ဖားလေးနှစ်ကောင်
ဖားလေးနှစ်ကောင်
တစ်နေ့တော့ ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြတယ်။
အဲလိုလည့်နေတုန်း သစ်ရွက်တွေ ဖုံးနေလို့ မမြင်သာတဲ့ တွင်းနက်ကြီး တစ်တွင်းထဲကို
သူတို့အုပ်စုထဲက နှစ်ကောင် ကျသွားပါလေရော။ ဟား… ကျန်တဲ့ဖားတွေလည်း
တွင်းနှုတ်ခမ်းမှာ ဝိုင်းနေကြတာပေါ့။ တွင်းကြီး ဘယ်လောက် နက်သလဲဆိုတာကို
တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတဲ့ ဖားတွေက မြင်သွားတဲ့အခါ ကျသွားတဲ့ ဖားနှစ်ကောင်ကို သူတို့က
သည်လိုပြောတယ်။
“မင်းတို့တော့ သွားပြီ… ဘယ်လိုမှ ပြန်တက်လို့ ရမှာ မဟုတ်တော့ဘူး တွင်းထဲမှာပဲ
မင်းတို့နှစ်ကောင် သေရတော့မယ်” တဲ့။
တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်ကလည်း သူတို့အဖော်တွေ ပြောတဲ့စကားကို
လစ်လျူရှုလိုက်ပြီး သူတို့ကိုယ်စွမ်း ရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်း
ခုန်တက်ကြတော့တာပေါ့… ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေကလည်း
တစ်ခါတည်းကို သံပြိုင် အော်ကြပြန်ပါလေရော…
“ဟေ့ကောင်တွေ၊ အဲသလိုမလုပ်ကြနဲ့လေ မင်းတို့တော့ သေကုန်တော့မှာပဲ။ ဟာ…
ခက်တဲ့ကောင်တွေ ခုန်တက်လို့လဲ တွင်းက အနက်ကြီးကွ… ဘယ်လိုလုပ် တက်နိုင်မှလဲ…
တက်မရမယ့် အတူတူ အေးအေးသက်သာ အသေခံလိုက်ကြတော့လားကွာ… မင်းတို့
ခုန်ခုန်တက်နေတော့ အမောလည်းဆို့၊ ကိုုယ်လဲနာပြီးမှ သေရမှာထက်စာရင် ဒီအတိုင်းလေး
အေးအေးသက်သာ အသေခံလိုက်တာက ပိုမကောင်းဘူးလား ကွယ်ရို့…” တဲ့။
အဲသလို ပြောလွန်းမက ပြောကြတဲ့အခါ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင် အနက်က
တစ်ကောင်ကတော့ ဝိုင်ပြောတဲ့ ဖားတွေရဲ့ စကားအတိုင်း လိုက်နာပြီး…
ဆက်မကြိုးစားတော့ဘူး…။ အဲသလိုလည်း မကြိုးစားဘဲ နေလိုက်ရော သူလည်း မတ်တပ်က
လဲပြီး သေပွဲကို တန်းဝင်သွားတော့တာပဲ…။
ကျန်တဲ့ ဖားတစ်ကောင်ကတော့ မရပ်မနား… သူ့မှာရှိသမျှ အတွင်းအား၊ အပြင်အား အကုန်
သုံးပြီးတော့ကို ခုန်ရင်း တွင်းနှုပ်ခမ်းပေါ်ကို မရောက် ရောက်အောင် ကြိုးစားနေပါတော့တယ်။
အဲတော့လည်း တွင်းနှုတ်ခမ်းမှာ ဝိုင်ကြည့်နေတဲ့ သူ့အပေါင်းအသင်းတွေက တစ်ချီတစ်မောင်း
ထအော်ကြတယ်…
“ဟကောင်ရာ… တော်ပါတော့ကွာ… သည်လောက်နက်တဲ့ တွင်းကြီးထဲက မင်းဘယ်လိုမှ
ခုန်ထွက်နိုင်မှာ မဟုတ်ပါဘူး… အလကား အသားအနာ ခံနေမယ့်အစား အသေသာ
ခံလိုက်ပါတော့ သူငယ်ချင်းရယ်…” တဲ့။
ဒါပေမယ့် ခုန်နေတဲ့ ဖားကတော့ ရပ်ကို မရပ်တော့ဘူး။ သူခုန်နေတဲ့ အားထက် နှစ်ဆ
တိုးပြီးတောင် ထပ်ခုန်လိုက်ပါသေးတယ်…။ နောက်ဆုံးမှာတော့ တွင်းနှုတ်ခမ်းပေါ်ကို
အဲဒီဖားကလေး ဖုတ်ဆို ပြန်ရောက်သွားပါလေရော…
သူလည်း တွင်းနှုတ်ခမ်းပေါ် ရောက်ရော စောစောက ဝိုင်းအော်နေကြတဲ့
သူ့အပေါင်းအသင်းတွေ ကလည်း သူ့ကို ဝိုင်းပြီးမေးကြတယ်…
“မင်းကွာ ငါတို့တွေ ဒီလောက်တားနေတာ မကြားဘူးလားကွ ဟေ…”
တွင်းထဲက ပြန်ထွက်လာတဲ့ ကိုရွှေဖားကလည်း အမောဖြေရင်းနဲ့ သူ့အပေါင်းအသင်းတွေကို
ရှင်းပြတယ်…
“ငါ့နားက သိပ်မကောင်းဘူးကွ မင်းတို့ အော်နေတာ… ငါ့ကို တားနေတာလား…
မသိပါဘူးကွာ… ငါက ငါ့ကို ဝိုင်းပြီး ဩဘာပေးနေတယ် မှတ်လို့…” တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။
သည်ပုံပြင်က ပေးလိုက်တဲ့ သင်ခန်စာ နှစ်ခုကတော့…
(၁) နှုတ်နဲ့လျှာဟာ သေစေ၊ ရှင်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ လူတစ်ယောက်
စိတ်ပျက် အားငယ်နေတဲ့ အချိန်မှာ အားပေးစကားလေး တစ်ခွန်းလောက် ပြောလိုက်တာဟာ
ဒီလူကို အားတက်စေနိုင်ပြီး ဘဝအမောတွေ ပြေသွားစေနိုင်ပါတယ်။
(၂) စိတ်ပျက်အားငယ်နေတဲ့သူကို အပျက်စကားပြောလိုက်ခြင်းအားဖြင့် အဲဒီ့လူကို သတ်လိုက်
နိုင်ပြန် ပါသေးတယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ တွေ့လာ ကြုံလာရတဲ့ သူများကို
ရှင်ရေးအတွက်ပဲ ပြောမိနေအောင် သတိထားဖို့ လိုပါမယ်…။
စကားတစ်ခွန်းရဲ့ စွမ်းအားကို သတိထားမိကြဖို့ပါပဲ။ အားပေးစကားလေး တစ်ခွန်းဟာ
ဘယ်လောက်တောင် တာသွားလဲဆိုတာ တော်တော်တန်တန် တွေးမိကြမယ် မထင်ပါဘူး…
အံ့ဩစရာ ကောင်းတာက လူအတော်များများဟာ အတိဒုက္ခ ရောက်နေသူများကို သူတို့တွေ
အတိဒုက္ခနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်နေတဲ့ အချိန်မှာ စိတ်ပျက်အားလျော့ဖွယ်
စကားတွေချည်း နင်းပြောဖြစ်သွားဖို့ ဝန်မလေးတတ်ကြတာပါပဲ။
*************************************************************************************************************************************************************
ဆရာအတ္တကျော်ကတော့ အပေါင်းအသင်းတွေရဲ့ စကားနဲ့ ပက်သက်လို့ သင်္ခန်းစာ နှစ်ခု
ပေးထားပါတယ်။ ကျွန်တော် ဖြည့်စွက်ပြောချင်တာကတော့ ကြိုးစားခဲ့သူ ဖားလေးဘက်ကနေ
တင်ဆက်ချင်တာပါ။ ဘဝမှာ ကြိုးစားသမျှ အချည်းအနှီးဆိုတာ မရှိပါဘူး။ ကြိုးစားမှုတိုင်းက
အရာထင်ချင်မှ ထင်မှာပါ။ အချည်းအနှီးမရှိဘူး ဆိုတာကိုတော့ ကိုယ်ကြိုးစားမှုအတွက်
ပြန်သုံးသပ်ကြည့်ရင် အစိမ့်စိမ့်တွေး တရိပ်ရိပ်နဲ့ အဖြေက ထွက်လာခဲ့မှာပါ။ ကဲ မိတ်ဆွေတို့ရေ
သင်္ခန်းစာ ယူကြပေတော့ဗျာ……..