Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရိုးနိုင်သည့် အိမ်သုံးဆေးမြီးတိုများ

Yin Nyine NwayFebruary 11, 20111min45013

အိမ်သုံးဆေးများသည် မိရိုးဖလာ အစဉ်အလာအရ သားစဉ်မြေးဆက် လက်ကမ်းယူခဲ့ရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ကျွန်မတို့ အဘိုးအဘွားများ၏ ၉၆-ပါး ရောဂါပျောက်သော ဆေးများလည်း ထင်ရှား ကျော်ကြားကာ ယနေ့တိုင် သုံးနေဆဲပင်။ သည့်ပြင် ယင်းအိ်မ်သုံးဆေးများမှာ အကုန်အကျ စရိတ်စကမရှိဘဲ တခြားလည်း သွားရှာစရာမလိုဘဲ အိမ်တွင်းမှာပင် ရှိနေသော နေ့စဉ်သုံးစွဲ တွေ့ထိလျက်ရှိသည့် အရာများသာ ဖြစ်ပါသည်။ လက်တွေ့အားဖြင့်လည်း ယင်းအိမ်သုံးဆေးများသည် အံ့ဩဖွယ်ကောင်းလောက်အောင် အမှန်တကယ် ထိရောက်ကြောင်း တွေ့ရှိရပါသည်။ ဈေးနှုန်းလည်း သက်သာ၊ လွယ်လင့်တကူလည်းရပြီး အကုန်အကျမရှိသလောက်ဖြစ်သော ဆေးမြီးတိုများဖြစ်ပါသည်။ မိခင်သဘာဝတရားက လူသားအားလုံးကို စောင့်ရှောက်လျက်ရှိပါသည်။ (သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို) Dulwish Health Society မှ ပြဋ္ဌာန်းထားသည့် သည်းခြေအိတ် ကျောက်တည်ရောဂါအတွက် ကုသနည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ လတ်ဆတ်သော ပန်းသီးဖျော်ရည် နှစ်လီတာ (2 liters) ကို ငါးရက်တိတိ ဆက်၍သောက်သုံးပါ။ ဤသို့ သောက်သုံးခြင်းဖြင့် သည်းခြေအိတ်တွင်ရှိသော ကျောက်များကို ပျော့ပျောင်းလာစေလိမ့်မည်ဟု ဆိုပါသည်။ ၂။ ဆဋ္ဌမမြောက်နေ့တွင် ညနေစာ မစားပါနဲ့။ ၃။ ယင်းနေ့ ည ၉းဝဝ နာရီတွင် ဆားခါးကို စားပွဲဇွန်းကြီး တဇွန်း၊ သို့မဟုတ်- နှစ်ဇွန်း ရေနွေးနှင့် ဆတူရောပြီး သောက်ပါ။ ၄။ အအေးခံထားသော သံလွင်ဆီစစ်စစ် စားပွဲဇွန်းကြီး လေးဇွန်းနှင့် ထုံးရည်စစ်စစ် စားပွဲဇွန်းကြီး နှစ်ဇွန်းကို ကော်ဖီပန်းကန်ထဲတွင် ထည့်၍ လှုပ်ပြီး ပန်းကန်တဝက်ကုန်အောင် သောက်ပါ။ ၅။ အိပ်ရာချက်ချင်းဝင်ပါ။ ဒူးခေါင်းကို မေးစေ့နားရောက်သည်အထိ ကွေးနိုင်သလောက်ကွေးပြီး ညာဘက်သို့စောင်းအိပ်ပါ။ ၆။ ယင်းအနေအထားအတိုင်း မိနစ် ၃၀-ခန့် စိတ်ရှည်စွာနေပါ။ ၇။ ဆားခါးရည်ကို လိုအပ်လျှင် တခွက်ထပ်၍ သောက်ပါ။ အနားတွင် အဖော်တယောက် ရှိပါစေ။ နောက်တနေ့တွင် သည်းခြေအိတ်မှ ကျောက်တုံးကျောက်ခဲတို့သည် အစိမ်းရောင်များ အတုံးအခဲများအဖြစ် ဝမ်းထဲ၌ ပါသွားကြောင်း တွေ့ရပါလိမ့်မည်။ လက်မအရွယ်ခန့် သည်းခြေကျောက်များ ကြေသွားသဖြင့် ဝေဒနာပျောက်ကင်းသွားကြောင်း တွေ့ရပါလိမ့်မည်။ (ကျောက်ကပ်ကျောက် ချေဖျက်သော ဆေးမြီးတို) ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရပါသည်။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကိုလည်း တွဲဖက်ခံစားရပါသည်။ ရေများများမသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည်။ ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီယမ် ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပါသည်။ ဤသို့ ပြုလုပ်ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည်။ ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံလှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည်။ ယင်းကုသနည်းများမှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည်။ ခွဲစိတ်ရသည့် အန္တရာယ်လည်း ရှိပါသည်။ အသံလှု်ိင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည်။ သက်သောင့်သက်သာလည်း မရှိလှပါ။ ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေးကို သုံးကြည့်ကြပါစို့- ၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ။ တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ။ ဖရဲသီး အနီဖြစ်စေ၊ အဝါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည်။ ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှကျောက်များကို ချေဖျက်နိုင်ပါသည်။ ၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင် ဖော်မြူလာ ရှိပါသည်။ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist)များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်းသောက်ပါ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည်။ ၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်သည့် မီဆိုင်ကူချင် (Misai Kuching)ကိုသောက်ပါ။ ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည်။ မီဆိုင်ကူချင် အရွက်များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ။ ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ဝယ်ယူရရှိနိုင်ပါသည်။ ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ ကြေ၍ကျလာပါလိမ့်မည်။ (အစာအိမ် ရောင်ရမ်းခြင်း ကုသနည်း) အစာအိမ် ရောင်ရမ်းခြင်းအတွက် အာလူးအစိမ်းနှင့် ပျားရည်သုံးရပါမည်။ ဆေးဖော်စပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ အာလူးအစိမ်းရည် တဖန်ခွက်ဖြစ်အောင် ပြင်ဆင်ပါ။ မာနေသော အာလူးအဖတ်များကို အရည်ကြည်သာကျန်သည်အထိ ထုတ်ပစ်ပါ။ ၂။ ယင်းအာလူးအရည်ထဲသို့ ပျားရည်စစ်စစ် လက်ဖက်ရည်တဇွန်းခန့် ထည့်ပါ။ ပျားရည်သည် အနာများ ကျက်စေသော အစွမ်းသတ္တိရှိပါသည်။ ပဋိဇီဝဆေးများ (Antibiotics) မပေါ်မီ ကာလအချိန်များ၌ ဥရောပတခွင်တွင် သေနတ်ဒဏ်ရာရသူများကို ပျားရည်ဖြင့် ကုသကြသည်။ ၃။ အထက်ပါအတိုင်း သမအောင် ရောစပ်ထားသော အာလူးစိမ်းရည်နှင့် ပျားရည်ကို အိပ်ရာမဝင်မီ သောက်ပါ။ ၄။ ဤသို့သောက်ခြင်းအားဖြင့် တညလုံး အက်စစ်များထွက်၍ အစာအိမ်ကို ဒုက္ခပးခြင်းမှ ကာကွယ်ပေးပါလိမ့်မည်။ ၅။ ညစဉ်အနည်းငယ်ခန့် ဆက်တိုက် သောက်ပါ။ ၆။ ဤနည်းဖြင့် အစာအိမ်ရောင်ခြင်း မသက်သာလျှင် အာလူးသီးအရည်အစား၊ ဂေါ်ဖီထုပ်အရည် သုံးကြည့်ပါ။ ယခုဖော်ပြထားသည့်နည်းသည် သိပ္ပံနည်းကျ အစာအိမ်ရောဂါအတွက် သုံးစွဲနေသော (cimetidine)ဆေးများကဲ့သို့ ထိရောက်ကြောင်း တွေ့ရပါသည်။ ယင်းဆေးမြီးတိုကို သုံးစွဲခြင်းဖြင့် အစာအိမ်ရောင်ရောဂါဝေဒနာများ တပတ်အတွင်း သက်သာလာသည်ကို တွေ့ရပါလိမ့်မည်။ (အစာမကြေခြင်းအတွက် ဆေးမြီးတို) ချင်းပြုတ်ရည်သည် အစာမကြေသူများအတွက် သင့်တော်ပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ- ၁။ လက်မခန့်ရှိသော ချင်းကို ကြိတ်ပြီးချေပါ။ ၂။ ချေပြီးသား ချင်းကို ဖန်ခွက်တခုထဲထည့်၍ ပွက်ပွက်ဆူသော ရေနွေးကို ဖန်ခွက်ပြည့်သည်အထိ လောင်းထည့်ပါ။ ၃။ ရေပူနှင့်တွေ့၍ ချင်းရည်များ ပွက်ပွက်ဆူပြီး ပလုံထလာပါမည်။ ယင်းကို ၁၀-မိနစ် ၁၅-မိနစ်ခန့် ထားပါ။ ၄။ ၎င်းနောက် ချင်းဖတ်များကို ဆယ်၍ ယင်းအဖတ်မှ အရည်များ ကုန်သည်အထိ ညှစ်ပေးပါ။ ၅။ ဖန်ခွက်ထဲရှိ အဖတ်များကို ဖယ်ထုတ်ပစ်ပါ။ ၆။ ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းထည့်၍ သမအောင် မွှေပါ။ ၇။ ၎င်းနောက် ပျားရည်ရောပြီးသားကို ဖြည်းညင်းစွာ စုပ်၍သောက်ပါ။ မှတ်ချက်။ ။ ယင်းချင်းပြုတ်ရည်ကို အစာမကြေသည့်ရောဂါ အတွက်သာမက ကိုယ်ဝန်ဆောင်၍ မူးဝေ ပျို့အန်ခြင်း၊ ခရီးသွား၍ မူးဝေပျို့အန်ခြင်း (Motion Sickness) များမှာပါ အသုံးတည့်ပါသည်။ (ပါးစောင်အနာများအတွက် ဆေးမြီးတို) ဗိုင်းရပ်စ်ပိုးများသည် ပါးစောင်အနာများကို ဖြစ်စေတတ်ပါသည်။ ခန္ဓာကိ်ုယ်၏ ကိုယ်ခံစွမ်းအားကို ပေးစွမ်းသည့် အရာများ (Immune System) ပျက်စီးပြီဆိုလျှင် ဗိုင်းရပ်စ်တို့သည် ဝမ်းသားအားရ ဝင်ရောက်တိုက်ခိုက်လာပါ တော့သည်။ စိ်တ်ဓာတ်ကျနေလျှင်၎င်း၊ စိတ်ပျက်နေလျှင်၎င်း၊ သို့မဟုတ်-ခန္ဓာကိုယ်အနေနဲ့ ဖိအားပေးခံ နေရသည့် အခိုက်အတန့်များတွင်၎င်း၊ ယင်းဗိုင်းရပ်စ်များက ချုံခိုတိုက်ခိုက်ကြ ပါတော့သည်။ ဤတွင် ပါးစောင်၌ အနာများ ပေါ်လာတတ်ပါသည်။ သို့သော် ဘာမှမကြောက်ပါနှင့်။ လွယ်ကူ၍ ငွေကုန်သက်သာမည့် ဆေးမြီးတိုလေးကို စမ်းသပ်ကြည့်ရအောင်။ ၁။ ကော်ဖီမှုန့်ကိုယူ၍ ပါးစောင်ရှိ် အနာပေါ်၌ သိပ်ပေးပါ။ ၂။ ၁၅-မိနစ်မှ မိနစ်၂၀-ခန့်တွင် စပ်၍ နာလာပါလိမ့်မည်။ ၃။ ပြီးလျှင် ယင်းနေရာ၌ ထုံလာပါလိမ့်မည်။ ၄။ ဤသို့ တနေ့တွင် သုံးခါထက်မနည်း ပြုလုပ်ပေးပါက ရက်အနည်းငယ်တွင် သက်သာလာပါလိမ့်မည်။ ကော်ဖီမှုန့်တွင် ဗိုင်းရပ်စ်ပိုး သေစေနိုင်သောအရာ သို့မဟုတ်-ဗိုင်းရပ်စ်ပိုးပွားခြင်းကို ရပ်တန့်စေသောအရာ ပါရှိသည်ဟု ယူဆရပါသည်။ တခြား ပါးစောင်များတွင်လည်း အနာများ ထပ်၍မဖြစ်နိုင်တော့ပါ။ တခြားနည်း တနည်းမှာ-အုန်းရေဖြင့် အာလုတ်ကျင်းပေးခြင်းဖြင့် ပါးစောင်အနာများ သက်သာစေပါသည်။ (အရေပြားအနာများအတွက် ဆေးမြီးတို) Alperr Y-leung ဆိုသူ ဇီဝဓာတုဗေဒပညာရှင်က တရုတ်ရိုးရာ ဆေးဖက်ဝင် ဆေးမြီးတို ကုထုံး-များ စာအုပ်၌ အရေပြားအနာများ၊ ပွေးများကြောင့် ယားခြင်း၊ နာကျင်ခြင်းတို့ ပျောက်ကင်းစေမည့် ဆေးဖော်စပ်နည်းများကို ဖော်ပြထားပါသည်။ ယင်းမှာ ဘာမျှမထူးဆန်းပါ။ အိမ်ရှိ နနွင်းကို ရေဖြင့်ဖျော်ပြီး အနာများပေါ်သို့ အုံပေးရန်သာ ဖြစ်ပါသည်။ (ဗောက်နှင့် ဦးခေါင်းအရေပြား ကူးစက်ရောဂါ ကုထုံးများ) ဦးခေါင်းအရေပြားကို ဒိန်ချဉ်ဖြင့်ဆွတ်ပါ။ ဒိန်ချဉ် ချဉ်လေ ကောင်းလေပင်။ ဤနည်းဖြင့် ဦးခေါင်းအရေပြား အက်စစ်ဓာတ်များ များလာပါလိမ့်မည်။ သို့မှသာ ဦးခေါင်းအရေပြားကို ဒုက္ခပေသည့်မှို (Fungus) များ အဝေးသို့ပြေးရပါတော့သည်။ တပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ ပြုလုပ်ပေးပါ။ ဗောက်သည် မနေနိုင်၊ ဦးခေါင်း အရေပြားမှ တခြားကူးစက်ရောဂါများလည်း ပျောက်ကင်းကြောင်း တွေ့ရပါလိမ့်မည်။ (အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို) နေ့စဉ်အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီးအနီတောင့်၏ အဓိကပါဝင်သော Capsicum ဓာတ်အကြောင်းကို ဆေးပညာစာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်းလေ့လာမှု (၁၃၀၀)ထက်မနည်း ဖော်ပြပါရှိခဲ့ပါသည်။ သာမန်အရပ်သူများအနေဖြင့် ငရုတ်သီးအနီတောင့်သည် အရိုးအဆစ်ဝေဒနာကို ပျောက်ကင်းစေသည်ဟူသော အဆိုကို သိပ္ပံသုတေသီများက စာစောင်များတွင် ဆွေးနွေးထောက်ခံ ထားပါသည်။ ဆေးပညာအရ ၎င်း Capsicum မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ဝင်ရောက်သွားပြီး အရိုးထုများပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထို်က်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။ မီယာမီရှိ ဆေးကျောင်းဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာတင်ပြချက်မှာ ၎င်း Capsicum သုံးစွဲသူ အဆစ်ဝေဒနာရှင်များသည် သုံးလအတွင်း အဆစ်ဝေဒနာများ ၈၀-ရာခို်ငနှုန်းခန့် သက်သာပျောက်ကင်း သည်ဟု ဆိုသည်။ ၎င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင်နှုန်းသာ သက်သာသည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီးအနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင်တွင်မှ ရှာ၍ရနို်င်မည် မဟုတ်ပါ။ မိမိတို့ဘာသာ အောက်ဖော်ပြပါအတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။ ပါဝင်ရမည့် ပစ္စည်းများမှာ- ၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။ ၂။ အုန်းဆီတကွာတ။ ၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။ ၄။ ဆီမွှေး အစက် ၄၀။ ပြုလုပ်နည်းမှာ- ၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကိုရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်းဆူပွက်လာသည်အထိ အပူပေးပါ။ ၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။ ၃။ သုံးနာရီခွဲခန့် အအေးခံပါ။ ၄။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။ ၅။ ဆီနှင့်ငရုတ်သီး အရောအနှောကို ဖျော်စက်တွင်ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။ ၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။ ၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။ ၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။ ၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။ ၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။ ၁၁။ အဖုံးသေချာစွာ ဖုံးပါ။ ၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။ ဆေးညွှန်းမှာ- နာကျင်ကိုက်ခဲသည့်နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်းလိမ်းပေးပါက အဆစ်နာဝေဒနာများ ပျောက်ကင်းနိုင်ပါသည်။ (အရေပြားနှင့် ရှားစောင်းလက်ပပ်) သင့်အိမ်မှာ မြေအိုးနှင့် အပင်တပင် စိုက်မည်ဆိုလျှင် ရှားစောင်းလက်ပပ်ပင်ကို မမေ့ပါနှင့်။ ရှားစောင်းလက်ပပ်မှာ မြန်မာများ အသိများ၍ ဆေးဖက်ဝင် တိုင်းရင်းဆေးတမျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပပ်၏ ပုံသဏ္ဍာန်မှာ ခွေးသွားစိပ်သဖွယ် အထစ်အထစ်ပါသော လှံနှင့်တူပြီး အရေခွံအောက်၌ အရေရွှမ်းသော ဂျယ်လီလို ပစ္စည်းတမျိုးပါ ပါသည်။ ယင်းဂျယ်လီကဲ့သို့ပစ္စည်းမှာ အလွန်ဆေးဖက်ဝင်ပြီး အသေးစား မီးလောင်ဖုများ၊ ခုတ်ရှဒဏ်ရာများနှင့် တခြားအနာများ၊ ကုတ်ရာခြစ်ရာများ၊ အရေကြည်ဖုများ၊ နေလောင်သော အရေပြားများအတွက် အစွမ်းထက်သော ဆေးဖြစ်ပါသည်။ ရှားစောင်းလက်ပပ်ပင်၏ အပေါ်အရေခွံစုတ်ပြီး အထဲမှအရည်ပျစ်ချွဲချွဲကို အနာနှင့်မီးလောင်ဖုများအပေါ်သို့ ညှစ်ထုတ်ပါ။ အနာများအေး၍ အမှန်တကယ် ပျောက်သွားကြောင်း တွေ့ရပါလိမ့်မည်။ လေသလပ်ခံပါက ရှားစောင်းလက်ပပ်ပင်အရည်မှာ ခြောက်သွားပြီး အပြင်မှ ရောဂါပိုးများဝင်ရောက်ခြင်းငှါ မစွမ်းနိုင်တော့ပါ။ ရှားစောင်းလက်ပပ်ပင်၌ Salicylates မြောက်မြားစွာ ပါဝင်၍ အဆစ်ဝေဒနာနှင့် နှလုံးရောဂါအတွက် သုံးသော Aspirin ကဲ့သို့ အကိုက်အခဲသက်သာစေခြင်း၊ အဆစ်ရောင်ခြင်းများ သက်သာစေသည့်အပြင် Magnesium Lactate ပါဝင်သဖြင့် Anti-histamine သတ္တိလည်း ရှိပါသည်။ (အသားမာ ကုသနည်းများ) အသားမာအတွက် ဆေးမြီးတိုသည် လွယ်လွယ်ကူကူနှင့် ထိရောက်ပါသည်။ ၁။ ကြက်သွန်ဖြူ အခွံနွာပြီး ဒေါင်လိုက် နှစ်ခြမ်းခွဲထားပါ။ ၂။ ကြက်သွန်ဖြူ နှစ်ခြမ်းကို ကြိုးစည်းထားပါ။ ၃။ ပြီးလျှင် အသားမာ ပေါ် ကပ်ထားပါ။ ၄။ ၁၀-နာရီခန့် ထားပါ။ ၅။ ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။ ၆။ အသားမာပျောက်သွးသည်အထိ ဤနည်းအတိုင်း ပြုလုပ်ပါက ရက်အနည်းငယ်အတွင်း အသားမာ ပျောက်သွားပါလိမ့်မည်။ (ဝမ်းတွင်းမီး သက်သာစေသော ဆေးပြီးတိုများ) အာယုဗေဒဆေးများတွင် ထောပတ်သည် အလွန်အဖိုးတန်ပါသည်။ ထောပတ်သည် အဂ္ဂနီ (Agni) ဝမ်းတွင်းမီးကို အားပေးသောအစာဖြစ်သည်။ မိမိစားမည့် အသားပေါ်တွင် ထောပတ် လက်ဖက်ရည်ဇွန်း တဇွန်း သုတ်စားပါ။ ထောပတ်ပြုလုပ်နည်းမှာ- ၁။ ဆားမပါသော ထောပတ်တပေါင်ကို ဒယ်ပြားပေါ်တွင် မီးအေးအေးဖြင့် အပူပေးပါ။ ၂။ အရည်ပျော်သည့်အထိ အပူပေးပါ။ ၃။ ၎င်းနောက် မီးအနည်းငယ်မြှင့်ပေးပါ။ ၄။ အမြှုပ်များထွက်လာပါက အမြှုပ်များကို ခပ်ထုတ်ပေးပါ။ ၅။ ထောပတ်ဆူပွက်ပြီး အရည်ထွက်လာလျှင် မီးကို ပြန်လျှော့ပါ။ ၆။ ဆယ်မိနစ်ခန့် မီးဖိုပေါ်၌ ဆက်ထားပါ။ ၇။ အစိုဓာတ်နှင့် အငွေ့ပြန်သွားလျှင် ဒယ်ပြားအလယ်၌ ရွှေအိုရောင် သန်းသည့် အညိုရောင်ထောပတ် (Ghee) ကို ရပါသည်။ ၈။ ဒယ်ပြားကို မီးဖိုမှချပြီး အအေးခံပါ။ ၎င်းနောက် သန့်ရှင်းသောခွက်တွင်း ခပ်ထည့်၍ သုံးစွဲနိုင်ပါသည်။ အခန်းအပူချိန်၌ပင် ယင်းထောပတ်ကို ရက်ပေါင်းများစွာထား၍ သုံးစွဲနိုင်ပါသည်။ ရေခဲသေတ္တာထဲတွင် ထား၍သုံးပါက ထို့ထက်ပို၍ သုံးနိုင်ပါသည်။ (အစာကြေချက် ချင်းတက်) ချင်းတက်သည် အစာကြေချက်ရာ၌ အထောက်အကူ ပြုပါသည်။ အစာအိမ်နှင့် အူသိမ်အတွင်းရှိ အစာများကိုပင် ကြေညက်စေပါသည်။ ချင်းရည်ပြုလုပ်နည်းမှာ- ၁။ လတ်ဆတ်သော ချင်းတက်ကို ပါးပါးလှီးပါ။ ၂။ အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဓားဖြင့်ပေါက်ပါ။ ယင်းနောက် ထုံးနှင့် ဆား အနည်းငယ် ထည့်စိမ်ပါ။ ၃။ နံနက်စာ သို့မဟုတ်-ညစာမစားမီ နာရီဝက်အလိုတွင် ချင်းဆားထုံးအရောကို လက်ဖက်ရည်ဇွန်း တဝက်ခန့် ဖြည်းဖြည်းဝါးစားပါ။ ဤနည်းဖြင့် အစာကြေချက်နိုင်ပါသည်။ @mawluu.blogspot.com

13 comments

  • Yin Nyine Nway

    February 11, 2011 at 2:10 am

    သိပြီးသူလည်း ရျိသလို မသိတဲ့ လူလည်းရှိသေးတော့
    လူအများကျန်းမာရေး နဲ့ အသုံးတဲ့မယ်ထင်လို့ ပို့ပေးလိုက်ပါတယ်
    မန္တလေး ဂဆက်တက် ကလူတွေ အားလုံး
    ကျန်းမာကြပါစေ…လို့ဆုတောင်းပေးပါတယ်

  • fatty

    February 11, 2011 at 5:16 am

    အင်မတန်အဖိုးတန်လှပါတယ်။ ယနေ့ ကျောက်ကပ်ကျောက်တည်သူတွေကလည်းပေါမှပေါပါ။ ကျောက်ကပ်ဆေးနေရသူတွေကလည်းဒုနဲ့ဒေး။ လက်တွေ့ကြုံရမှ အဖိုးတန်မှန်းသိကြမှာပါ။ ကျနော်တခါက ဆေးနည်း
    အလွယ်လေးနဲ့ဝမ်းသွားပြီးဒုက္ခရောက်နေသူတဦးကိုကူညီဘူးပါတယ်။ သူ့ခမျာ ၁ဝ ကြိမ်ထက်မက ဝမ်းတွေသွားပြီး
    အရိအရွဲတွေပါ ပါကုန်လို့ အိပ်ယာထဲကနေ လေးဖက်ထောက်ပြီး ရေအိမ်ဝင်ရပါတယ်။ ဆေးရုံဆေးခန်းတောင်မသွားနိုင်တော့ပါဘူး။ ဓာတ်ဆားရည်တိုက်တော့ နဲနဲအားပြည့်လာပြီး ဝမ်းကမရပ်တော့ပါဘူး။
    ဒါနဲ့ ဝီစကီတပက်ကို ကြက်ဥ တလုံးနဲ့ခလောက်ပြီး တိုက်လိုက်ပါတယ်။သူ့ကလဲသောက်သာသောက်ရတယ် သိပ်တော့ အားထားပုံမရဘူး။ အတော်ခံစားနေရပြီကိုး။ ဒါပေမဲ့ မယုံကြည်နိုင်လောက်အောင် နာရီဝက်အတွင်း
    ဝမ်းမရပ်မနားသွားတာရပ်ပြီး ထိုင်နိုင်သွားလို့ ကျနော့ကို အထူးအဆန်းလိုကြောင်ပြီးကြည့်နေပါတော့တယ်။
    တခါတရံ မထင်မှတ်ဘဲ ကူညီခွင့်ရတတ်ပါတယ်။ အလွယ်လေးနဲ့ ကူညီနိုင်မှာမို့ လက်တွေ့လဲဖြစ်လို့ရေးပြရတာပါ။
    ဆေးနည်းတွေရေးရင် နောင်ပြန်ရှာနိုင်အောင် အယ်ဒီတာများပြောသည့်အတိုင်း အင်္ဂလိပ်လိုရောပြီးခေါင်းစဉ်တတ်ပေးစေလိုပါတယ်။

    • bigcat

      February 11, 2011 at 5:27 am

      ဟိုးထားဗျို့.. ဆရာကြီးဦးဖက်နည်းက သုရာမေရကံရော၊ သူတပါးအသက်ရော နှစ်မျိုးစလုံးနဲ့မလွတ်လို့
      ဒုတ်အမှတ်၁၁ နဲ့ညိနေကြောင်း သတ်သက်လွတ် အရက်မသောက်သူများအဖွဲ့ကိုယ်စား အယ်ဒီတာမှ လိုအပ်သလိုအရေးယူပေးပါရန် အကြောင်းကြားပါသည်။

    • zawana

      February 11, 2011 at 7:08 am

      ကျနော်လည်း မကြာမကြာ ဝမ်းသွားတတ်တယ်ခင်ဗျ။ အဲဒါ ဦးဖက်တီးနဲ့ အိမ်နီးရင်လည်း ကောင်းသားဗျာ။ ဝမ်းသွားတိုင်း ဆေးလာတောင်းမလို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 11, 2011 at 7:06 am

    ဦးဖက်ကိုထောက်ခံပါတယ်ခင်ဗျ
    နှစ်တစ်ဖြစ်သွားပါပြီ
    ဒါနဲ ့ဘကြီးဖက်ခင်ဗျ
    ဝီစကီ အမည်နာမလေးများသိခွင့်ရနိုင်မလားခင်ဗျ
    ဥပမာ
    ဂျော်နီလမ်းလျှောက်တို ့
    အောင်ပုလမ်းလျှောက်တို ့ဆိုတာပါ
    အထူးသဖြင့်
    အဲ့သည်အချိန် မှာတိုက်ခဲ့တဲ့
    ဝီစကီရဲ ့တံဆိပ်ကို သိခွင့်ရလျှင် ကောင်းပါမည်ခင်ဗျ
    ကျွန်တော်ကတော့
    တိုင်းရင်းဆေးကို အလွန်သဘောကြပါသည်
    ခေတ်မှီဆေးဝါးတွေဟာလည်း
    တိုင်းရင်းဆေးတွေကို အခြေခံထားတာဖြစ်ပါတယ်
    ကြုံကြိုက်လို ့ပြောရလျှင်
    တစ်ခါ တိုင်းရင်းဆေးဆရာကြီးတစ်ယောက်ဟာ
    ခလေးတွေမှာဖြစ်တတ်တဲ့
    ငါးကြင်းမီးဆိုတဲ့ရောဂါကို
    သူ ့မှာရှိတဲ့ဆေးနည်းကို အခြေခံပြီး ရေမန်းနဲ ့ကုပါတယ်ဆိုပြီး
    ခပ်တည်တည်နဲ ့ကုစားနေတာ
    လွန်စွာအောင်မြင်လှပါတယ်
    ရေမန်းဆေးကုနည်းပါ တစ်ချို ့ဆရာဝန်တွေလက်လျှော့တဲ့လူနာတွေတောင်
    သူကုသလျှင် ပျောက်ပါတယ်
    ဒါပေမယ့်သူ ့ရဲ ့တစ်ကယ့်နည်းက
    ရေမန်းမဟုတ်ပါဘူး
    တစ်ကယ့်
    တိုင်းရင်းဆေးမြီးတို ရိုရိုးရှင်းရှင်းလေးပါ
    ကျွန်တော်ဘကြီးကို
    အင်မတန်ရိုသေကြည်ညိုလွန်းလို ့အမှန်တိုင်းဝန်ခံတာပါ
    ပွဲတွေ ့ပါ
    ဒါပေမယ့် တစ်ချို ့တွေကြတော့
    တိုင်းရင်းဆေးတွေကို မသမာတဲ့နည်းနဲ ့ဖျက်ဆီးနေကြတာကိုတော့
    ဝမ်းနည်းစရာကောင်းလောက်အောင်တွေ ့ရပါတယ်
    တိုင်းရင်းဆေးတွေကို ခေတ်မှီနည်းပညာတွေနဲ ့
    ဒွန်တွဲံဖော်ထုပ်ဖို ့ တိုက်တွန်းပါတယ်ဗျာ

  • Sweethome

    February 11, 2011 at 8:49 am

    ကျေးဇူးတင်ပါတယ်…အထက်ကဆေးမြီးတိုဆေးနည်းတွေကို ကူးယူထားလိုက်တယ်နော်..

  • search123

    February 11, 2011 at 8:58 am

    အသုံးဝင်တဲ့ အခြားဆေးနည်းလေးတွေရှိရင်လည်း ဆက်ပြောပေးပါဦး။

  • fatty

    February 11, 2011 at 9:00 am

    ဆရာမိုက်ကယ်ပု …. အဲလိုတော့မလုပ်နဲ့လေ .. ဆေးနည်းထည့်ရေးပေးပါလား .. ကုသိုလ်ရပါတယ်ဗျာ ..။
    အခု ထက်လင်းပိုင်ရှင်က မိတ်ဆွေပါ။ သူ့အဖိုးဆေးနည်းလေးနဲ့ အိမ်နားက ကလေးတွေကိုလူးပေးရင်း လူးပေးရင်းနဲ့
    ပျောက်ကြ သက်သာကြလို့ ဆေးဖော်ရောင်းပါလားဆိုပြီး အကြံပေးကြလို့ ရောင်းကြည့်တာ ..
    အခုတော့ ..ကျိကျိတက်ချမ်းသာနေပါပြီ နိုင်ငံခြားက ဆုတောင်ရသွားပါတယ်။

  • kai

    February 11, 2011 at 9:24 am

    ဂျပန်ဆိုတာက ..ဟိုးးးးး အရင်က ဆင်းရဲပါတယ်..။
    ဆင်းရဲဆို .. ဆာမူရိုင်းခေတ်ရှည်ကြီး .. ပြည်တွင်းစစ်တခြုန်းခြုန်းနဲ့ … ရာသီဥတုကအေး..။ မီးတောင်မြေဆိုတော့ မြေဩဇာကမကောင်း ဆိုတော့လေ..
    အဲဒါကြောင့် ..ရှေးဂျပန်တွေများ ..အဟာရမပြည့်တော့ … လူကောင်သေးပုကြတာပေါ့..။

    အဲဒီခေတ်ကတည်းကနေ အခုထိ ..သူတို့တွေဆေးနည်းက .. ကြက်ဥအစိမ်းကို .. ဆာကေး(ဆန်အရက်(နဲ့ ..ရောသောက်တာပါပဲ..။
    ရောဂါမှန်သမျှပျောက်တယ်လို့ .. ယူဆကြသတဲ့ဗျ..။

    ဥိးဖက်ဆေးနည်းနဲ့ ..တူနေလို့ပါ..။

  • ttm

    February 13, 2011 at 6:57 pm

    သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို ဆိုတာကို သတိထားပြီးသုံးစွဲစေချင်ပါတယ်။ အဲဒီ့နည်းသုံးစွဲပြီးနောက် ဝမ်းထဲပါသွားတဲ့ အစိမ်းရောင် အတုံးအခဲဆိုတာတွေဟာ တကယ့် သည်းခြေကျောက် မဟုတ်ပဲ သံလွင်ဆီနဲ ့ ထုံးရည်နဲ ့တခြားသောအရာတွေ ဓါတ်ပြုပြီး ထွက်လာတာဖြစ်တယ်လို ့ဖတ်ဖူးလို ့ပါ။

  • moethidasoe

    February 14, 2011 at 2:57 am

    တကယ် သည်းခြေကျောက်ဆိုတာ ဒီအတိုင်း မထွက်နိုင်ဘူး ဆိုတာ ttm ထောက်ပြတာ မှန်ပါတယ် .. သည်းခြေ ဓါတ်တွေ အန်လို့ ပါလာရင်တောင်မှ အစပိုင်းမှာ အဝါရောင်တွေ အနေနဲ့ အန်ပါတယ် ..

  • char too lan

    February 14, 2011 at 8:15 am

    တကယ့်ဗဟုသုတတွေပါပဲဗျာ ကူးယူသိမ်းထားခွင့်ပြုပါ

  • nature

    March 27, 2011 at 6:31 pm

    ဆေးမြီးတိုတွေကိုစိတ်ဝင်စားတာနဲ့အတော်ပဲ။ဝတဲ့သူကောပိန်ဆေးမရှိဘူးလား။

Leave a Reply