အချစ် ဝေဖန်ရေးဆရာ
လက်ထပ်ပြီး သုံးနှစ်မြောက်မှာ သူမအကြည့် သူမဆုံးဖြတ်ချက်ကို သူမ စသံသယဝင်လာမိတယ်။ ဘာဖြစ်လို့ အစတည်းက ဒီလိုယောက်ျားမျိုးကိုမှ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ခဲ့မိသလဲ? ထက်မြက်တဲ့၊ တော်တဲ့ယောက်ျားတွေ ဒီလောက်အများကြီးထဲမှာ ဘာဖြစ်လို့ ဆိုးကွက်တွေဗလပွနဲ့ ဒီလိုယောက်ျားကိုမှ သူမရွေးချယ်ခဲ့ရသလဲ?
သူ မှတ်ဉာဏ်မကောင်းဘူး။ သူ့ကို မှာလိုက်တဲ့ကိစ္စတိုင်း မျက်စိတမှိတ်အတွင်းမှာ သူမေ့သွားတတ်တယ်။
သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ သူမသာ တဗျစ်တောက်တောက် မရွတ်ရင် သူဟာ ဘယ်တော့မှ ကိုယ်တိုင် အဝတ်အစားလဲသူ မဟုတ်ဘူး။
ချစ်စရာစကားတွေကို တီတီတာတာ သူ မဆိုတတ်ဘူး။ သူဟာ ဘယ်တော့မှ သူမ မျက်နှာနီမြန်းသွားစေတဲ့၊ ရင်ခုန်သွားစေတဲ့စကားကို မပြောခဲ့ဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို သူမ အကြိမ်ကြိမ် အပြစ်တင်၊ ဝေဖန်ခဲ့ပေမယ့် သူ မပြောင်းလဲခဲ့ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ကြားမှာ တင်းမာမှုတွေ ပိုပိုလာခဲ့ပါတယ်။
ချစ်သူရည်းစားဖြစ်ချိန်က ချွဲနွဲ့ခဲ့တဲ့ စကားတွေ၊ ကြည်နူးခဲ့တဲ့ အပြုအမှုတွေက အခုချိန်မှာ ရေခဲပြင်လို အေးစက်နေခဲ့တယ်။ သူမ ခံစားရခက်လာတယ်။ ဒီလိုနဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆီ ယောက်ျားဖြစ်သူရဲ့ “အပြစ်”တွေကို သူမ ရင်ဖွင့်ခဲ့မိတယ်။ သူရဲ့အပြစ်တွေ၊ ဆိုးကွက်တွေတိုင်းက သူမကို မခံမရပ်ဖြစ်စေခဲ့တယ်။
သူမ ပြောသမျှကို သူငယ်ချင်းက စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး သူမကို မေးတယ်။
“နင်က အချစ် ဝေဖန်ရေးဆရာလား? သူ့အပေါ် ဝေဖန်ဖို့ကိုပဲ နင်ရှာနေတော့မှာလား? နင့်စိတ်ကို ချမ်းသာစေတဲ့အရာ သူ့အပေါ်မှာ ရှာမတွေ့နိုင်တော့ဘူးလား?”
“ရှာမတွေ့လို့ပဲ ပြောတာပေါ့။ သူ့ဆိုးကွက်တွေပြောမှ သူ့ကို ပြုပြင်နိုင်မယ်လေ။ ကောင်းကွက်တွေ ဘာလို့ပြောနေရမလဲ?”
“နင် မှားပြီ။ သူ့ကောင်းကွက်တွေကို မကြာခဏ ပြောရတယ်။ ငါတို့ဟာ နေ့ရက်တွေကို ဖြတ်ကျော်နေကြတဲ့ သာမန်ဇနီးမောင်နှံတွေဖြစ်လို့ပဲ။ ငါတို့က ရေခဲသေတ္တာလို အေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာတွေ မဟုတ်ဘူး” သူငယ်ချင်းက ပြုံးပြုံးလေးနဲ့ပြောတယ်။
“ရေခဲသေတ္တာလို အေးစက်တဲ့ အချစ်ဝေဖန်ရေးဆရာ” တဲ့။ ဟုတ်ပါတယ်.. အိမ်မှာ သူမဟာ ဒီလိုုဇာတ်ကောင်နဲ့ပဲ အမြဲသရုပ်ဆောင်ခဲ့တာပဲ မဟုတ်လား?
ချစ်သူရည်းစားဖြစ်တုန်းက ချိုမြိန်ကြည်နူးခဲ့ကြတဲ့ အချစ်တွေ ခုတော့ တဖြေးဖြေး ပျောက်ဆုံးခဲ့ကုန်ပြီ။ ဘဝရဲ့မီးခိုးမီးငွေ့တွေက သူမရဲ့အကြင်နာခေါင်းတိုင်ကို တဖြေးဖြေး ဖုံးလွှမ်းဝါးမျိုသွားခဲ့ပြီ။ ပေါ့ပေါ့တန်တန် နေ့ရက်တွေက သူမရဲ့ စိတ်ရှည်၊ သည်းခံ၊ ခွင့်လွတ်စိတ်ကို ပျောက်ဆုံးစေခဲ့ပြီ။ အသံအနေအထား၊ မျက်နှာအနေအထားနဲ့ ကလေးတစ်ယောက်ကို သွန်သင်ဆုံးမသလိုမျိုး အစတည်းက ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို သူမ ပြစ်တင်မောင်းမဲနေခဲ့ပြီ။
သူငယ်ချင်းနဲ့ လမ်းခွဲ အိမ်ပြန်လာပြီးနောက် သူ့အပေါ်ကြည့်တဲ့အမြင်ကို သူမ ပြောင်းလိုက်တယ်။ ဝေဖန်တဲ့ မျက်လုံးနဲ့ သူမ မကြည့်တော့ဘူး။ အေးစက်စက် ဝေဖန်ရေးသမားတစ်ယောက် မဖြစ်အောင် သူမနေတယ်။ ယောက်ျားနဲ့ သူမရဲ့ကြား ပြောင်းလဲမှုက သိသာလာခဲ့တယ်။ အနည်းဆုံးတော့ မကျေနပ်တာတွေပဲ သူမ ရင်ထဲ အပြည့် ထည့်မထားခဲ့မိတော့ဘူး။
သူ မှတ်ဉာတ်မကောင်းဘူး။ ဒါပေမယ့် သူမနဲ့ ပတ်သက်သမျှကိုတော့ သူ မှတ်မိနေတယ်။ သူမ ကြိုက်တဲ့ မဂ္ဂဇင်းကို သူမှတ်မိတယ်။ အလုပ်ဆင်း အိမ်ပြန်တဲ့အခါ သူမအတွက် နောက်ဆုံးထွက်တဲ့ မဂ္ဂဇင်းကို သူ ဝယ်လာတတ်တယ်။
လတိုင်း သူမ နေထိုင်မကောင်းတဲ့ ရက်တွေကို သူမှတ်မိနေပြီး သူမအတွက် ဆေးဝါးတွေကို သူပြင်ဆင်ပေးတတ်တယ်။
သူ သန့်ရှင်းမှုကို ဦးစားမပေးဘူး။ ဒါပေမယ့် သန့်ရှင်းတာကို သူမ ကြိုက်တယ်ဆိုတာ သူသိတယ်။ ရုံးပိတ်ရက်တွေမှာ အိမ်သန့်ရှင်းရေးကို သူလုပ်တတ်တယ်။ တန်ဖိုးရှိတဲ့ သူ့အချိန်တွေနဲ့ ဝိုင်းကူလုပ်ပေးသည့်တိုင် သူ မညည်းတွားခဲ့ဘူး။
ချစ်စရာစကားတွေ တီတီတာတာ သူမဆိုတတ်ဘူး။ ဒါပေမယ့် သူမအကြိုက်ကို သူဂရုစိုက်တတ်တယ်။ သူမကြိုက်တဲ့ဟင်းတွေ သူသင်ယူပြီး အားလပ်ချိန်မှာ သူမကို သူချက်ကျွေးတတ်တယ်။
အချစ်ရဲ့ဝေဖန်ရေးဆရာ မလုပ်တော့တဲ့နောက်ပိုင်းမှာ သူမရဲ့ပျော်ရွှင်၊ စိတ်ချမ်းသာမှုက အဆင့်တဆင့်တိုးသွားတယ်။ သူ့အပြုအမှု၊ ဂရုစိုက်မှုတွေက ဟိုးအရင်တည်းက ရှိပြီးသားဆိုပေမယ့် ဆိုးကွက်ကိုသာ ပိုမြင်ခဲ့တဲ့ သူမ ဒါတွေကို သတိမထားခဲ့မိဘူး၊ မမြင်ခဲ့မိဘူး။ အခုတော့ သူ့ကောင်းကွက်ကိုသာ သူမ ရွေးချယ်ကြည့်တတ်ခဲ့လို့ သူမရဲ့ စိတ်တွေလည်း ပိုလန်းဆန်းလာခဲ့တယ်။ ပိုပျော်ရွွှှင်လာခဲ့တယ်။ အချစ်လည်း ပိုနွေးထွေး၊ ပိုချိုမြိန်လာခဲ့တယ်။
“အချစ်ဝေဖန်ရေးဆရာ မလုပ်ဘူး” ဒါဟာ ဘဝတစ်သက်တာရဲ့ ပျော်ရွှင်ခြင်းကို သက်ရောက်စေသလို ကျွန်တော်တို့တစ်သက် သင်ယူလေ့လာဖို့ လိုအပ်တဲ့ ဘဝသင်္ခန်းစာတစ်ပုဒ်လည်းဖြစ်တယ်။ အိမ်ထောင်ရေးကို သဟဇတဖြစ်စေတဲ့ အစွမ်းလည်းဖြစ်တယ်။ ကျွန်တော်တို့ တစ်သက်လုံး လေ့လာလိုက်စားထိုက်ပါတယ်။
2 comments
ghost
November 4, 2010 at 4:23 pm
ဒီစာလေး အရမ်းသဘောကျပါတယ်။ ကျွန်တော်နဲလဲ တိုက်ဆိုင်မူ့ရှိလို့ပါ ဒါပေမဲ့ စာထဲကလိုတော့ ဇတ်မသိမ်းဘူး
kopauk mandalay
November 4, 2010 at 4:38 pm
ဒီစာလေးတွေရဲ့ရည်ရွယ်ချက် ကောင်းပါတယ်။
ဒါပေမယ့် နိုင်ငံခြားက စုံတွဲတွေကို ကြည့်ပြီးရေးထားတော့
ကျနော်တို့လို မြန်မာငနဲတွေရဲ့ ဟတ်ကိုလာမထိတာတော့ အမှန်ပါဘဲ။