မေ့ရန်ခက်သော ခြေရာများ
`အပမ်းဖြေခရီးစဉ်` ဟူသော ခေါင်းစဉ်အောက်မှ သည်ရီးသည် ပျော်ရွှင်ကြည်နူးစရာ၊ မမေ့နိုင်စရာ အမှတ်တရများစွာ တို့ဖြင့် အတိပြီးပြည့်စုံနေလိမ့်မည်ဟု သေချာစွာ ယုံမှတ်မျှော်လင့်ထားခဲ့မိသည်။
ခရီးဝေးသွားခဲလှသော ကေ့အတွက်တော့ လမ်းဘေးဝဲယာ မြင်ကွင်းများသည်ပင် အဆန်းအကြယ် ဖြစ်နေပြန်တော့သည်။ ညောင်တုန်း၊ ကျောင်းကုန်း စသော မြို့အဝင်များကို လှမ်းငေးကြည့်ရုံမျှဖြင့် ကျော်လွန်ပြီးခဲ့ပြီ။ ပြီး…ကားလမ်းမ နံဘေးက ရွာကလေးတွေ…။တချို့ကတော့ ကားလမ်းနဲ့ ဝေးလှမ်းလွန်းလှသည်ဖြစ်ရာ အုန်းပင်တန်းရှည် ညို့ညို့ကိုသာ လှမ်းငေးရတော့သည်။ မြင်ကွင်းများစွာကတော့ ရှုမျှော်မဆုံးတော့သော စိမ်းတစ်ကွက်၊ ဝါတစ်လှည့် လယ်ကွင်းများသာပင်။
“ဟဲ့…လယ်တွေတောင် ပြန်စိုက်နေရပြီလား´´
“နွေစပါးလေဟယ်…ငတုံးမရဲ့´´
“ဟို…ဝါနေတဲ့ လယ်ကွက်တွေက ဘာဖြစ်တာလဲ´´
`ရေငတ်လို့ ဖြစ်မှာပေါ့ ´´
ခရစ်စမတ်အမီ စီစဉ်ခဲ့သော ကေတို့၏ သည်ခရီးစဉ်သည် အလုပ်ရှင်သူဋ္ဌေး၏ နိုင်ငံခြားခရီးစဉ် ရုတ်တရာက်ပေါ်လာသောကြောင့် သူပြန်ရောက်အောင် စောင့်ပေးနေရပြန်သည်။ သူဋ္ဌေးပြန်ရောက်လာချိန်မှာ သည်ခရီးကိုဦးဆောင်မည့် မန်နေဂျာဦးသိုက်၏မိခင် ဆေးရုံတက်ရပြန်သောကြောင့် နှောင့်နှေးနေရပြန်သည်။ ကေတို့၏ သည်ခရီးစဉ်က ဇန်နဝါရီလဆန်းမှပင် စနိုင်ခဲ့တော့သည်။
ညိုမနှင့် နီနီတို့နှစ်ယောက်တော့ အတိုင်အဖေါက်ညီစွာ စကားတွေ ရေပက်မဝင်နိုင်အောင် ပေါက်ပေါက်ဖောက်နေကြပါသည်။ ကေကတော့ စကတည်းက နှုတ်နည်းသူဖြစ်လေတော့ ပတ်ဝန်းကျင် တခွင်တပြင်ကို လှမ်းငေးလိုက်၊ ညောင်းလာလျှင် မျက်လုံးတွေကို မှေးမှိတ်ဖြေလျှော့ရင်း အိပ်ငိုက်လာလိုက်ဖြင့် ငြိမ်သက်နေတော့တာမို့ ညိုမက တံတောင်တစ်ချက်တို့ကာ…
“မိကေ…ငြိမ်လှချည်လား
“အေးလေ…ရန်ကုန်ကို ပြန်လွမ်းရအောင်လည်း ဉာဏ်က အရှင်လတ်လတ်ကြီး ကားပေါ်မှာ ပါလာတဲ့ဥစ္စာ
နီနီက ကေ့အား စ,နေပြန်ရင်း ငှက်ပျောခြောက်ကြော်ထုပ်ကို ကိုက်ဖောက်နေသည်။
“ဟဲ့..နီ။ အဲဒါ…မိကေအတွက် ဉာဏ်ဝယ်လာပေးတာနော်
“သိပါတယ်ဟယ်။ ဒီလောက်အများကြီးကို မိကေ တစ်ယောက်တည်း ဘယ်လိုကုန်နိုင်ပါ့မလဲ။ ဒါကြောင့် ငါက ကူစားပေးတာ။ ဉာဏ်သ်ိရင် ငါ့ကိုတောင် ကျေးဇူးတင်ဦးမယ်
`ပြည်ကြီးတံခွန်´ဂိတ်အဝင် စားသောက်ဆိုင်တန်းမှာ နံနက်စာဝင်စားဖြစ်ကြစဉ် ဉာဏ်တစ်ယောက် ငှက်ပျောခြောက်ကြော်တွေရော၊ အာလူးကြော်တွေပါ ဝယ်လာပေးတာကို လှမ်းမြင်လိုက်သော ကိုကြိးစိုးတို့အုပ်စုသည်လည်း ဉာဏ့်အား ဝိုင်းဝန်းစ,နောက်နေလျက် တဟားဟား။ ဉာဏ့်ခမျာ မျက်နှာရဲရဲကြားက ကေ့ကိုလည်း စိတ်ဆိုးမှာ စိုးရိမ်နေပြန်တော့ကာ မဝံ့တဝံ့ ခိုးငေးလို့ မဆုံး၊
“ဟိုရောက်ရင် သူ…နင့်ဆီက အဖြေ ထပ်တောင်းလိမ့်မယ် ထင်တယ် ကေ။ သေချာပါတယ်ဟာ။ ငါ..လောင်းရဲတယ်´´
နီနီ့စကားကို ညိုမကပါ ထပ်ဆင့်ထောက်ခံနေပြန်သည်။
“ငါ…နီ့ဘက်က ပါမယ်´´…..တဲ့။
ကေတစ်ယောက် ရင်ခုန်မြန်လာရတော့ပြီ။
****************
ပုသိမ်တံတားကို ကျော်လွန်ကာ ဗျူးပွိုင့်သို့နီးလာခဲ့လျှင်တော့ မြင်ကွင်းတွေက သိသာစွာ ပြောင်းလဲသွားခဲ့ပြီ။ ကားလမ်းက အနိမ့်အမြင့်၊ အတက်အဆင်း၊ အကွေ့အကောက်တို့ ထူထပ်များပြားလို့လာသည်။ အတက်ခရီးဟု စိတ်မှာသိလိုက်စဉ်မှာပင် ရုတ်ချည်းစိုက်ခနဲဆင်းရပြန်လေလျှင် ရင်မှာ အေးခနဲ။ ယောက်ျားလေးတွေကတော့ ဟေးခနဲ ဝမ်းမြောက်အူးမြူးစွာ အော်ဟစ်မဆုံးကြတော့ပြန်။ တချို့သောကွေ့တွေကျတော့ ဂငယ်ကွေ့ဆန်ဆန်ဖြစ်သည်။ တစ်ကွေ့ ကွေ့ချိုးလို့မှ မဆုံးမီ နောက်ထပ်ကွေ့တစ်ခု မြင်ကွင်းရှေ့သို့ ဘွားခနဲ ရောက်လာပုံက အသက်ရှူမှားချင်စရာ ဖြစ်တော့သည်။ဒရိုင်ဘာ၏ ကျွမ်းကျင်မှု၊ စေတနာနှင့် အသိ၊သတိတို့ပေါ်မှာသာ လုံးဝယုံမှတ်၊ ပုံအပ်ပေးထားရသော အခြေအနေမှာ အသည်းတအေးအေး၊ ရင်တဖိုဖို ပင်။ ဘုရားတသံတွေလည်း တီးတိုးလွှမ်းညံနေတော့ပြီ။ ကားဘီးတစ်ဘီးစာမျှ အချိန်အဆမှားကာ နေရာရွေ့ချော်သွားခဲ့လျှင် ချောက်နက်နက်ထဲ ဂျွမ်းစိုက်ထိုးဆင်းကြရဖို့သာ ရှိတော့တာလေ။
လမ်းတစ်ဘက်မှာက ဖဲ့ဖြိုချထားသော တောင်မြင့် ကမ်းပါးယံဖြစ်သည်။ တခြားတစ်ဘက်မှာတော့ ချောက်နက်နက်…။ ထိုချောက်နက်များကို ကျော်လွန်ကြည့်ဖြစ်လျှင်တော့ လျှိုမြောင်အထပ်ထပ်၊ ချောင်းငယ်ကွေ့အသွယ်သွယ်ကို လှမ်းမြင်ရနိုင်ပါသည်။ သစ်ပင်မြင့်မြင့်တို့က ခပ်ကျဲကျဲ။ တခါတရံ ခြုံနွယ်သစ်ပင်တွေကြားမှာ လူသွားလမ်းဖုံဖုံလေးတွေလည်း တွေ့ရတတ်သေးသည်။
ချောင်းကမ်းနဖူးကို ကျောခိုင်းဆောက်ထားသော ခြေတံရှည်မြင့်မြင့်တဲအိမ်ကလေးတွေ တစ်လုံးစ နှစ်လုံးစမြင်ရသည်။ တချို့ကျတော့ တောင်ကုန်းမြင့်မြင့်ကလေးတွေရဲ့ ထိပ်ဖျားဆီမှာ။ ရာဘာစိုက်ခင်းက အလုပ်သမားမိသားစုတွေနေသော တဲကလေးတွေဖြစ်မှာပေါ့။ ချောင်းနက်ထဲမှာ ငါးဖမ်းလှေငယ်လေးတွေကိုလည်း တစ်စင်းတလေ ငုံ့ငေးရသေး၏။
ဉာဏ်တို့တတွေကတော့ ကားလမ်းမနံဘေးရှိ ကုန်းမြင့်ပြေပြေ တချို့နေရာတွေမှာ တွေ့ရသည့် ခြေတံရှည်တဲအိမ်ကလေးတွေကို လည်ပြန်ငေးလျှက်။ တဲအိမ်များရှေ့မှာ ဆော့ကစားနေသော ကလေးငယ်များနှင့် အပြန်အလှန် လက်ပြ နှုတ်ဆက်နေပြန်ကာ သဘောတွေကျလို့ပေ။
အဲဒီဉာဏ်ဟာ အလွန်အရယ်အပြုံးများသော လူပျော်လေးတစ်ယောက်ပေ။ ရုပ်တည်နှင့် စကားနည်းသော ကေသည်ပင် ဉာဏ်နှင့်တွေ့လျှင်တော့ စကားဖွယ်ရာ ဆိုနေဖြစ်ပြန်ကာ အရယ်အပြုံးတွေလှိုင်နေတတ်ပြန်တာ။
ဒါကြောင့်လည်း အလုပ်ထဲသို့ စဝင်လာကြသူချင်းအတူတူမှာ ဉာဏ်က… ကေ့ထက် ခင်မင်နှစ်လိုသူ ပေါများနေတာဖြစ်မည်။ အလုပ်ဘယ်လောက်ရှုပ်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ညစ်ပင်ပမ်းရသည် ဖြစ်ပါစေ…ဉာဏ်မျက်နှာပေါ်မှ အရယ်အပြုံးတွေ ဖျော့မှိန်မသွား။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာလည်း ဉာဏ်ဟာ ကူညီတတ်သူ၊ အနစ်နာခံတတ်သူဟု အမှတ်ပေးခံရသူဖြစ်ပြန်သည်။ အဲသည်ဉာဏ်က အာရုံနည်းနည်း၊ အလုပ်ထဲမှာသာ ငြိမ်ငြိမ်ကလေးရှိနေတတ်သောကေ့အား ချစ်စကား ဆိုလေရာ နံဘေးမှနေကာ ကိုယ့်စားရိတ်ကိုယ်စားပြီး လွှတ်သဘောတူနေကြသူတွေလည်း အများသားပေ။
အမှန်အတိုင်း ဝန်ခံရလျှင်တော့ အလုပ်ထဲမှာရော၊ အရပ်ထဲမှာပါ ခင်မင်ပတ်သက်၊ သိကျွမ်းဖူးသမျှ ယောက်ျားလေးမိတ်ဆွေအားလုံးတို့ထက် ဉာဏ်ကိုမှ ပိုသာသော မှတ်မှတ်ထင်ထင်၊ ခံစားချက်တချို့တဝက်မက ကေ့ရင်ထဲမှာ ရှိနေနှင့်တာ ။ ဒါပေမယ့် ချက်ကြီး ဖွင့်ဟဝန်ခံဖို့ရန်တော့ ကေ…မဝံ့သေးပါပေ။
*****************
ဥတိုတံတားကို ဖြတ်သန်းပြီးလျှင်တော့ ကားပေါ်ရှိလူကုန် မျှော်လင့်တက်ကြွလျှက် တလှုပ်လှုပ်ရှိလာခဲ့ကြပြီ။ ပင်လယ်နဲ့ အလွန်နီးကပ်လာနေပြီ မဟုတ်လား။
“ဟိုမှာ…ပင်လယ်
ကားသမားတစ်ယောက်က လက်ညှိုးညွှန်လေလျှင် ပင်လယ်အား မျှော်မောရင်ခုန်ကာ စိတ်စောနေကြသူတွေချည်းမို့ လေးဘက်လေးတန် ပိတ်ဆီးထားသော တောင်တန်းတွေဆီ အလုအယက် လိုက်ကြည့်မိကြသည်။
“ဘယ်မှာလဲ…
သူ့လက်ညှိုးက အောက်ဖက်ဆီ ယိုင်ပြနေပြန်တာကြောင့် ဇဝေဇဝါ အကြည့်ရောက်လေလျှင်…
“ဟယ်…ဟုတ်တယ်။ အဲဒါ ပင်လယ်…´´
“အယ်…ဒါ ပင်လယ်လား…´´
အားလုံးမျှော်လင့်ထားခဲ့ကြတာက ပယ်လယ်ပြင်ကြီးကို အထက်စီးမှ ငုံ့ကိုင်းကြည့်ရမည်လို့သာပင်။ ခုတော့ ပင်လယ်က တောင်တွေရဲ့ အမြင့်အဖျားမှာ တောင်တန်းနံရံများ ဘောင်ခတ်ထားလျှက်…။ပင်လယ်ကို ခုလို…တမော့တမော မျှော်မော့ကြည့်ရလိမ့်မည်ဟု ဘယ်တုန်းဆီကမှ တွေးထင်မထားခဲ့စဖူးမို့ အံဩတကြီး။ ငေးမော့မဝ။ ဒါပေမယ့် လမ်းကွေ့တွေမှာ ပင်လယ်က ပုန်းပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်။
တကယ်တမ်း ချောင်းသာကမ်းခြေဆီ ခြေချမိကြတော့လည်း လှည့်စားခံလူတွေကို ရေပြင်ပြာပြာရဲ့ ကြိုဆိုဧည့်ခံနေပုံက လှိုက်လှဲနွေးထွေးစွာ…။ ငြိမ်းအေးညှို့ငင်စွာ….။
******************
ဘန်ဂလိုမှာ ပစ္စည်းတွေ နေရာချပြီးသည်နှင့် ရေထဲဆင်းရန် အဆင်သင့်ရှိနေကြပြီ။
ကမ်းခြေမှာ ခြေစုံရပ်ကြကာ တမျှော်တခေါ် မြင်ကွင်းမဆုံးနိုင်တော့သော ရေပြာပြာပင်လယ်ဆီ ဟေးခနဲ လှိုက်လှဲကျယ်လောင်စွာ နှုတ်ခွန်းဆက်သလိုက်ကြသည်။ ပြီး…ပင်လယ်၏ ရင်ခွင်ဆီ အလုအယက် ပြေးဝင်ကြတော့ပြီ။
“ကေ…ရေထဲမဆင်းခင် စက်ဘီး အရင်စီးရအောင်´´
“ဉာဏ်..စက်ဘီး စီးတတ်လို့လား´´
“အင်း…လာပါ´´
ကမ်းခြေသဲပြင်တစ်လျှောက် နှစ်ယောက်တွဲစက်ဘီးကို ဉာဏ်ကထိန်းရင်း ရှေ့ကနင်းလေလျှင် ကေသည်လည်း နောက်ကနေ သူ့ပခုံးကိုကိုင်ကာ အလိုက်သင့် နင်းရပြန်တော့သည်ပင်။ ဉာဏ်က ကျောက်ပုထိုးစေတီဆီရောက်အောင် နင်းလေသည်။ ပြီး…ပင်လယ်နှင့် ကမ်းခြေရှိဟိုတယ်တွေဆီ တစ်လှည့်စီငေးရင်း နင်းကြပြန်သည်။
စိမ်းပြာညို့သောရေပြင်သည် ကေတို့ရောက်စကတော့ ခပ်ပြေပြေ ငြိမ်သက်နေသယောင်ထင်ရသော်လည်း ခဏငယ်အကြာမှာပင် လှိုင်းအိဂယက်ငယ်တို့ ကမ်းခြေဆီ လာရောက်မိတ်ဆက်ကြလေပြီ။
ယောက်ျားလေးများကတော့ လှိုင်းခုန်နေကြသည်။ လှိုင်းအလာကို ကြိုစောင့်နေကြရင်း မိမိထံရောက်အလာမှာ အလိုက်သင့်ဝမ်းလျားထိုးခုန်အုပ်ကာ လှိုင်းငြိမ့်စီးကြတာပင်။ မိန်းကလေးများမှာလည်း ဘောကွင်းတွေပေါ်မှာတချို့၊ ဖက်တွယ်ထားလျှက် တစ်ချို့။
ဘန်ဂလိုမှာ ရေမိုးချိုး၊ ဟိုတယ်က စီစဉ်ပေးသော ညစာကို စားနေကြရချိန်မှာပင် ညနေပိုင်း ပင်လယ်ကမ်းစပ်ဆီမှ အပျော်တွေကို စားမြုံ့ပြန်ကောင်းနေကြတုန်းပေ။
ဉာဏ်ကတော့ ကေ့အရိပ်ကို တရံမလပ် စောင့်ကြည့်နေမြဲအတိုင်း…
“ကေရေ…ပြီးရင် လမ်းလျှောက်ရင်း ငါးကင်စားရအောင်
“ အေး…ကောင်းတယ်။ သွားရအောင်ဟာ
မိညိုမက လက်ဦးအောင်ဖြေနှင့်လေသည်။
***************
နောက်တစ်နေ့မှာတော့ ဖိုးကုလားကျွန်းဟု နှုတ်စွဲနေခဲ့သော ကေတို့တတွေကို `အောင်မင်္ဂလာကျွန်းမှ ကြိုဆိုပါ၏ ´ ဟူသော ဆိုင်းဘုတ်က ဆီးကြိုနေနှင့်လေသည်။ ချောင်းသာကမ်းခြေနှင့် ဖိုးကုလားကျွန်းအကြားရှိ ချောင်းက မြစ်နှင့် ပင်လယ်ကို ဆက်သွယ်ပေးထားသလို ခပ်တိုတို။ ဒါပေမယ့် ကျယ်ဝန်းလှသည် ထင်မိ၏။ စက်တပ်လှေပေါ်မှ မိန်းခလေးများမှာ လှုပ်ပင် မလှုပ်ရဲ၊ အသက်မျှ မရှူရဲရှာအောင် ရင်ထထိတ်ထိတ်။ ကေတို့၏ မန်နေဂျာ ဦးသိုက်က စက်လှေတစ်စင်းထဲပေါ်မှာ ယောက်ျားလေး၊ မိန်းခလေး မျှမျှတတ ပါဝင်နိုင်အောင် စီစဉ်ပေးခဲ့သည်။
“ကေ…ကိုယ်တို့လှေနဲ့ လိုက်ခဲ့နော်
ချောင်းရေက ကြည်လင်စိမ်းလဲ့နေပြန်ရာ အောက်ခြေကြမ်းခင်း၊ သဲပြင်ကိုတောင် လှမ်းမြင်နေရတာမို့ ရေတိမ်သားပဲဟု စိတ်အေးတော့မလိုရှိစဉ်…
“အလယ်ချောင်းရိုးက ကျဉ်းကျဉ်းလေးပဲ။ ဒါပေမယ့် ချောက်နက်ကြီး´´
တံငါရွာကလေးမှ ရွာသားတွေကတော့ ဧည့်သည်တွေကို မထူးဆန်းတော့သလို အေးဆေးစွာပင်။ ဖိုးကုလားကျွန်းက ပို၍ပျော်ရွှယ်ကောင်းသည်ဟု ဉာဏ်နှင့်ကေတို့ သဘောချင်းညီခဲ့ကြပါသည်။
ကျောက်ဆောင်တောင်ကုန်းမြင့်ဆီမှ စေတီကလေးကလည်း ကြည်ညိုဖွယ်ရာ သပ္ပါယ်နေပါသည်။ဘုရားဖူးအပြီးမှာ ပင်လယ်ပြင်နှင့် ကမ်းခြေကို အထက်စီးမှ လှမ်းငေးလို့ရသည်။ ပတ်ချာလည် ဝိုင်းပတ်နေသော ကျောက်ဆောင်၊ ကျောက်တံတားများမှာရေညှိတို့ဖြင့် မဲညို့ညို့။ ကျောက်ဆောင်တွေကြား ခရုကောက်နေကြသူတွေလည်း ရှိနေသည်။ မြင်ကွင်းတစ်ဆုံးမှာတော့ ရေပြင်ပြာပြာ…။
ဟို…ဝေးပြပြ ပင်လယ်ရဲ့ဗဟိုမှာ ဖွေးလွလွသဲမြေအတိကုန်းမြေကတော့ သဲဖြူကျွန်းဟု အမည်တွင်သည်တဲ့လေ။ ဘာအပင်မှ မပေါက်ရောက်သေးဟုလည်း ပြောကြသည်။ ရေလည်သဲဖြူကျွန်းပေါ်မှာ တည်ထားကိုးကွယ်သော စေတီငယ်ကို ဖူးရောက်ချင်သေးသော်လည်း ပင်လယ်ကို စက်လှေဖြင့် ဖြတ်ကူးရန် ကေတို့ ကလေးမတွေက မဝံ့ရဲကြပါ။
“ဟို…စက်လှေတွေက ပိုကြီးတယ်လေ။ လိုက်ဖ်ဂျပ်ကက်တွေလည်း လူတိုင်းဝတ်ထားရတာပဲ။´´
မိန်းကလေးတွေမလိုက်ဖြစ်လျှင် ယောက်ျားလေးတွေလည်း မသွားဖြစ်တော့ဖို့ သေချာသလောက်ရှိနေတာမို့ သွားချင်လှသူတွေ စူပွပွ။ ဒါပေမယ့် ကျောက်ဆောင်တွေကြားမှာ ဓါတ်ပုံတွေရိုက်ကြရင်း၊ ခရုလိုက်ကောက်ရင်း၊ ကြေးတွန်းကျောက်ရှာရင်း သဲဖြူကျွန်းကို မေ့သွားကြပါသည်။
ချောင်းသာဖက်ကမ်းသို့ ပြန်ကူးကြရန်ပင် လူစုံအောင် မနည်းစုရုံး လောဆော်နေရသည်။ ခရုပုတီးနှင့် လက်ဆောင်ပစ္စည်းရောင်းသောဆိုင်ကလေးမှာ ကေတို့ တစ်အုပ်စုထဲနှင့်ပင် လူမအား၊ လက်မအား ဗျာများကျန်ရစ်ရရှာတော့သည်။
ကူးတို့ဆိပ်ကို ပြန်ရောက်တော့ ယောကျ်းလေးတချို့ မြင်စီးရင်း ကောင်းဘွိုင်စတိုင် ဖမ်းကြပြန်သည်။ မိန်းကလေးတွေကတော့ ချောင်းသာအမှတ်တရ အကျင်္ ီနှင့် လက်ဆောင်ပစ္စည်းဆိုင်မှာ ကြိတ်ကြိတ်တိုးနေကြပြန်ပြီ။
******************
တစ်နေကုန် တလှုပ်လှုပ်၊ လှိုင်းထန်လှုပ်ရှားနေရသော ပင်လယ်သည် ညအချိန် အိပ်စက်ရန်ပင် နှမျောနေသေးသည်ထင်ရဲ့။ ကမ်းစပ်ဆီသို့ လှိုင်းဂယက် ဖွေးဖွေးတွေ ဝေါခနဲပို့လွှတ်လာလိုက်၊ ပြီး…ပြန်ဆွဲချခေါ်ယူသွားလိုက်ဖြင့် ပိုလို့တောင်ပျားပမ်းခပ်ကာ အကဲမရ ရှိလှသည်။ လရောင်မရှိသော်လည်း ဟိုတယ်များဆီမှ စီစီညီသော လျှပ်စစ်မီးရောင်များကြောင့် ကမ်းစပ်မှာ ရေဂယက်ဖွေးဖွေးတို့သည် ငွေရောင်လက်ဖြာနေတော့သည်။ ကောင်းကင်မှောင်မှောင်မှာ မီးရှူး၊ မီးပန်း ရောင်စုံတို့ တဖွားဖွားရောင်စုံဖြာနေတတ်ပြန်သည်။ တစ်ချက်ချက်မှာ ကာရာအိုကေ သီချင်းသံတွေလည်း လွင့်ဝဲလာတတ်သေးသည်ပင်။
ဉာဏ်တို့ ယောက်ျားလေးအုပ်စုက ဟိုတယ်မှ စီစဉ်ပေးသောထင်းခြောက်များဖြင့် ကိုယ်တိုင် မီးမွှေးရန် ပြင်ဆင်နေကြသည်။ မီးတောက်တို့ အရှိန်ရစ ပြုလာခဲ့လျှင်တော့ ကေတို့အားလုံး မီးပုံကြီးကိုဝိုင်းပတ်ကာ နေရာယူလိုက်ကြပါတော့သည်။
“ကေ..ချမ်းနေလား´´
အနွေးထည်ထူထူကြီးကို လည်ပင်းအထိရောက်အောင် ဇစ်ဆွဲတင်နေသေးသော ကေ့အနားသို့ ဉာဏ်တစ်ယောက် မယောင်မလည် ရောက်ရှိလာပါသည်။
“လေတိုက်နေတာကိုး..ဉာဏ်ရဲ့´´
ဉာဏ်ကတော့ သိပ်မချမ်းလှသလိုပင် သိုးမွှေးဆွယ်တာပါးကလေးနှင့်ဖြစ်သည်။ ခေါင်းစွတ်ရဲရဲအောက်မှ ဉာဏ်မျက်ဝန်းတွေက အရိပ်တစ်မျိုးယှက်သန်းကာ နူးညံ့ရွှန်းလက်နေပြန်ပါသည်။
“မနက်အစောကြီး ပြန်ရတော့မှာနော်´´
“အင်း..´´
“ပြန်ချင်သေးဘူး ကေရဲ့´´
ကေ..စကားမပြန်တော့ပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ကေ့အနားပဲကပ်ခွင့်ရအောင် ၊ စကားပြောခွင့်သာအောင် ကြိုးစားရင်း ဉာဏ့်အကြည့်၊ အပြုံးတို့ လှိုက်လှဲနက်ရှိုင်းလို့လာနေတာ ကေသာမက အားလုံးက သိရှိနားလည် နေနိုင်ခဲ့ကြသည်ပင် မဟုတ်လား။ ကေ…ကိုယ်တိုင်လည်း အလုပ်ခွင်သက်တမ်းတစ်လျှောက် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ဉာဏ့်အား သည်ခရီးစဉ်ရောက်လေမှ အမူလွန်ဟန်ဆောင်ခြင်းများကွာကျလုကာ ဆန်းသစ်စွာ ငြိတွယ်ချင်ခဲ့ပြီ။
လက်ခုတ်သံ တဖျောင်းဖျောင်းကြားမှာ မီးပန်းရောင်စုံတို့ဖြင့် ကောင်းကင်သည် ပြိုးပြက်၊ ဝင်းလက်လို့နေသည်။ လက်ထဲမှ မီးပန်းငယ်များကို အခြားသူများနှင့်အတူ ကိုယ်စီဝှေ့ယမ်းနေကြရင် ကေတို့နှစ်ယောက်စလုံး ပြိုင်တူပြုံးနေမိကြသေးသည်။
ယောက်ျားလေးများ ဂစ်တာတီးရင် သီးချင်းဆိုကြရန်ပြင်နေပြီ။
“ဟေ့ယောင်…ဉာဏ်´´
ဂစ်တာတီးရန်လှမ်းခေါ်နေသော ကိုကြီးစိုးတို့ထံ ခဏဟု ဉာဏ်ကဆိုကာ မျက်လုံးတစ်ဖက်ပင် လှမ်းမှိတ်ပြနေလိုက်သေးသည်။ ညိုမနှင့် နီနီကတော့ ငါးကင်ရန် ပြင်ဆင်ရာမှာ ဝင်ကူပေးနေကြသည်။
“ကေ…´´
ဉာဏ့်အသံမှာ မြတ်နိုးမှုငွေ့ငွေ့ဖြင့် တိုးဖွဖွ။
“ဒီညလေးကို ကိုယ်တို့တွေ အမြဲတမ်း အမှတ်ရနေကြရအောင်နော်´´
ကေ…ပြုံးလျှက်သာ ခေါင်းညိတ်လိုက်ပါသည်။
ဉာဏ်က ကျောပိုးအိပ်အတွင်းမှ တစုံတရာကို ထုပ်ယူနေပြန်သည်။ ဉာဏ်လက်ဆောင်မှာ ကတ္တီပါစနီရဲရဲကို ဘောင်ကျက်လျှက် အရောင်၊ ပုံသဏ္ဍာန်ဆန်းဆန်းခရုခွံလေးတွေနှင့် ့ စီခြယ်ထားသော ချစ်မက်စရာ ပန်းချီးကားချပ်လေးဖြစ်သည်။
“ရန်ကုန်ရောက်မှ ဖဲကြိုးတွေ ဘာတွေနဲ့ သေချာထုတ်ပိုးပြီး ပေးမလို့ ကေရဲ့။ အဲထိရောက်အောင် မစောင့်နိုင်တော့လို့´´
ပိုလိုက်တာဟု နှုတ်ခမ်းမဲ့ပြလိုက်သော်လည်း ကေနှုတ်ခမ်းများက အပြုံးတွေ လျော့မသွားခဲ့။
“ဟေး…ဉာဏ်။ အော်…နေ့လည်က ဝယ်ခဲ့တဲ့ ပန်းချီကားလား။ အဲဒါ ကေ့ဖို့ ဝယ်တာလား..ဟား..ဟား..´´
“သာသနာဖျက်ကောင်´´
ဉာဏ်က ဖိုးစည်အား မကွယ်မဝှက် စွတ်စွဲနှင်လွှတ်နေပြန်သည်။ ဖိုးစည်ကတော့ မျက်နှာတစ်ချက်ညှိုးမသွား။ တဟားဟား..ရယ်မောမပျက်…။
“အော်…ဖိုးကုလားကျွန်းမှာ မင်းတို့ခိုးယူလာခဲ့တဲ့ ပုလဲပုတီးလည်း ကေ့ကို ပေးလိုက်ပါဦး။ သက်စွန့်ဆန်ဖျား ယူလာခဲ့ပြီးမှ ပေးဖို့မေ့နေမှာစိုလို့ မင်းကို သတိလာပေးတာ´´
ဖိုးစည်ကတော့ တဟဲဟဲပင် အနားကခွာကာ ဂစ်တာတီးနေသော အုပ်စုထံ ပြန်သွားတော့သည်။
“အဟား..သူလာပြောလို့ သတိရတာ´´
ကျောပိုးအိပ်အတွင်းမှာ ဟို၊သည် စမ်းရှာနေပြီးမှ လက်ထဲသို့ပါလာခဲ့သော ပုလဲပုတီးလေးမှာ ညမှောင်မှောင်မှာပင် မီးရိပ်ဖြင့် တလက်လက် လင်းဖြာနေပါသည်။
ကေသည် ဉာဏ့်ထံမှ လက်လှမ်းလိုက်သော ပုလဲပုတီးလေးအား နောက်သို့ခြေတစ်လှမ်းဆုတ်၍ပင် ရှောင်လိုက်မိသေးသည်။ ဉာဏ်ကတော့…
“နေ့လည်က ကိုယ်တို့တွေ အမှတ်တရ ပစ္စည်းဆိုင်မှာ အတိုအလျှိုတွေလုပ်ကြရင် ပါလာခဲ့တာလေ..ဟား..ဟား..´´
ဉာဏ်ကတော့ ကေ့ အမူအယာကို သတိမပြုမိဟန်ဖြင့် ရယ်မောရွှင်ပြနိုင်နေသေးသည်။
“ကေ..အခု ဆွဲထားမလား…။ ကေနဲ့ဆို လှမှာ…´´
“ဟင့်အင်း။ ကေ..မယူချင်ဘူး။ မယူဘူး´´
ကေ့ ငြင်းဆန်စကားက ရုတ်တရက်ကြီး တူးတူးခါးခါး ဖြစ်သွားရတာမို့ ဉာဏ်တစ်ယောက် ဇဝေဇဝါဖြင့် အံ့အားသင့်သွားခဲ့သည် ထင်ပါ၏။
“ကေ…´´
“ဟင့်အင်း´´
**************
ကေတို့တတွေ ကမ်းခြေမှ ပြန်တက်လာကြတော့ ညနက်လွန်ခဲ့ပြီ။ ဘန်ဂလိုသို့ ရောက်လျှင်ရောက်ချင်း ခြေ၊လက်ဆေးပြီး အိ်ပ်ယာတန်းဝင်ခဲ့မိသော်လည်း အိပ်မပျော်နိုင်ပဲ ဘယ်၊ညာ လူးလိမ့်နေရပြန်တော့သည်။
ကေ့ကို ပုံကြီးချဲ့တတ်သူဟု ဉာဏ်က ဆိုခဲသည်။ ကေကလည်း ဉာဏ်ဟာ အတွေးတိမ်သူ၊ ပေါ့တန်သူဟု တန်ပြန်စွတ်စွဲပစ်လိုက်တော့သည်လေ။
ကေတို့တတွေ လက်ဆောင်ပစ္စည်းဝယ်ယူခဲ့ကြသော ဖိုးကုလားကျွန်းပေါ်မှ အမှတ်တရ ပစ္စည်းဆိုင်ကလေးဟာ ဈေးဝယ်လို့ ကောင်းလွန်းလှပါသည်။ ဈေးနှုန်းတွေလည်း ကမ်းခြေဘက်မှာထက် ပို၍သက်သာသေးသည်။
“ဒါတွေကို ကျွန်မတို့ဘက်က ကိုယ်တိုင်လုပ်ကြတာလေ။ ကမ်းခြေက ဆိုင်တွေကို ဖောက်သည်သွင်းပေးရတာ။ ခုလို လက်လီရောင်းရတော့ နည်းနည်းပိုကျန်တာပေါ့´´
သူတို့ရဲ့ အမြတ်ငွေဟာ တကယ့်ကို နည်းနည်းပါးပါးသာဖြစ်မှာ သေချာပါသည်။ လက်ခသာသာမျှထက် ပိုလွန်ရုံသာရှိလိမ့်မှာ…။
ဈေးဝယ်သူ တစ်အုပ်တစ်မကြီးဝင်လာတော့ ဆိုင်ရှင်မိန်းကလေးခမျာ ပျော်ရှာမည်ပင်။ ကြုံရာ လက်ညှိုးညွှန်ကာ တစ်ယောက်တစ်လက် ဆွဲယူရွှေးချယ်နေသမျှ မငြိုမငြင် ဈေးဆိုပြသပေးခဲ့ရှာသည်။ ကေတို့အားလုံးအပေါ် အရိုးခံ သက်သက်ဖြင့်သာ ဆက်ဆံခဲ့ရှာတာ။ သံသယငွေ့ငွေ့ဖြင့် ဘယ်သူ့ကိုမှ သူ …မထေမဲ့မြင် မပြုခဲ့ပါပေ။
ခုတော့ ဉာဏ်တို့အားလုံးက အဖု်ိးမတန်လှသော ပစ္စည်းသေးသေးလေးတစ်ခုကို ဈေးသည်မသ်ိအောင် အပျော်သက်သက်အတွက် ဝှက်ယူလာခဲ့ကြသည်တဲ့။ ပြီး…
“ဒီလောက်တန်ဖိုးလေးနဲ့ ကိုယ်က စာရိတ္တ ပျက်ပြားစရာလား ကေရဲ့။ ဒီ့ထက် တန်ဘိုးကြီးလည်း စိတ်နဲ့တောင် မပြစ်မှားဘူး´´
“စိတ်နဲ့ မပစ်မှားပေမယ့် လက်က ရောက်ပြီးနေပြီလေ…´´
“ကေ…။ အဲဒါ ကိုယ်တို့အားလုံး အပျော်သက်သက် လုပ်မိခဲ့ကြတာလို့ ဘယ်နှစ်ခါ ပြောရမလဲ။ ပြီးတော့ အဲဒီအချိန်က ကေပြောသလောက် ကျယ်ကျယ်ပြန့်ပြန့် တွေးရကောင်းမှန်းလည်း မေ့နေခဲ့ကြလို့…´´
****************
“နင်ကသာ မစွတ်စွဲပါဘူးပြောနေ။ ဟိုမှာ ရှက်လို့ သေမတတ်ဖြစ်နေပြီ´´
တကယ်က တစ်ဖက်သားရဲ့ အခြေအနေ၊ ထိခိုက်နစ်နာရမှုကို မတွေးတောပဲ ဆင်ခြင်မဲ့ ၊ပေါ့ပေါ့တန်တန် ပြုမူပျော်ပါးတတ်သော အလေ့အထတွေကို ကေ…နှစ်လိုမြတ်နိုးမိသော ဉာဏ့်ထံမှာ မတွေ့မြင်ရက်ခဲ့တာ ဖြစ်ပါသည်။ ကေတို့တတွေ တစ်ခေါက် လည်ပတ်သုံးစွဲခဲ့ကြသော ခရီးစားရိတ်ဟာ သူတို့အတွက် တစ်လစာ အိမ်စားစရိတ်မျှ ဖြစ်နေမှာလို့ တွေးကြည့်ပါဦးတော့ ဉာဏ်ရယ်။ ဒါပေမယ့် ကေလည်းပဲ…စကားမှားခဲ့ ၊ကျွံခဲ့မိတာတော့ ဝန်ခံရမည်ပင်။
“ကေပါ ကြံရာပါ အဖြစ်မခံနိုင်ဘူး´´
ထိုစကားက ဉာဏ့်အား အထိနာစေခဲ့သည် ထင်ပါ၏်။
`မင်းမို့စွတ်စွဲရက်တယ် ကေရယ်´´
ကေ စွတ်စွဲတာ မဟုတ်ရပါဘူး ဉာဏ်ရယ်။ ဒါပေမယ့် ဉာဏ်တို့ရဲ့ လုပ်ရပ်က သူတစ်ပါးရဲ့ထမင်းတစ်လုပ်၊ ဟင်းတစ်တုံးကိို ပုတ်ချပစ်သလို ဖြစ်ခဲ့တယ်လို့ ဉာဏ့်ကို နားလည်စေချင်ခဲ့တာ။
အပြန်လမ်းကတော့ ကေတို့နှစ်ယောက်ကြောင့် တိတ်ဆိတ်အေးစက်နေခဲ့ပြီ။
**************
ပုသိမ်တံတားအရင်းမှာတည်တားကိုးကွယ်သော နှီးဘုရားကို ဝင်ရောက် ဖူးမြင်ခဲ့ကြသည်။ ပုသိမ်တံတားကို နောက်ခံထားသော စေတီ၏ ပရဝုဏ်သည် အေးမြလျှက် ကြည်နူးဖွယ်ရာပေ။ ကေတို့တတွေ… ဝါးနှီး ဖြင့် ယက်လုပ်ပူဇော်ထားသော နှီးဘုရား ရုပ်ပွားတော်မြတ်အား ပူဇော်အပြီးမှာ စေတီတော်ကို တစ်ပတ် ပတ်လျှက် ဖူးကြသည်။
“ဟဲ့ ဉာဏ်တို့ ဟိုမှာ´´
ဉာဏ်တို့ သူငယ်ချင်းလေးယောက်က စေတီတော် ပရဝုဏ် တံတိုင်းကို လက်ထောက်လျှက် တံတားကြီးကို မော့ငေးနေကြသည်။ နီနီနှင့် ညိုမတို့ နှစ်ယောက်သား ကေ့အား ဒယဉ့်တိုက်မတတ် တွဲခေါ်လျက် ဉာဏ်တို့ထံ လှမ်းလျှောက်သွားနေကြပါသည်။
“ဟဲ့…´´
ကေသည် ဟန်လုပ်ရုန်းဖယ်နေရင်း သူတို့ ဦးဆောင်ရာနောက်သို့ အလိုက်သင့် ပါသွားခဲ့တော့ပြီ။
ဉာဏ်သည် ကေ့ထံ အကြည့်လွှဲရှောင်ကာ မျက်နှာကတော့ ပြိုလုလု။ ကေသည်လည်း တမင် တင်းချီထားသော မျက်ဝန်းမှ ရစ်သီလာသော မျက်ရည်တို့ကို မျက်တောင်တဖျတ်ဖျတ် ခတ်ထုပ်နေရသည်။
သူငယ်ချင်းတွေက စကားတွေ ဟိုရောက်၊သည်ရောက် တစ်ယောက်တစ်ပေါက်ဆိုနေကြရင်း တဖြည်းဖြည်း အနားကနေ မသိမသာခွာကုန်ကြတာ ကေရော..ဉာဏ်ပါ ရိပ်မိနေပါသည်။
ကေက ဆတ်ခနဲ နောက်လှည့်ပြန်ရန်ခြေဟန်ပြင်သည်။
“ကေ..´´
ဉာဏ်တစ်ယောက် ကေ့ရှေ့မှောက်သို့ လေ၏အလျှင်ဖြင့်ရောက်လာခဲ့တော့သည်။
**************
အဲဒီ ဉာဏ်တစ်ယောက်ဟာ သူ့အိမ်ဖို့ လက်ဆောင်ဝယ်ရန် သတိမေ့နေခဲ့ပါ သတဲ့။ အံ့ရဲ့… ။
ရန်ကုန်ကို ပြန်ရောက်လျှင်တော့ ကေဝယ်လာခဲ့သော ကမ်းခြေလက်ဆောင် သရက်တော ထု်ိးမုန့်ဘူးတွေကို ဉာဏ့်အတွက်လည်း မျှဝေပေးလိုက်ရဦးတော့မှာပင်။ ။
သတိုး