ဝီကီလိခ်စ်၏ နောက်ကွယ်မှ ဟက်ကာ

ဂ်စ္စူDecember 17, 20102min1251

‘အကြွင်းမဲ့ ပွင့်လင်း ပရိယာယ်ကင်းရေး’ဟူသည့် ရည်ရွယ်ချက်ဖြင့် ရရှိထားသမျှလျှို့ဝှက်ချက်များကို အများပြည်သူရှေ့ မှောက်ချပြနေသော ဝီကီလိခ်စ် အင်တာ နက် ဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ အမေရိကန် သံတမန်ဆိုင်ရာ လျှို့ဝှက်ကြေးနန်းများ ပေါက်ကြားမှုအပေါ် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကီဗင်ရပ်ဒ်က အမေ ရိကန်နိုင်ငံကိုသာ ပြစ်တင်ဝေဖန်လိုက်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။
တာဝန်အရှိဆုံးမှာမူ
ယင်းသို့ ဆိုလိုက်ခြင်းသည် ဝီကီလိခ်စ် အင်တာနက်ဝက်ဘ် ဆိုက်ထူထောင်သူ ဂျူလီယာအက်ဆင်းကို ထောက်ခံပြောဆိုခြင်း မဟုတ်ဘဲ ဥပဒေကြောင်းအရ မူလ ပေါက်ကြားသူသာလျှင် တာဝန်အရှိဆုံးဟု ဆိုလိုခြင်းသာဖြစ်ကြောင်း ကီဗင်ရပ်ဒ်က ပြောသည်။ သို့ရာတွင် ယင်းဆိုလိုချက် သည် ဩစတြေးလျအစိုးရ၏ သဘော ထားတော့ မဟုတ်ပါချေ။ ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်ကမူ သူတို့နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျူလီယာအက်ဆင်း၏ လုပ်ရပ်သည် တာဝန်မဲ့ လှကြောင်း အပြစ်တင်ပါသည်။ လောလောဆယ်အားဖြင့် ဝီကီ လိခ်စ် အင်တာနက်ဝက်ဘ်ဆိုက် ထူထောင်သူ ဂျူလီယာအက်ဆင်းကို ဖမ်းဆီးထားဆဲတွင်ပင် အမေရိ ကန်အစိုးရ၏ လျှို့ဝှက်ကြေးနန်းစာများ ဝီကီလိခ်စ်ဝက်ဘ်ဆိုက်တွင် ဆက်လက်တင်ပြနေဆဲပင်ဖြစ်သည်။ ဝီကီလိခ်စ်တွင် ၁၉၆၆ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်များ အတော အတွင်း ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများထံမှ ဝါရှင်တန်အစိုးရအဖွဲ့ထံ လျှို့ဝှက်ပေးပို့ခဲ့ကြသော ကြေးနန်းစာပေါင်း နှစ်သိန်းခွဲကျော်ကို တင်ပြ ထားကြောင်း သိရသည်။ ယင်းလျှို့ဝှက်ကြေးနန်း များဝယ် အမေရိကန်သံတမန်များ ၏ မှတ်ချက်များက ဒေသခံအစိုးရ များကို ထိခိုက်မှုရှိနေကြောင်း တွေ့သည်။ ထို့အပြင် အမေရိကန်ဘဏ် အချို့၏ အတွင်းရေးများကိုလည်း ဆက်လက်တင်ပြဦးမည်ဟု ဆိုထားပြန်သဖြင့် စတော့ဈေးကွက်များလည်း မတည်မငြိမ် ဖြစ်လာ ရသည်။
ရှဲဒိုးဟက်ကာ
ကွန်ပျူတာဟက်ကာ တစ်ဦးဖြစ်သူ ဂျူလီယာ အက်ဆင်းနှင့် အတူ ဝီကီလိခ်စ်အတွက် စေတနာ့ ဝန်ထမ်းတာဝန်ထမ်းဆောင်နေသူ ကမ္ဘာအနှံ့မှ ကွန်ပျူတာဟက်ကာ များအနက် အသက် ၂ရ နှစ်အရွယ် ရှိသူ အမေရိကန်ဟက်ကာဂျက် ကော့ဘ်အက်ပဲလ်ဘောင်း(မ်)သည် အထင်ရှားဆုံးဖြစ်သည်။ အက်ပဲလ်ဘောင်း(မ်)နှင့် အက်ဆင်း တို့သည် “Tor”  ခေါ် အခမဲ့ဆော့ဖ်ဝဲ စီမံကိန်းတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်၏။ ယင်းဆော့ဖ်ဝဲမှာ ကွန်ပျူတာကွန်ရက် ဆက်သွယ်မှုတွင် ခြေရာဖျောက်ပေးနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ အမေရိကန် ရေကြောင်းသုတေသနဓာတ်ခွဲခန်းမှ လွန်ခဲ့သည့် ၁၅ နှစ်ခန့် က စတင်ခဲ့ ခြင်းဖြစ်ကာ ယနေ့အထိ ဆိုပါက ဒေါင်းလုပ်ဆွဲပြီးသူပေါင်း ၃၆ သန်းထက်  မနည်းရှိပြီဖြစ်သည်။ “Tor” သည် ဝီကီလိခ်စ်အတွက် များစွာ အထောက်အကူဖြစ်ကြောင်း အက်ဆင်းက ပြောခဲ့သည်။ အက်ပဲလ်ဘောင်း(မ်)၏ ထင်ရှားသော ကိုယ်ပိုင်ဆော့ဖ်ဝဲတစ်ခုမှာ “Blockfinder” ဖြစ်ပြီး ခေတ်ပေါ်ကွန်ပျူတာ ဘာသာစကားတစ်ခုဖြစ်သည့် Python ဖြင့် ရေးသားထားခြင်းဖြစ်ကာ ကွန်ပျူတာကွန်ရက်ဝယ် ပိတ်ဆို့နေသည်တို့ကို ရှာဖွေနိုင်သော ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ယင်းဆော့ဖ်ဝဲကို အက်ပဲလ် ဘောင်း(မ်) ကိုယ်တိုင်ပင် အကြိမ်များစွာ အသုံးပြုခဲ့သည်။
တရားဝင်ဖွင့်ချပြီ
၂ဝဝ၈ခုနှစ် ဇူလိုင်လ၊ အာဖဂန်စစ်ပွဲဆိုင်ရာ လျှို့ဝှက်ချက်များကို ဝီကီလိခ်စ်တွင် တင်ပြလုဆဲဆဲအချိန်တွင် နူးယောခ်မြို့တွင် ကျင်းပခဲ့သည့် Hackers On Planet Earth(HOPE) အဖွဲ့၏ ညှိနှိုင်းဆွေးနွေးပွဲ၌ အက်ပဲလ်ဘောင်း(မ်)သည် ဝီကီလိခ်စ်အတွက် နိုင်ငံတကာမှ လျှို့ဝှက်သတင်း အချက်အလက်များကို တာဝန်ယူ ရှာဖွေ ပေးသူ ဝါသနာရှင်မိတ်ဆွေကောင်း တစ်ဦးဖြစ်ကြောင်း ဂျူလီယာအက်ဆင်းက တရားဝင် ဖွင့်ချခဲ့သည်။ ယင်းဆွေးနွေးပွဲတက်ရောက်သူများ ကြားဝယ် ထောက်လှမ်း ရေးများလည်း ရှိနေကြ၏။ အက်ပဲလ် ဘောင်း(မ်)ကလည်း ဝီကီလိခ်စ်ကြောင့် ကမ္ဘာကြီးပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်သဖြင့် သူပါဝင်နေရခြင်းဖြစ်ကြောင်း ပရိသတ်အား ပြောကြားခဲ့ပါသည်။ အမှန်မှာမူ အက်ပဲလ်ဘောင်း(မ်)သည် ဝီကီလိခ်စ်၏ နောက်ကွယ်မှ အရေးပါသော  ဟက်ကာတစ်ဦးပင် ဖြစ်လေ၏။
လက်ရှိအခြေအနေများ
လောလောဆယ် အခြေအနေအရမူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုအချို့အရ ဖမ်းဆီးထားသော ဂျူလီယာအက်ဆင်းကို လန်ဒန်တရားရုံးက အာမခံပေးရန် ငြင်းဆိုထား သည်။ ဗြိတိန်မှ ဆွီဒင်သို့ တရားခံချင်း လဲလှယ်ရန် စီစဉ်နေကြခိုက်တွင် ယင်းသို့ ငြင်းဆိုခြင်းဖြစ်သည်။ အကယ်၍ လွှဲပေးသည်ဆိုလျှင်သော်မှ ဆွီဒင်နိုင်ငံက အမေ ရိကန်သို့ ထပ်မံလွှဲပေးလိမ့်မည် မဟုတ်ကြောင်း ဆွီဒင်အစိုးရရှေ့နေက ပြောသည်။ အက်ပဲလ်ဘောင်း(မ်)ကိုမူ ဖမ်းဆီးရန်လုံလောက်သော အထောက်အထား များမရှိသေးသော် လည်းအမေရိကန်ထောက်လှမ်းရေး များက ယင်းနောက်သို့ လိုက်လံခြေ ရာခံနေဆဲဖြစ်ပြီး ယခုသော် ဥရောပ တွင်ရှိနေကြောင်း သိရသည်။ ဝီကီ လိခ်စ်အဖွဲ့ကမူ အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဆက်လက်တင်ပြနေဦးမည် ဖြစ်ကြောင်းTwitter မှတစ်ဆင့် အသိပေးခဲ့သည်။ အင်တာနက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကမူ ဝီကီလိခ်စ်သည် စီအိုင်အေက တစ်ကမ္ဘာလုံးကို အရူးလုပ် အယုံသွင်းပြီး မိမိတို့ဖြန့်လိုသော သတင်းမှားများကို သတင်းမှန်များကြားညှပ်၍ ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။ အမှန်အားဖြင့်မူ ဝီကီလိခ်စ်သည် စီအိုင်အေတို့၏ ဝါဒဖြန့်ချိရေး လက်နက်တစ်ခုသာလျှင် ဖြစ်နိုင်ကြောင်း ယင်းက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဝီကီလိခ်စ်အပေါ် အမေရိကန်အစိုးရက အပြင်းအထန် အရေးယူလိုနေခြင်းကို ထောက်ရှု၍ တစ်ကမ္ဘာလုံးက အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်အစစ်အမှန်များ ပေါက်ကြားကုန်ပြီဟု ယုံကြည်နေကြပြီး၊ ယင်းသတင်းအချက်အလက်များ အားလုံးကိုလည်း အမှန်များဟုသာ ယူဆနေခြင်းအပေါ် အခွင့်ကောင်းယူ၍ မမှန်သတင်းများကိုလည်း ကြားညှပ်ဖော်ပြခြင်းသည် စီအိုင်အေ၏ လုပ်နေကျအကွက်တစ်ခုပင်ဖြစ်ကြောင်း ထင်ရှားနေသည်ဟုလည်း ယင်းက ပြောပါသည်။
ဟက်ကာ
Ref: VOA, BBC, rollingstone.com,Popularmyanmar

One comment

  • ဆူး

    December 17, 2010 at 1:35 pm

    http://www.myanmarwikileaks.org/

    The access to requested URL has been denied.

    “www.myanmarwikileaks.org”

    To have the rating of this web page re-evaluated please contact your web moderator.

    ဘန်းထားလို့ ကြည့်မရပါ။ အခု တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါ၏

Leave a Reply