ကိုယ်ချင်းစာတတ်ကြပါသလား။

Ma MaJune 10, 20111min39214

ကျမတို့ငယ်ငယ်က မိသားစုတွေ အားလုံး တောမြို့လေးမှာ နေပါတယ်။ အဖေက သူတို့ခေတ်မှာ ပညာကို ကောင်းကောင်းမသင်ခဲ့ရတော့ ကျမတို့ မောင်နှမ အားလုံးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ အဲဒါနဲ့ ရန်ကုန်မှာ အိမ်ငှားပြီး မောင်နှမတွေအားလုံးကို ကျောင်းထားပေးပါတယ်။ အဖေနဲ့ အမေက တလှည့်စီ လာတတ်ပါတယ်။ အဖေက မောင်နှမ မရှိခဲ့တော့ မိသားစု စည်းစည်းလုံးလုံး နေတာကို အလွန် လိုလားပါတယ်။ အဲဒါကြောင့် အဖေလာရင် သားသမီးတွေ အားလုံးနဲ့ လျှောက်လည်တတ်ပါတယ်။ တခါတလေလည်း ရုပ်ရှင်တွေ တစ်ကားပြီး တစ်ကား ဆက်တိုက် ကြည့်ကြပါသေးတယ်။ မုန့်သွားစားကြတာကတော့ မကြာခဏပေါ့။ အမေကတော့ များသောအားဖြင့် စာမေးပွဲနီးချိန်မှာ ချက်ပြုတ်ကျွေးမွေးဖို့ လာတာများပါတယ်။ အမေလာရင် ကိုယ်ကြိုက်တာ ချက်ကျွေးခိုင်းပြီး ပျော်ပျော်ပါးပါး စားကြပါတယ်။ နောက်ပြီး ညအိပ်ကာနီးမှာ မောင်နှမတွေ အမေ့နားမှာ အိပ်ဖို့ နေရာဦးကြပါတယ်။ တစ်ခါတုန်းကဆိုရင် အစ်ကိုက စာရွက်လေးတစ်ရွက်မှာ (ဤနေရာတွင် လူရှိသည်။) လို့ ရေးပြီး အမေ့ ခေါင်းအုံးဘေးမှာ သွားချထားပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ နေရာဦးဦး နောက်ဆုံးတော့ အမေက သားသမီးတွေကို ချော့မော့ပြီး အငယ်ဆုံးမောင်လေးကိုပဲ နေရာပေးတတ်ပါတယ်။ မောင်နှမတွေကိုလည်း အကြီးက အငယ်ကို ညှာတာအောင်၊ အငယ်ကလည်း အကြီးကို လေးစားအောင် အမြဲဆုံးမတတ်ပါတယ်။ မိဘနဲ့ ဝေးပြီးနေကြရတာမို့ ကျောင်းလည်းတက်ရင်း အိမ်အလုပ်ကိုလည်း ကိုယ့်တာဝန်နဲ့ကိုယ် ဝိုင်းလုပ်ကြရပါတယ်။ အကြီးဖြစ်သူတွေက ဈေးဝယ် ချက်ပြုတ် ဆေးကြောကြရသလို၊ အငယ်တွေကလည်း တံမြက်စည်းလှည်း၊ အဝတ်လျှော် မီးပူတိုက် လုပ်ကြရပါတယ်။
အဖေက စည်းကမ်းရှိသူပီပီ အိမ်သာသန့်ရှင်းရေးကိုလည်း အမြဲဦးစားပေးပြီး လုပ်ခိုင်းပါတယ်။ ဒါပေမယ့် အိမ်သာကိုတော့ သူလည်းမဆေးချင် ငါလည်းမဆေးချင်မို့ မတတ်သာတဲ့အဆုံးမှ ဆေးတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းဆင်းချိန်ချင်းမတူတာမို့ သော့တစ်ယောက်တစ်ချောင်းကိုင်ကြပါတယ်။ အဖေတို့လည်း ရန်ကုန်လာရင် ရောက်တဲ့အချိန် အလွယ်တကူရှိအောင် သော့တစ်ချောင်း ယူထားပါတယ်။ တစ်နေ့တော့ ကျောင်းက ပြန်ရောက်လာတော့ ဖိနပ်ကို ကြည့်ပြီး အဖေရောက်နေပြီဆိုတာ သိလိုက်ပါတယ်။ ဧည့်ခန်းထဲမှာ မတွေ့လို့ အိပ်ခန်းထဲ သွားရှာတော့လည်း မတွေ့ပါဘူး။ နောက်မှ အိမ်သာဖက်က အသံကြားလို့ သွားကြည့်တော့ အဖေ အိမ်သာကို တိုက်ချွတ်ဆေးကြောနေတာ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း မောင်နှမတွေအားလုံး အိမ်သာကို ပြောစရာမလိုပဲ အလှည့်ကျ ဆေးကြပါတော့တယ်။
ကျောင်းပိတ်ပြီ ဆိုရင်ဖြင့် ဒီနေ့ပိတ်ရင် ဒီနေ့ပဲ မြို့ကို ပြန်ကြရပါတယ်။ အဖေနဲ့ အမေက သားသမီးတွေကို ပညာရေးအတွက် အဝေးမှာ ပို့ထားကြရပေမယ့် နီးနီးနေချင်ရှာကြပါတယ်။ ကျမတို့ မောင်နှမတွေ ပြန်ရောက်တဲ့နေ့ဆိုရင် ဘေးအိမ်တွေလည်း အိပ်မရတော့ပါဘူး။ သစ်သားအိမ်တွေမို့ တစ်အိမ်ကပြောတာကို နောက်တစ်အိမ်က မကြားချင်အဆုံးပေ့ါ။ တစ်ခါတစ်လေဆို စကားတောင် ဝင်ပြောလိုက်သေးတယ်။ စာမေးပွဲအောင်စာရင်းတွေ သိရတဲ့နေ့က ကျမတို့အဖေ မြို့ထဲလျှောက်လည်တဲ့နေ့ပဲ။ ဘယ်သားက ဘယ်အတန်း၊ ဘယ်သမီးက ဘယ်အတန်း အောင်တယ်ဆိုတဲ့အကြောင်း လိုက်ကြွားတော့တာပါပဲ။ ဘယ်ဘာသာ ဂုဏ်ထူးထွက်တယ်ဆိုတာ ပြောတတ်အောင်လည်း သေသေချာချာ မေးသွားပါသေးတယ်။ အမဖြစ်သူက ဆေးကျောင်းတက်နေတုန်းက အဖြစ်အပျက်လေးတစ်ခုပေ့ါ။ အဖေ့မိတ်ဆွေတစ်ယောက် နေမကောင်းတော့ အမဆေးကျောင်းသူကို ဘာဆေးသောက်ရမလဲ လာမေးတယ်။ အဖေက ဘာမီတွန်သောက်လိုက်ပေ့ါလို့ ပြောတော့ ဧည့်သည်က အဖေ့ကို မင်းက ဘာသိလို့လဲလို့ ပြောပါတယ်။ အဲဒီတော့ အဖေက ငါမသိပဲနေမလား။ ငါက ဆရာဝန်အဖေကွ တဲ့လေ။ ကျမတို့က ရန်ကုန်မှာ ကျောင်းသွားတက်နေတော့ တချို့ မြို့လူတွေက သိပ်မသိ၊ မမှတ်မိကြပါဘူး။
တစ်ခါက အဖေ့မိတ်ဆွေ အိမ်လာလည်တော့ ကျမကို သမီးလားလို့မေးတယ်။ အဖေက သမီးအငယ်ဆုံးလေ လို့ပြောတော့ အဖေနဲ့အမေက ချောသလောက် သမီးက မချောဘူးလို့ပြောပါတယ်။ ဧည့်သည်ရှိတုန်း သည်းခံနေရပေမယ့် ဧည့်သည်ပြန်သွားတော့ အဖေ့ကို ပြောရင်းနဲ့ ငိုမိပါတယ်။ အဖေက ငါ့သမီး ဒီလောက်ချောတာကို ဒီအဖိုးကြီး မျက်စေ့မှိုုင်း၊ နားထိုင်း၊ ခါးကိုင်းနေလို့ ပြောသွားတာလို့ ချော့ပါတယ်။ စိတ်ဓာတ်ခွန်အားတွေကို အဖေက မွေးထုတ်ပေးလိုက်တာပါ။ မိဘရဲ့ မေတ္တာကို အပြည့်အဝခံစားခဲ့ရလို့ မိဘမဲ့တွေ၊ မိတကွဲ ဖတကွဲတွေကို ကိုယ်ချင်းမစာတတ်ခဲ့မိပါဘူး။ အဖေမရှိတော့တဲ့ သူငယ်ချင်းတစ်ယောက်ဟာ အဖေဆုံးတော့ အနေဝေးနေရာကနေ ရောက်အောင်လာပြီး ကိုယ်လည်း ဖြစ်ခဲ့ဖူးတော့ ကိုယ်ချင်းစာတယ်လို့ပြောသွားမှ ကိုယ်ချင်းစာတယ်ဆိုတာကို နားလည်ခဲ့ရပါတယ်။

14 comments

  • bigcat

    June 10, 2011 at 2:49 am

    ဓာတ်ပုံထဲမှာ မမ အဖေနဲ့ မမ ငယ်ငယ်တုန်းကပုံလား။ မြန်မာလူမျိုးနဲ့ မတူဘူးနော်၊ နိုင်ငံခြားသားတွေ ကြနေတာပဲ…

  • MaMa

    June 10, 2011 at 3:10 am

    အထင်ကြီးရန်ကော ကိုကြောင်ကြီးရယ်။ google က လိုက်ဖက်မယ့်ပုံ ကူးထည့်ပေးလိုက်တာပါ။

  • weRone

    June 10, 2011 at 4:01 am

    ကိုယ်ချင်းစာတရားဆိုတာ လူတိုင်း နားလည်သင့်တဲ့ အရာ တွေ ပါ..

  • fatty

    June 10, 2011 at 4:47 am

    လက်စမ်းပေမို့ဘဲ … အတော်ရေးနိုင်တာဘဲ …

  • ဆူး

    June 10, 2011 at 7:36 am

    မှတ်မှတ်ရရပေါ့ အဖေ မရှိတော့ တဲ့ နောက်ပိုင်း သူငယ်ချင်းတွေ အိမ်ကို ဖုန်းဆက်တော့ သူတို့ အဖေ က ဖုန်းကိုင်တယ် ဘယ်သူလဲ သမီးလေး မရှိဘူး သမီးလေး ဒီနေ့ နောက်ကျလိမ့်မယ်တဲ့.. စိတ်ထဲ ဘယ်လို ပြောမှန်းတောင် မသိဘူး အဖေ တယောက်ရဲ့ သမီး အပေါ် ဂရုဏာ သံနဲ့ ပြောဆို သုံးနှုန်းသွားတဲ့ အသံ ကြား မိတာနဲ့.. ဖုန်းလည်း ချ လိုက်ပြီးရော.. မျက်ရည်တွေ လည်ပြီး ငိုမိတော့တာပဲ.. ငိုနေလို့ သေတဲ့လူ ပြန်မရှင်လာနိုင်သလို သမီး တိတ်တိတ်လေး ငိုနေတာ အဖေ လည်း သိပြီး လာချော့နိုင်မှာ မဟုတ်တော့တဲ့ အတွက် ကိုယ့်စိတ်ကို ဖြေသိမ့်ပြီး အငိုရပ်ကာ တရားနဲ့ ဖြေနိုင်အောင် ကြိုးစားခဲ့တယ်။

  • နွယ်ပင်

    June 10, 2011 at 8:16 am

    ကိုယ်ချင်းစာတရားဆိုတာ လူတိုင်းမှာ ရှိသင့်ပါတယ် ကိုယ်တွေ့ကြုံတဲ့ ခံစားချက်မျိုးမဟုတ်ပေမဲ့ နွယ်ပင်က အဖေကို အရမ်းချစ်တဲ့ သမီးတစ်ယောက်မို့ ဒီလိုခံစားချက်မျိုးကို နားလည်ပါတယ်

  • kai

    June 10, 2011 at 9:01 am

    အဖေများနေ့က.. ဇွန်လ၁၉ရက်နေ့…။
    ဆိုတော့… ဒီပို့စ်က… အဖေတွေကိုဂုဏ်ပြုနေသလိုပဲ…။
    ကောင်းလေစွ..။ 🙂

  • shwemanthar

    June 10, 2011 at 11:45 am

    မိဘမေတ္တာပေါ့

  • တညင်သား

    June 11, 2011 at 1:26 am

    ကျွန်တော်လဲ အဖေ မရှိတော့ပါဘူး.. ပြီးခဲ့တဲ့ ပို့စ် မှာ ရင်ဘက်ကို ထိတယ် ဆိုတာ တမျိုးမထင်ပါနဲ့နော် တိုက်ဆိုင်နေလို့ပါ….. ကျွန်တော်တို့ လဲ တနှစ်တခါ အဖေ အတွက်ရည်စူးပြီး အလူု လုပ်ပါတယ်.. အဲဒါကြောင့် ..အဲဒါကြောင့်
    သားတယောက် အနေနဲ့ မိခင်ကို ပိုချစ်တယ်ဆိုပေမဲ့ အဖေ ဟာ ကျွန်တော်တို့ ဘဝ ခရီးအတွက် ခွန်အားတွေ ပေးခဲ့တယ်…

  • MaMa

    June 11, 2011 at 2:25 am

    တညင်သားရေ- တစ်မျိုးလည်း မတွေးပါ။ နှစ်မျိုးလည်း မတွေးပါ။ ကိုယ်ရေးထားတဲ့ စာလေးတွေကို ကော်မန့်ပေးပြီး အားပေးတာကိုပဲ ဝမ်းသာကျေနပ်နေတာပါ။

  • mnoe

    June 12, 2011 at 6:06 am

    မိဘနှစ်ပါးလုံးရှိသေးပေမဲ့ သူတို့သာမရှိတော့ရင်လို့ တွေးမိလို်က်တိုင်း ဆက်မတွေးရဲလို့၊ ကိုယ်တွေ့မဟုတ်ပေမဲ့ ကိုယ်ချင်းစာမိပါတယ်။ ဘာပဲပြောပြော လောကကြီးထဲမှာ ကိုယ့်မိဘရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် ကိုယ့်ဘဝဟာလုံခြုံနွေးထွေး ပြည့်စုံနေသလို ခံစားရလို့ပါ။
    အဝေးကနေ သမီးကိုအမြဲလွမ်းဆွတ်တမ်းတနေတဲ့ မေမေ့ကိုကြည့်ပြီး သားသမီးနဲ့ ဝေးနေကြရတဲ့ မိဘတွေကိုပို သနားမိတယ်။
    အားပေးသွားပါတယ် မမရေ…

  • nozomi

    June 12, 2011 at 6:59 am

    လူတိုင်း …ကိုယ်ချင်းစာစိတ်၊ကိုယ်ချင်းစာတရားကတော့ ရှိသင့်ပါတယ်

    ကိုယ်တိုင်ကြုံဘူးတဲ့ ကိစ္စတွေမှာတော့ ကိုယ်ချင်းစာစိတ်လေးတွေ ဖြစ်မိကြတာပေါ့

    လောကကြီးမှာ ကိုယ်တိုင်မကြုံရသေးတဲ့ ကိစ္စလေးတွေ အများကြီးရှိနေဦးမှာ ကိုယ်တိုင်ကြုံသည်အထိ မစောင့်ပဲ စာတွေဖတ် နားလည်ခံစားတတ်တဲ့ နှလုံးသားလေးတွေနဲ့ ကိုယ်ချင်းစာစိတ်လေးတွေ မွေးရမှာပဲ

  • Yan Shin

    June 12, 2011 at 3:14 pm

    ကိုယ်ခြင်းစာမိပါတယ်။ မိဘဆိုတာ သားသမီးတိုင်းရဲ့စံပြပါ။ သားသမီးတို့ရဲ့မော်ဒယ် ဟီးရိုးပဲပေါ့။ မိဘတွေက အဲလိုစံဖြစ်နေမှ သားသမီးတွေက အဲလို အတုလိုက်ယူ ပုံစံကောင်းလေးတွေဖြစ်မှာပေါ့နှော်။ ပြီးတော့ထင်ပါတယ် မိဘတိုင်းအတွက် သူ့ရင်သွေးလေးတွေဟာ သူ့ကမ္ဘာမှာ အနှိုင်းမဲ့လေးတွေပဲပေါ့။
    ကျေးဇူးသိတတ် ကျေးဇူးဆပ်တတ်အောင်နေကြမယ်။
    ကျေးဇူး။

Leave a Reply