ကံစမ်းမဲဆိုတာ ကံပါမှလား အပိုင်း ၁
မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ တရား သဘောနဲ့ ကြည့်ရင် လောဘပဲပေါ့။ သူများ ပစ္စည်းကို အလကားလိုချင်တယ်လို့ ကိုယ့်စိတ်ကို သုံးသပ်မိပါသေးတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီကံစမ်းမဲကမ္ဘာထဲက မရုန်းထွက်နိုင်ခဲ့သေးပါဘူး။ ဒီတော့ ကံစမ်းမဲအစစ်အမှန်ဟုတ် မဟုတ်ကို ကိုယ်တိုင်စမ်းသပ်ပြီး လုပ်ကြည့်မိတာလည်း ပါတာပေါ့လေ။ မနော ကံကောင်းခဲ့တာလား၊ရှေးဘဝက ကုသိုလ်တရားကြောင့်လား ခုလက်ရှိ ကောင်းမှုကြောင့်လားဆိုတာ မနောကိုယ်တိုင်လည်း သေချာမပိုင်းဖြတ်နိုင်သေးပါဘူး။ လူစိတ်ဆိုတာလည်း ပြောရတော့ခက်သား။ ကိုယ်ကသာ မပေးချင်တာ သူများဆီကတော့ လိုချင်မိတာ လောဘ မောဟတွေ အတော်များနေတာကြောင့်လား။ မှတ်မှတ်ရရ ကံကောင်းခဲ့တာလေးတွေ ပြောရရင်တော့ အဲ ကံကြောင့်လား၊ ကောင်းမှုပြုတာကြောင့်လား၊ ကုသိုလ်တရားကြောင့်လားဆိုတာ မသိပေမယ့် ခုလက်ရှိတော့ တတ်နိုင်သလောက် စိတ်ကောင်းထားပြီး ကောင်းမှုကုသိုလ်ကို တစ်နိုင်တစ်ပိုင်လုပ်ရင်း ကံငါးပါးကို လုံခြုံအောင် တတ်နိုင်သမျှ ထိန်းနေမိတာတော့ သေချာလှပါတယ်။ နောက် မဲဆိုတာ လောင်းကစားတစ်မျိုးလို့လည်း ဆိုလိုရပါတယ်။ ကိုယ်ကတော့ နှစ်လုံးသုံးလုံးကို စိတ်လည်းမဝင်စားသလို တစ်ခါမှလည်း မထိုးခဲ့ဖူးဘူး။ သူများလုပ်ရင်လည်း ကန့်ကွက်ခဲ့တယ်။ ပေးရတာများပြီး ရတာနည်းတာပဲ မြင်နေမိခဲ့တာကိုး။ နောက် ဒါဟာ မကောင်းဘူးလို့လည်း ခံစားမိတာလည်းပါတယ်။ ကံစမ်းမဲရဲ့ မှတ်မှတ်ရရ သတိရစရာတွေကို ပြောပြဦးမယ်။ တက္ကသိုလ် တတိယနှစ် စာမေးပွဲဖြေအပြီး သူငယ်ချင်းတွေနဲ့ ဘားအံ၊ သာမည ဘုရားဖူးခရီးစဉ်ထွက်တုန်းက အပြန်မှာ စီးလားတဲ့ ကား(ရွှေကြေးစည်)မှ ကားတစ်စီးလုံးပါ ခရီးသည်များအားလုံးကို ကံစမ်းမဲ နှိုက်ပေးပါတယ်။ မဲပေါက်တဲ့သူက ဆရာတော်ကြီးရဲ့ မှန်ဘောင်ပါတဲ့ ပုံတော်ကို ပူဇော်ရမှာ ဖြစ်ပါတယ်။ ကားတစ်စီးလုံးဆိုတော့ လူ ၄၀- ၄၅ လောက်ရှိတာပေါ့ မဲဖောက်မှာက တစ်ဆုပဲတဲ့။ ကံစမ်းမဲဖလားကို ရှေ့ဆုံးထိုင်တဲ့သူကနေ စပြီး နှိုက်ရပါတယ်။ ချက်ချင်းမဖွင့်ခိုင်းသေးပဲ လူအကုန်မဲနှိုက်ပြီး ဖွင့်ကြည့်ရမယ်လို့ ကားသမားက ပြောတော့ နှိုက်ပြီးတဲ့သူတွေက မဲလိပ်ကို ကိုင်ထားပါတယ်။ မနောတို့အဖွဲ့က နောက်ဆုံးမှာထိုင်တာဆိုတော့ ရမယ်လည်းမထင်ပါဘူး။ မဲလိတ်က သူများနှိုက်ပြီးမှ ကိုယ်တွေရမယ်ဆိုတော့လေ သိပ်ပြီး အာရုံမထားပဲ အနားဖလားရောက်မှတစ်ခုယူလိုက်ပါတယ်။ အဲ မဲလိပ်က စာရွက်ကို သေးသေးလေး လိပ်ပြီး အအေးသောက်တဲ့ပိုက်ထဲကို ထည့်ထားတာဆိုတော့ တော်တော်ကို သေသပ်လှတာကိုတွေ့ရတယ်။ ဒါနဲ့ အကုန်ဖွင့်လို့ရပြီးလို့ပြောလိုက်တာနဲ့ ရတဲ့တစ်လိပ်ကို ပိုက်ကနေ ထွက်အောင် အရင်ခေါက်လိုက်တယ်။ ပြီးမှ စာရွက်ကို ဖြန့်ကြည့်မိပါတယ်။ ဖြန့်လည်းဖြန့်လိုက်ရော မဲလိပ်ထဲမှာ စာလေးတစ်ကြောင်းတွေ့ရတယ်။ စာတမ်းလေးက ကံထူးရှင်တဲ့လေ။ အရမ်းအံ့ဩမိသွားတယ်။ မထင်လည်းမထင်ထားဘူး။ နောက် ဘုရားဖူးခရီးမှာက လူကြီးတွေများတာဆိုတော့ လူတိုင်းက ဆရာတော်ကြီး ပုံတော်ကို အရမ်းပူဇော်ချင်တဲ့သူတွေကြီးပဲလေ။ ကားသမားက မဲလိပ်ဘယ်သူပေါက်လဲ လှမ်းမေးတော့ ခဏတာ ငြိမ်နေမိတယ်။ ပြီးတော့မှ စာရွက်လေးထောင်ပြမိတယ်။ ကားတစ်စီးလုံးမှာ အသံတွေက အပ်ကျသံတောင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတယ်လေ။ ကိုယ့်ရဲ့အသက်ရှူသံတောင် ကိုယ်ပြန်ကြားနေမိတယ်။ ကားသမားက မဟာကံထူးရှင် ကားရှေ့ကို ထွက်ခဲ့ပါလို့ ခေါ်တော့ ဒူးတွေတောင် တုန်တယ်။ ကားရှေ့ဆုံးနားမှာထိုင်တဲ့အဘွားတစ်ယောက်က သမီး အဘွားကို ပြန်ရောင်းပါလားလို့ ပြောပါတယ်။ မနောလည်း မျက်ရည်တောင်လည်မိတယ်။ မနောကတော့ ဆရာတော်ကြီးက ငါ့ကို သာသနာပြုဖို့ ရွေးချယ်လိုက်တာလို့ပဲ ကိုယ့်ဘာသာ ခံယူလိုက်မိပါတယ်။ ဘယ်သူမှ ပြန်မရောင်းပါဘူး။ ပုံတော်ကလည်း အရမ်းကြီးတော့ နောက်မှ ကားဂိတ်ကို သတ်သတ်သွားယူရပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ အိမ်မှာ ဘယ်နေရာပူဇော်ထားရမလဲဆိုပြီး တွေးပြီး အိမ်ပြန်ရောက်တော့ မေမေက သမီးတဲ့ ဘုရားစင်ဈေးသက်သာလို့ ဝယ်ထားတယ်တဲ့။ ကြည့်လိုက်တော့ တိုက်ခန်းတွေမှာ ထားတဲ့သစ်သားနဲ့လုပ်ထားတဲ့ ဘုရားစင်ဖြစ်နေတယ်။ မနောတို့အိမ်မှာက ဘုရားစင်က အိမ်နဲ့တွဲရက်လုပ်ထားတော့ ဆရာတော်ပုံတော်ကို ပူဇော်မယ့်နေရာလည်းအဆင်သင့်ရရှိသွားပါတော့တယ်။ နောက်ပိုင်းလည်း တတ်နိုင်သလောက် ကောင်းမှုများများလုပ်မယ်ဆိုတဲ့စိတ်က ပိုမိုကိန်းအောင်းလို့နေမိပါတော့တယ်။ နောက် ကံစမ်းမဲအကြောင်းတွေ ဆက်ပါဦးမယ်။
2 comments
draungkyawkyawoo
February 21, 2011 at 7:03 am
တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ် ဆိုတာလေးတော့ သိပ်သဘောမကျဘူး ။ အမြဲတမ်း ဈေးဝယ်ထွက်နေတဲ့ လူတစ်ယောက်က ဒီလို item မျိုး ဘယ်လောက် ကုန်ကျမလဲ အတိကျမဟုတ်ရင်တောင် သူ့တန်ဖိုးကို အကြမ်းဖျင်း သိပြီးနေလို့ပါ … ။
တခြား ကံစမ်းမဲ အကြောင်းလေးတွေလည်း ဖတ်ချင်ပါသေးတယ် … ။ အားပေးပါတယ် ဆက်ရေးပါ ။
white
February 21, 2011 at 7:11 am
ဒီစာဖတ်တဲ့သူ အယောက် (၁၀၀)ပြည့်ရင် မနောလေး ပုံတစ်ပုံ မဲနှိုက်ပေးပါမည်