ကြံ့လွတ် အစိုးရ
ရန်ကုန်သားတာတေ Wednesday, 01 December 2010 19:01 ထွေရာလေးပါး
နေပြည်တော်တွင် အမျိုးသား အောင်ပွဲနေ့ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပ လျက်ရှိသည်။ သို့သော် ထူးဆန်းသည်က ထိုပွဲတွင် လူ ဆို၍ ချိုကုပ်ဒူးကြီး တဦးသာ ပါပြီး တိရစာ္ဆန်များကိုသာ တွေ့ရလေသည်။ နေပြည်တော်သို့ ရောက်နေသော ဦးရုက္ခစိုးကြီးက မနေနိုင်မထိုင်နိုင် ချိုကုပ်ဒူးကြီးကို မေးခွန်းထုတ်လိုက်၏။
ရုက္ခစိုး။ ။ ဘယ်လိုလဲ ချိုကုပ်ဒူးကြီးရဲ့ အမျိုးသားအောင်ပွဲနေ့ ကျင်းပတာ လူလည်း မပါဘူး။ တိရစာ္ဆန်တွေချည်းပါလား။
ချိုကုပ်။ ။ ဟာ … ဒါ နှယ်နှယ်ရရ တိရစာ္ဆန်တွေ မဟုတ်ဘူးနော် ဦးရုက္ခစိုး။ အာဖရိကကနေ သေသေချာချာ မှာထားတဲ့ တိရစာ္ဆန်တွေ။
ရုက္ခစိုး။ ။ ဟုတ်ပါပြီ … ဘာလို့ တိရစာ္ဆန်တွေနဲ့ ပွဲကျင်းပနေလဲ ဆိုတာ ပြောစမ်းပါဦး။
ချိုကုပ်။ ။ ဦးရုက္ခစိုးရယ် …။ နတ်ဖြစ်ပြီး ညံ့ရန်ကော။ လူက အာဏာဖီဆန်တာတို့၊ ငြင်းတာတို့၊ တောပြောတောင်ပြော ပြောတာတို့ လုပ်တတ်တယ်လေ၊ တိရစာ္ဆန်ဆိုတော့ ကိုယ် ပြောတဲ့အတိုင်း အကုန်နာခံတာ မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ မနာခံတဲ့ တိရစာ္ဆန်ဆိုရင် ဘယ်လိုလုပ်မလဲဗျ။
ချိုကုပ်။ ။ အဲဒါဆိုလည်း သတ်စား၊ အဲ ချုပ်ထား … အင်း … ဪ နာခံအောင် ဖိအားပေးရမှာပေါ့ ဦးရုက္ခစိုးရဲ့။ ဒီလိုပဲပေါ့။
ပြောရင်း ချိုကုပ်ဒူးကြီးက ဖွတ်တကောင်၏ ကျောကို လက်ဖြင့် သပ်ပေးလိုက်သည်။
ရုက္ခစိုး။ ။ အမျိုးသား အောင်ပွဲနေ့က တကယ်ကို အကြီးအကျယ် ကျင်းပနေတာပဲနော်။ တခါမှ ဒီလောက် ကြီးကျယ်တဲ့ပွဲ မမြင်ဖူးဘူး။
ချိုကုပ်။ ။ ဒါက အတိတ်ကောင်း နိမိတ်ကောင်းလေ။ အမျိုးသား အောင်ပွဲနေ့ဆိုတာ အမျိုးသမီး အောင်ပွဲနေ့မှ မဟုတ်ဘဲ။ အမျိုးသားတွေ အောင်မြင်တဲ့ပွဲမို့လို့ အမျိုးသားအောင်ပွဲနေ့လို့ ခေါ်တယ်မဟုတ်လား ဦးရုက္ခစိုးကြီးရဲ့။
ချိုကုုပ်ဒူးကြီးက ဇာတ်ထဲမှ လူရွှင်တော်များ၏ လေသံအတိုင်း တထေရာတည်း တူအောင် ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဟာ မဟုတ်က ဟုတ်က … ကိုလိုနီနယ်ချဲ့ကို ကျောင်းသားတွေက စတင် သပိတ်မှောက်တဲ့ နေ့ကို အမျိုးသား အောင်ပွဲနေ့လို့ ခေါ်တာပါဗျာ။
ချိုကုပ်။ ။ အဲဒါက သမိုင်းတို့၊ ခဝဲခြံတို့၊ ကြို့ကုန်းတို့မှာ ကျန်ခဲ့ပြီ ဦးရုက္ခစိုးကြီး။ အခု ကျုပ်ကျင်းပနေတဲ့ အမျိုးသား အောင်ပွဲနေ့က အသစ်။ အမျိုးသားတွေ အောင်ဖို့ ကျင်းပတဲ့ပွဲ။ အမျိုးသမီးတွေ ကျရှုံးမယ့်ပွဲဗျ။ ဒါ ယတြာသဘောလည်း ပါတယ်။
ရုက္ခစိုး။ ။ ဪ ဟုတ်လား။ ချိုကုပ်ဒူးကြီးရဲ့ တိရစာ္ဆန်တွေက စုံလည်းစုံ၊ များလည်း များပဲနော်။
ချိုကုပ်။ ။ အခု လုပ်မယ့် လွှတ်တော်ထဲမှာ ပိုတောင် စုံသေးတယ်။
ရုက္ခစိုး။ ။ ခင်ဗျာ …။ လွှတ်တော်ထဲမှာ တိရစာ္ဆန်ရုံပါ ဆောက်ထားလို့လား။
ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း … လွှတ်တော်ထဲမှာ ဘယ်လိုလုပ် တိရစာ္ဆန်ရုံ ဆောက်ရမှာလဲ။ ကျုပ်ပြောတာက လွှတ်တော်ထဲမှာ ကြံ့ဖွံ့အမတ်တွေ အစုံတွေ့ရမယ်လို့ ပြောတာ။ ၈ဝ ရာခိုင်နှုန်း အနိုင်ယူ ထားတာလေဗျာ … ငှဲငှဲငှဲ။
ရုက္ခစိုး။ ။ ဪ … ကျုပ်က တိရစာ္ဆန်တွေ စုံတယ်လို့ ပြောတာပါ။
ချိုကုပ်။ ။ ဒါလား … ဒါက ကျုပ်ရဲ့နေပြည်တော်ကို အာဖရိက တောတွင်းလို ဖြစ်အောင် လုပ်မလို့လေ။ ဘယ်လောက် ကုန်ကုန် လုပ်ဦးမှာ။
ရုက္ခစိုး။ ။ မြန်မာပြည်နဲ့ အာဖရိက နည်းနည်းများ လှမ်းနေသလားလို့။
ချိုကုပ်။ ။ ဘယ်လောက် လှမ်းလှမ်းဗျာ။ တနေ့တလံ ပုဂံတောင် လေယာဉ်ပျံဖြစ် … အဲ … ပုဂံ ဘာဖြစ်တယ်ဆိုလား … စကားပုံ ရှိတယ်လေ။ အခုဆို ကျုပ်လက်ထက်မှာ ဘောလုံးအသင်းတွေတောင် အာဖရိက ဘောလုံးအသင်းတွေနဲ့ ပုံစံ တူလာပြီ မတွေ့ဘူးလား။
ရုက္ခစိုး။ ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကြည့်လိုက်တိုင်း ကွင်းထဲမှာ မည်းမည်း မည်းမည်းနဲ့ … အာဖရိက ဘောလုံးအသင်းတွေ အတိုင်းပဲ။
“ကန်နေတဲ့ မြန်မာဘောလုံး သမားတွေလည်း အာဖရိကက လူတွေလို မည်းခြောက် ပိန်ကပ်နေပြီ” ဟု ဦရုက္ခစိုးက စိတ်ထဲမှ ပြောလိုက်သည်။
ချိုကုပ်။ ။ အဲဒါပေါ့ … ချိုကုပ်ဒူးကြီးကို လျှော့မတွက်လေနဲ့။ အဲဒီတော့ နေပြည်တော်ကို အာဖရိက တောကြီးလို လုပ်မယ် ဆိုတာ ယုံပြီ မဟုတ်လား။
ရုက္ခစိုး။ ။ ဒါဆို တိရစာ္ဆန်တွေ အများကြီး လိုဦးမှာပေါ့နော်။
ချိုကုပ်။ ။ မလိုပါဘူး … နေပြည်တော်မှာ အကုန် ရှိပြီးသားပါ။ အခုဆို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပေါင်းသင့်တာ ပေါင်းပြီး သေသေချာချာ ပြန်လည်ဖွဲ့စည်းဖို့ လုပ်နေပြီ။
ရုက္ခစိုး။ ။ ဟာ … ချိုကုပ်ဒူးကြီး နည်းနည်း လွဲနေပြီထင်တယ်။ ကျုပ်က အာဖရိက တောကြီးလိုဖြစ်ဖို့ တိရစာ္ဆန်တွေ လိုမယ်လို့ ပြောတာနော်။
ချိုကုပ်။ ။ ဟင် ဟုတ်လား။ ကျုပ်က ဝန်ကြီးအဖွဲ့ကို မေးတာမှတ်လို့ … ။ စကားကို သေသေချာချာ ရှင်းရှင်း လင်းလင်း ပြောစမ်းပါဗျာ။ ကျုပ်က ကျုပ်ခေါင်းထဲက အစီအစဉ်တွေနဲ့ ရောရော ကုန်တာ။
ရုက္ခစိုး။ ။ ဒါနဲ့ … အခု အသစ်တက်မယ့် အစိုးရကို ဘယ်လိုများ နာမည်စဉ်းစားထားလဲ။
ချိုကုပ်။ ။ (ချိုကုပ်ဒူးကြီးက အဝေးသို့ ငေးကြည့်ရင်း ပြုံးကာ) နာမည်လား … ဒေး ဆာဖာရီ လို့ ပေးထားတယ်။ ဘယ်လို သဘောရလဲ။ မိုက်တယ် မဟုတ်လား။
ရုက္ခစိုး။ ။ ဒေးဆာဖာရီ … ဟုတ်လား။ အင်း လုံးဝ အသစ်ပဲ။ ကျုပ်တော့ တခါမှကို မကြားဖူးဘူး။
ချိုကုပ်။ ။ ဟာ တော်တော်ညံ့တဲ့ ဦးရုက္ခစိုးကြီးပဲ။ ချင်းမိုင်က လာတယ်လည်း ပြောသေးတယ်။ ချင်းမိုင်မှာ နိုက် ဆာဖာရီ ရှိတယ်လေ။ အဲဒါမျိုးပဲပေါ့။
ရုက္ခစိုး။ ။ အဲဒါက တိရစာ္ဆန်ရုံကြီးပဲဟာ။
ချိုကုပ်။ ။ အင်းလေ … ကျုပ်ကလည်း အသစ် တိုးချဲ့မယ့် တိရစာ္ဆန်ရုံကို ပြောတာပဲဟာ။
ရုက္ခစိုး။ ။ ရှုပ်ကုန်ပြီ … ကျုပ်မေးတာက နောက်တက်မယ့် အစိုးရသစ် နာမည်ဗျ။
ချိုကုပ်။ ။ ဪ … ရှင်းရှင်းမေးတာ မဟုတ်ဘူး။ အဲဒါက မစဉ်းစားရသေးဘူးဗျ။ နာမည် လှလှလေး တခုခုတော့ ပေးမှာပါ။
ထိုစဉ် သူတို့နားသို့ ထိပ်ပြောင်ပြောင်နှင့် လူတဦး အမောတကော ရောက်ရှိလာသည်။ ထိုသူက “ချိုကုပ်ဒူးကြီး၊ ချိုကုပ်ဒူးကြီး … လုပ်ပါဦး … ကိုယ်ကျိုးတော့ နည်းပါပြီ” ဟု ငိုကြီးချက်မနှင့် ပြောလိုက်သည်။
ချိုကုပ်။ ။ သိန်းဂိန်ပါလား။ ဘယ်လို ဖြစ်လာတာလဲ။
သိန်းဂိန်။ ။ အောင်မလေး ကိုယ်ကျိုးနည်းပါပေါ့လား ချိုကုပ်ဒူးကြီးရဲ့။ ချိုကုပ်ဒူးကြီး ကြည့်ခိုင်းလို့ သွားကြည့်တာ … အခုတော့ လွတ်ကုန်ပြီ။
ချိုကုပ်။ ။ စကားကလည်း အရင်းမရှိ၊ အဖျားမရှိ၊ ဘာလဲဟ။ ဘာလွတ်တာလဲ။ ဘယ်သူလွတ်တာလဲ။
သိန်းဂိန်။ ။ ချိုကုပ်ဒူး မောင်ကွေးလေ။
ချိုကုပ်။ ။ ဪ … မောင်ကွေး လွတ်တာများ အဆန်းလုပ်လို့။ သောက်တာ များသွားလို့ နေမှာပေါ့။ သူ့မိန်းမကို ကော်ဖီကြမ်းတခွက် ဖျော်တိုက်ခိုင်းလိုက်။
သိန်းဂိန်။ ။ လွတ်တာက မောင်ကွေး မဟုတ်ဘူးဗျ။ မောင်ကွေးက မူးပြီး လွှတ်လိုက်လို့ ကြံ့ ၂ ကောင် လွတ်သွားတာ။
ချိုကုပ်။ ။ ဘာ … ဘာပြောတယ်။
သိန်းဂိန်။ ။ အာဖရိကက မနေ့ကမှ ရောက်လာတဲ့ ကြံ့ဖြူ ၂ ကောင် နေပြည်တော် တောထဲ ဝင်ပြေးသွားပြီ ချိုကုပ်ဒူးကြီး။ အဟီး … အီး … ကျနော်မျိုးကြီး သေသင့်ပါတယ်။
ချိုကုပ်။ ။ ခွေးခေါင်း ဓားစက် အသင့်ပြင်စမ်း … အာ … ယောင်လို့။ ဘာလို့ သေရမှာလဲ။ သေစရာမလိုဘူး။ မောင်မင်း … သေဖို့ မလိုသေးဘူး။ နောက်တက်မယ့် အစိုးရအဖွဲ့မှာ ခေါင်းရှောင်လုပ်ရဦးမှာ။
ချိုကုပ်ဒူးကြီးက သူ၏ တွန့်လိမ် ရှုံ့တွနေသော မျက်နှာကြီးကို မြင်မကောင်းရှုမကောင်းအောင် ပြုံး လိုက်သည်။ ဝန်ကြီးချုပ် ဦးသိန်းဂိန်ကတော့ ချိုကုပ်ဒူးကြီး ဘာကို ဆိုလိုမှန်းမသိသည့်အတွက် ကြောင်တက်တက် ဖြစ်နေသည်။
ချိုကုုပ်။ ။ အဲဒါပဲ ဦးရုက္ခစိုးရဲ့ … ချိုကုပ်ဒူးကြီးကို လျှော့မတွက်နဲ့ ဆိုတာ အဲသဟာပြောတာ။ အခု ကြံ့ ၂ ကောင် လွတ်သွားတာ အရမ်းကောင်းတဲ့ နိမိတ်ပဲဗျ။
ရုက္ခစိုး။ ။ ဟုတ်လား … ဘယ်လိုကောင်းတာလဲ။ လုပ်ပါဦး။
ချိုကုပ်။ ။ ဘယ်လို ကောင်းသလဲ ဆိုတော့ကာ … ဒါ ယတြာကျေတဲ့ သဘောဗျ။ ဒီ ကြံ့တွေသာ မလွတ်ရင် ကျုပ်ရဲ့ ကြံ့တွေ လွတ်ကုန်မှာလေ။ ရှင်းရှင်းပြောရရင် သိန်းဂိန်တို့လို ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ ရူးကုန်မယ်လို့ ပြောတာ။ အခု ဒီ ကြံ့ ၂ ကောင်က လွတ်သွားပြီဆိုတော့ ယတြာကျေသွားပြီ။ အရမ်းကောင်းတယ်။ ကဲ သိန်းဂိန်။ ကြံ့တွေကို လွှတ်ပေးလိုက်တဲ့ မောင်ကွေးကို ဘလူးလေဘယ်လ် တလုံး အမြန်ဆုံးဆုချစမ်း။
“ဟုတ်ကဲ့” ဟုု ပြောကာ … ဦးသိန်ဂိန် ကုတ်ချောင်းချောင်းဖြင့် လစ်သွားသည်။
ရုက္ခစိုး။ ။ ဟုတ်ပြီ ချိုကုပ်ဒူးကြီး။ ချိုကုပ်ဒူးကြီးရဲ့ အစိုးရသစ်အတွက် နာမည်သစ်တခု ကျုပ် စဉ်းစားလို့ရပြီ။
ချိုကုပ်။ ။ ဟုတ်လား … ပြောပါဦး။
ရုက္ခစိုး။ ။ ကြံ့လွတ် အစိုးရလို့သာ ပေးလိုက်။
ချိုကုပ်။ ။ ဟာ ကောင်းလိုက်တဲ့နာမည်။ ကြံ့လွတ် အစိုးရ … ကြံ့လွတ်အစိုးရ။
ဦးရုက္ခစိုးပေးသည့် နာမည်ကို သဘောကျလွန်းသဖြင့် ချိုကုပ်ဒူးကြီးက တတွတ်တွတ် ရွတ်ကြည့်နေသည်။ ဦးရုက္ခစိုးကတော့ ထိုသတင်းကို ဖိုးရှုပ်နှင့် ကြွက်စုတ်အား ပြောပြရန် ချိုကုပ်ဒူးကြီး ကျင်းပသော နေပြည်တော် အမျိုးသား အောင်ပွဲ အခမ်းအနားမှနေ၍ ချင်းမိုင်မြို့သို့ အတွင်းတန်ခိုးများသုံးကာ အမြန်ဆုံး ပြန်လာခဲ့ လေတော့သတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
မှတ်ချက်။ ။ မြန်မာအရေး face book မှကူးယူဖေါ်ပြပါသည်။
3 comments
timothy
December 2, 2010 at 6:02 pm
ပြောင်မြောက်လိုက်တဲ့ရေးသားချက်တွေ်ပါဘ။ဲဂုန်ယူချီးကျူးစရာဘဲဗျာ။
ဂျိုကုပ်ဒူးကြည်းဘွဲ့အမြည်မှာနောက်ထပ် ဂန် ဆိုတဲ့ဟာထဲ့ရင်ပိုပြီပြင်မသွားဘူးလား
ဂျိုကုပ်ဂန်ဒူးဂြီး ဒါန်းရွှေပေါ့
mG
December 3, 2010 at 12:36 pm
R Ga >> ရေ.အရေးအသားလေးကောင်းတယ်ဗျာ။ဒါမှ Admin တွေပြောပြောနေတဲ့ ကိုယ်ပိုင်းအတွေးနဲ့ကိုယ်ပိုင်စာ ချရေးတယ်လို့ ခေါ်တာပေါ့ဗျာ။အဟီး ဟီး. . . . ။ ချီးကျူးပါတယ်နော်။အဲ့ပွဲကိုလည်း ကျွန်တော်တို့လည်းသွားတယ်။
အဟိ ဟိ ဟိ . . .. ။ပွဲကတော့ ဟုတ်တယ်ဗျာ။အကိုပြောသလိုမျိုးပဲ။အဟိ ဟိ. . . ကျွန်တော်တို့က အတွင်းဒရှိုသွားလုပ်
တာပေါ့လေ။ဟား ဟား ဟား . . . .. ။ဒါပေမဲ့ ပွဲကကြာနေပြီထင်တယ်ဗျ။ကျွန်တော်တော့ စိတ်တောင်မပါလို့ တိတ်မသိတော့ဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
December 3, 2010 at 1:30 pm
အောင်မာ အောင်မာ
ရုပ်ဂဇိုး ဆိုတာ ခင်ဗျားလား?