လျှပ်တပြက် ရိုက်ချက်။

erosMarch 4, 20111min19115

အချိန်ကား နေမွန်းတည့်ခါနီး ၁၂ နာရီထိုးလုထိုးခင်။
နေရာကား လှိုင်မြို့ နယ်အတွင်းရှိ လမ်းသွယ်လေး နေရာတနေရာ။
အဆိုပါ လမ်းသွယ်လေးသည် လူအသွားအလာပြတ်၏။
လမ်းသွယ်လေးသည် ကားတစီးစာ ဝင်နိုင်သောပမာဏသာရှိပြီး ကားမောင်းဝင်နိုင်သော နေရာကား တိုတောင်းလှပြီး လမ်းအဆုံး၌ ညာဖက်သို့ ချိုးဝင်သွားသော လူသွားနိုင်လောက်သော လမ်းလေးရှိလေသည်။
မလှမ်းမကမ်းတွင် စက်ရုံကြီးတခု၏ နောက်ကျောအားတွေ့ရလေသည်။
လမ်းသွယ်လေး အတွင်းပိုင်းတွင် နေအိမ်တန်းလျားတခုရှိလေသည်။
ထိုလမ်းသွယ်လေး၌ လူမနေသောအဆောက်အဦးတခုရှိ၏။ ထို အဆောက်အဦး၏ နံဘေး၌ ကွက်လပ်တခုရှိလေသည်။
ထိုကွက်လပ်ငယ်တွင် ယောက်ျားအနည်းငယ်နှင့် မိန်းမတချို့ တို့ ပါဝင်သော အုပ်စုတစု သည် ကျိတ်ကျိတ် နှင့် လှုပ်ရှားနေလေသည်။ ၎င်းအုပ်စုမှ ဖြစ်ဖွယ်ရာရှိသော မိန်းမတယောက်သည် သူတို့၏လုပ်ရပ်အား လုံခြုံမှု မရှိ၍ ပတ်ဝန်းကျင်နှင့် လမ်းပေါက်ဝအား ကျီးကန်တောင်းမှောက် ကြည့်နေလေသည်။
ထိုအခိုက်မှာပင် “ဝူး “ကနဲ နက်ပြာရောင် မာဇဒါဂျစ်ကားတစီး လမ်းသွယ်လေးအတွင်းသို့ ဒလမန်းကြမ်း ချိုးကွေ့ မောင်းဝင်လာလေသည်။ယခုနက ကျီးကန်တောင်းမှောက် ကြည့်နေသောမိန်းမသည် မပြောမဆိုထပြေးသည်။
“ဝူး”
“ဟာ၊ ဟေ့”
“ဟဲ့၊ဟဲ့”
“ပြေး၊ပြေးဟ”
“ရဲ၊ ရဲ”
“ဖုန်း၊ဖုန်း”
“ဖြောင်း၊ဂျွတ်”
“ဖုန်း၊အင့်၊ အရေးထဲ လာတိုက်နေရသေးတယ်။ ငါ xxx”
“xxxx”
ကျီးကန်တောင်းမှောက် ကြည့်နေသောမိန်းမသည် မပြောမဆိုထပြေးသည်ကို မြင်လိုက်သောလူတစုမှာ နက်ပြာရောင် မာဇဒါဂျစ်ကားကိုမြင်လိုက်သော ခဏတွင် ဝရုန်းသုံးကားပြေးလေ၏။ ဦးတည်ရာသို့ပြေး၏။ခြံစည်းရိုး ဝါးလုံးအား ဖြောင်းကနဲ တိုက်မိ၏။ ဝါးလုံးသည် ဂျွတ်ခနဲ ကျိုး၏။ အချင်းချင်းတိုက်မိ၏။ တိုက်မိသည့်အတွက် အချင်းချင်း ပြေးရင်းလွှားရင်း ဆဲရေးတိုင်းထွာကြသည်။ ပုဆိုး၊ ထမီ ပြေကျသော ယောက်ျား မိန်းမတို့ သည် မဝတ်နိုင်အား၊ ကိုင်၍ ပြေးလေသည်။ အမျိုးသမီးတဦးသည် ပိုက်ဆံအချို့ နှင့် စာရွက်အချို့ နှင့် ဂဏန်းများပါသော ချဲလယ်ဂျာ စာအုပ်ကျကျန်ရစ်သည်။ နက်ပြာရောင် မာဇဒါဂျစ်ကားသည် ပြေးသူများနောက်မှ လိုက်မောင်းလာ၏။ လူအများသည် လူသွားနိုင်ရုံသာ ရှိသော လမ်းကြားလေးထဲ ဝင်ပြေးကြသည်။ အချို့ ကား နေအိမ်တန်းလျားထဲ ပြေးဝင်ကြသည်။ မာဇဒါဂျစ်ကားသည် ကားသွားနိုင်သည့် ပမာဏ မဆုံးခင်၊ နေအိမ်တန်းလျားရှေ့ တွင်ထိုးရပ်လိုက်သည်။ မာဇဒါဂျစ်ကားပေါ်မှ လူများသည် ဆင်းလိုက်ကြပြီး နေအိမ်တန်းလျားထဲဝင်ကြသည်။ ထို့နောက် သိမ်းဆည်းယူငင်စရာ ရှိသည်များအား သိမ်းဆည်းပြီး ပြန်ထွက်လာသည်။ မာဇဒါဂျစ်ပေါ်မှ လူတဦးသည် အမျိုးသမီး တဦးကျကျန်ရစ် သွားသော ပိုက်ဆံများနှင့် စာရွက်များ စာအုပ်များကိုကောက်ယူသိမ်းဆည်းနေလေသည်။ ထို့နောက် မာဇဒါဂျစ်ကားသည် လာလမ်းအတိုင်းပြန်လည် ထွက်ခွာလာလေသည်။

အပြန်လမ်းတွင် မာဇဒါဂျစ်ကား ခေါင်းခန်းမှလိုက်ပါလာသူကား တပြုံးပြုံးနှင့် ပြည်လမ်းမကြီးပေါ်အရောက်တွင် အားပါးတရ ရယ်လိုက်လေတော့သည်။ ဟားဟားဟား ။ ထိုသူ၏ ရယ်သံကား ပြည်လမ်းမကြီးပေါ်တွင် ပျံ့ လွင့်လျက်။

စာရှုသူမိတ်ဆွေများ အဆိုပါ ရယ်မောလိုက်သူကား မည်သူထင်ပါသနည်း။ တခြားမဟုတ်ပါ eros ပင်ဖြစ်လေတော့သည်။

အဖြစ်အပျက်အားရှင်းလင်းအံ့။ eros တို့ ရုံးမှ ဈေးပေါပေါဖြင့် ငှား၍ရသဖြင့် အဆိုပါ မာဇဒါဂျစ်အား အဆိုပါရက်ပိုင်းတွင် ငှားရမ်းခဲ့သည်။ ထိုနေ့တွင်ကား ကားမောင်းသောဦးလေးကြီးအိမ်သို့ ကိစ္စရှိ၍၊ ယူစရာ တခုရှိ၍ သွားခြင်းဖြစ်သည်။ ကားမောင်းသည့် ဦးလေးကြီးကား အသက်က ၆ဝ စွန်စွန်းရှိသော်လည်း သန်တုန်းမြန်တုန်းပင်ဖြစ်သည်။ လူလတ်ပိုင်းများကဲ့သို့ ကားမောင်းနိုင်လေသည်။ ထိုနေ့ က အချိန်ကလည်းမရှိ၊ အရေးကလည်းကြီးသဖြင့် မြန်မြန်မောင်းလာခြင်းဖြစ်သည်။ အဆိုပါလူစုမှာလည်း ၁၂ နာရီခွဲ ၂လုံးထီ အတွက် အရှိန်တက်နေကြပြီး နောက်ဆုံးအချိန်ပိုင်းလေးတွင် အသည်းအသန်ထိုးနေကြသည်။ အဘယ့်ကြောင့် ထိုနေရာအားထိုလူစုမှ ရွေးသလဲဆိုသော် ထိုလမ်းသွယ်သည် လူသွားလူလာရှင်း၏။ လမ်းသွယ်ထိပ်တွင် နှစ်လုံးထီစလောင်းလိုင်းပြသော လက်ဖက်ရည်ဆိုင်ရှိ၏။ ကိစ္စပြီးလျှင် လက်ဖက်ရည်ဆိုင်သွားမည်။ ထွက်ဂဏန်းကြည့်မည်ပေါ့။ ထိုအချိန်တွင် ကျွန်တော်တို့ ရုံးကားဝင်လာ၍ ဇာတ်လမ်းရှုပ်ကုန်ခြင်းဖြစ်သည်။ အမှန်တကယ်တွင် ကျွန်တော်တို့ ရုံးကားတွင် ဘာအမှတ်အသားမှမပါ။ POLICE မပြောနှင့် အင်္ဂလိပ်စာတန်း STOP မျှပင်မပါချေ။ နောက်တွင်ကား ကားမောင်းသမားကို ကြည့်လိုက်မှ “ဟယ် ဦး——– ကြီးတော့” ဟုဆိုကာ တဆင့်စကား တဆင့်ကြား၍ ထွက်ပြေးသူများပြန်လာကြသည်။ ကျွန်တော်တို့ ထဲမှ တယောက်ကလည်း ကျကျန်ရစ်သော ပစ္စည်းများအားစုစည်း၍ ကျကျန်သွားသောသူအား ပြန်ပေး၏။ ယာဉ်မောင်းကြီး၏ အိမ်ထဲဝင်၍
ယူစရာ ပစ္စည်း တချို့ အားယူ၍ ပြန်ထွက်လာခဲ့လေသည်။ သူတို့ ရှေ့ တွင် ရယ်ချင်လှသော်လည်း မရယ်ရဲဘဲ လမ်းမပေါ်ရောက်မှ ရယ်ခြင်းဖြစ်လေသည်။ နောက်ဆက်တွဲအနေဖြင့်ကား ကြည့်ခိုင်းသူမိန်းမနှင့် ဒိုင်၊ အချို့ လူများစကားများသည် ဆိုသည်။
“နင်ကလေ ကြည့်ခိုင်းတာ ဘာမှ အားမကိုးရဘူး။ ဘာမှမပြောဘူး ထွက်ပြေးတာ တန်းနေတာပဲ။”
“ဟဲ့ ငါလည်း ကားမြင်လိုက်တော့ ကြောက်တာပေါ့။ နင်တို့ ထဲက ကြည့်ခိုင်းတော့ ဘယ်သူကြည့်လို့လဲ။ အခုရောဘာဖြစ်နေလို့လဲ။” စသည် စသည်။
“ဟားဟားဟား၊ ဟားဟားဟား”

15 comments

  • ဆူး

    March 4, 2011 at 2:26 pm

    သနားပါတယ်။ တော်တော် ကြောက်သွားကြရှာမယ်နော်။

    • eros

      March 4, 2011 at 2:59 pm

      ဟုတ်တာပေါ့ မဆူးရယ်၊ ကျွန်တော်က ခေါင်းခန်းကလိုက်လာတော့ အကုန်မြင်နေရတာပေါ့။နောက်ပြီး သူတို့ ရှေ့ မှာ သနားကလည်း သနားတော့၊အရမ်း အရယ်သန်တဲ့ eros တောင် ရယ်ကလည်း ရယ်ချင်တာ တောင် မရယ် ပဲ ပြည်လမ်းပေါ်ရောက်မှ အားပါးတရ ရယ်တာလေ။ ကားက နက်ပြာရောင် ဆိုတော့ ပိုဆိုးသွားတာပေါ့။ ဒါတောင် သူတို့ ကနောက်နေ့ ကျတော့ပြောသေး တယ် ယာဉ်မောင်းကြီးကို “ဦး—— ကလဲ အသံမပေးဘာမပေးနဲ့ တဲ့” ကဲ ကားမောင်းလာတာ ဘယ်လိုအသံပေးရမတုန်း။

      • ဆူး

        March 4, 2011 at 3:18 pm

        ဟွမ်းတွေ အရမ်းတီးရင် ဘယ်လိုနေမလဲ ပိုတောင် ကြောက်သွားမလား မသိဘူးနော်။

      • eros

        March 5, 2011 at 12:19 pm

        ဟွန်းတီးရင် ပိုဆိုးတွားမှာပေါ့ ခြူးမမ ယဲ့။

  • eros

    March 4, 2011 at 2:44 pm

    ဦးတည်ရာသို့ပြေး၏။ ကို
    ခြေဦးတည့်ရာသို့ပြေး၏။ ဟူ၍လည်းကောင်း
    ကားမောင်းသည့် ဦးလေးကြီးကား အသက်က ၆ဝ စွန်စွန်းရှိသော်လည်း မှ စွန်စွန်း ကို စွန်းစွန်း ဟုပြင်၍ဖတ်ပေးပါရန်။

  • etone

    March 5, 2011 at 2:25 am

    မျက်စိထဲမြင်ယောင်ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်မိပါတယ် .. ။

    • eros

      March 5, 2011 at 12:24 pm

      အောင်မလေး နင် တကယ်တွေ့ လိုက်ရင်ဘယ်လိုနေမလဲ မသိဘူး။ ငါကတော့ အရယ်သန်တော့ မြိုသိပ်ထားတာ တောင် ပြုံးဖြီးဖြီးကြီး။

  • bigcat

    March 5, 2011 at 3:10 am

    အသိတဦးပြောဖူးတာ သူတို့ရပ်ကွက်ထဲက ချဲဒိုင်ကိုရဲဝင်ဖမ်းတော့ မြေညီထပ်တိုက်ခန်းမှာ လာထိုးတဲ့ အမျိုးသမီးတွေ အများဆုံးပါတဲ့ လူအုပ်ကိုမိတယ်။ ငိုုယိုတောင်းပန်ကြလို့နောက်ဆုံးမှာ ရဲကသူတို့ကို နောက်ဖေးပေါက်က လူမသိသူမသိ လွှတ်ပေးလိုက်ရတယ်တဲ့။

    • etone

      March 5, 2011 at 3:28 am

      ကိုကြောင်ကြီး … အဲ့ဒီရဲကို မေးလိုက်ပါဦး ။ မုန့်ဖိုးဘယ်လောက်ရလိုက်သလဲလို့ ။

  • နီလေး

    March 5, 2011 at 8:05 am

    ဟားဟား တော်တော်ရီရတယ် ပြေးလိုက်ကြတာတန်းနေမှာပဲ မြင်ယောင်မိတယ်

  • manawphyulay

    March 5, 2011 at 8:34 am

    ဗြုန်းကနဲဆို ပိုဆိုးတာပေါ့။ မနောဆို လမ်းလျှောက်နေတုန်း အနားရောက်မှ ကားအကြီးကြီးက ဟွန်းတီးလိုက်တာ လန့်ပြီး မြောင်းထဲပြုတ်ကျသွားဖူးတယ်။

    • eros

      March 5, 2011 at 12:27 pm

      မနောက အတည်းငယ်တယ်ပေါ့။

  • ဆူး

    March 5, 2011 at 8:39 am

    မနောကို ကားဆရာက ဆင်းလာပြီး ထူပေးသေးလား။
    ဆေးခန်းတွေ ဘာတွေ ရုပ်ရှင်တွေ ထဲကလို လိုက်မပို့ဘူးလား။
    လှိုင်သာယာ အဝိုင်းပတ်မှာ ကားတိုက်ပြီး မောင်းမောင်း ပြေးတယ် ခဏခဏ ကြားရတယ်။ ကာယကံ ရှင်တွေက အမျိုးနီးစပ် မဟုတ်တော့ တဆင့်စကား တဆင့်နားဘဲ။ အတိအကျတော့ မသိဘူး။ ကားလမ်းကူးရင် သတိတော့ ထားနော်.. လူရှင်းရင် အမှု မပတ်အောင် လုပ်တတ်ကြတယ်။

    • eros

      March 6, 2011 at 12:46 pm

      ထော်လာဂျီတွေက ပိုဆိုးတယ်။

  • naywoonni

    March 6, 2011 at 1:56 pm

    ကြောက်တော့ ကြောက်တတ်သားပဲနော့…….။

Leave a Reply