မေ့ခြင်းများဆီသို့ အတွေးခြေလှမ်းလေးများ
“Do not give way to heedlessness
Do not indulge in sensual pleasures
Only the heedful and meditative
Attain great happiness”
ဆိုတဲ့ စာပိုဒ်လေးကို ဓမ္မပဒ စာအုပ်လေးထဲမှ ဖတ်လိုက်ရတယ်။ ဗမာလို ဘာသာပြန်တော့
“မေ့မေ့လျော့လျော့ အချိန်မကုန်ကြစေလင့်
ကိလေသာအာရုံ ကာမဂုဏ်တို့တွင် မွေ့လျော်ပျော်ပါးတတ်သော တဏှာနှင့် မပေါင်းဖော်ကြလင့်
မမေ့လျော့ဘဲ ကမ္မဋ္ဌာန်းရှုလေ့ရှိသောသူသည် ကြီးကျယ်ပြန့်ပြော သော နိဗ္ဗာန်ချမ်းသာကို ရလေ၏။ ” လို့
အဓိပ္ပါယ်ရပါတယ်။
အင်း ဒါလေးကို ဖတ်မိတဲ့အခါ မေ့လျော့ခြင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ စာလေးတစ်ပုဒ်ကို သွားမြင်ယောင်လာမိတယ်။ မှတ်မှတ်ရရ ရဝေနွယ်(အင်းမ) ရေးတဲ့ စာအုပ်လေးထဲက ဖတ်လိုက်ရတာလေးပေါ့။
လူတိုင်းဟာ တစ်နေ့ တစ်နေ့ ကိုယ်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့အပြုအမူကို မေ့ခြင်းသုံးမျိုးနဲ့ ချိန်ကြည့်လို့ရပါတယ်တဲ့။ အဲဒီ (၃) မျိုးက ဘာတွေ လည်းဆိုတော့
၁။ အမေ့ကြီး မေ့နေတာရယ်။
၂။ အသင့်အတင့် မေ့နေတာရယ်။
၃။ မမေ့သင့်တာကို မေ့နေတာရယ်။ ဆိုတာတွေပါပဲနော်။
အဲဒါကို ပြန်ရှင်းတဲ့အခါ အမေ့ကြီးမေ့နေတယ် ဆိုတာကတော့ တစ်နေ့ ပြီး တစ်နေ့ “ငွေရဖို့ က အဓိက၊ ပစ္စည်းဥစ္စာ ရဖို့က အဓိက၊ ရာထူးအာဏာရဖို့က အဓိက၊ အောင်မြင်ကျော်ကြားဖို့က အဓိက” ဆိုပြီး နှလုံးသွင်းမှားနဲ့ လုပ်ကိုင် လည်ပတ်နေတာကို ပြောတာပါပဲ။ အဲလိုသာ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားမယ် ဆိုရင် သူဟာ အမေ့ကြီး မေ့တဲ့ ဘဝပိုင်ရှင် တစ်ဦးဖြစ်သွားပါပြီနော်။ ဒီလို ပုဂ္ဂိုလ်မျိုးများသေရင် တဲ့ ပြိတ္တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တော့ အပါယ်ငရဲကို ကျမှာသေချာပါပဲ လို့ ပြောထားပါတယ်နော်။ အင်း တော်တော်တော့ ကြောက်ဖို့ကောင်း တာပါလား။
နောက်တစ်ခုဖြစ်တဲ့ အသင့်အတင့် မေ့နေတယ် ဆိုတာက တော့ ကာမဂုဏ် အာရုံတွေမှာ စိတ်ညွတ်ပြီး ကုသိုလ်ကောင်းမှုပြုဖို့၊ တရားအားထုတ်ဖို့ မေ့နေတာကို ဆိုလိုပါတယ်။ အဲဒါကလည်း ဒီစာဖတ်ပြီးမှ ပိုတောင် ဟုတ်နေသလိုပဲ။ ဘာလို့လည်းဆိုတော့ တစ်နေ့ တစ်နေ့ အဆင်းကောင်းကောင်း ၊ အသံကောင်းကောင်း ၊ အနံ့ ကောင်းကောင်း၊ အရသာကောင်းကောင်း၊ အတွေ့အထိ ကောင်း ကောင်း ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေမှာပဲ စိတ်ညွတ်ပြီး ကုသိုလ်ပြုဖို့ မေ့လျော့နေတတ်ကြတယ်လေ။ အဲလိုမေ့နေမယ်ဆိုရင် သူဟာ သံသရာမှာ ကြာရှည်စွာ ကျင်လည်ရဦးမယ့်သူဖြစ်ပြီး နိဗ္ဗာန် နဲ့ လည်း ဝေးနေသောသူလို့ ပြောထားပါတယ်နော်။
နောက်ဆုံးတစ်ခုကတော့ မမေ့သင့်တာကို မေ့နေတယ် ဆိုတာပါပဲ။ သူက ဘာကိုပြောချင်တာလဲဆိုရင် တရားအားထုတ်တဲ့ အခါမှာ အမှတ်တွေ ကျဲကျဲနေတာကို ပြောတာပါပဲ။ စိတ်တွေက တရားထိုင်ရင်းနဲ့ကို ဟိုရောက်လိုက် ၊ ဒီရောက်လိုက် ဖြစ်ပြီး သမာဓိ တွေကျဲနေတတ်တာမျိုးပေါ့နော်။ အဲလိုဆိုရင် တရားတက်ဖို့ နှောင့်နှေး သွားတတ်တာမို့ မမေ့သင့်တာကို မေ့နေခြင်းလို့ပြောထားတာပေါ့။
ကဲ အဲဒီ (၃) မျိုးထဲမှာ အဆိုးဆုံးမေ့ခြင်းကတော့ ပထမ မေ့ခြင်း အမျိုးအစားပါပဲ။ ဘာလို့လဲဆိုတော့ သူက အပါယ်ထိအောင် ပို့ ပေးမှာမို့ လူတိုင်း ဂရုစိုက်လို့ ဆင်ခြင်နေထိုင်သင့်ပါတယ်နော်။
ဒါလေးကိုပဲ ဆရာတော်က ကဗျာလေးနဲ့ ဘယ်လို ရေးပြထား သလဲဆိုတော့
ဒုစရိုက်သာ၊ ပြုလုပ်ခါ၊ နေတာမေ့နေမည်။
ကာမဂုဏ်မှာ၊ စိတ်ညွတ်ခါ ၊ နေတာမေ့နေမည်။
ဘာဝနာမှာ၊ စိတ်လွတ်ခါ၊ နေတာမေ့နေမည်။
ကဲ ဒါဆိုရင်တော့ ကျနော်တို့အနေနဲ့ နေ့စဉ်တိုင်း ကိုယ့်ကိုယ် ကိုယ် ဒီမေ့ခြင်း(၃) မျိုးနဲ့ စစ်ကြည့်လို့ မေ့ခြင်းများက လွတ်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်းနဲ့ပဲ ဖတ်မိသမျှလေးကို မျှဝေလိုက် ပါတယ်နော်။
4 comments
ဆူး
December 5, 2010 at 5:18 pm
ပြောလို့သာ ပြောတာ အခုတလော ဆိုက်မှာ စာရေးလျောက် မန်းနေတာနဲ့.. တချို့ ကိစ္စတွေ မေ့နေတယ်။ အကျင့်လေး တခု တည်တည်တံ့တံ့ ရထားပြီးမှ မေ့လျော့ခြင်းကြောင့် တိမ်မြုပ်သွားသလို ဖြစ်နေတယ်။
ငါသည် အားတာနဲ့ အချိန်လုကာ အင်တာနက်မှ တဆင့် ဂေဇတ် ဝင်မည်.. အဲမှား နေပြီ.. ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်။ သေခြင်းတရားကို မျက်ကွယ်ပြုပြီး ရွာထဲမှာ အချိန် တော်တော် ကြာ အချိန်ဖြုန်းတီး မိနေတယ်။ သံဝေဂတော့ ရသင့်ပြီ။
အခုပင် မအိုခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့
အခုပင် မနာခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့
အခုပင် မသေခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့။
မိုက်ကယ်ဂျော်နီအောင်ပု
December 5, 2010 at 6:00 pm
ဟုတ်တယ်ဗျို ့
ဓမ္မတရားတွေကို အထိုက်အလျှာက် သိနေရုံနှင့် မလုံလောက်သေးဘူး
ကျင့်ကြံ ဖို ့မေ့လျှော့နေရင် လည်း ပျက်စီးခြင်းကို ဦးတည်သွားတတ်တယ် ဗျာ။
whowho
December 6, 2010 at 3:04 am
မမေ့နဲ့နော်
kopauk mandalay
December 6, 2010 at 8:08 am
ပုပုရေ
ပေါက်ပေါက်ကတော့ ပထမအသင်း ဝင်ဖြစ်မယ်ထင်ပါတယ်။
ထမင်းစားဘို့ လုံးပန်းနေရတာနဲ့ အားလုံးမေ့ကုန်ပါပကေါ။
အားပြန်တော့လဲ စာရေးဘို့ စိတ်ကရောက်။
ဒီစာအတိုင်းဆိုလို့ကတော့ သေချာပါတယ် ပေါက်ပေါက်ကတော့ ပထမ အသင်းဝင်ဘဲ။
ပုပုရော ဘယ်အသင်းထဲ ပါမှာလဲဟင်။