အိမတို့မိသားစု , ပူဆွေးရသော ညတစ်ည
အိမတို့မိသားစု …
အိမတို့မိသားစုအကြောင်းရေးဖြစ်တဲ့ စိတ်ကူးကတော့ တယ်ရီယာခွေးမွေးတဲ့သူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ဗဟုသုတအနေနဲ့ ပြောပြချင်တဲ့ စေတနာကြောင့်ပါ။
ခွေးကလေးတွေ ၂ လ သားအရွယ်မှာတော့ သူတို့အတွက် ရောဂါကာကွယ်ဆေးထိုးရပါတယ်။ အဲဒီဆေးက အဓိက ကျောက်ရောဂါနဲ့ သွေးဝမ်းသွားရောဂါကိုကာကွယ်တဲ့ဆေးပါ။ ဈေးကြီးတာကိုတော့ အမှတ်ရနေပေမယ့် ဘယ်လောက်ပေးရလဲဆိုတာတော့ မမှတ်မိတော့ပါ။ ခွေးလေးတွေက ၆ ကောင်တောင်ဆိုတော့ ဆရာဝန်ကိုပဲ အိမ်ကိုပင့်ပြီး ကာကွယ်ဆေးထိုးရပါတယ်။ ခွေးဆေးထိုးရတာ သိပ်လွယ်ပါတယ် … ချိုင်းနေရာကနေ မြှောက်ထားပေးရုံပါပဲ … ဆရာဝန်က ခြေထောက်ကိုကိုင်ပြီး ဆေးထိုးလိုက်တယ် … အော်တော့အော်တယ် … ဆေးကလဲ နဲနဲတော့ပြင်းတယ် … သူတို့တွေ တစ်ရက်လောက် ခွေသွားကြပါတယ်။ အဲဒီအရွယ်မှာ သူတို့သွားလေးတွေက ချွန်ထက်နေပါတယ်။ တွေ့ကရာကို အကုန်ကိုက်ပါတယ်။ ကစားတာလဲ အလွန်အကျွံပဲ … အဆိုးဆုံးတော့ ဖိနပ်တွေအကုန်ကိုက်ပစ်ပါတယ် … ကျွန်မတို့အိမ်က ၂ ထပ်အိမ်ဆိုတော့ ခွေးတွေကို အောက်ထပ်မှာပဲ သိပ်ပါတယ် … အိမ်အပေါ်ထပ်ကို ပေးမတက်ပါဘူး။ မိုးလင်းလို့ အိမ်အောက်ကို ဆင်းလိုက်ပြီဆိုတာနဲ့ ဧည့်ခန်းထဲမှာ သတင်းစာကို တစ်စစီ ကိုက်ဖြဲထားတဲ့ အစအနတွေ ဖွေးနေအောင်တွေ့ရမယ် … သိမ်းဖို့မေ့ကျန်ခဲ့တဲ့ဖိနပ်ဆိုလဲ စီးလို့မရအောင် ဖြစ်နေပါပြီ။ ဆရာဝန်က အဲဒါ မီးဇုန်းဓါတ်လိုလို့ ဖြစ်တာလို့ပြောပြီး မီးဇုန်းဓါတ်ပါတဲ့ အားဆေးကို တိုက်ခိုင်းပါတယ်။ အဲဒီအားဆေးတိုက်ပြီးနောက်မှာတော့ ဖိနပ်ကိုက်တာ သက်သာလာပါတယ်။ ဒါပေမယ့် သွားကတော့ အမြဲယားနေတာပဲ။ ကုလားထိုင်ခြေထောက်တွေလဲ ကိုက်ထားကြတာပဲ .. ဖျာဆို တစ်ချပ်ပြီးတစ်ချပ်နဲ့ နောက်ဆုံးအိမ်မှာ ဖျာတစ်ချပ်မှကို အကောင်းမကျန်တော့ပါဘူး။ ခွေးအထီးကောင်တွေက အထီးဇာတိပြပါတယ်။ ဘယ်သူမှ မသင်ပေးရပဲနဲ့ သေးပေါက်တဲ့အခါ ခြေထောက်တစ်ချောင်းကို မြှောက်ပြီး ပေါက်ပါတယ်။
ကျွန်မတို့မိသားစုက အမဲသားမစားလို့ ခွေးတွေကို အမဲသားတော့မကျွေးပါဘူး … ကြက်သားက ခေါင်း တောင်ပံနဲ့ တခြားအရိုးတွေကို လူစားသလို ပြုတ်ပြီး ထမင်းနဲ့နယ်ကျွေးပါတယ် … နေ့စဉ်နေ့တိုင်း အဲဒီတစ်မျိုးထဲပဲ ကျွေးဖြစ်ပါတယ်။ ဘီစကစ်နဲ့ ပေါင်မုန့်ကိုတော့ အဆင်ပြေသလို ကျွေးပါတယ်။ ခွေးကလေးတွေ ၄ လ ပြည့်ခါနီး သင်္ကြန်ရက်မှာတော့ သူတို့ကို ရေစချိုးပါတယ်။ တစ်ယောက်ကကိုင်ထားပြီး တစ်ယောက်က ရေပန်းနဲ့ချိုးပေးပါတယ်။ ခွေးတွေအတွက် သီးသန့်ရှန်ပူနဲ့ချိုးရပါတယ်။ ပါးမွှားသေပြီး သူတို့အရေပြားနဲ့သင့်တော်တဲ့ရှန်ပူပါ။ ပြီးတာနဲ့ မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ အမြန်သုတ်ပြီး ဒရိုင်ယာနဲ့ ပြန်မှုတ်ပေးပါတယ်။ တစ်ချို့အကောင်က ဒရိုင်ယာမှုတ်တဲ့လေကိုကြိုက်ပြီး တစ်ချို့ကတော့ မကြိုက်ပါဘူး။ ရေစချိုးပြီးတဲ့နေ့မှာတော့ သူတို့တွေ သန့်ပြန့်ပြီး လှနေလု့ိ ၆ ကောင်လုံးကို ခုံတစ်လုံးပေါ်တင်ပြီး ဓါတ်ပုံရိုက်ထားပါတယ်။ တစ်ကောင်ပြီးတစ်ကောင် ပြန်ခုန်ဆင်းနေလို့ အချိန်တော်တော်ယူပြီး ရိုက်လိုက်ရပါသေးတယ်။
အဲဒီလိုနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေ ၅ လကျော်ပြီး ၆ လထဲ ရောက်ချိန်မှာတော့ မေဝမ်းကလေးကစပြီး နေမကောင်းဖြစ်ပါတယ်။ သွေးဝမ်းသွားပါတော့တယ်။ အဲဒီနေ့က ကျွန်မက ကြက်ဥနဲ့ပေါင်မုန့်ကြော်စားနေတာကို သူကလာတောင်းတယ်။ ဘာမှမဖြစ်လောက်ဖူးထင်ပြီး သူ့ကိုကျွေးမိပါတယ်။ အဲဒါကို စားပြီးကထဲက သူစပြီး နေမကောင်းဖြစ်တော့တာပဲ။ အနီးအနားမှာနေတဲ့ တိရစ္ဆာန်ဆရာဝန်ကိုခေါ်ပြီး ပြပါတယ်။ ဆရာဝန်ကလဲ ကာကွယ်ဆေးထိုးထားပြီးသားဆိုတော့ ရိုးရိုးနေမကောင်းတာပဲဆိုပြီး ဆေးတော့ကုတာပဲ။ မနက်တစ်ခါ ညနေတစ်ခါ ဆေးလာထိုးပေမယ့် ရောဂါမပျောက်ပဲ ၃ ရက် ဆေးထိုးအပြီးမှာ ညသန်းခေါင်အချိန်ခန့်မှာ သေသွားပါတယ်။ ကျွန်မတို့မိသားစုအားလုံးအတွက် ဝမ်းအနဲဆုံးညတစ်ညဖြစ်ခဲ့တယ်။ မေမေနဲ့ ကျွန်မတို့ ၃ ယောက် ငိုတာ ၃-၄ ရက်လောက်ကြာပါတယ်။
အဲဒီအချိန်မှာပဲ ကိုတူးကိုပါရောဂါကူးနေတာကို တွေ့လိုက်ပါတယ်။ အဲဒီအချိန်မှာတော့ ဘာကိုမှမစဉ်းစားအားတော့ပဲ ကားတစ်စီးငှားပြီး ကိုတူးကိုပိုက်ပြီး ရန်ကုန်က ခွေးအထူးကုဆရာဝန်ဆီကို ပြေးရပါတော့တယ်။ အဲဒီဆရာဝန်ကတော့ တော်တော်ကျွမ်းကျင်ပါတယ်။ ဘယ်လိုကုသလိုက်သလဲတော့မသိဘူး ၃-၄ ရက်ကြာတော့ ကိုတူးလေး နေပြန်ကောင်းလာပါတယ်။ မေဝမ်းလေးသေသွားရတဲ့ အဓိက တရားခံကတော့ ကာကွယ်ဆေးမှာ အာနိသင်ပျယ်နေတာကြောင့်ဖြစ်ပါတယ်။ အဲဒီဆေးတွေက ရေခဲသေတ္တာနဲ့မပျက်အောင်ထားပေးထားရတဲ့ဆေးတွေပါ။ ဆရာဝန်ကလဲ ရေခဲဗူးထဲမှာထည့်ယူပြီး အိမ်ကိုလာပြီး ဆေးထိုးပေးခဲ့တာပါပဲ … ဒါပေမယ့် ဘယ်အချိန် ဘယ်နေရာကထဲက မီးပျက်ထားပြီး ဆေးအာနိသင်ပျယ်နေသလဲမှ မသိနိုင်တာလေ။ တခြား ၄ ကောင်ကိုလဲ အဲဒီလို ထပ်ဖြစ်မှာစိုးလို့ နောက်ထပ်ကာကွယ်ဆေး တစ်ကြိမ် ထပ်မံထိုးလိုက်ရပါတယ်။
မေဝမ်းကလေးက အလှဆုံးနဲ့ အစွာဆုံးခွေးကလေးမို့လို့ သူ့ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားမှုက ကျွန်တို့ကို နှစ်ပေါင်းများစွာအထိ ပူဆွေးဝမ်းနဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ ပြောမိလိုက်တိုင်း မျက်ရည်ကျတာ နှစ်တော်တော်ကြာတဲ့အထိပါပဲ …
4 comments
bigcat
November 24, 2010 at 6:21 am
ခွေးဆိုတာ အလကား
ကြောင်သည်က အပျံစား
ခွေးနဲ့ကြောင်
ကြောင်နဲ့ခွေး
ဘယ်သူ့မေးမေး
ခွေးမမွေး
ကြောင်ကိုသာမွေး
ပြည့်အားဆေး။
weiwei
November 24, 2010 at 6:50 am
ကြောင်ကြီးဝတုတ် အစားပုတ်
ကြောင်ကြီးပက်လက် အပျင်းတက် …
manawphyulay
November 24, 2010 at 11:32 am
ဘယ်လိုပဲဖြစ်ဖြစ် ကြောင်ပဲမွေးမွေး ခွေးပဲမွေးမွေး တိရစ္ဆာန်ပင် ဖြစ်လင့်ကစား အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်ဆိုတာ ရှိလာမိတာ အမှန်ပါပဲ။
ဆူး
November 24, 2010 at 1:09 pm
ခွေးနဲ့ ကြောင် ခဏခဏ ကိုက်ကြ ပါ ပ ကောလား.. ခွေးနှင့် ကြောင် ကိုက်မှာပေါ့..
ကြောင်က ကြောင်ကြီး.. ခွေးက တယ်ရီယာ.. ဒီတော့ အကောင် သိပ်မကွာတော့ ကြောင်က မာန် ထောင်နေတာ ဖြစ်မယ်။ နောက်တခါ အင်းခွေးအကြောင်းရေး.. ကြောင် ဘယ်လောက် ကြီးကြီး သူထက် အကြောင်ကြီးရင် ဖြုံသွားလိမ့်မယ်။