အားနာတယ်ဆိုတာ ဘာလဲ?

weiweiNovember 16, 20101min27613

ကိုကြောင်ကြီးရေးလိုက်တဲ့ မပြောင်းလဲရင် ဖောင်းဆိုတာနဲ့ ကွန်မန့်တွေဖတ်မိပြီး တွေးစရာတွေပေါ်လာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြောပြချင်စိတ် ပေါ်လာတာနဲ့ အခုလို ချရေးလိုက်ပါတယ်။ ကျွန်မတို့ ဗမာလူမျိုးဆိုတာ အရမ်းအားနာတတ်တယ်လို့ လူတိုင်းလဲပြောကြတယ်။ လက်လဲ လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကိုရောက်ပြီး နိုင်ငံပေါင်းစုံကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့အခါမှာတော့ အားနာတယ်ဆိုတာ ဘာလဲဆိုတာကို စဉ်းစားစရာပေါ်လာပါတော့တယ်။

တရုတ်မိသားစုတစ်ခုက ကျွန်မတို့ ဗမာလူမျိုး ၄ ယောက်ကို ခင်လို့ သူတို့အိမ်မှာ ထမင်းစားဖိတ်ပါတယ်။ ကျွန်မတို့ကလဲ ရောက်ခါစဆိုတော့ ဘာမှနားမလည်ပါဘူး။ စိတ်ထဲကတော့ အရမ်းအားနာပေမယ့် မသွားရင် မကောင်းဘူးလို့တွေးပြီး သွားစားကြပါတယ်။ လက်ဗလာနဲ့ ဒီအတိုင်းသွားမိပါတယ်။ စားပြီးတော့ စကားတွေပြောဆိုပြီး နှုတ်ဆက်ပြန်လာကြပါတယ်။ အဲဒီတရုတ်မိသားစုက တရုတ်မက ကျွန်မနဲ့ပိုရင်းနှီးလာတော့ ကျွန်မကိုပြောပါတယ်။ နောက်ဆို သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ဝယ်သွားပါတဲ့။ အနဲဆုံး သစ်သီးလေက်တော့ ဝယ်သွားရမယ်တဲ့။ ထမင်းစားပြီးလို့ ပြန်ရင်လဲ ကျေးဇူးတင်ပါတယ်လို့ ပြောရမယ်တဲ့။ ကိုယ့်မိဘအိမ်မှာ စားတာမှ မဟုတ်တာဆိုပြီး ကျွန်မကို သင်ပေးပါတယ်။ ကဲ … ဘယ်လောက်မျက်နှာပူစရာကောင်းလိုက်သလဲလို့ … အဲဒီနေ့က စလို့ ကျွန်မကတော့ လက်ဆောင်ဝယ်ပေးတာနဲ့ ကျေးဇူးတင်စကားကို မမေ့မလျော့ မပေါ့မဆ အမြဲတမ်းလုပ်ပါတော့တယ် …

အဲဒီတရုတ်မစကားကို ကျွန်မသူငယ်ချင်းတွေကို ပြောပြတော့ သူတို့က စိတ်ဆိုးသလိုဖြစ်ကြပါတယ်။ သူတို့အတွေးကတော့ မိသားစုလိုသဘောထားရင် ကျေးဇူးတင်စကားပြောစရာမလိုပါဘူးတဲ့။ ရင်ထဲက ကျေးဇူးတင်နေရင် ပြီးတာပဲတဲ့။ သွားစားတယ်ဆိုတာကလဲ ကျွေးတဲ့သူကုသိုလ်ရအောင်သွားစားတာ။ ကျေးဇူးတင်စကားပြောရတာ တစိမ်းဆန်တယ်လို့ ခံစားရတယ်လို့ ပြောပါတယ်။

တခြားနိုင်ငံခြားသားတွေကလဲ မကြာခဏပါတီဆိုပြီး လုပ်ပါတယ်။ စားကြသောက်ကြပေမယ့် ဖိတ်တဲ့သူက အမာခံအစားအစာလောက်ပဲ စီမံပါတယ်။ သွားတဲ့သူအားလုံးက ကိုယ်ကျွမ်းကျင်ရာကို ချက်ပြုတ်ပြီး ယူသွားရပါတယ်။ အနဲဆုံးတော့ အအေးဗူး ဝယ်သွားရပါတယ်။ အားလုံးနားလည်ထားကြပြီးသား နားလည်မှုတစ်ခုဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ချင်းစာပြီး ပိုက်ဆံများများမကုန်စေချင်တဲ့ စေတနာလို့ နားလည်မိပါတယ်။

ကျွန်မတို့ရဲ့အားနာတယ်ဆိုတာက ကိုယ့်ကိုအကူအညီလာတောင်းရင် ငြင်းရမှာ အားနာပါတယ်။ မလုပ်ပေးနိုင်လဲ စိတ်ထဲကအောင့်သက်သက်ပေမယ့် ကြိုးစားပြီးလုပ်ပေးကြပါတယ်။ ကိုယ်က သူများဆီအကူအညီတောင်းရမှာလဲ အားနာပြန်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမှာလဲ အားနာပါသေးတယ်။ ဧည့်သည်တွေ အလိုက်ကမ်းဆိုးမသိ အကြာကြီးနေရင်လဲ အားနာပြီး မရှိရှိတာ ချက်ကျွေးကြပါတယ်။

တရုတ်အပါအဝင်နိုင်ငံခြားသားတွေကတော့ သူတို့မလုပ်ပေးနိုင်တာကို အားမနာပါဘူး။ ပြုံးပြုံးလေးနဲ့ငြင်းပါတယ်။ အငြင်းခံရတဲ့သူကလဲ စိတ်မဆိုးပါဘူး။ လုပ်ပေးနိုင်ရင်လဲ အစအဆုံး ထိထိရောက်ရောက် ကူညီပါတယ်။ သူတို့တွေက အကူအညီတောင်းတဲ့စကားကို လွယ်လွယ်ပြောထွက်သလို ငြင်းတဲ့စကားကိုလဲ အေးအေးဆေးဆေးပြောနိုင်ကြပါတယ်။ စိတ်ဆိုးခြင်း စိတ်ကောက်ခြင်း သိပ်မတွေ့ရပါဘူး။

ကျွန်မကတော့  အားနာတယ်ဆိုတာ ဘာလဲလို့ အတိအကျ မသိတော့ပါဘူး … တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာစိတ်နဲ့ နားလည်မှုရှိပေးတာ ပိုကောင်းတယ်လို့ထင်ပါတယ် …

13 comments

  • bigcat

    November 17, 2010 at 2:30 am

    မဝေဝေပြောတဲ့ သူတို့ရဲ့ ပွင့်လင်းတဲ့ စိတ်ဓါတ်တွေကို အတုယူကြဖို့ သင့်ပါတယ်။ ကျနော်တို့ မြန်မာတွေမှာ အကူအညီ တောင်းရမှာကိုသိမ်ငယ်၊ ငြင်းရမှာကို အားနာ၊ အငြင်းခံရရင် ရှက်တတ်ကြလို့ ခက်ပါတယ်။ သူများကျွေးရင် တခုခုယူသွားပြီး မပေးချင်ရင် မသွားတာ အကောင်းဆုံးလို့ ထင်ပါတယ်။

  • နီလေး

    November 17, 2010 at 3:01 am

    ယဉ်ကျေးမှုခြင်းမတူတော့ ဒီပြသာနာလေးတွေကြုံတွေ့နေရတာလေ ဒါပေမယ့်ကောင်းတဲ့အတုတော့ယူရမယ်လေ ဟုတ်တယ်ဟုတ်

  • weiwei

    November 17, 2010 at 3:06 am

    အတုယူစေချင်လို့ နဲနဲလမ်းခင်းပေးတာပါ … ခေတ်နဲ့အညီ ပြင်သင့်တာလေးတွေ ပြင်သင့်ပါပြီ …

  • Ko Lay

    November 17, 2010 at 3:31 am

    ကိုယ်ရောက်နေတဲ့ နေရာရဲ့ယဉ်ကျေးမှု အတိုင်း ကျင့်သုံးတာ ကောင်းပါတယ်။ ဥပမာ မြန်မာမိသားစုတစ်ခုနဲ့ တရုတ်မိသားစုတစ်ခု အမေရိကန်နိုင်ငံ ကိုရောက်နေရင် နှစ်ဘက်စလုံးက အမေရိကန် ထုံးစံ အတိုင်း လိုက်လုပ်သင့်ပါတယ်။ တရုတ်ကလည်း သူ့ထုံးစံအတိုင်း လိုက်မလုပ်လို့မြန်မာကို စိတ်မဆိုး သင့်ပါဘူး။ မြန်မာ ကလည်း ထို့အတူပါပဲ။

  • ဆူး

    November 17, 2010 at 3:45 am

    ဒီပိုစ်ကို ဖတ်လိုက်မှ ဘာလို့မှန်း မသိဘူး.. ဆူး စိ်တ်နဲ့ မဝေ ပြောတဲ့ ဗမာ စိတ် နဲနဲ ကွာသလို ဖြစ်နေတယ်။ မကျေနပ်ရင် မကျေနပ်ဘူး ဒဲ့ ပြောတာဘဲ.. ဒဲ့ ပြောခွင့် မကြုံရင် ကြုံရင်တော့ သိအောင် ပြောတာဘဲ။ သူများကို အကူအညီ တတ်နိုင်သလောက် မယူ ပေမဲ့.. ယူမိတယ် ဆိုရင် ကျေးဇူး တင်စကား လွယ်လွယ် ပြောတတ် တဲ့ အလေ့ အကျင့် ရှိသလို ကူညီဘူးတဲ့ လူကိုလည်း နောက်များကြုံရင်တော့ မမေ့မလျော့ ကူညီဖို့ ဝန်မလေးဘူး။
    သူများ ကျွှေးတာ စားပြီး နောက်တခါ ဝယ်ကျွှေးဖို့ မမေ့ မလျော့ သတိထားတယ်။ တတ်နိုင်သလောက် သူများ ကျွှေးတား မစားမိအောင် နေတယ်။ အကြွေးတင်မှာ စိုးလို့.. သူများ အိမ်မှာ သွားစားတယ် ဆိုရင်တော့ ကျေးဇူးတင်တယ် ပြောဖြစ်ပေမဲ့.. သူငယ်ချင်း အချင်းချင်း စားရင်းနဲ့ ရှင်းသွားရင်တော့ ကျေးဇူးတင်တယ် မပြောဖြစ်ဘူးထင်တယ်။ ပြောလို့သာပြောတာပါ.. လုပ်ငန်းခွင်ကလည်း ကျေးဇူးတင်စကား လွယ်လွယ်ပြောတတ်အောင် သင်ပေးတတ်တယ်။ ဥပမာ ဧည့်ကြို ခလေးမတွေဆို.. ဝင်တာ မြင်ရင် မင်္ဂလာပါ.. ထွက်တာမြင်ရင် ကျေးဇူးတင်ပါတယ်။ အဲလို အလုပ်တွေမှာ ရိုင်းတဲ့ လူတွေ ၃လလောက် လုပ်ခိုင်းလိုက်.. အကျင့်ပါသွားတယ်။

  • weiwei

    November 17, 2010 at 4:07 am

    ဆူးက အများနဲ့မတူတဲ့သူတစ်ယောက်ဖြစ်ပါလိမ့်မယ် … အများအားဖြင့် စကားနဲပြီး အားနာတတ်တာတွေများတယ် … အခုပဲကြည့်လေ ဆူးက အခုလိုပွင့်ပွင်းလင်းလင်းရှိတော့ ထက်ထက်မြက်မြက်နဲ့ မြန်မာ့ ပထမတန်း လက်ဝှေ့ကျော်တောင် ဖြစ်နေပြီမဟုတ်လား … သူများတွေကိုလဲ ဆူးလိုဖြစ်အောင် ပွင့်လင်းကြပါ .. အားမနာကြပါနဲ့လို့ ..

  • ဆူး

    November 17, 2010 at 4:15 am

    အများနဲ့ တူ မတူတာတော့ မသိဘူး.. အများအမြင်မှာ တော်တော် ဂွတီး ဂွကျ နိုင်တဲ့ လူ တယောက် ဖြစ်တောင် ဖြစ်နေလေမလားဘဲ။

  • မှော်ဆရာ

    November 17, 2010 at 10:10 am

    အားနာတယ်ဆိုတာ ပြောချင်လျှက်နဲ့ အပြောရခက်နေတာ…
    လုပ်ချင်လျှက်နဲ့ အလုပ်ရခက်နေတာလို့ မှတ်သားဖူးတယ်။
    အားမနာတတ်တာ မကောင်းသလို အားနာလွန်းတာလဲ မကောင်းပါဘူး။

  • kopauk mandalay

    November 17, 2010 at 12:31 pm

    မြန်မာတွေက အများအားဖြင့် ရပ်ကွက် မြို့ အပြောင်းအလဲသိပ်မလုပ်ဘဲ တစ်နေရာထဲမှာနေကြတာများတယ်။
    အတူအနေကြာလာတဲ့အခါမှာဆွမျုးိအရင်းအခြာလို ဖြစ်ကုန်တယ်။
    အဲတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်ထဲမှာ အိမ်အလည်သွားတာ စားကြသောက်ကြတာကို အားနာစရာမထင်ပေမယ့်
    အကူအညီတောင်းလာရင် ငြင်းပယ်ရမှာကြ အားနာစရာလို့ထင်မှတ်ပါတယ်။
    ဒီတော့လဲ တစ်ခါတစ်ရံမှာ မထင်မှတ်တဲ့အခက်အခဲတွေပေါ်လာပါတယ။်
    နိုင်ငံခြားနဲု့ဆိုရင်ပြောင်းပြန်ပေါ့။
    ဒါပေမယ့် သိပ်ကောင်းတဲ့ စကားပုံလို့ကျင့်သုံးနိုင်ရင်တော့ ပြဿနာမရှိပါ။
    လူတိုင်းကြားဘူးပါတယ် မကျင့်သုံးလို့ပါ။
    အဲဒါကတော့
    ရောမကိုရောက်ရင် ရောမလို့ကျင့်ပါ တဲ့ ဘယ်သူပြောခဲ့သလဲတော့ ကျနော်မသိဘူးဗျ

  • naywoonni

    November 17, 2010 at 3:44 pm

    အားနာတယ်ဆိုတာပြောသင့်ပြောထိုက်တဲ့အချိန်မှာပြောသင့်ပြောထိုက်တဲ့စကားကိုပြောဖို့ဝန်လေးသူ
    ပြောဖို့သတ္တိမရှိသူပါ…….မဝေတင်ပြတဲ့ကိစ္စနဲ့သိပ်မဆိုင်ဘူးလို့ထင်ပါတယ်..။
    မဝေပြောတဲ့ကိစ္စက…နေရာဒေသလိုက်ပြီးသုံးတဲ့ဓလေ့ထုံးစံ/ယဉ်ကျေးမှုပါ……….
    သူ့ကျောင်းနေသူစာအံဆိုသလိုသူ့ဆီမှာရောက်နေရင်သူဓလေ့ထုံးစံကိုလိုက်နာရမှာပါ
    ကိုပေါက်ပြောသလိုရောမရောက်တော့ရောမလိုကျင့်ပေါ့……..။
    ဒါပေမဲ့…သူတို့လုပ်သလိုယောက်ျားတွေနဲ့အရက်ခွက်လှည့်သောက်တာတို့…အဝတ်အစားပြိုင်ဝတ်တာတို့တော့
    မလုပ်နဲ့ပေါ့ဗျာ….အပြီးနေမှာဆိုလည်းတစ်မျိုးပေါ့…..နော့
    ဒါကျွန်တော့အမြင်ပါ
    ပြီးတော့အားနာတယ်ဆိုတာကြောက်တတ်ခြင်းတစ်မျိုးပါ

  • weiwei

    November 17, 2010 at 4:20 pm

    အားနာပြီး ခံခဲ့ရပေါင်းမနဲတာနဲ့ စိတ်ကူးပေါက်ပြီး အားနာတာမကောင်းကြောင်း ပွင့်ပွင့်လင်းလင်းရှိတာကောင်းကြောင်း ပြောပြချင်တာ .. ခက်တာက စာရေးတာက အခုမှစတာဆိုတော့ လိုရင်းမရောက်ဘူးဖြစ်သွားတယ်ထင်တယ် … ပထမဆုံး ကိုကြောင်ကြီး မန်းလိုက်တဲ့ ကွန်မန့်က ကျွန်မဆိုလိုချင်တဲ့ မူရင်း အဓိပါယ်ဖြစ်ပါတယ် …

  • ကြေးမုံ

    February 4, 2011 at 7:10 pm

    ဟုတ်ပါတယ်။ အနောက် နိုင်ငံသားတွေ ဆီမှာတော့ အားနာ တယ် ဆိုတဲ့ စကားလုံးကို မရှိပါဘူး။
    သူတို့ လုပ်ပေးနိုင် တဲ့ ကိစ္စ ။ပေးနိုင်သလောက် ကို ပေးပါတယ်။
    မပေးနိုင် တဲ့ အတိုင်းအတာကို တော့ အားနာလို့ ဆိုပြီး ပေးလိုက်တာမျိုး လုံးဝကိုမရှိပါဘူး။
    မကြိုက်တာတွေ တွေ့ လို့ လဲ အားနာဟန်ဆောင် ပြီး ကြိတ် မှိတ် နေလဲ့ မရှိပါဘူး။

    မိတ်ဆွေ ဘဲဖြစ်ဖြစ် ။ဆွေ မျိုးသားချင်းဘဲ ဖြစ်ဖြစ် ။အိမ် အလည်ခေါ် ထမင်းစား ဖိတ်ပြီ ဆိုရင်

    အနဲဆုံး ပန်းစည်း တစ်စည်း က နေ ကိတ်မုန့်ဘဲဖြစ်ဖြစ်။ဝိုင် တပုလင်းဘဲဖြစ်ဖြစ်။
    တစ်ခု့ခု့ တော့ သယ်ယူလက်ဆောင် ပေးရစမြဲပါဘဲ။

    say thank you ! ကတော့ မွေးရာပါ အကျင့် ဖြစ်လောက် အောင် အမြဲ လိုလို
    သုံးနှုန်း လေ့ ရှိကြပါတယ်။

  • မဝေ ပြောတာ သိပ်မှန်ပါတယ်။ အားနာတတ်လို့ နေရာတိုင်း ကိစ္စတိုင်းမှာ ကျွန်တော် ဒုက္ခရောက်ပေါင်းများလှပါပြီ။ အဆိုးဆုံးက ကြွေးပြန်တောင်းတဲ့ နေရာမှာ။

Leave a Reply