ပုံပြင်လေးတပိုဒ် Fair Tale
ခလေးတို့ရေ ရှေးရှေးတုန်းက ချာလီဂေဇက် ဆိုတဲ့ရွာကြီးမှာ ရွှေစလွယ်နဲ့ ငှက်ကြီးတောင်ဓါး ကိုင်ခွင့်ရတဲ့ အမိန့်တော်ရမင်း သူကြီးဦးချားလ် ဆိုသူတဦး စီမံအုပ်ချုပ်တယ်။ နာမည်အရင်းကတော့ ဦးတိုင်ဆိုလား ဦးကွိုင်ဆိုလား၊ ဒါပေမဲ့ ချာလီအိန်ဂျယ်လ် ရုပ်ရှင်ကားထဲမှာ ဘော့စ်ဖြစ်သူ မျက်နှာကို ဘယ်တော့မှ မတွေ့ရသလို သူ့ကိုလည်း ဘယ်သူမှ မမြင်ဘူးကြလို့ ဦးချားရယ်လို့ အမည်တွင်သတဲ့၊ ရွာကိုတည်ထောင်သူ လည်းဖြစ်လို့ ဩဇာတိက္ကမ ပြည်စုံတဲ့အပြင် ဓနငွေကြေးပါ ကြွယ်ဝချမ်းသာလို့ ရွာနီးချုပ်စပ်သာမက ဇမ္ဗူဒီပါတောင်ကျွန်းတခွင် ကျော်ဇောသတင်းကြီး နေတာပေါ့။
ရွာသူရွာသားများအပေါ် ရင်ဝယ်သားသို့မခြား အုပ်ချုုပ်ပြီး ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးလို့ မြန်မာပြည် ခေတ်မှီအုပ်ချုပ်ရေးစနစ်ကို ပထမဦးဆုံး တီထွင်သူရယ်လို့ ဝီခီပီးဒီးယား အင်တာနက် စွယ်စုံကျမ်းမှာအသိအမှတ်ပြု ထားရသတဲ့ကွယ်။ သူရဲ့စနစ်အောက်မှာ တရွာလုံးဟာ ငြိမ်ဝပ်ပိပြားပြီး ဗိုင်းကောင်း ကျောက်ဖိလေးများ ဖြစ်နေကြသတဲ့။ မကျေနပ်သူများရှိပေမဲ့ သူ့ရဲ့ ‘ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ် ငှက်ကြီးတောင်ဓါးနဲ့ရွှေစလွယ်’ ဆိုတဲ့ ကဗျာလိုလို ခြိမ်းခြောက်သံလိုလို စကားကြောင့် ကြောက်ပြီး ချက်ကောင်းကိုသာ စောင့်နေရသတဲ့။
စည်းကမ်းဆိုတဲ့ ရိုက်ချက်တွေအောက် အလူးအလဲခံရတာ အပြင်လူကို ဖွင့်ပြောရမှာ ရှက်လို့ ငြိမ်ခံနေကြသူလည်း ဒုနဲ့ဒေးပေါ့။ ပြောမထွက်တာကတော့ ရွာထဲကို ဝင်လာသူတိုင်းဟာ ရွာအဝင်ဝမှာ သူကြီးရဲ့ ဒူးစာဒုတ်စာ ကျွေးတာခံကြရသတဲ့ ။ ရွာထိပ်မှာ အနောက်ဖက်မိစာ္ဆတိုင်း အက္ခရာစာလုံးနဲ့ do & don’t လို့ ရေးထားတာကို ဝင်လာသူအပေါင်းက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ဖတ်တတ်ချင်ယောင် ဆောင်ပြီး နောက်ကြမှ တအီးအီးနဲ့ ဖင်မှာသွေးစုနာ ပေါက်သလို ဂရင်ဂျီနာထသလို နေမထိထိုင်မသာ ဖြစ်ကြရသတဲ့ကွယ်။ ‘ရန်ကုန်သားတရား၊ မန်းလေးသားအကြွား’ ဆိုတဲ့စကားပုံအတိုင်း ရွာသားတွေက ကိုယ်ခံရတာကို ဖွက်ထားပြီး ဂေးတွေကိုတော့ ဒုတ်ကြိုက်သူများလို့ မကြားတကြား ဟားလေ့ရှိသတဲ့။
သို့ပေမဲ့ မချစ်သော်လည်း အောင့်ခါနမ်း ဆိုသလို ရွာထဲမှာနေဖို့ အိမ်လခမပေးရတဲ့အပြင် ခြေဆော့လက်ဆော့လုပ်တဲ့အတွက် နေ့စဉ်ကြေး၊ လေပန်းကြေး၊ ပေါက်ပန်းလေးဆယ်ကြေး စသဖြင့် ထောက်ပံ့ကြေးမျိုးစုံတောင်ပေးလို့ တန်ပါတယ်ဆိုပြီး ဖြေသိမ့်နေရတာပေါ့ကွယ်။ မနေချင်လို့လည်း မရဘူးလေ၊ သူကြီးမင်းက ကြွားသလိုလို ခြောက်သလိုလိုနဲ့ ဘယ်သူဘယ်ဝှာ ဘယ်နေရာကလာတယ် ဆိုတာ ဓါတ်လုံးထဲမှာမြင်ရတယ်၊ ကိုယ်ပေါ်မှာလည်း စမအင်းဆိုလား စမတ်ဖုံးဆိုလား ဆောင်ထားလို့ အချိန်တိုင်း ဘာဖြစ်နေတယ်ဆိုတာ သိတယ်ဆိုတော့ ရွာသားတွေခင်မျာ အီးတောင်ကျယ်ကျယ် မပေါက်ရဲကြဘူးပေါ့။
တနေ့မှာ လူဆိုးဓါးပြတွေဟာ သေနတ်ကြီးတွေ တကားကားနဲ့ ရွာထဲကို ဝင်လာကြသတဲ့။ အနီးအနားမှာလဲ နေပြည်တော်က ရဲမက်စစ်သည်တွေရဲ့ တပ်စခန်းရှိပေမဲ့ သူတို့လာပြီး စခန်းချမှ ခိုးဆိုးလုယက်မှုတွေက ပိုဆိုးလာသတဲ့ကွယ်။ သူကြီးလည်း သိသိချင်း မောင်းတဒူဒူထုပြီး ပြန်ခုခံဖို့ လူစုပေမဲ့ ရွာသားအပေါင်းက ကိုယ်ရမဲ့ ပွိုင့်စာရင်း စာရွက်တွေကို ခေါင်းအုံးအောက် ဖွက်သူကဖွက်၊ မြေကြီးထဲ တူးသူကတူး၊ ပွိုင့်မရှိသေးသူများကလည်း အဆိုတော် မော်ဒယ်လ် မင်းသမီးလေးများ အောက်စလွတ်တဲ့ပုံတွေ တကယ်ဟုတ်မဟုတ်ဆိုပြီး ငြင်းခုံနေလို့ ဘယ်သူမှ မလာကြဘူးတဲ့။
သူကြီးလည်း အားမတန် မာန်လျော့ပြီး ခိုးသားဓါးပြတွေကို ကိုကိုရယ် မောင်မောင်ရယ်နဲ့ ချော့မော့တောင်းပန်ရသတဲ့။ ဆင်ခြေအမျိုးမျိုးနဲ့ သူ့မှာဘာမှ မရှိကြောင်း၊ ရွာသားများကို အကုန်လုံး ခွဲဝေပစ်လိုက်လို့ သူဌေးဆိုတဲ့ နာမည်သာကျန်တော့ကြောင်း ယုံကြည်လောက်အောင် ရွှီးသတဲ့။ ဓါးပြ ခိုးသားတွေလည်း အိမ်တွင်းအိမ်ပြင် အနှံ့ရှာပေမဲ့ ပြားစေ့တစေ့ မတွေ့ရလို့ ဒေါသထွက်ကြတာပေါ့။ ဒါနဲ့ ဓါးပြမတိုက်ခင်မှာ ရွာထဲဝင်ပြီး အခြေအနေကို စုံစမ်းလို့ သူကြီးရဲ့ ဒူးစာဒုတ်စာ မိထားသူတွေက လက်လွတ်တော့ မပြန်ဘူး၊ နင်ပြီးငါ့အလှည့်လို့ ကြွေးကြော်ကြသတဲ့။ သူကြီးလည်း သူ့ကိုဝိုင်းကျွေးမဲ့ လူအုပ်ကိုမြင်တော့ လေသံပြောင်းပြီး ဓါးပြဗိုလ်နဲ့ ညှိသတဲ့။ နှစ်ကိုယ်ကြားပြောတာဆိုတော့ ဘယ်သူမှ တိတိကျကျတော့ မသိကြဘူး၊ နားစွန်နားဖျား ကြားလိုက်ကြတာက ဝင်းဝင်းစလူးရှင်းတဲ့။
ဓါးပြတွေလည်း ဘာမှန်းမသိပေမဲ့ ခေါင်းဆောင်လုပ်သူက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ သဘောတူ တာကိုတွေ့လို့ ဒို့လာတာ အချီးအနှီး မဖြစ်တော့ဆိုပြီး ဝမ်းမြောက်ကြတာပေါ့ကွယ်။ ခဏကြာတော့ သူကြီးအိမ်ထဲဝင်သွားပြီး သူဖွက်ထားတဲ့ ဥစ္စာအချို့ကို ပေးသတဲ့။ ထူးဆန်းတာ ဓါးပြဗိုလ်က သူကြီရဲ့ မျက်နှာကို ခပ်ဆဆလေး နှစ်ချက်လောက်ထိုး၊ မိုးပေါ်သေနတ်ထောင်ပစ်ပြီး တပျာ်တပါးကြီး ရွာပြင်ကို ထွက်ကြသတဲ့။ သူကြီးအိမ်ဝိုင်းက နောက်ဆုံးထွက်တဲ့ ဓါးပြက မသိနားမလည်သူတွေကို ဒူးစာဒုတ်စာ ကျွေးတဲ့သူကြီး အခုတော့ မှတ်ပြီလားလို့ ဟန်ပါပါနဲ့ လှမ်းကြည့်လိုက်တော့ သူကြီးမင်းမျက်နှာက ဖူးယောင်နေပေမဲ့ ပြုံးယောင်သန်းလို့နေသတဲ့။
အားလုံးပြီးမှ ရွာသားတွေလည်း ညာသံပေးလို့ လူဆိုးအကုန်လုံး သေမှလာတဲ့ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များလို သူကြီးအိမ်ကို ဝိုင်းကြတာပေါ့ကွယ်။ ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ သူကြီးကို ဝိုင်းဝန်း ထူမပြီး အားပေးစကားဆိုတော့ သူကြီးလုပ်သူကလည်း စိတ်နှလုံး ပြည့်ဝလိုက်ပုံများ ဘယ်သူ့ကိုမှ ပြစ်တင်စကားမဆိုဘဲ လုကံဝကံ ငါတို့ကံ တစ်ကပြန်စရန်လို့သာ ရေရွတ်မြည်တမ်းသတဲ့။ ရွာသားတွေလည်း ဘာကြောင့်ငါတို့ အကန်ခံရမှာလည်းလို့ တယောက်ကိုတယောက် မျက်စပစ်ပြီး ချော့မော့မေးတော့မှ အားလုံးခင်မျာ ငိုကြီးချက်မနဲ့ ဟာခနဲဟင်ခနဲ ဖြစ်ကုန်ကြသတဲ့ကွယ်။ မန်းလေးအလွမ်းမင်းသား ဦးပေါက်နဲ့ ဘွားတော်ဆူး ဆိုသူနှစ်ဦး ကတော့ နှာနှပ်တောင် ယူရသတဲ့။ ဘာကြောင့်လို့ အဖြေပေးမထားတဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
မည်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်ပါရန်။
8 comments
ဆူး
December 4, 2010 at 4:11 am
ဦးကြောင်ကြီး စာတွေ မြင့်လွန်းလို့.. ဘာနဲ့ စပြီး ဘယ်လို ဆုံးသွားမှန်းကို မသိဘူး။ နှာနပ်ရတာ ကတော့ ဖတ်ပြီး မူးသွားလို့ ဖြစ်မယ်။
weiwei
December 4, 2010 at 4:21 am
ပုံပြင်က ခလေးတို့ရေလို့ အစချီထားတာ … ခလေးတွေအတွက် သီးသန့် ရေးထားတဲ့ပုံပြင် … ဒဏ္ဍာရီပေါ့ကွယ် …
weiwei
December 4, 2010 at 6:20 am
အခုတလော သူကြီး ဦးချားလ်တစ်ယောက် ဦးနှောက်ခြောက်နေသတဲ့ ….
အခုတလော နေပြည်တော်ရွာသူကြီး ဆင်ဆရာ ကြွက်ဖြူများရှင် အကြီးအကဲ ဦးကိုင်တစ်ယောက် လက်မှိုင်ချရတဲ့အဖြစ်ကို ရောက်နေပါတယ်။ သူကြီးက ရွာထဲမှာ အာဏာရှိပေမယ့် ရွာအဝင်က ဂိတ်ပေါက်စောင့်တွေကို မင်းတရားကြီးက တိုက်ရိုက်ခန့်ထားတာတဲ့။
ဂိတ်စောင့်တွေက စိတ်မထင်ရင် မထင်သလို အလွန်ရစ်တယ်ဆိုပဲ။ ရွာထဲဝင်ချင်လို့ တန်းစီနေရတဲ့သူတွေများပေမယ့် ဂိတ်စောင့်ကတော့ အေးအေးဆေးဆေးနဲ့ ဝင်ခွင့်ပါမစ်တွေကို ဖင်ပြန်ခေါင်းပြန် စစ်သတဲ့။ တစ်ချို့က မစောင့်နိုင်လို့ အပေါက်ကနေ လှည့်ပြန်တာလဲ မနဲဘူးတဲ့။ တချို့ကကျတော့ စိတ်ရှည်လက်ရှည်နဲ့ကို မရရအောင်ဝင်ကြသတဲ့။
ဂိတ်စောင့်က ဘက်လိုက်တယ်လို့ သတင်းကြားတယ်။ နိုင်ငံကူးလက်မှတ် ပက်စ်ပို့ ပြရင် အဝင်ခံတယ်။ ပြည်တွင်းမှတ်ပုံတင်ဆိုရင်တော့ ရစ်တာလွန်ရော။ ခက်တာကလဲ အခုနောက်ဆုံးခန့်ထားတဲ့ ဂိတ်စောင့်တွေက တရုတ်တွေ။ ဗမာစကားမတတ်ဘူး။ သူတို့နဲ့ ပြောရဆိုရတာ လက်ပေါက်ကပ်တော့ ပိုခက်ကုန်တာပေါ့။
သူကြီးလဲ အကြံတော့ ထုတ်နေတာပဲ။ နည်းပညာကျွမ်းကျင်သူတွေနဲ့လဲ တိုင်ပင်နေတယ်လို့ ကြားတယ်။
ဒါပေမယ့် ဘာမှမပူကြပါနဲ့ ရွာသူရွာသားတို့ … သူကြီးမှာ နောက်ဆုံးလက်နက် ရှိပါသေးတယ်။ အဲဒါကတော့ …..
ဆူး
December 4, 2010 at 7:01 am
သူကြီး နောက်ဆုံးလက်နက်ကတော့ ဟိုဒင်းဘဲ ဖြစ်ရမယ်။ အဲဒါဘဲ..
kai
December 4, 2010 at 10:22 am
ဘာမှစိတ်မပူကြနဲ့တော့နော..။
ဒီဇင်ဘာလေးရက်နေ့မှာ ကျရောက်မဲ့…ကမ္ဘာ့အန္တရယ် ဥက္ကာပျံကြီးကို … ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲ…ကျုပ်ကိုယ်တိုင် … မြင့်မိုရ်တောင်ထိပ်ကစောင့်ပြီး .. ဘုရင့်နောင်ရဲ့ယိမ်းနွဲ ့ပါးဓါးနဲ့ဖြတ်ခုတ်လိုက်တာ… အပိုင်းပိုင်းပြတ်..ကြေပျက်သွားတာမို ့.. ရွာသူရွာသားတို ့.. ည.. စိတ်ချလက်ချ အိပ်နိုင်ကြပါပြီဆိုတဲ့အကြောင်း..။
ဆူး
December 4, 2010 at 2:38 pm
စိတ်ချ လက်ချ အိပ်ပြီးမှ ထပြီး ဝင်သုံးတာ ဒီညတော့ အကြာကြီး သုံးမလို့..
kopauk mandalay
December 5, 2010 at 3:45 pm
ူဒါကြောင့် လူတွေခက်တယ်လို့ပြောရတာပေါ့။
ဘာမှလဲသေချာမသိဘဲနဲ့ ။
ဘာမှမဖြစ်သေးဘူးဆိုရင် ဘာပညာမှ မတတ်တဲ့ ဓါးပြတွေအဆော်ခံရမှာစိုးလို့
မန်းလေးသားတစ်ယောက်လောက် ရှာပေးပါနော်လို့ လူနားကိုကပ်ပြီးလာလာပူဆာနေတဲ့ ဆူးမမဆိုတဲ့ အန်တီပေါက်စလေးကို
ဓါးပြက သူကြီးကိုရိုက်တာလဲ မြင်ရော အရိုက်ခံထားရတာ နှာတောင်နှပ်ယူတယ်ဆိုတဲ့ပုံနဲ့ ဟန်ဆောင်နေလိုက်တာ တစ်လပြည့်သွားတဲ့ ဒါရိုက်တာကြီး က ကြိုက်လွန်းလို့ ဆိုပြီး နောက်တစ်ခါ ဘိုင်စကုပ်ရိုက်ရင် မေတ္တာနဲ့ ကူညီပြီး သရုပ်ဆောင်ပေးဘို့ တောင် ဖုန်းနဲ့လှမ်းပြောသေးသဗျာ။
နောက်တစ်ခါမှတ်ထားနော် အဖြစ်မှန်ကိုလဲ မသိဘဲနဲ့ရမ်းရမ်းမပြောနဲ့ ။
သိတဲ့လူရှေ့မှာ ဘာမှ မသိတဲ့သူကလာပြောနေရင် ရီစရာကြီးနော်လို့ နော်လို့ …………….
weiwei
December 5, 2010 at 4:52 pm
ကျွန်မကြားလိုက်တဲ့ လျှို့ဝှက်သတင်း (ဝီကီလိ) ထဲက နဲ့ ကိုပေါက်ပြောတာ မတူပါလား … ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲ (ရှည်လိုက်တာ) ရှင်းပြလိုက်တာက …. အကြီးအကဲကြီးက သူ့ဆီမှာ သူပိုင်တာ ဘာမှမရှိတော့လို့ ရွာသားတွေအတွက် ထောက်ပံ့ထားတဲ့ ဘဏ္ဍာငွေ (တကယ်မပေးရသေးဘူးလေ) တွေကို မပေးတော့ပဲ ဓါးပြဗိုလ်ကြီးကို ပေးလိုက်ရတယ်ဆိုပဲ … အဲဒါနဲ့ top one ဖြစ်နေတဲ့ မန်းသားကိုပေါက်တစ်ယောက် မူးမေ့လဲသွားတာ နှာနှပ်လိုက်ရတယ်လို့ ကြားတာပဲ … ဟုတ်မဟုတ်တော့ မသိဘူး (လျှို့ဝှက်သတင်း) လေ …