ကျွန်မ၏ တပည့်ကျော်လေး
ထူးထူးခြားခြားတပည့်တွေအကြောင်းထဲမှာ သူလေးလဲပါတယ်။ ကျွန်မက သူငယ်တန်းကနေ ၉ တန်းအထိ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးတဲ့အချိန်ကပေါ့။ ကလေးလေးတစ်ယောက်ကို သူ့အမေက ခေါ်လာပြီး ကျူရှင်လာအပ်တယ်။ ကလေးလေးက သေးလွန်းလို့ သူငယ်တန်းကလေးလို့ထင်မိတယ်။ ဒါပေမယ့် ကလေးအမေက ကျောင်းဖွင့်ရင် ပထမတန်းတက်ရမှာတဲ့။ သူငယ်တန်းအောင်ပြီးပြီလို့ပြောပါတယ်။ အသက်ဘယ်လောက်လဲလို့မေးကြည့်တော့ ၅ နှစ်ကျော်ပြီး ၆ နှစ်ထဲမှာတဲ့။ ကလေးက ကျန်းမာရေးသိပ်မကောင်းတော့ သေးသေးလေးဖြစ်နေတယ်။ အဲဒါနဲ့ စာစသင်တော့တာပေါ့။ ပထမတန်းစာအုပ်နဲ့လဲ စလိုက်ရော စာတွေကို မဖတ်တတ်တာကို သိလိုက်ရတယ်။ အဲဒါနဲ့ ကကြီး ခခွေးပြန်ဆိုခိုင်းတော့ ဆိုတတ်ပေမယ့် တစ်လုံးချင်းရေးပြီး မေးရင် မသိပါဘူး .. ဝလုံးကိုတောင် သေချာဝိုင်းအောင် မဆွဲတတ်တာကို တွေ့လိုက်ရတယ်။ တစ်ခုခုတော့လွဲနေပြီဆိုပြီး ကလေးအမေကို ခေါ်မေးကြည့်တော့ သူငယ်တန်းတုန်းက သမီးက တချိန်လုံးနေမကောင်းဖြစ်နေလို့ ကျောင်းတက်ရတယ်ကို မရှိဘူးတဲ့။ မူလတန်းကလဲ အကုန်အောင်စနစ်ဆိုတော့ အောင်သွားပါတယ်တဲ့။ ကလေးက နိုဝင်ဘာမှာမွေးတာဆိုတော့ ငယ်နေပါသေးတယ်။ လက်ကလေးတွေကလဲ သေးသေးလေးနဲ့ စာရေးခိုင်းရတာတောင် သနားစရာကောင်းနေပါတယ်။ အဲဒါနဲ့ ကျွန်မက ကလေးအမေကို အကြံတစ်ခုပေးလိုက်ပါတယ်။ ကလေးဆိုတာ အခြေခံမှာအရမ်းအရေးကြီးတယ်။ သူငယ်တန်းမှာ သူ့ကိုပြန်ထားလိုက်ပါလို့ပြောလိုက်တယ်။ ကလေးအမေကလဲ သဘောတူတယ်။ ကျွန်မလဲ သူ့ကို ကကြီး ခခွေးပြန်သင်ရင်းနဲ့ နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးသွားပါတယ်။
ကျောင်းလည်းဖွင့်ရော ကလေးအမေက ဆရာမကို သူငယ်တန်းပြန်ဆင်းချင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဆရာမက လက်မခံဘူးတဲ့။ ထုံးစံမရှိဘူး။ အဲဒီလိုလုပ်လို့ မရပါဘူးတဲ့။ တကယ်လို့ သူငယ်တန်းကိုပဲ ပြန်ထားချင်သပဆိုရင်တော့ တခြားကျောင်းမှာ သူငယ်တန်းကျောင်းသားအနေနဲ့ ကျောင်းသားအသစ်ပေါ့ .. သွားအပ်လိုက်ပါလို့ ပြောတယ်။ ကလေးမိဘတွေက ဆင်းရဲတယ်။ ကျောင်းအသစ်မှာ ကျောင်းဝင်ကြေးပေးရမှာကို မပေးချင်ပါဘူး။ လက်ရှိကျောင်းကလဲ အဲဒီရပ်ကွက်မှာ အကောင်းဆုံးအထက်ကျောင်းဆိုတော့ ကလေးအမေက အဲဒီကျောင်းမှာ ပထမတန်းအနေနဲ့ပဲ အပ်ခဲ့လိုက်ပါတယ်။ ကျွန်မကတော့ ဘာမှမတတ်နိုင်ဘူးလေ … ကလေးကိုလဲ ပထမတန်းစာသင်လို့မရဘူး။ သီတင်းကျွတ်ချိန်အထိတော့ ကြိုးစားပြီးသင်ပေးပေမယ့် ကလေးက စာတွေပိလာသလိုဖြစ်လာပါတယ်။ ကျွန်မလဲ စိတ်မပါတော့တာနဲ့ ကလေးကို ဆက်မသင်ချင်တော့ကြောင်းပြောလိုက်တယ် … ကလေးအမေကလဲ ဝမ်းသာအားရပါပဲ … အားမနာပါနဲ့ဆရာမတဲ့ .. ကျွန်မကလဲ သမီးကို သူ့အတန်းပိုင်ဆရာမဆီမှာ ကျူရှင်အပ်လိုက်ဖို့ စိတ်ကူးထားပြီးသားပါတဲ့ …
တပည့်ကျော်လေးကတော့ ကျွန်မကိုခင်ရှာပါတယ် .. လမ်းမှာတွေ့ရင် နှုတ်ဆက်တယ် … အခုတော့ မူလတန်းတောင် အောင်လို့ ၅ တန်းကျောင်းသူတောင်ဖြစ်နေပါပြီ .. သူ့ရဲ့စာအခြေအနေတော့ မသိတော့ပါဘူး … မှန်းဆလို့သာ ကြည့်ပါတော့ ….
10 comments
Cuper
November 11, 2010 at 8:27 am
ကလေးလေးသနားပါတယ် သူငယ်တန်းက ပြန်စတတ်ခိုင်းသင့်တာပေါ့။
ဆူး
November 11, 2010 at 9:06 am
တပည့်ကျော်.. တော်တီးတီးတော်..
စိတ်မပူနဲ့.. နယ်က တချို့ကလေးတွေဆို ၂တန်း လောက်အထိ စာမဖတ်တတ်ဘူး.. ဖတ်ခိုင်းရင် ပတ်ပြေးနေတယ်။ ၃တန်း လောက်အထိလည်း အရောင်မှန်အောင် ပြောနိုင်ဘူး..
moethidasoe
November 11, 2010 at 9:37 am
ပထမ အပြစ်က အသက်မပြည့်သေးခင်မှာ ကျောင်းထားတာပဲ .. ကလေးရဲ့ ဦးနှောက်က လက်မခံနိုင်သေးတဲ့အချိန်မှာ အတင်းရိုက်သွင်းပေမယ့် (ချွင်းချက်တော့ ရှိတာပေါ့ .. သိပ်ညာဏ်ကောင်းတဲ့လူတွေတော့ ရှိတတ်တယ် .. ရှားတယ်) ဘယ် လက်ခံနိုင်ပါမလဲ .. အဲဒီကလေးမျိုးဟာလဲ စာကြောက်တဲ့ ကလေး ဖြစ်သွားတတ်တယ် ..
ပညာရေးစနစ်ကတော့ .. ပြောချင်တော့ပါဘူးလေ ..
ဟိုတုန်းကလဲ ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့ဘူးတယ် .. အမေဖြစ်သူက ကိုယ်တိုင် ကျောင်းဆရာမ ဆိုတော့ သမီးကို လေးနှစ်ကျော်ကျော်မှာပဲ ကျောင်းအပ်လိုက်တယ် .. အမေရှိနေတော့ မှန်မှန် အောင်ခဲ့ပေမယ့် .. ရှစ်တန်းရောက်တော့ ဘုံးဘုံးကျတာ .. အောင်သွားပြန်တော့လဲ ဆယ်တန်းမှာ ကျပြန်ရော .. ဒါကြောင့်ပါ ..
weiwei
November 11, 2010 at 9:42 am
ဟုတ်ပါတယ် … ကလေးတွေအရွယ်မရောက်ခင် အသက်လိမ်ပြီးကျောင်းထားနေကြတာတွေအတွက် သတိပေးချင်တာနဲ့ တကယ့်အဖြစ်အပျက်လေးကို ရေးပြလိုက်တာပါ …
moethidasoe
November 11, 2010 at 10:17 am
ကျေးဇူးပဲ ဝေဝေ .. ကလေးအမေများများ ဖတ်မိကြပါစေလို့ ..
unclegyi1974
November 11, 2010 at 3:37 pm
အမှန်ကမိဘတွေဆန္ဒစောနေလို့ပါ
အသက် ၅ နှစ်လောက်နဲ့အတန်းတက်ရတာကိုဂုဏ်ယူနေ
ကြတာ နောက်အတန်းကြီးလာတော့စာမလိုက်နိုင်တာ
နဲ့ဘာမှမထူးပါဘူးကလေးအတွက်အနှုတ်တောင်ဖြစ်
ပါသေးတယ်
ဒါကြောင့်တချို့နိုင်ငံတွေအသက် ရ နှစ်မှကျောင်း
စထားတာတွေရှိလာပါပြီ
သတိမထာမိကြလို့ပါကျွန်တော်နဲ့သိတဲ့မိဘတွေ
ကိုုကလေးတွေကျောင်းထားတာအသက်ငယ်ရင်
မထားဖို့အမြဲအကြံပေးပါတယ်
Aunti Moe
November 11, 2010 at 4:58 pm
ကလေးတွေကို အတန်းပိုင်နဲ့ အပ်တာကလည်း ပြဿနာ။
ကောင်းတာနဲ့တွေ့ရင်တော့ ကောင်းတာပေါ့။
မကောင်းတာနဲ့တွေ့ရင်တော့ ဘဝနဲ့ချီပြီး သွားပြီပေါ့။
ဆရာဆိုတာ တနှစ်တာအတွက်ပဲ တာဝန်ရှိတာမဟုတ်ပါဘူး။
weiwei
November 11, 2010 at 5:54 pm
ကျွန်မ တူမလေး ၂ ယောက်မှာ အကြီးမလေးကို အသက် ၃ နှစ်လောက်ကထဲက သူ့အမေက စာသင်တယ်။ သူငယ်တန်းမတက်ခင် သူက သူငယ်တန်းစာအုပ်ကို ၂ ပြန်လောက်သင်ပြီးနေပြီ။ ကျောင်းလည်းတက်ရော ကကြီးခခွေးပြန်မြင်ပြီး စာပျင်းတဲ့ကလေးဖြစ်သွားတယ်။ သိပ်ငယ်တုန်းမှာ စာရေးရတော့ လက်ရေးလဲ မလှဘူး …
အဲဒါကိုနမူနာယူပြီး အငယ်မလေးကို ဘာစာမှမသင်ပဲ ဆော့ကစားခိုင်းထားလိုက်တယ်။ ကလေးက သူ့ဟာသူ စာသင်ချင်စိတ်တွေပေါ်နေတယ်။ အောက်တိုဘာမှာမွေးတာကိုလဲ ကျောင်းစောစောမထားပဲ နောက်ကျထားလိုက်တယ်။ အကျိုးရလဒ်ကတော့ ကလေးက စာလုံးတွေကို အရမ်းလှအောင်ရေးနိုင်တယ်။ စာကိုလဲ စိတ်ဝင်စားတယ်။ အကြီးမထက် စိတ်ဓါတ်အရရော အတန်းမှာအဆင့်ကောင်းတာရော သာလွန်တာကိုတွေ့ရတယ် ….
bigcat
November 12, 2010 at 1:13 am
ကျန်းမာရေးမကောင်းတာ၊ အဟာရချို့တဲ့တာက အဓိကလို့ထင်ပါတယ်။
ဆူး
November 12, 2010 at 4:18 am
ကလေးတွေ အကြောင်း မသိတော့ ဝင်မပါတော့ဘူး.. ဟီးဟီး.. မှတ်မိတာပြောရရင် ငယ်ငယ်က စာမကျက်ချင်လို့ ဒုတ်ကြည့်ခဲ့ရတာ.. အဲ.. မပြောတော့ဘူး.. တော်ကြာ ရွီးတယ် ထင်မှာ စိုးလို့..