ဒုက္ခသစ္စာဆိုတာ ကျုပ်က ဖြစ်တာပါဗျာ …
တစ်ခါသော် ကျွန်ုပ်သည် ဒုလ္လဘရဟန်းဝတ်ခိုက် ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးအား အလွန်တရာ ဖူးလိုသည့်ဆန္ဒကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့သို့ ရထားဖြင့် ခရီးထွက်ခဲ့လေသည်။
အခါကာလကား ဘုရားဖူးရာသီဖြစ်သဖြင့် ဘုရားပေါ်တွင် ရှိရှိသမျှ တည်းခိုဆောင်၊ ကျောင်း၊ ဇရပ်တန်ဆောင်း မှန်သမျှတို့တွင် လူများကား တိုးမပေါက်အောင်ပင် စည်ကားလျက်ရှိသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ အသိ မိတ်ဆွေဘုန်းကြီးတစ်ပါး လမ်းညွှန်လိုက်သော တန်ဆောင်းကြီးတစ်ခု၏ အပေါ်ထပ်တွင် သံဃာတော်များ တည်းခိုရာ အခန်းတစ်ခုတွင် တည်းခိုခွင့်ရရှိလိုက်လေသည်။ တန်ဆောင်ကြီးမှာ ၂ ထပ် ဆောင်ဖြစ်၍ အပေါ်ပိုင်းတွင် သံဃာတော်များ တည်းခိုရန်အတွက် တစ်ယောက်စာအခန်းငယ်လေးများ ၅ ခန်းခန့်ရှိပြီး အရှေ့ပိုင်း ဘုရားခန်းနှင့် ဧည့်ခန်းတွင် သီလရှင်ဆရာလေးများ လူပုဂ္ဂိုလ်များ တည်းခိုနေထိုင်ကြရလေသည်။ အောက်ထပ်တွင်တော့ ကွပ်ပျစ်များဆက်ကာခင်းထားပြီး လာရောက်တည်းခိုသမျှ ဧည့်သည်အပေါင်းတို့မှာ တန်းစီ၍ အိပ်ကြရလေသည်။ အိပ်သာရေချိုးခန်းများကိုတော့ အဆောင်၏ အနောက်ဘက်ပိုင်း (အောက်ထပ်) တွင် သီးခြားထုတ်၍ ထားလေသည်။
ညပိုင်းတွင် ဘုရားရင်ပြင်တော်၌ ဆီမီးပူဇော်ပွဲက ရှိနေသဖြင့် ညနေချမ်းတွင်မှ ဘုရားဖူးများ ထပ်မံရောက်ရှိလာ ကြပြီး ရင်ပြင်တော်တွင်ပင် ခြေချစရာနေရာမရှိလောက်အောင် ပြည့်ကျပ်နေလေတော့သည်။
ကျွန်ုပ်လည်း ညဦးပိုင်းတွင် ဘုရားရင်ပြင်တော်၌ ပန်းရေချမ်းဆီမီးကပ်လှူခြင်း ပရိတ်ရွတ်ဖတ်ခြင်းအမှုများကို ပြုလျက် ည ၈ နာရီကျော်ခန့်တွင် မိမိတည်းခိုရာ အခန်းတွင်းသို့ ပြန်လာခဲ့သည်။
ကျွန်ုပ်လည်း မနက်တွင် စောစောထကာ ရသေ့တောင်ဘုရားသို့ တက်ဖူးမည်ဟု ရည်ရွယ်ထားသဖြင့် ခပ်စောစောပင် အိပ်ယာဝင်ခဲ့လေသည်။ သို့နှင့် ည သန်းခေါင်ကျော်အချိန်ခန့်တွင် နိုးလာပြီး အပေါ့အပါး သွားလိုရာ အခန်းတွင်းမှ ထွက်ရန်အထတွင် ရုတ်တရက်မီးက ပျက်သွားလေသည်။ ကျွန်ုပ်တွင်လည်း ဓာတ်မီးတို့ မီးခြစ်တို့ ဖယောင်းတိုင်တို့ကလည်း မပါလာပေ၊ ကိစ္စကလည်း ထိပ်ဝရောက်နေ၊ ချုပ်တီးလို့ကလည်း ဘယ်လိုမှ မရတော့သဖြင့် အမှောင်ထဲတွင်ပင် လမ်းကိုမှတ်မိသမျှစမ်းကာ လာခဲ့ရာ လှေကားထိပ်နားအရောက်တွင် ကျွန်ုပ်ခြေထောက်တို့က တစ်စုံတစ်ရာကို တက်နင်းမိလေရာ ညသန်းခေါင် မှောင်နှင့်မည်းမည်းတွင် အော်သံနက်ကြီးကို ကြားလိုက်ရသည်။
“အမယ်လေးသေပါပြီတော့ …”
လားလား …. ခြေထောက်မှ စမ်းသပ်မိချက်အရ၊ အသံအရ၊ ညဦးပိုင်းက လှေကားမှ တက်လာစဉ် တွေ့ခဲ့ရသော အချက်အလက်အရ ကျွန်ုပ်တက်နင်းမိသည်မှာ လှေခါးဦးထိပ်နားတွင် နေရာယူထားသော မယ်သီလရှင်တစ်ပါး၏ ဦးခေါင်းမှန်းသိလိုက်ရသည်။ ၎င်းသီလရှင်မှာ အိပ်ရင်းအိပ်ရင်းနှင့် ၎င်းမူလနေရာမှ ဖဲခွာ၍ လျှောက်လမ်းပေါ်သို့ မလွတ်မကင်းရောက်ရှိနေကြောင်းကို မီးများပျက်၍ မှောင်နေသဖြင့် မသိခဲ့ခြင်းမှာ ကျွန်ုပ်၏ ကံဆိုးမှုပေတည်း …
“ဟဲ့ … နင်ဘယ်သူလဲ … ငါအိပ်နေတာကို လာကြံစည်တယ်ပေါ့လေ … ” ဟုဆိုကာ ကျွန်ုပ်၏ ခြေထောက်အစုံကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်၏။
“အမလေး ဒုက္ခပါလား … ခုနေသာ မီးပြန်လာရင်တော့ ငါတော့ သွားပြီ …”ဟု တွေးလိုက်မိသည်။
ပြောရင်းဆိုရင်းနှင့် ရုတ်တရက် မီးများလင်းလာလေရာ ကျွန်ုပ်မှာ ဖြေရှင်းရခက်သော ပုစာ္ဆတို့နှင့် …
“အမလေး … ဒုက္ခသစ္စာဆိုတာ … ကျုပ်ကဖြစ်တာပါဗျာ …”ဟု ညည်းချင်းထုတ်လိုက်မိပါတော့သည် ….
6 comments
ဆူး
January 23, 2011 at 4:54 pm
http://www.thettantvillage.com/blogs/item/%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%85%E1%81%A5%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-%E1%80%80%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%80-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%90%E1%80%AC%E1%80%95%E1%80%AB%E1%80%97%E1%80%BA%E1%80%AC-%E2%80%A6
မူရင်းလင့် ဖြစ်ပါတယ်။
တခြားလူတွေ ရီနိုင်အောင်တင်ပေးလိုက်ပါတယ်။
bigcat
January 23, 2011 at 8:11 pm
ကျုပ်မှာလည်း ဇာတ်လမ်း တပုဒ်ရှိသဗျ။ ကျိုုက်ထီးရိုးဘုရားသွားတော့ လုံခြုံရေးရဲတွေနဲ့ညှိပြီး ရင်ပြင်တော်ပေါ်က သူတို့အိပ်တဲ့ဓမ္မာရုံကိုငှားတယ်။ ကို်ယ့်ထက်ဦးသူရှိလို့ အခန်းအပြင်ဖက် ကွပ်ပျစ်ပေါ်မှာအိပ်ရတယ်။ နှစ်ညထဲဆိုတော့ အပန်းမကြီးပါဘူး။ ပြန်ခါနီးမနက်မှာ လူသစ်တွေ ရောက်လာတယ်။ ရွယ်တူကောင်မလေးလည်းပါလို့ အပြန်စောလေခြင်းလို့ နောင်တရမိတယ်။ ဓမ္မရုံကအပြီးမထွက်ခင် အီးအီးသွားပါတယ်။ စက္ကူသုံး ရေလောင်းအိမ်သာပါ။ အိမ်သာဇလားထဲမှာ ရှေ့ကသွားထားသူရဲ့ အညစ်အကြေးတွေနဲ့။ ဖြစ်ချင်တော့ (ကန်တော့ပါရဲ့) အညစ်အကြေးတွေကို ဆေးချဖို့ ရေအလုံအလောက်မရှိဘူး။ ဒါနဲ့ ကိုယ့်အလှည့်ပြီးတော့လည်း ဒီလိုပဲ ထားလိုက်တယ်။ ကိစ္စပြီးလို့ အိမ်သာတံခါးလည်းဖွင့်ရော အကြည့်ချင်းဖလှယ်ထားတဲ့ ကောင်မလေးဖြစ်နေတယ်။ ဒါနဲ့ပဲ ကောင်မလေး ပြန်မလာခင် အထုပ်အပိုးဆွဲပြီး ချက်ချင်းလစ်ခဲ့ရတယ်။ အဖော်သူငယ်ချင်းက မသွာချင်သွားချင်နဲ့ သံယောဇဉ် မပျက်နိုင်ဘူး။ ကိုယ်ပြသနာကိုယ်ပဲ သိတယ်လေ။
ဆူး
January 24, 2011 at 12:25 pm
ကြောင်ချီး နံတာ ကောင်မလေး သိသွားမှာပေါ့။
manawphyulay
January 24, 2011 at 3:54 am
ကျိုက်ထီးရိုးမှာတော့ ဒီလိုပါပဲ အခါကြီးရက်ကြီးဆို ခြေချစရာတောင် နေရာမရှိဘူး အခန်းငှားထားလို့ အဆင်ပြေပေမယ့် အပြင်ထွက်ဖို့ တံခါးတောင် ဖွင့်မရဘူး ဖြစ်ခဲ့ရတယ်။
yuyu
January 25, 2011 at 4:30 am
အဲဒါတော့ကို်ယ့်ဒေါသနဲ့ကိုယ်ပဲပေါ့သူငယ်ချင်းတို့ရယ် ဘုရားဆိုတာဘယ်အချိန်ဖူးဖူးကုသိုလ်ရပါတယ် အခါကြီးရက်ကြီးမှသွားချင်ကြတဲ့ကိုကိုမမများရဲ့ ဒုက္ခသစ္စာတွေပေါ့လေ
naywoonni
January 25, 2011 at 11:13 am
သစ္စာလေးပါးက တစ်ပါးတော့ တွေ့ပြီပေါ့လေ မဆိုးဘူးပဲ