(၆)မှာ အဂျန်တာတွင်တစ်ခုတည်းသော နှစ်ထပ်လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူအောက် ထပ်ရှိရုပ်ကြွများမှာ ပျက်စီးယိုယွင်းနေကြလေပြီ။ ထိုအောက်ထပ် တောင်နံရံလှိုဏ်ဂူအတွင်းတွင် အာသန မုဒြာဟန် သပ္ပါယ်သော ဗုဒ္ဓဆင်းတုတော်တစ်ခုရှိသည်။ အထက်ထပ်မှာ ကျယ်ပြန့်သောခန်းမဆောင်ကြီး တစ်ခု ဖြစ်သည်။ မျက်နှာကျက်နှင့် နံရံအားလုံး ဗုဒ္ဓဝင်ပန်းချီတို့ဖြင့် ခြယ်မှုန်းထားသည်။
*လှိုဏ်ဂူ(၇)မှာ စံပြပုံစံတစ်ခုအဖြစ်တည်ဆောက်ထားသော လှိုဏ်ဂူဖြစ်သည်။ အတွင်းတွင် ဂူငယ်လေးခု၊ ဝရံတာလက်ရုံးတန်းများဖြင့် လှပတင့်တယ်စွာ တည်ဆောက်ထားသည်။ ဓမ္မစက္က မုဒြာဟန် ဆင်းတုတော်များ ထုလုပ်ထားသည်။
*လှိုဏ်ဂူ(၈)မှာ ပျက်စီးယိုယွင်းနေသဖြင့်ပိတ်ထားသည်။
*လှိုဏ်ဂူ(၉)မှာ အဂျန်တာတွင် အစောဆုံးသော ထူပါစေတီတော် တည်ဆောက်ခဲ့သည့် ထေရဝါဒ လှိုဏ်ဂူဖြစ်သည်။ ဂူအမှတ်(၈-၉-၁၀-၁၂-၁၃-၁၅)တို့မှာ ထေရဝါဒလက်ရာ လှိုဏ်ဂူများ ဖြစ်ကြသည်။
*လှိုဏ်ဂူ(၁၀)မှာလည်း ထေရဝါဒသံဃာတော်တို့ ဘုရားကိုယ်စား ထူပါစေတီတည်ထား ကိုး ကွယ်ခဲ့ကြသည့် B.C(၁-၂)ရာစု ခန့်က တည်ဆောက်ခဲ့သည်။ စေတီယဃရ ဂူကျောင်းတော်ဖြစ်သည်။ နံရံဆေးရေးပန်းချီမှာ ပျက်စီး၍နေချေပြီ။ မုဆိုးလုပ်၍ သားကောင်လိုက်ရင်း တောင်ထိပ်မှ လှိုဏ်ဂူ တန်းရှိရာတောင်ကြားသို့ သားကောင်ကျသွားသဖြင့် ဤလှိုဏ်ဂူတန်းကြီးကို စတင်တွေ့ရှိခဲ့သော ဗြိတိသျှ အရာရှိ ဂျွန်စမစ်(၁၈၁၉)က သူ့နာမည်နှင့် သူရောက်ခဲ့သောခုနှစ်တို့ကို ဂူအတွင်း ကျောက် တိုင်တစ်ခုတွင် ထွင်းထုထားခဲ့သည်ကိုလည်းတွေ့ရသည်။
*လှိုဏ်ဂူ(၁၁-၁၂-၁၃-၁၄-၁၅)တို့မှာ ပျက်စီးနေသည်ကများ၍ ပြင်ဆင်ခြင်းမပြုနိုင်သေးချေ။ ဂူအမှတ် (၁၅)မှ (၂၀)အထိ လှိုဏ်ဂူပေါင်း (၆)ခုတို့မှာ A.D (၅)ရာစုနောက်ပိုင်းမှ ထွင်းထုထားသော မဟာယာနလှိုဏ်ဂူများဖြစ်ကြသည်။
*ဂူအမှတ်(၁၆)မှာ လှပသေသပ်သော ပန်းချီတို့ဖြင့် ဂူတွင်းနံရံတစ်ခုလုံး ခြယ်မှုန်းထားသည်။ ညီတော်မင်းနန်နှင့် ဇနပဒကလျာဏီတို့ လက်ထပ်ခန်း၊ နန္ဒမင်းသား သပိတ်ပိုက်၍ ဘုရားနောက် လိုက်ပါသွားခန်း၊ နန္ဒမင်းသားရဟန်းပြုခန်း၊ တရားအားထုတ်ခန်းတို့ဖြင့် ခြယ်မှုန်းထားသည်မှာ ရှုမငြီးဖွယ် ဖြစ်သည်။ လှိုဏ်ဂူ၏ ဗဟိုချက်မြောက်ဖက်နံရံတွင် သီဟာသနပလ္လင်တွင် တရားဟောတော်မူနေဟန် မြတ်ဗုဒ္ဓ၏ သဲကျောက်ဆင်းတုတော်မှာလည်း ကြည်နူးဖွယ်ရာဖြစ်သည်။
*လှိုဏ်ဂူ(၁၇)မှာ လှိုဏ်ဂူအဝင်မှစ၍ လှိုဏ်ဂူအတွင်းနံရံတစ်ခုလုံး မျိုးစုံသောရုပ်ကြွတို့ဖြင့် ခြယ်မှုန်းထုလုပ်ထားသည်။ ဘုရားသီတင်းသုံးရာ အခန်းဝဆီသို့ ဝဲ၊ယာ ကျောက်တိုင်တန်းတို့ဖြင့် တန်ဆာဆင်လျှက် “Dwarf” ဟူသော မြေစောင့်နတ်ရုပ်ပုကလေးများဖြင့် တိုင်များ၊ ထုတ်တန်းများကို မ၍ မ၍ တန်ဆာဆင်ထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
မြတ်စွာဘုရားနေပြည်တော်ပြန်ကြွခန်း၊ သားတော်ရာဟုလာ အမွေတောင်းခန်း၊ ခမည်းတော် သုဒ္ဓေါဒန သပိတ်လှမ်းယူခန်း ပန်းချီတို့မှာ အံ့ချီးဖွယ်ကောင်းလှပေသည်။
*လှိုဏ်ဂူ(၁၉)မှာ ဂူအဝင်မျက်နှာစာမှစ၍ပင် အံ့ချီးဖွယ်ရာ မြတ်ဗုဒ္ဓ၏ ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားသည်။ စက်ဝိုင်းခြမ်းသဏ္ဍာန်၊ သို့မဟုတ် မြင်းခွာပုံသဏ္ဍာန် အလင်းရောင်ပေါက်၏ ဝဲ၊ယာ နှစ်ဖက်တို့တွင် စင်္ကြန်ကြွဟန် မြတ်စွာဘုရား၏ရုပ်တုတော်များ၊ အာသနမုဒြာ၊ ဓမ္မစက္ကမုဒြာ နှစ်ဖြာ ရောယှက်ထုလုပ်ထားသည့် ရုပ်တုတော်များဖြင့် တန်ဆာဆင်ထားသည်မှာ အဂျန်တာလှိုဏ်ဂူ တန်းကို ဆင်းချီတက်ချီ ရှုကြည့်လာသူ လူအပေါင်းတို့ မောပန်းလာကြသော်လည်း ဤလှိုဏ်ဂူ (၁၉) အဝင်ဝ၏ မြတ်စွာဘုရားကိုယ်တော်မြတ်တို့က ပန်းသူ နွမ်းသူတို့ကို လှမ်းကြိုနေတော်မူကြသဖြင့် အပန်းအနွမ်းတွေ ပြေပျောက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်အားကောင်းလှပေသည်။ အဝင်ဝ နံရံ တစ်ဖက်တစ်ချက် တွင် နံရံအမြင့်တို့တွင် ထွင်းထုထားသော ဘုရားဆင်းတုတော်တို့မှာ ကောင်းကင်တွင် ဈာန်ယာဉ်စီး ကြွတော်မူသည့်အလား ကြည်ညိုသဒ္ဓါပွားရပေသည်။ လှိုဏ်ဂူ၏ အပြင်ဘက် အနောက်နံရံတွင် နဂါးမင်းနှင့် မိဖုရားတို့ မြတ်စွာဘုရားကို ဖူးမြှော်နေဟန် နဂါးခုနှစ်ကောင် ပါးပျဉ်းထောင်၍ မြတ်စွာဘုရား ကိုယ်တော်မြတ်ကို နေ၊ မိုးတို့မှ ကာကွယ်ဟန် ရုပ်ကြွများကိုလည်း ဖူးတွေ့ခဲ့ရသည်။ အတွင်းသို့ ဝင်လိုက်သည့်အခါ လှပစွာ ပန်းပုရုပ်ကြွတို့ဖြင့်တန်ဆာဆင်ထားသော ကျောက်တို့၏အဆုံးအလယ်တွင် ကမာ္ဘလုံးပုံသဏ္ဍာန် စေတီတော၊် မြူးကြွနေသောနတ်ရုပ်များခံသည့် ပလ္လင်တော်၊ ထိုပလ္လင်တော်ပေါ်တွင် ရပ်တော်မူရုပ်ကြွမှာ စေတီတော်တွင်း အနည်းငယ်ဝင်၍ ရပ်နေပါသည်။ တံကဲကို ထောက်ထားသော ကျောက်တိုင်နှစ်ခု၏ထိပ်တွင် ပန်းကုံးကိုက်ချီထားသော ဟင်္သာရုပ်များမှာ မြတ်စွာဘုရားကို ပူဇော်နေဟန် ဖြစ်သည်။ စေတီလုံး၏ထိပ်တွင် လေးဒေါင့် ဟမိ္မက ဓါတ်တော်တိုက်၊ ထိုအထက်မှာ နတ်ရုပ်များက အဆင့်ဆင့် မ၍ မ၍ ထားသော ထီးသုံးဆင့် တို့ဖြင့်တန်ဆာဆင်ထားသော စေတီတော်နှင့် ဆင်းတုတော် တို့မှာ အဂျန်တာတွင်ဖူးမြင်သူတို့၏ စိတ်ဓါတ်ကို ဆွဲဆောင်အားအကောင်းဆုံးဟု ထင်မြင်ယူဆမိပေသည်။
*လှိုဏ်ဂူ(၂၀)မှာ ပြိုကျပျက်ဆီးခြင်းများသော ကျောင်းဆောင်ငယ်တစ်ခုဖြစ်သည်။ A.D(၅) ခန့်မှာ ပြန်လည်ပြင်ဆင်မွမ်းမံခဲ့သည်။ ကျောက်တိုင်၊ ဝရံတာ၊ မကန်းရုပ်ပါသော လက်ရုံးလက်တန်း များ၊ နဂါးရုပ်များဖြင့် တန်ဆာဆင်ထားသော ကျောင်းဆောင်ငယ်တစ်ခုဖြစ်သည်။ မျက်နှာကျက်ထုတ် တန်းများ၊ အချင်ရနယ်များဖြင့် ပီပီပြင်ပြင်ရှိသည်။ ကျောက်တိုင်များတွင် ညွှတ်သောအကိုင်းရှိသည့် အင်ကြင်းပင် များကို ထွင်းထုထားသည်မှာ ထူးခြားသော အဓိပ္ပယ် ရှိပေမည်။ မျက်နှာကျက်တွင် ကောင်းကင်ပျံ နတ်ရုပ်များ၊ တရားဟောသော မြတ်စွာဘုရား၏ နောက်ကြောတွင် ပန်းကုံးကိုင်နတ်များ ကောင်းကင်ပျံနေ သည်မှာ ကြည်နူးဖွယ်ဖြစ်သည်။
*လှိုဏ်ဂူ(၂၁)မှ (၂၇)အထိ ဂူပေါင်း (၇)ခုတို့မှာ အပျက်အစီးများသည်ဖြစ်၍ (၇)ရာစု A.D မှာ မွမ်းမံထားသော ဂူများဖြစ်သည်။ ဂူ(၂၁)မှာ ဘုန်းကြီးကျောင်းဂူဖြစ်သည်။ ဝရံတာကျောက်တိုင်များမှာ များစွာပျက်စီးခဲ့ပြီး လက်ရုံးတန်းများတွင် မကန်းရုပ်များတွေ့ရသည်။ နဂါးရုပ်များ၊ ဘီလူးရုပ်များဖြင့် အဝင်ဝတွင် တန်ဆာဆင်ထားသည်။ အဝင်ဝညာဘက် အခန်းငယ်ကလေးတွင် လက်ထဲတွင်ကလေး ငယ်ကိုပွေ့ချီလျှက် သူ၏အခြံအရံ သို့မဟုတ် သူ၏ကြင်ဘက်ပင်ဖြစ်မည်လော၊ ဘီလူးနှစ်ကောင်တို့ ခြေတစ်ဖက်တင် တစ်ဖက်ချ တင်နေသည့်ဟန်ကိုတွေ့ရသည်။ သံဃာတစ်ပါးတစ်ပါးသီတင်းသုံးသော အခန်းငယ်ကလေးပေါင်း လေးခန်းတစ်ခန်းစီ၊ တစ်ခန်းစီ၏အတွင်းတွင် တစ်ပါးစီ တစ်ပါးစီ အိပ် လောက်သောကျောက်ခုံတန်းလျားနှစ်ခုစီ ပြုလုပ်ထားသည်ကိုတွေ့ရသည်။ (၁၀)ပေပတ်လည်ခန့် ရှိသော ထိုအခန်းငယ်များတွင် နှစ်ပါးစီပင် သီတင်းသုံးလေသလော၊ တစ်ပါးတည်းပင် သီတင်း သုံးလေသလောဟု တွေးတောမိပါသည်။ ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုသော လှိုဏ်ဂူတန်းတွင် အဓိကအဝင်ဝ တံခါးရှိရာဘက်ကို ချန်ထား၍ ကျန်သောမျက်နှာ(၃)ဘက်တို့တွင် (၁၀)ပေပတ်လည် အခန်းငယ်များ ထွင်းထုထားခဲ့သော ဝိဟာရများဖြစ်သည်။ အဝင်နှင့်တည့်တည့် အခန်းအားလုံးတို့၏ အလယ်ဗဟိုချက် နံရံတစ်ဖက်တစ်ချက်တွင် ဓမ္မဒေသနာမုဒြာ ဘုရားဆင်းတုများကို ထုလုပ်ထား ကြသည်။
*လှိုဏ်ဂူ(၂၂)မှာ သံဃာတော်များ သီတင်းသုံးသည့် ဝိဟာရဂူကျောင်းပင်ဖြစ်သည်။ တစ်ပါး စာ အခန်းငယ်လေးခု ရှိသည်။ အလယ်ခေါင်တွင် ခန်းမဆောင်ဖြစ်၍ မြတ်စွာဘုရား၏ ဆင်းတု တော်မှာ ခြေနှစ်ချောင်းတွဲလျားချထားဟန်၊ ဤသည်ကို Dr.Devaka Mettara က သူ၏စာအုပ်၌ ဗျာလမ္ဗပါဒမုဒြာဟု ရေးခဲ့လေသည်။ ခြေဖဝါးတော်နှစ်ဖက်မှာ ကြာပွင့်များပေါ်၌ နင်းထားလေသည်။ ဘုရားခန်း၏ နံရံနှင့် အထဲမျက်နှာကျက်၌ ဘုရား(၇)ဆူပုံတော်များ၊ အရိမေတ္တေယျဘုရားပုံများနှင့် ဘုရား(၇)ဆူနှင့် သက်ဆိုင် သော ဗောဓိပင် (၇)ပင်တို့ကို ထုထားလေသည်။ ဘုရား(၇)ဆူတို့မှာ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသံ၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ ဖြစ်သည်။
လှိုဏ်ဂူ(၂၃)သည် ဂူအမှတ် (၂၁)နှင့် များစွာတူသည်။ ဘုရားဆောင်၊ စည်းဝေးခန်းမဆောင်၊ သံဃာ တစ်ပါးစီ သီတင်းသုံးသော အခန်းငယ်များဖြင့် တန်ဆာဆင်ထားသော ဂူကျောင်းဖြစ်သည်။ မပြီးမသတ်နိုင်ဘဲ ကျန်ရစ်ခဲ့သည်။ ပြီးသမျှ လက်ရာမှာ ကျောက်ဆစ်ပန်းပုတို့ဖြင့် အသေးစိတ်ခြယ် မှုန်းထားသည်။ ဘုရားဆောင်၊ စုဝေးရာ အဆောင်၊ သံဃာတော်များ သီတင်းသုံးသည့် အခန်းငယ်များ ဖြင့် တန်ဆာဆင်ထားသည်။ လက်ရာမှာ လှပသေသပ်သည်။ လည်ဆွဲတို့ဖြင့် တန်ဆာဆင်ထား သော မကန်းရုပ်များ၊ တံခါးပေါက်တစ်ဖက်တစ်ချက်၌ ခုံတက်နေသော နဂါးရုပ်များဖြင့် တန်ဆာ ဆင်ထားသည်မှာ မှတ်သားဖွယ် ဖြစ်သည်။
လှိုဏ်ဂူ(၂၄)သည် အဂျန်တာဝိဟာရဂူအပေါင်းတို့တွင် အကြီးဆုံးသော ဂူကျောင်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သော အဆောင်အခန်းကြီးများကို ကျောက်ဆောင်ကျောက်သားများအတွင်း၌ ရှေး ခေတ်မင်းများ၊ သံဃာများ၊ လူများ သုံးချက်ညီပေါင်းစု ဖောက်ထွင်းထုလုပ်ခဲ့ကြသည်မှာ အံ့ဩဖွယ်ရာ ဖြစ်သည်။ ဤလှိုဏ်ဂူ ကျောင်းဆောင်ကြီးများအတွင်း၌ ဘုရား၊ ရဟန္တာ၊ ဘုရားလောင်း၊ နတ်၊ နဂါး၊ ရုပ်လုံးရုပ်ကြွများဖြင့်လည်းကောင်း၊ မျက်နှာကျက်နံရံဆေးရေးပန်းချီများဖြင့်လည်းကောင်း ခြယ်မှုန်း တန်ဆာဆင်ပြုလုပ်ခဲ့ကြသည်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ်တို့၏ စုဝေးရာ ပြတိုက် ကြီးများကို တောတောင်လျှိုမြောင်တို့၏အကြား၌ တည်ဆောက်ခဲ့ကြလေသည်ဟုပင် ယူဆ ဖွယ်ရှိလေသည်။
မှတ်ချက်။ ။ Vakataka Dynasty. Harisena မင်းသည် အိနိ္ဒယတောင်ပိုင်း၌ အုပ်စိုးစဉ် အိန္ဒိယမြောက်ပိုင်းတွင် ဂုတ္တမင်းဆက်များ အုပ်စိုးချိန်ဖြစ်သည်။ A.D(၅-၆)ခေတ်များသည် အိန္ဒိယ တောင်ပိုင်းတွင် အဂျန်တာကျောက်ဆစ်လက်ရာများ၏ခေတ်သစ်ဆန်းချိန် (Ajanta renaissance) ဟု Praohessar Spink က ဆိုခဲ့သည်။ သို့သော် Vakataka Dynasty တွင် ပြောင်မြောက်သော မင်းတစ်ပါး၊ Harisena ကွယ်လွန်ပြီးသော အခါ သာသနာတော်ကို ကာကွယ်စောင့်ရှောက်မည့်မင်း၊ ထောက်ပံ့အားပေး မည့်မင်းများ မရှိတော့သည့်အတွက်ကြောင့်လည်းကောင်း၊ ဗုဒ္ဓသာသာနာတော်ကို အနှောင့်အယှက် အဖျက်အဆီးများ ပေါ်ပေါက်လာသည့်အတွက်ကြောင့်လည်းကောင်း၊ သံဃာတော်များလည်း ကစဉ်ကလျား ပြေးလွှား ပုန်းအောင်းကြရလေသည်။ Ajanta ဟူသော ဗုဒ္ဓဘာသာယဉ် ကျေးမှု အမွေ အနှစ်တို့၏ စုဝေးရာ ပြတိုက်ကြီးမှာလည်း တောတောင်လျှိုမြောင် သစ်ပင် ခြုံနွယ်တို့၏အကြားမှာ မထင်မရှားပုန်းအောင်း နေခဲ့ရသည်မှာ နှစ်ပေါင်း(၁၂၀၀)ခန့် ကြာညောင်းခဲ့သည်။ A.D ၁၈ ကျော်ကျော်ရောက်မှ တောလိုက် မုဆိုးတစ်ယောက်၏ကျေးဇူးဖြင့် ဗုဒ္ဓယဉ်ကျေး မှုအမွေအနှစ်ရတနာသိုက်ကြီးကို ပြန်လည်ဖော်ထုတ် နိုင်ခဲ့လေသည်။
လှိုဏ်ဂူ(၂၅)သည် ပြီးစီးအောင် မဆောက်လုပ်နိုင်ခဲ့သော ဂူကျောင်းငယ်တစ်ခု ဖြစ်သည်။ ဂူအတွင်း နံရံသုံးဘက်လုံး၌ တစ်ပါးနေအခန်းများ ထွင်းထု၍ အလယ်၌ စုဝေးရာကွက်လပ်တစ်ခု ပါရှိလေသည်။
လှိုဏ်ဂူ(၂၆)ကို ရှေးဟောင်းဆရာတို့က စေတီယဂေဟာဟု ဆိုသည်။ ပါဠိတော်၌ စေတီယဃရ ဆိုပါသည်။ အဓိပ္ပာယ်အတူတူပင်။ စေတီမျှသာမဟုတ် ဗုဒ္ဓဆင်းတုများလည်း ကိန်းဝပ်ရာဖြစ်ခြင်းကြောင့် ဗုဒ္ဓဝိဟာရ လည်း ဆိုနိုင်သည်။ အမှတ်(၁၉) စေတီယဂေဟာထက် ဤဂူ (၂၆)က ပို၍ ကြီးသည်။ အမွှမ်းတင်ခြင်း၊ တန်ဆာဆင်ခြင်းတို့မှာ အတူတူပင် ဖြစ်သည်။ ဂူအတွင်းသို့ ဝင်သွားလျှင် အံ့ချီးဖွယ်ရာ ကောင်းသည်မှာ အမွှမ်းအပြောက် ရုပ်ကြွရုပ်လုံးတို့ဖြင့် တန်ဆာဆင်ထားသော ဝဲယာကိုကိုးတိုင်စီ အသီးသီးရှိသည့် ကျောက်တိုင်ကြီး (၁၉)ခုရှိသည်။ ကျောက်တိုင် ကြီးများ၏အထက် မြင်းခွာသဏ္ဍာန် ကျောက်ထုတ်တန်းကြီး တစ်တန်းလုံး၌ ဗုဒ္ဓဖြစ်စဉ်နှင့်ပတ်သက်သော ကျောက်လုံးရုပ်ကြွများနှင့် လည်းကောင်း၊ အထက်ခေါင်မိုးကျောက်သားတွင် ကုန်းကြွကြွ အချင်ရနယ်များဖြင့်လည်းကောင်း တည်ဆောက်ထားသည်မှာ အပြင်၌ တစ်စစီလုပ် ထားသည်ကို အတွင်း၌ လာရောက်တပ်ဆင်ထားသည်ဟု ထင်မှားဖွယ်ရာဖြစ်သည်။ တကယ်စင်စစ်မူ ကျောက်တောင်ကြီးတစ်ခုတည်းကို ကျောင်တောင်ကြီးတစ်ခု အဖြစ် ဖန်ဆင်းလိုက်ကြခြင်းဖြစ်သည်။ အလည်တည့်တည်၌ ဟမ္မိကအထွဋ်တင်လျက် သပိတ်မှောက် ထားဟန် ထူပါကို ကျောက်တိုင် ကျောက်သားတို့အထက်၌ တည်ဆောက်ခဲ့ကြလေသည်။ ထိုသပိတ် မှောက်စေတီတော်၏ အောက်ခြေပလ္လင်မျက်နှာစာကို ကြာပလ္လင်ပေါ်၌ ခြေတော်နှစ်စုံတင်ထားသည့် ဓမ္မဒေ သနာ ဆင်းတုတော်ကို ထုလုပ်ခဲ့ကြလေသည်။ ပလ္လင်ပေါ်မှ ခြေတော်နှစ်စုံချထားသော တရားဟောဟန် ဗျာလမ္ဗပါဒဓမ္မဒေသနာဆင်းတုတော်များကို မြန်မာနိုင်ငံ ပုဂံမြို့ဟောင်း၌လည်း ဖူးတွေ့နိုင်ကြပါသည်။ ပုဂံမြို့ဟောင်း၌ ဗမာတို့ထုလုပ်သော ဗျာလမ္မပါဒဆင်းတုတော်မှာ ဒူးတော် နှစ်ဘက်၊ စုစုစည်းစည်းရှိ၍ သင်္ကန်းကို ခပ်ထူထူဖုံးထားခဲ့လေသည်။ ဂျန္တာအဲလိုရာ-ကိုင်လာ၊ ကနေရီ လှိုဏ်ဂူများရှိ A.D (၄.၅.၆)တွင် ထုသော ဆင်းတုတော်များမှာ ဒူးတော်နှစ်ဘက် ခပ်ကျယ်ကျယ် ချဲ့ကားထားသည်ကိုတွေ့ရသည်။ မဟာပုရိသလက္ခဏာတို့ကို ပေါ်လွင်စေလိုသောကြောင့်ဖြစ်မည်။ သင်္ကန်းကိုလည်း ခပ်ပါးပါးပင် လွှမ်းခြုံ ထားသည့်ဟန် ထုလုပ်ကြသည်။ ဤဂူအမှတ်(၂၆)မှာပင် အဝင်ဝ၏ လက်ဝဲဘက်နံရံ၌ (၂၃)ပေခန့်ရှိမည်ဟု ခန့်မှန်းရသော ပရိနိဗ္ဗာန်စံမည့် အသွင်အပြင် လျောင်းတော်မူမြတ်စွာဘုရားတစ်ဆူကို ဖူးတွေ့ရသည်။ လျောင်းတော်မူဘုရား၏ အပေါ်ကောင်းကင်၌ သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါများက နံ့သာပန်းများဖြင့် ပူဇော်နေသည့်အသွင်များ၊ ပလ္လင်၏ အောက်ခြေ၌ ဆေးကြိတ်သည့်ဆရာဇီဝက၊ မြတ်စွာဘုရား၏ စိတ်အစဉ်ကို အမီလိုက်၍ သမာပတ် ဝင်စားနေသော အနုရုဒ္ဓါ၊ ငိုကြွေးနေသော အရှင်အာနန္ဒာနှင့် သံဃာတော်များ၊ ခြေတော်အစုံကို ဦးခိုက်၍နေသော အရှင်မဟာကဿပ၊ လူပရိသတ်၊ နတ်ပရိသတ်၊ ရဟန်းပရိသတ်၊ ပရိသတ်အစုံ နောက်ဆုံးဖူးမျှော်ကုန်သည့် အင်ကြင်းပင်ပျိုတို့၏အကြား လျောင်းတော်မူ မြတ်စွာဘုရား၏ပုံဟန်မှာ အသက်ဝင်လွန်းလှ၍ လွမ်းဆွေးဖွယ်ရာ ဖြစ်ပါသည်။ ဂုတ္တမင်းတို့က ကုသိန္နာ ရုံတွင် သဲကျောက် အနီဖြင့် ပရိနိဗ္ဗာနဗုဒ္ဓဆင်းတုတော် ကိုထု၍ပလ္လင်ပေါ်တင် ကျောင်းတော်ကို သီးခြား ဆောက်ခဲ့ကြရသည်။ အိနိ္ဒယတောင်ပိုင်းသား Vakataka, Harisema မင်းတို့က တောင်သား တစ်ခုတည်း ကိုပင် ဘုရား၊ ပလ္လင်၊ တကဲ၊ ကျောင်း၊ တန်ဆောင်းတို့ကို တစ်ဆက်တည်း၊ တစ်ပေါင်းတည်း ထုလုပ်ခဲ့ ကြသဖြင့် ဂုတ္တတို့၏လက်ရာမှာ ချောမွတ်ဟန်ရှိသော်လည်း ချောမွတ်ပြေပြစ်ဟန် အနည်းငယ် လျော့ပါး သည့် တောင်ပိုင်းသား Harisena မင်းတို့၏လက်ရာမှာ ကျောက်တောင်ကို ထွင်းထုကြရသည် ဖြစ်ခြင်း ကြောင့် ဟတ္ထကမ္မ Handy-craft အမှုများများ ပြုကြရလေသည်။ ပို၍ ပို၍ အလုပ်များသည်။ ပို၍ ပို၍ ခက်ခဲသည်။ ပို၍ ပို၍ ပင်ပန်းသည်။ မင်းနှင့်ပြည်သူ ရဟန်းနှင့်လူ လက်တွဲ ညီညီ စုပေါင်းကောင်းမှုပြုခြင်း၏ လက္ခဏာဖြစ်သည်။ တစ်ယောက်တည်း တစ်ဦးတည်းဖြင့် ပြီးသော လုပ်ငန်းမျိုးမဟုတ်ပေ။
ပရိနိဗ္ဗာန်စံဗုဒ္ဓရုပ်ကြွ၏ခြေတော်ရင်း၌ မာရဝိဇယဆင်းတုတော်တစ်ဆူရှိပါသည်။ ကောင်းကင်၌ နတ်များပျော်ရွှင်မြူးတူး၍ နေကြခြင်းသည် အောင်မြင်ခြင်း၏ လက္ခဏာဖြစ်သည်။ မာရ်နတ်တို့ သားအဖ လေးယောက် ရှုံ့မဲ့မဲ့ဖြစ်နေကြခြင်းသည် ရှုံးနိမ့်ခြင်း၏ လက္ခဏာဖြစ်သည်။ ဤ၌ ထူးခြားသည်မှာ မြတ်စွာ ဘုရား၏ ညာလက်တော် မြေကြီးကိုထိသည့် ဘူမိဖဿပုံတော်ပင်ဖြစ်သည်။ ဖူးမြင်ဘူးသမျှ ဘူမိဖဿ တို့တွင် ညာဒူးပေါ်မှဆင်းသော မြေကြီးကိုထောက်မည့် ညာလက်တော်သည်မှောက် ထားသည့် လက်တော် ဖြစ်သဖြင့် ဘုရားဖူးသူတို့က လက်ခုံတော်ကို ဖူးရမည်ဖြစ်သည်။ ဤအဂျန္တာ မာရဝိဇယဘူမိဖဿမှာမူ ညာလက်တော်ကိုဆန့်၍ လက်ဝါးတော်ကို ဖြန့်၍ မြေကြီးကိုထိထားသည့် အနေအထားဖြစ်သည့်အတွက် ဘူမိဖဿဘုရားကိုဖူးမြင်ရာ၌ ညာလက်ဝါး၊ အတွင်းသားကိုပါ ဖူးမြင်ရမည်ဖြစ်သည်။ ထိုဖြန့်ထားသော ညာလက်ဝါး၌ စက်လေလော၊ ကြာပွင့်လေလော မှေးမှိန် နေသည့် ပုံရိပ်တစ်ခုကိုလည်းတွေ့ရသည်။ ရေးထိုးခဲ့သော ကျောက်စာများကို ထောက်ထား၍ ”Paragraphy” အရ ဤလှိုဏ်ဂူအမှတ်(၂၆)ရှိ စေတီဆင်းတု၊ အထူးသဖြင့် ပရိနိဗ္ဗာန်စံတော်မူ ပုံဆင်းတုများ၏ ခေတ်ကို A.D (၄၅၀)မှ (၅၀၀)အတွင်းဟု ခန့်မှန်းကြသည်။
လှိုဏ်ဂူ(၂၇)သည် ဂူအမှတ်(၂၆)နှင့် ဆက်လျက်တည်ဆောက်ထားသောကျောင်းဆောင်ငယ် တစ်ခု ဖြစ်သည်။ ဘုရားခန်း၊ သံဃာများဆုံစည်းရာ အလည်ကွက်လပ်၊ သံဃာတစ်ပါးချင်းသီတင်းသုံး သည့် အဆောင်ငယ်၊ အခန်းငယ်များ(လေးခန်း)ပါဝင်သည်။ နှစ်ထပ်ဆောင် ဆောက်လုပ်ခဲ့သော်လည်း ပြီးစီးခဲ့ဟန်မတူပေ။ တောင်ပြိုကျမှုများကြောင့်လည်း ပျက်စီးနေသည်က များသည်။ အဝင် ပေါက်၏ဝဲယာ၌ မကန်း၊ နဂါး၊ ဂဠုန်အချိုးညီစွာ ပေါင်းစပ်၍ ဘုမ္မဒေဝ၊ နတ်ရုပ်ပုကလေးများက ရွက်ထားသည့် သတ္တဝါသုံးကောင်၏ရုပ်ကြွမှာ ထူးဆန်းပေသည်။ ဘုရားခန်း ဓမ္မဒေသနာမုဒြာ ဆင်းတုတော်ရှိသည်။
လှိုဏ်ဂူ (၂၈)နှင့် (၂၉) နှစ်ခုတို့မှာ မပြီးစီးသော ဝိဟာရဂူကျောင်းများဖြစ်သည်။ ကျောင်းတိုင် တန်းများ၊ စေတီများအတွင်း၌ တည်ဆောက်ခဲ့ဟန်ရှိသည်။ အားလုံးပျက်စီးပျောက်ကွယ်လျက် ရှိချေပြီ။
လှိုက်ဂူ(၃၀)မှာလည်း ပျက်စီးပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။
ဤမျှ ခမ်းနားကြီးကျယ်သော ဗုဒ္ဓယဉ်ကျေးမှု အနုပညာရတနာသိုက်ကြီးကို သွားရောက်ဖူး မျှော် လေ့လာလိုကြပါလျှင် ဘုံဘေမြို့သို့ တနည်းနည်းဖြင့် ရောက်အောင်သွားကြ၍ ဘုံဘေမှ မော်တော်ကား၊ အငှားကားကောင်းကောင်းငှားလျက် ကီလိုမီတာ (၃၀၀)ခန့် ကွာဝေးသော ဩရမ်ဂဘတ်မြို့သို့ အရောက်မောင်း၊ ဟိုတယ် ကောင်းကောင်းမှာ ညအိပ်၊ ဩရမ်ဂဘတ်၏ အရှေ့မြောက် ကီလိုမီတာ (၁၀၀)ခန့်မောင်းလျှင်၊ အကယ်၍ ဩရမ်ဂဘတ်မှ နံနက် (၆)နာရီထွက်နိုင်ခဲ့လျှင် (၉)နာရီ ခန့်လောက်တွင် အဂျန္တာသို့ ကောင်းကောင်းကြီးရောက်နိုင်ပါသည်။ အဂျန္တာ၏နောက် ပေါ်ပေါက်ကြသော Elloror ကိုင်လာ၊ ကနေရီ ဂူများ၏ အကြောင်းကိုလည်း ဆည်းပူးစုဆောင်း၍ သတင်းကောင်းပါးရန် ရည်ရွယ်ထားပါသည်။
မင်းနန်းတော်ကြီးများ၊ မင်းနေပြည်တော်ကြီးများ၊ မင်းစီးသောရထားကြီးများ၊ ဘုန်းတန်ခိုး အာဏာ ကြီးမားသည့် မင်းကြီးတို့၏ ခန္ဓာကိုယ်ကြီးများ၊ ဆွေးမြေ့ပျက်စီးကြကုန်သော်လည်း သူတော်ကောင်းတရား ကား မဆွေးမြေ့နိုင်၊ တန်ဖိုးထားသူ၊ သိတတ်သူ၊ ကျင့်တတ်သူရှိသမျှ တည်ရှိနေမည်သာဖြစ်သည်။
“သူတော်ကောင်းတရား၊ နေရာတိုင်းမှာ ထွန်းတောက်ပါစေ”
သူတော်ကောင်းတို့၏ အမွေအနှစ်တို့ကို ထိမ်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
သီတဂူဆရာတော် ဉာဏိဿရ (D.Litt) (Ph.D)
အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက
ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
05.05.2010
ခတ္တမန္ဒူ။
5 comments
Gong Zhu
October 21, 2010 at 5:12 pm
စာကရှည်တော့ ပုံကို အရင် ကျော်ကြည့်လိုက်တာ အောက်ဆုံးက ပုံက ကြည်နူးစရာလေးနော် … စိတ်ထဲမှာ ကြည်နူးသွားလို့ …
bigcat
October 22, 2010 at 2:27 am
အံ့မခန်း အနုပညာ ပန်းပုပန်းဆစ်ပန်းဆွဲ လက်ရာများပါပဲ။
weiwei
October 22, 2010 at 5:24 am
ဗုဒ္ဓဂါယာကို 2005 တုန်းက သွားခဲ့တုန်းက အဲဒီနေရာခရီးစဉ်တွေမပါခဲ့ဘူး … စိတ်ဝင်စားဖို့ကောင်းတယ်နော် … နောက်တစ်ခါ ထပ်သွားပြီး အဲဒီကိုသွားကြည့်ဖို့ ကြိုးစားလိုက်အုန်းမယ် …
ဆူး
October 22, 2010 at 6:01 am
ဘယ်ခရီးစဉ်မှ မပါဘူး မဝေဝေ.. အဲဒါ သွားချင်ရင် ဆရာတော်ကြီး ပြောတဲ့ အစီအစဉ်အတိုင်း အုပ်စုနဲ့ သွားသင့်တယ်လို့ ထင်ပါတယ်။ ကုလားတိုင်းပြည်ကတော့ လုံခြုံရေး စိတ်မချရဘူး.. အဖွဲ့ဝင်များများ သွားတာပို ကောင်းမယ်လို့ ယူဆပါတယ်။
char too lan
October 22, 2010 at 8:08 am
ကျေးဇူးပါဆူးရေ…..
ဒီလိုပီးပြည့်စုံတဲ့ ဗဟုသုတကိုတစ်ထိုင်တည်းရလိုက်လို့ပါ