ဘယ်သူတွေ ဘယ်လိုပုံနဲ့ လိမ်ညာနေသလဲဆိုတာ သိရှိမှတ်သားထားဖို့

manawphyulayMarch 2, 20111min1996

စီးပွားရေး ဆက်ဆံမှုမှာ ဖြစ်စေ၊ နိုင်ငံရေး စည်းရုံးရာမှာဖြစ်စေ၊ ချစ်သူများ အကြားမှာဖြစ်စေ၊ အမှန်တရားနှင့် လိမ်ညာခြင်းကို ခွဲခြားတတ်ဖို့ အလွန်အရေးကြီးပါသည်။ တကယ်တော့ လူတစ်ယောက် လိမ်ညာစကား ပြောနေသည်ကို သိနိုင်ရန် အလွန် ခက်ခဲလှပါသည်။ အချို့မှာ အမှန်ပြောနေသလိုပင် လွယ်လွယ်ကူကူ လိမ်ညာ စကား ပြောဆိုတတ် လေ့ရှိသည်။ မည်သို့ဖြစ်စေကာမူ သင်သည် ထိုလူတစ်ဦးက သင့်အား လိမ်ညာပြောနေသည် ဟုတ်မဟုတ်ကို သိမြင် နားလည် တတ်ဖို့လိုပါမည်။

သို့မဟုတ်ပါက သင်သည် သူတပါး၏ လိမ်ညာ လှည့်ဖျားခြင်းကို အလွယ်တကူ ခံရပါလိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သင့်အားလိမ်ညာနေခြင်းကို သင်မည်သို့ သိနိုင်မည်နည်း။ လူတစ်ယောက်က လိမ်ညာစကား ပြောနေသည်ကို သိနိုင် ကြည့်မြင်နိုင်သော နည်းလမ်းများ ရှိပါသည်။ ထိုနည်းလမ်းမှာ လူတစ်ယောက်၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်တတ်ရန်ပင် ဖြစ်ပါသည်။ လိမ်ညာစကားပြောသူ တို့၏ ယေပူယျ အမူအယာများမှာ စိုးရိမ်ကြောက်လန့်သည့် အမူအယာ၊ မျက်နှာလွဲတတ်သည့် အမူအယာ၊ မျက်တောင် အလွန်ခတ်သည့် အမူအယာ၊ လက်ကနာမငြိမ်သည့် အမူအယာတို့ ဖြစ်ကြသည်။

လူတစ်ယောက်၏ အမူအယာကို ကြည့်မြင်တတ်ဖို့မှာ လူတစ်ယောက် လိမ်ညာနေသည်ကို သိနိုင်ရန် အလွန်အရေးပါသည့် အချက်ဖြစ်သည်ဟု စိတ်ပညာရှင် ပါရဂူကြီးတစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ဖူးသည်။

* လူတစ်ယောက်သည် မျက်လုံးခြင်းဆိုင် ကြည့်ရန် ရှောင်ဖယ် တတ်ခြင်း၊ မျက်လုံးမှာ တနေရာ ထဲတွင် မကြည့်နေဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ် ကြည့်နေခြင်းနှင့် မျက်တောင် မကြာခဏ ခတ်နေခြင်း စသည်တို့သည် စကား ပြောရသည့် အခါမှာ သက်တောင့် သက်သာ မရှိသည့် စိတ်ပညာ ဆိုင်ရာ အခြေအနေ ဖြစ်ပြီး ထိုအခြေအနေ မျိုးမှာ လူတစ်ယောက်သည် လိမ်ညာနေခြင်း၊ ဟန်ဆောင် နေခြင်း တို့ကြောင့် ဖြစ်တတ်သည်။

* လူတစ်ယောက်သည် စကား ပြောစဉ် စိတ်ရှုတ်သည့်ဟန် ဖြစ်ခြင်းသည်လည်း လူတစ်ယောက်မှာ သူလိမ်ညာနေစဉ် ထိုလိမ်ညာခြင်း အပေါ်တွင် ဘယ်လို ဆင်ခြေ ပေးရမည်ကို တစ်ချိန်တည်း စဉ်းစား တတ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် သူ့၏ စကား အသွား အလာ အပေါ်မှာ အာရုံစိုက်မှုကို ပြတ်တောင်း စေပြီး၊ အနည်းငယ် ရောထွေး ရှုတ်ထွေးသွား စေတတ်သည်။
* လိမ်ညာ ပြောသူတို့မှာ အများအားဖြင့် စကားကို အလွန်မြန်အောင် ပြောလေ့ ရှိတတ်ပြီး၊ သို့မဟုတ်ပါက တိုတို တောင်းတောင်း ပြတ်တောက် ပြတ်တောက် ပြောတတ်ပြီး၊ အခြေအနေ တရပ်ရပ်ကို တစ်ဖက်လူ အမြန်ဆုံး လက်ခံလာအောင်၊ သို့မဟုတ် ထိုအကြောင်းအရာ၏ ထွက်ပေါက်မှ အမြန် ထွက်နိုင်အောင် လုပ်တတ်ကြသည်။

* လိမ်ညာသူ တစ်ဦး၏ ဟန်ပန် အမူအယာကို သေသေချာချာ ကြည့်လျှင် သူသည် ကိုယ့်ကိုယ်ကို ကာကွယ် နေသည့်ဟန် အမူအယာမျိုး ဖြစ်နေသည်။ သူတို့မှာ ကိုယ့်ကိုယ်ကို ခုခံသည့် လှုပ်ရှားမှုမျိုး ဖြစ်သည့် နောက်သို့ ခြေလှမ်း ဆုတ်ခြင်း၊ လက်နှစ်ဖက် ယှက်ထားခြင်း၊ လက်ခေါက် လက်ဆစ်များကို ကျစ်လစ်ထားခြင်းများ လုပ်တတ်ကြသည်။

* တစ်ခါ လိမ်ညာသူသည် စကားပြောနေသည့် အကြောင်းအရာကို နားမလည်ဟန်၊ သဘော မပေါက်ဟန် လုပ်ပြီး ဟန်ဆောင် တတ်သည်။ သူသည် ထိုသို့ နားမလည် သဘော မပေါက်သည့် ဟန်ဆောင်ခြင်းဖြင့် သဘောရိုး ရှိသူ၏ အမြင်ကိုလေ့လာပြီး၊ ထိုသဘောရိုး ရှိသူ၏ အမြင်နှင့် ထပ်တူ လက်ခံသူ ဖြစ်သကဲ့သို့ ဖော်ပြလေ့ရှိသည်။

* တစ်ခါတစ်ရံတွင် လိမ်ညာသည့်သူမှာ ရှေ့နောက် မညီသည့် အမူအယာမျိုး ရှိကြသည်။ ဥပမာ ဟုတ်ပါတယ်ဟု ပါးစပ်က ပြောပြီး ခေါင်းခါခြင်း ကဲ့သို့ ရှေ့နောက်မညီသည့် အမူအယာ မျိုးများသည် မသိစိတ်နှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တစ်ခုဖြစ်သည်။
* အလွန်အမင်း ရယ်သွမ်း သွေးခြင်းနှင့် ဖက်လှဲတကင်း ရင်းနှီး ခင်မင်မှု ပြခြင်းသည်လည်း လိမ်ညာခြင်း၏ အရေးပါသည့် သင်္ကေတများ ဖြစ်ကြသည်။ လိမ်ညာသူ မှန်သမျှသည် သူတို့မှာ မိတ်ဆွေ ကောင်းများ ဖြစ်ကြသည်ကို ပြသရန် အရေးကြီးသည်။ သို့မှာသာ တစ်ဖက်သူမှ အလွယ်တစ်ကူ ယုံကြည်လာအောင် စွဲဆောင်နိုင်ပေလိမ့်မည်။

* အများအားဖြင့် လိမ်ညာမည့် သူသည် လိမ်ညာ စကားပြောရန် အတွက် ကြိုတင်ပြင်ဆင်မှု မလုပ်ထားတတ်ပါ။ သူတို့ လိမ်ညာပြောမည့် စကားများကို ကြိုတင် စီစဉ်ထားခြင်း မရှိတတ် သောကြောင့် သူတို့အား အသေးစိတ် မေးခွန်း တစ်ခု ထုတ်လိုက်ပါက အဖြေကို ကျကျနန ပြန်မပေးနိုင်တော့ဘဲ သူ့၏ စကားများမှာ ရှေ့နောက် ချော်ထွက်ပြီး၊ သူ့အား အနည်းငယ် တွေဝေ သွားစေ တတ်ပါသည်။
* တဖက်တွင်လည်း လိမ်ညာ စကားပြောသူမှာ မလိုအပ်သည့် ရှင်းလင်းချက်များ အများအပြား ထုတ်ရှင်း တတ်ပြီး၊ ထိုလိမ်ညာသည့် အကြောင်း အရာ၏ အသေးစိတ်ကို မလိုအပ်ဘဲ အမြောက် အများ ထည့်သွင်း ပြောလေ့ ရှိကြသည်။

ထို့ကြောင့် လူတစ်ဦး တစ်ယောက်က သင့်အား လိမ်ညာစကား ပြောနေသည်ဟုတ် မဟုတ်ကို သိလိုပါလျှင် အကောင်းဆုံးမှာ ထိုသူပြောသည့် စကားများကို သေသေချာချာ အာရုံစိုက်၍ နားထောင်ပြီး သူ့၏ အမူအယာကို အသေးစိတ် အကဲခတ်ကြည့်ခြင်းဖြစ်သည်။ ထို့အခါ လိမ်ညာ ပြောသူ၏ အရှေ့အနောက် မညီညွတ်သည့် အကြောင်းများကို အလွယ်တစ်ကူ သိမြင်နားလည် နိုင်ပါလိမ့်မည်။ ဤတွင် လိမ်ညာသူမှ သူ့၏ စကားနှင့် ဟန်ပန် အမူအယာကို နားထောင်သူသည် အသေးစိတ် လေ့လာ အကဲခတ် ကြည့်ရှုနေပြီး လေးလေး နက်နက် စူးစိုက် နားထောင်နေသည်ကို သိလျှင် သူ့မှာ အနေအထိုင် ခက်လာပြီး စကားစကို ဖြတ်၍ အခြားစကား ပြောင်းပြောခြင်း သို့မဟုတ် စကားဖြတ်၍သာ ထွက်သွားခြင်း လုပ်ပါတော့မည်။

လိမ်ညာခြင်းမှ ကင်းဝေးနိုင်ကြပါစေနော်………

Ref: ကိုအောင်

6 comments

  • unclegyi1974

    March 2, 2011 at 2:39 pm

    မနောရေ အန်ကယ်လည်းလိမ်ညာတာကိုအကြိမ်ကြိမ်
    ခံရဖူးပါတယ်ကွယ်
    လိမ်တဲ့လူအချို့ကမနောပြောတဲ့အမူအရာမရှိဖူး
    သဘာရင့်နေတဲ့လူတွေနေမှာပေါ့ကွယ်
    စလိမ်စလူတွေကမနောပြောတဲ့စိုးရိမ်စိတ်များတဲ့
    ပုံစံမြင်ရလို့အလွယ်တကူသိနို်င်ပေမဲ့
    အချို့လူတွေကသဘာရင့်နေလို့နေမှာမသိနို်င်ပါဖူး
    အကောင်းဆုံးကလုံးဝအားမနာပါနဲ့
    အန်ကယ်လည်းထိပါများတော့လုံးဝအားမနာတော့
    ဖူးသူတို့ကမျက်နှာပြောင်တယ် အဲတော့ကိုယ်က
    လည်းမျက်နှာပြောင်ပြောင်နဲ့လုံးဝအားမနာပါနဲ့

  • MaMa

    March 3, 2011 at 12:52 am

    ကျောင်းတက်တုန်းက ဆရာသော်တာဆွေရေးတဲ့ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းစာကို ဖတ်ပြီးအရမ်းသဘောကျသွားတယ်။ ဒါပေမယ့် အလုပ်လုပ်တဲ့အခါကျတော့ မမှန်ကန်ပဲ ရဲရင့်နေသူတွေကို တွေ့ရတော့ တော်တော်ကြောက်စရာကောင်းပါလားလို့ မြင်မိတယ်။ လိမ်တဲ့လူလား မလိမ်တဲ့လူလားဆိုတာဟာ မှန်းဆရ ခက်ပါတယ်။

  • etone

    March 3, 2011 at 3:38 am

    အော … သတင်းတွေ တော့ ကြားသား ရယ် … ။ တူငြားပြောတာ မှန်ပြီပေါ့ ။

  • လွယ်လွယ်လေးပါ။ ကိုယ်တိုင်က ဘယ်တော့မှမလိမ်ရင် သူများလိမ်တာကိုလည်း အော်တိုမက်တစ်သိတယ်။ အနှေးအမြန်ပဲကွာတယ်။ ဒီ့ထက်ပိုသေချာချင်ရင် ကိုယ်သံသယရှိတဲ့လူကို အံ့အားသင့်စရာအမှန်တရားတစ်ခု ပြောလိုက်ပါ။ သူမယုံကြည်ရင် သူဟာလည်း လိမ်တတ်သူပါပဲ။ အနည်းဆုံးတော့ ကိုယ့်ကို သူလိမ်ဖူးတယ်။

  • gyinkalay

    March 4, 2011 at 2:38 am

    အခု ခေတ်က လိမ်မှ ထမင်းစားရတဲ ့ခေတ်ဖြစ်နေပြီလေ…အဲဒီတော့ လူတွေကို သတိထားဆက်ဆံတာ ကအကောင်းဆုံးပဲ….

Leave a Reply