စိတ်စေတသိက်

manawphyulayFebruary 11, 20111min34018

ကျွန်မတို့ဟာ တစ်ခါတစ်ရံမှ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်ဘဲနဲ့ လုပ်နေကြရတယ်။ ဒါဟာ ဘာလဲဆိုတော့ ဥပမာ ကျွန်မအကျင့်ပေါ့လေ။ ကားစီးတဲ့အခါဖြစ်ဖြစ်၊ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါဖြစ်ဖြစ် ပုတီးစိတ်တာတို့၊ ဘုရားစာရွတ်တာတို့ လုပ်ကျင့်ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လူတွေရဲ့အမြင်ပေါ့ လေ။ အတွေးဆိုရင်လည်း မမှားပါဘူး။ ဪ သူက လူအထင်ကြီး အောင် လုပ်နေတာပဲ။ အသက်ကလေးကဖြင့် ငယ်ငယ်လေးရှိသေး တယ်စသဖြင့်ပေါ့လေ။ ဒီပြင်အတွေး ဪ သူတောင် အသိတရား ရှိရင် ငါတို့ကကော ဘာလို့မရှိရမှာလဲလို့ မတွေးကြဘဲနဲ့ ကိုယ့်အမြင်နဲ့ ကိုယ် မြင်တတ်ကြတယ်။ အဲဒီလို ကြည့်တဲ့အကြည့်ကို အရင်တုန်း ကတော့ လိုက်ကြည့်ပြီး ပုတီးစိပ်ရမှာ၊ ဘုရားစာရွတ်ရမှာ သိပ်ပြီး မဝံ့ရဲခဲ့ဘူး။ ဘေးပတ်ဝန်းကျင်က ငါ့ကို အမြင်တစ်မျိုးဘဲပေါ့။ ဒီလို အတွေးဝင်ရင် ကိုယ်ပြုလုပ်နေတဲ့ ကုသိုလ်တရားက အကုသိုလ်တရားဖြစ်သွားပြီနော်။ ခုနောက်ပိုင်းကျတော့ ကိုယ့်စိတ်ကိုယ် ကိုယ်လုပ်နေတဲ့အရာပေါ် စုပြီးဘေးပတ်ဝန်းကျင်ကို လျစ်လျူရှုရတော့တယ်။ မလုပ်ချင်၍ မဖြစ်မှန်းသိရင် လုပ်ချင်အောင် ကြိုးစားယူရတော့မှာပေါ့။ သူတစ်ပါးအပေါ် အနိုင်ယူခြင်းထက် ကိုယ့်စိတ်ကိုယ် အနိုင်ယူရမယ်။ စိတ်ကို မနိုင်နင်းဘဲ စိတ်အလို လိုက်မိခြင်းဟာ ငါ့ရဲ့ပျော့ညံ့မှုပဲ။ တငါငါနဲ ့နေချင်သလိုနေတဲ ့ မတရားကြောင် ့ဖြစ်တဲ ့ရောဂါကို တရားအားကိုးနဲ ့ ရှင်းမှသာ ဝေဒနာမရှိမှန်း ၊ဝေဒနာဆိုတာ ဘာမှမဟုတ်မှန်းသိပြီး ဝေဒနာနှိပ်စက်တာ နောက်ခံရစရာမရှိအောင်ကို အမြစ်ပြတ်လွတ်မြောက်ပါတယ်။
တရားအားကိုးရင်၊အားကိုးသလောက် ကိုယ် ့ရဲ ့..အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် လိုအင်ဆန္ဒတွေကို တရားကဖြည့်ဆည်းပေးပါလိမ် ့မယ်။
တရားကိုသာ အချိန်ပြည့်အားကိုးလိုက်ရင်တော ့ဘာမှလိုလေသေးမရှိပြီးပြည့်စုံအောင် တရားကဘဲ စီမံသွားပါလိမ် ့မယ်။
တရားအားကိုးတစ်ခုသာ ရှိရင် ကျန်တာ ဘာမှမလိုတော ့ပါဘူး။ငါလုပ်နေတဲ့ အလုပ်ကို ရဲရဲတင်းတင်း လုပ်ပြီး ဝန်းကျင်ကို ခဏမေ့ထားခြင်းဟာ တခြားတိုက်ပွဲတွေထက် စိတ်တိုက်ပွဲကို အနိုင်ရလိုက်ခြင်းဆိုတဲ့ လိုအပ်သော အောင်မြင်မှုဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်လိုက် မိပါတော့တယ်ရှင်။

18 comments

  • eros

    February 11, 2011 at 1:14 pm

    ကျွန်တော်ကတော့ ဘယ်သူမှဂရုမစိုက်ဘူး။ အရင်တုန်းကသွားရတဲ့ ခရီးကလှမ်းတော့ ကားပေါ်မှာပရိတ်ရွတ်ဖြစ်တယ်။

  • ဆူး

    February 11, 2011 at 2:46 pm

    စိတ်ထဲက ရွတ်တာ ဘယ်သူ သိမှာဘဲ ပါးစပ်က ရွတ်မှသာ နှုတ်ခမ်းလှုပ်တာ မြင်ရအုန်းမယ် စိတ်ထဲက ရွတ်ပေါ့။ ဂရုစိုက်စရာကို မလိုတော့ဘူး။

  • shweminthar

    February 12, 2011 at 12:18 am

    ကိုယ်လုပ်ချင်တာ လုပ်ရဖို့က အဓိက …..
    ကျန်တာတွေ ဘာမှ ဂရုစိုက်စရာ မလိုပါ။
    ကိုယ် က ဘာတွေ လုပ်ချင်သလဲ နဲ့၊
    ဘယ်အချိန် ဘယ်နေရာ မှာ ဘာတွေလုပ်မလဲ….. ဆိုတာ

  • kai

    February 12, 2011 at 12:47 am

    ကားတွေ။ လေယဉ်တွေ၊ သင်္ဘောတွေ၊ လေဆိပ်တွေ၊ ရထားဘူတာရုံတွေ၊ ရုံးတွေ၊ ဆိုင်တွေ ၊အိမ်တွေ။ အဆောက်အဦးတွေ၊ တောတွေ ၊တောင်တွေ.. အင်တာနက်ထဲ..။ ပင်လယ်အောက်ထဲ..ရေငုတ်သဘောင်္ထဲ..၊ အာကာသယဉ်ပေါ်…
    အကုန်ကြားအောင် ..ပရိတ်ကို တောက်လျှောက်လွှင့်ထားနိုင်ရင်ကောင်းမှာနော..။
    ကမ္ဘာကြီးမှာ .. မတော်တဆကြောင့် အသက်သေတာတွေ၊ အနာတရဖြစ်တာတွေ ရှိတော့မှာမဟုတ်ဘူး..။

    အစိုးရတွေအကုန်လုံးက တပြိုင်ထဲ..နေ့မအားညမအား.. ဒါကိုပဲ. ဘယ်သူ့မှဂရုမစိုက်ပဲ.. လုပ်နေကြဖို့ကောင်းတယ်..။
    ကမ္ဘာ့လူဦးရေ သန်း ၆၀၀ဝကျော်.. သေသေချာချာ ..မိနစ်မလပ်လုပ်သွားရင်ကို .. တော်တော်ထိရောက်နိုင်မှာ..။

    အဲဒါဆို .. ကမ္ဘာကိုလာဆောင့်မဲ့ဥက္ကာပျံလည်း .. မလာနိုင်တော့ဘူး .. အန္တရာယ်လည်း မပေးနိုင်တော့ဘူးပေါ့..။
    အဲဒါကို .. နာဆာကများ ..တနှစ်တနှစ် ဘီလီယံပေါင်းများစွာအကုန်ခံပြီး .. ဥက္ကာပျံဝင်လာရင်ပြန်ပစ်ဖို့ ဒုံးပျံတွေများ ထွင်နေကြသေး..။

    တုံးပ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 2:52 am

    အုန်းပင်လောက်တောင် အသုံးမကျသူဆိုတာ
    ဒီလိုလူမျိုးကိုခေါ်တာ…
    စိတ်ဖြစ်ရာ အာယတန တို ့သည်
    မျက်စိအကြည် ဟူသော စိတ်ဖြစ်ရာ စက္ခာယတန
    နားအကြည် ဟူသော စိတ်ဖြစ်ရာ သောတာယတန
    နှာခေါင်းအကြည် ဟူသော စိတ်ဖြစ်ရာ ဃာနာယတန
    လျှာအကြည် ဟူသော စိတ်ဖြစ်ရာ ဇိဝှါယတန
    ကိုယ်အကြည် ဟူသော စိတ်ဖြစ်ရာ ကာယာယတန
    မနောအကြည် ဟူသော စိတ်ဖြစ်ရာ မနာယတန
    ဤခြောက်ပါးတို ့တည်း။
    နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏၊ နာမ်ရုပ်တို ့ချုပ်ငြိမ်းကြောင့် သဠာယတန ချုပ်ငြိမ်း၏၊
    ဟုတ်ဒယ်နော် ….
    အကျိုဂျီး

  • bigcat

    February 12, 2011 at 2:56 am

    ကျုပ်တော့ အဲသလောက် သတ္တိရှိဘူးဗျ။ လူကြားထဲ ပါးစပ်ကတတွတ်တွတ် ရွတ်တာတော့ စိတ်ထဲသိပ်မတွေ့ဘူး။ အကြံပေးချင်တာ ကိုယ်သန်ရာတခုခုကို ဥပမာ ဂုဏ်တော်ဖြစ်ဖြစ်၊ ဂါထာဖြစ်ဖြစ် ဝင်သက်ထွက်သက်နဲ့ စိတ်ထဲကမှတ်နေပေါ့။ ဘယ်သူမှမသိဘူး၊ ရွတ်ချင်တာလည်း ရွတ်ရတယ်။ စိတ်လည်းငြိမ်တယ်။

  • manawphyulay

    February 12, 2011 at 1:12 pm

    ဟုတ်ကဲ့ပါ ကျင့်ကြံကြည့်ပါမယ် ဦးကြောင်ကြီးရှင့် ထပ်မံ လမ်းညွှန်ပေးကြဦးနော်

  • ဆူး

    February 12, 2011 at 2:41 pm

    လုပ်ကြည့် လုပ်ကြည့် အဆင်ပြေလာ လိမ့်မယ်
    ဆူး ကတော့ ငယ်ငယ်ကတည်း က ဘုရားရှိခိုးရင်တောင် အသံထွက် မရွတ်ဘူး စိတ်ထဲက အာရုံစိုက်ပြီး ရှိခိုးတတ်တယ်။ စာကျက်လည်း အသံထွက် မကျက်ပြန်ဘူး အဲလိုနဲ့ စိတ်ထဲက လုပ်ချင်တာ ပါးစပ်ကနေ အသံမထွက်တတ်ဘူး။ အခုလည်း စာရိုက်နေတာ စိတ်ထဲက ဖြစ်တာ လက်ကနေ တန်းပြီး ရိုက်လိုက်လို့ ပါးစပ်က အသံ မထွက်ရဘဲ စာသားအဖြစ်နဲ့ မနော ဖတ်ရတာပေါ့။

  • manawphyulay

    February 13, 2011 at 7:22 am

    ိဟိုက်ရှာလပတ် အသံထွက်ရင် ဖတ်လို့မရပဲ ဖြစ်သွားမှာနော် တော်သေးတယ် ကံကောင်းလို့ နောက်တစ်ခါ ရေးရင်လည်း အသံမထွက်ပဲ ရေးနော် ဒါမှ မနော ဖတ်လို့ရမှာသိလား။ ကျင့်တော့ ကျင့်ကြည့်နေပါတယ်။

    • ဆူး

      February 13, 2011 at 2:15 pm

      ဟိုက်ရှ လပတ် ကို ဟိုက်ရှလပတ် လို့ဘဲ စိတ်ထဲက ဖတ်လိုက်တာဘဲ.. ကွန်ပြူတာ ခုံမှာ ထိုင်နေတာ ဘာအသံမှ မထွက်ဘူး ရီချင်လည်း ပြုံရုံဘဲ ငိုချင်လည်း မဲ့ရုံဘဲ။
      တော်ကြာ သူများက ကွန်ပြူတာ ရှေ့မှ ပီတိ ဖြစ်ပြီး ဖီးတက်တယ် အပြောခံရမှာ စိုးလို့ သတိထားတယ်။
      စိတ်က တွေးတာ လက်က ချရေးတာဘဲ အသံကို စာနဲ့ ဖော်ထုတ်တယ်။
      ကျောင်းစာကိုလည်း စိတ်ထဲကနေဘဲ ဖတ်တယ်။
      ပါးစပ်က အသံထွက် ကျက်ရင် စာကျက် မကျက် လူသိတယ်။
      အချိန်နဲ့ နာရီမှတ်ပြီး ကျက်ခိုင်းတဲ့ အိမ်က ဥပဒေကို စိတ်တိုင်းကျ ဆန့်ကျင်နည်းပါဘဲ။

  • kai

    February 13, 2011 at 7:45 am

    တရားတော်တွေကို သေသေချာချာ အဓိပါယ်လိုက်ဖတ်ကြည့်ရင် .. အမြင်တမျိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်..။

    ၁။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို ့၏။ ဇီသိတဿ၊ အသက်၏။ အန ္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို ့၏။ သဗ္ဗညုတညာဏဿ၊ သဗ္ဗညုတဉာဏ်တော်၏။ အန ္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သော သူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို ့၏။ အဘိဟဋာနံ၊ ရှေ ့ဆောင်ပြုအပ်သော။ စတုန္နံ့ ပစ္စယာနံ ၊ ပစ္စည်းလေးပါးတို ့၏။ အန ္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ ဗုဒ္ဓါနံ ၊ မြတ်ဘုရားတို ့၏။ အသီတိယာနုဗျဉ္ဇ နာနံ ၊ ရှစ်ဆယ်သော လက္ခဏာတော်တို ့၏ လည်းကောင်း ။ ဗျာမပ္ပဘာယ ဝါ၊ တလံမျှသော ရောင်ခြည်တော်၏ လည်းကောင်း။ အန ္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သောသူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။

    ၂။ ဣမေသံ စတုန္နံ့ ၊ ဤလေးပါးတို ့၏။ အန ္တရာယော၊ ဘေးအန္တရာယ်ကို။ ကေနစိ ၊ တစုံတယောက်သော သူသည်။ ကာတုံ၊ ပြုလုပ်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်။ တထာ၊ ထို ့အတူ ။မေ ၊ အကျွန်ုပ်အား။ ဟောတု၊ ဖြစ်ပါစေသတည်း။

    • bigbird

      February 13, 2011 at 10:59 am

      ဤမှန်သောသစ္စာစကားကြောင့်…..ဆိုတဲ့အဓိပ္ပာယ်ကိုမြှုပ်ထားတယ်လို ့ယူဆပါတယ်။ မြတ်စွာဘုရားတို ့၏ အသက်၊ဉာဏ်တော်၊အသုံးအဆောင်ပစ္စည်း၊ကိုယ်အင်္ဂါအစိတ်အပိုင်း တို ့အားမည်သူမျှ ဘေးအန္တရာယ်ပြုခြင်းငှာ မစွမ်းနိုင်.. ဤမှန်သောသစ္စာစကားကြောင့် တပြည့်တော်၏ အသက်၊အသိဉာဏ်ပညာ၊ပိုင်ဆိုင်သောပစ္စည်း၊ခန္တာကိုယ်အင်္ဂါ တို ့သည်
      ဘေးအန္တရာယ်မှကင်းဝေးပါစေသတည်း။(သစ္စာတရားဟာအင်မတန်အစွမ်းထက်တယ်လို ့ယုံကြည်ထားပါတယ်)

  • padonmar

    February 13, 2011 at 1:39 pm

    စိတ်မဆိုးကြေး ဝေဖန်ပါရစေ၊ကိုယ်သဘောပေါက်သလောက် မနောရေးတာရော ဦးခိုင် comment ရော အစွန်း၂ဖက်ဖြစ်သွားသလားလို့။
    ပုတီးစိတ်တာတို့၊ ဘုရားစာရွတ်တာ (ကိုယ်လဲ သတိကပ်မိတိုင်း လုပ်မိအောင်ကြိုုးစားနေပါတယ်)
    အားကိုးရုံနဲ့တော့ ဘာမှလိုလေသေးမရှိပြီးပြည့်စုံအောင် ရမယ်လို့ မထင်ပါဘူး။
    လိုအပ်တဲ့အားထုတ်မှုုတော့ရှိရပါမယ်၊
    တစ်ဖက်ကလည်း accident ဖြစ်ရင် ပရိတ်တော်စသည် နှလုံးသွင်းနေတဲ့သူတွေ လွတ်ကြတယ်ဆိုတာ ဆြာခိုင်သိပြီးသားပါ။နာဂစ်ဇာတ်လမ်းသက်သေတွေ အများကြီးရှိပါတယ်၊

  • ဆူး

    February 13, 2011 at 2:18 pm

    ဒေါ်ပဒုမာ အပြောအတိုင်းပါဘဲ။
    ပါးစပ်က ဒရစပ်ရွတ်တိုင်း အမြုပ်ထွက်ရုံပါဘဲ စိတ်ထဲက ပါမှ အာရုံ စူးစိုက် နိုင်မှ အကျိုးထူးပါမယ်။
    ငါ မသေ ပါစေနဲ့ ငါ အသက်ရှင် ပါစေ ဆိုတာကြီးဘဲ အော်တိုင်း အသက်ရှင်မှာပါလား။
    ကံ ကံ၏ အကျိုးကိုဘဲ ယုံပါတယ်။
    ဖြစ်ချိန် တန်လို့ ဖြစ်တဲ့ ကိစ္စ လွတ်အောင်ထွက်ပြေးပြီး နောက်တဖန် ထပ်ပြန်ခံဖို့ စောင့်မကြိုချင်ဘူး။ သံသရာကို အမြန်ဖြတ်ချင်တယ်။

  • kopauk mandalay

    February 13, 2011 at 3:55 pm

    (သစ်တပင်အောက်ကို ဝါးတပင်အောက်ကို မရောက်နိုင်သော်လည်းကွယ်
    အဲဒီဟာ ကို မဆိုလို လုပ်မှရကြမယ်……………………….
    ထိုင်နေရင်းလဲထနေရင်းလဲ အရဟံ ဂုဏ်တည်နိုင်တယ်)တဲ့
    ကျနော်ပြောတာမဟုတ်ဘူး ခင်မောင်ရင်ဆိုတဲ့ ခေတ်ဟောင်းသီချင်းထဲက ဟာလေးရေးပြတာပါ။

    ကိုယ်ယုံကြည်တာ ကိုယ်နှစ်သက်တာကို လုပ်ချင်တယ်ဆိုရင် ကိုယ့်ယုံကြည်ချက်အပြည့်နဲ့လုပ်
    သူများက ငါ့ကို ဘယ်လိုအမြင်ရှိမလဲဆိုတာ လှည့်မကြည့်နဲ့။

    ငါ့လို မလုပ်တဲ့သူတွေကလဲ မှားနေတယ်လို့ မထင်နဲ့ သူတို့လုပ်တာ ကိုယ်မသိနိုင်ဘူးလေ။

    ကောင်းတာလုပ်ရင် ကောင်းတာ ရမယ် လို့တော့ ကြားဘူးတာဘဲ။
    ကောင်းတာလုပ်ခြင်းမလုပ်ခြင်းက သူများအတွက်မဟုတ်ပါဘူး ကိုယ့်အတွက်ပါ။
    အတ္တဟိတ ပရဟိတ တဲ့ ငါ့အတွက်က အရင်လာတာ လောကဓမ္မတာပါဘဲ။
    ကိုယ့်အတွက်လုပ်ရင်း သူများအတွက်ပါရောပါသွားတာပါ။

    ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လဲ အန္တရာယ်က လွတ်မယ်လို့လဲ လုံးဝဥဿုံကြီးမပြောနိုင်ပါဘူး။
    ဝဋ်ရှိသေးရင်တော့ ခံရမှာပါဘဲ။
    ဒါပေမယ့် မကောင်းတာတွေးနေ တာထက်စာရင် ကောင်းသောအကြောင်းလေးကိုတွေးနေ စိတ်ထဲထည့်ထားနေ
    ရွတ်ဖတ်နေတာက ပိုကောင်းပါတယ်လို့ ယူဆပါကြောင်း…………………..

    • kai

      February 13, 2011 at 9:19 pm

      – ကိုပေါက်ပြောတာ .. မှန်ပါတယ်..။
      အဲဒီထဲ..နိုင်ငံရေးနည်းနည်းထည့်ပေးလိုက်ရရင်တော့ … ဒီမိုကရေစီအနှစ်သာရ..ပြောရရင်…ကိုယ်လုပ်တာ ..သူများကို မထိခိုက်စေချင်ပါဘူး..။ ရပ်ကွက်ထဲ.. ပရိတ်တရားကို.. လော့စပီကာတပ်.. အသံကျယ်ကြီးမဖွင့်သင့်ပါဘူး..။ ကားပေါ်မှာ .. ပရိတ်ရွတ်တယ်ဆိုပြီး.. ဘေးက ရုံးသွားအစည်းအဝေးမှာ ..မေးမြန်းဆွေးနွေးဖို့ ..စကားလုံးစီ။ အတွေးယူနေသူကို အနှောက်အယှက်မဖြစ်စေသင့်ပါဘူး..။

      – ဆူးမမပြောတာ ထောက်ခံဖြည့်ရေးရရင်.. ပရိတ်စာသားအဓိပါယ်တွေနားလည်ပြီး ကျင့်ကြံဖို့လိုတယ်ထင်ပါတယ်..။ မြန်မာဘာသာပြန်မှာ ..ဘာမှခက်ခဲနက်နဲနေတာမရှိပါဘူး..။ တရားဆိုတာ.. တချက်၊တကွက်.။တပိုဒ်လေးဖတ်ရင်တင်… နားလည်လွယ်ပါတယ်.။ ဒါက ..တရားစစ်ရဲ့ဂုဏ်တော်ပါပဲ..။ နားလည်ရခက်နေရင်.. ဘုရားရဲ့ တရားမစစ်ဖူးလို့ပဲ.. မှတ်ပါ..။
      ဗုဒ္ဓဘာသာမှာ အခြေခံအခွင့်အရေးတခုပေးထားပါတယ်..။ လူတိုင်းဘုရား(ဗုဒ္ဓ)ဖြစ်ခွင့်ရှိတာပါပဲ..။ ဒီတော့ ကိုယ့်ကိုယ်တိုင်ကို.. ဗုဒ္ဓကဲသို့လို့ နှိုင်းယူဆပြီး .. စိတ်ဓါတ်အင်အားတွေမြှင့်တင်လိုက်ရင် .. အန္တရာယ်တွေအကုန် .. ဖွဲနဲ့စကွဲတွေဖြစ်ကုန်မှာပေါ့.။
      ဒီတရားသဘောကို နားလည်ရင်.. ပရိတ်ရွတ်တယ်ဆိုတာ .. အောတိုဆတ်ဂျက်ရှင်တမျိုးလို့ သဘောပေါက်ပါလိမ့်မယ်..။
      ဒါကိုဆိုလိုရင်းပါ..။

      – သတ္တဝါတွေကို သက်ရောက်နေတာမှာ.. ကံတခုထဲမဟုတ်ပါဘူး.။ ကံ၊စိတ်၊ ဥတု၊ အဟာရ တွေပါ..။
      ဒီတော့ ..အတိတ်ကံချည်း ထည့်တွက်နေလည်း ..လူ့ဘဝမှာအဆင်ပြေချောမောလာမယ်.။ လူမှုဆက်ဆံရေးတွေကောင်းလာမယ်. အောင်မြင်လာမယ် ..မဟုတ်ပါ..။
      ကျင့်ကြံ..အားထုတ်..လုပ်ယူမှ ..ရတာပါပဲ..။
      ဆိုတော့…
      ဘုရားရှင်လက်ထက်မှာ …အရက်မူးနေသူလည်း ရဟန္တာဖြစ်ပါတယ်..။
      တိုင်ထိပ်တက်.. ဂျွမ်းကစားနေသူလည်း …ရဟန္တာဖြစ်ပါတယ်..။ လူသတ်လက်ညိုးဖြတ်နေသူလည်း ..ဘာဝဋ်မှမလာ…ရဟန္တာဖြစ်ပါတယ်..။

      ဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီး .. ဝက်ပျိုုသားဘုန်းပေးလို့ ဝမ်းတော်လားချိန်… ဘုရားညီတော်အာနန္နာရေသွားခတ်တာမှာ ..ရေနောက်တယ်ဆိုတာ ..ဘာဝဋ်မှမဟုတ်… သဘာဝအတိုင်းဖြစ်နေတာကို… ဝဋ်ဆိုတာအတင်းထည့်ပြီး… ရှေ့နောက်မညီ ..ဘုရားကို သိက္ခာချတဲ့.. လံကြုံတ်ဇတ်လမ်းလို့..ယူဆပါတယ်..။

  • maungmoenyo

    February 14, 2011 at 2:24 am

    စိတ်၊စေတသိက်၊ရုပ် နဲံ နိဗ္ဗာန် (၄) ပါးလုံးဟာပရမတ်တွေပါ။ တခုခုက သို့မဟုတ် ဂေါတမက ပြောလို့ရှိရတာ၊ ရှိကြရတာမဟုတ်ပါဘူး။ လောကမှာရှိတာတွေကို မဟာလူသားဖြစ်တဲ့ ဗုဒ္ဓ မည်တဲ့ ဂေါတမက မသိနားမလည်ကြသူတွေကို အသိပညာရအောင်ဆက်စပ်ရှင်းလင်းပြတာ၊ တနည်းအားဖြင့် လူသားတွေဆက်စပ်မသိကြတဲ့ လောက ရဲ့ နိယာမကို ဖွင့်ပြလိုက်တာပါ။ ထိုပြဆိုချက်တွေ ကာလရွေ့လျောလာတော့ “တရား”ဆိုပြီးဖြစ်လာကြပါတယ်။ ဂေါတမခေတ်မတိုင်ခင်ကတော့ “မန္တာန်”တွေဖြစ်ပါတယ်။ အဲ့ဒီဖေါက်မပြန်မှန်ကန်တဲ့ လောကရဲ့နိယာမတွေရဲ့ အကျိုးနဲ့အကြောင်းကိုအပြန်ပြန်လှန်လှန် ဆက်စပ်သိနိုင်ခြင်း၊ အာနိသင်တွေရဲ့ အင်အားကိုသိနိုင်ခြင်းပင်လျင်၊ ကိုယ့်နဲ့ပါတ်သက်တဲ့ လိုအပ်ချက်၊ အားနည်းချက်၊ အန္တရာယ်ကျရောက်နိုင်မှုတွေကို ကာကွယ်ပေးနိုင်တာလို့ယူဆပါတယ်။
    ဘာပြုလို့လဲဆိုတော့ဗုဒ္ဓကတန်ခိုးဣိဒိပါတ်ဆိုတာကိုတားမြစ်ယုံမကရှုတ်ချခဲ့လို့ပါဘဲ။ သဘာဝလွန်ဖြစ်ပျက်မှုတွေကို အသိအမှတ်မပြုလို့ပါဘဲ။
    အာရုံထဲမှာမစွဲဘဲ ပရိတ်စတဲ့ သုတ္တာန်များကိုရွတ်ခြင်းဟာ၊ သီးခြင်းဆိုနေတာနဲ့မခြားပါဘူး။
    ကိုယ်နဲ့ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်များကိုအာရုံမှာသေချာထင်ရှားမြင်ယောင်ပြီး၊ မောရသုတ် နဲ့ ဘောဇဉ်သုတ်တို့ကို ယုံယုံကြည်ကြည်နဲ့ ရွတ်ကြည့်ကြပါလား။

  • ဆူး

    February 14, 2011 at 7:02 am

    သူတဦးပေါ် စူးစိုက်တဲ့ မေတ္တာထားရင် ထားနိုင်သလောက် အကျိုးကြီးမယ် လို့ ယုံကြည်တယ်။ တည့်တည့်လာတဲ့ ဆင်ကြီး ဒူးထောက်အောင် လုပ်နိုင်သလို ထောပတ်ပူပူ အေးခဲ သွားအောင်လည်း လုပ်နိုင်တဲ့ အစွမ်းရှိတာဘဲ။
    လူတွေကတော့ အာရုံကျက်စားတဲ့ အပေါ်မှာ မွေ့ပျော်နေကြတာဘဲ။
    ဥပမာ ဆူး ဆိုရင် ရွာထဲကို နေ့တိုင်းဝင်တယ် ပျော်လို့ဝင်တာဘဲလေ။ ရွာထဲဝင်ပြီး တနေ့တနေ့ စိတ်ညစ်ရရင် လှည့်တောင် မကြည့်တော့ဘူး။
    စိတ်က ဖြစ်ချင်ပြီး လုပ်ချင်တဲ့ အလုပ်ကို ဘယ်သူမှ တားလို့ မရဘူး။ စိတ်ထဲက ဖြစ်တဲ့ အရာ ဘယ်သူမှ ဖောက်မမြင်နိုင်ဘူး။(အရိယာ သူတော်စင်များမှ လွဲ၍)
    ကိလေသာဘဲ တွေးတွေး ကာမဘဲ တွေးတွေး ဝိပဿနာနဲ့ ဖြစ်ပျက်ဘဲ တွေးတွေး.. ဘယ်သူသိမှာလဲ.. တွေးတဲ့ အပေါ်မှာသာ အရောင်တွေ ပြောင်းလဲ သွားတာ.. အရောင် မကောင်းတဲ့ ဘက်ကို မပြောင်းအောင် သတိလေးနဲ့ အာရုံ ကို အလုပ်တခု ပေးတဲ့ အနေနဲ့ ပရိတ် သို့မဟုတ် ဂုဏ်တော် ရွတ်ပြီး အာရုံလွဲနေတာ အကောင်းဆုံးဘဲလို့ မြင်မိတယ်။

Leave a Reply