မွန်မြတ်တဲ့အလှူ ဆိုတာ…

kaiMarch 15, 20111min40318

အောက်မှာ အီလဲဗန်း ကသတင်းကို ကူးတင်ပေးထားပါတယ်..။
နောက်ပုံတပုံကတော့ ..အီးမေးလ်ကရတာပါ..။ ဒီမိုဝေယံလိပ်စာပါတာမို ့..အဲဒီကို ခရက်ဒစ်ပေးပါတယ်..။

သာမန်အားဖြင့်… မြန်မာပြည်မှာ .. ငွေသိန်းသောင်းချီလို့.. စေတီတွေ၊ပုထိုးတွေဆောက်လုပ်လှူနေကြတာတွေ့ခဲ့ဖူးတာပါ..။ ဗိုလ်ချုပ်ကြီးများတို့တတွေလည်း အဲဒီနေရာတွေမှာ ကိုယ့်အတ္တနဲ့ကိုယ်..နောင်နောက်ဘဝတွေအတွက် ..လှူတယ်ဆိုပြီး ..သန်းချီထည့်လို့..ငွေအရင်းအမြစ်တွေ..မြုတ်နှံထားကြတာကိုလည်း..တနေ့တခြားမရိုးနိုင်အောင် တွေ့ဖူးနေတာပါ..။

အဲဒါတွေနောက်..အခုထူးထူးခြားခြား. ကျမ်းမာရေးအတွက် သိန်းပေါင်းသန်းချီရင်းနှီးလှူပေးလိုက်တဲ့ မက်စ်အုပ်စုကို အလွန်သာဓုခေါ်မိတာပါပဲ..။ ကလေးတွေအတွက်ဖြစ်တဲ့ ဆေးရုံမို ့… ပိုပြီးတောင် သာဓုခေါ်ပါတယ်..။
တပြိုင်ထဲ.. တပ်မတော်ခေါင်းဆောင်တွေကလည်း.. သိန်းဂဏ္ဍန်းထည့်လှူကုသိုလ်ယူထားတာ သတင်းစာထဲက အလှူရှင်စာရင်းမှာတွေ့လိုက်ရပါတယ်..။
ကျန်တဲ့ သူဌေးတွေလည်း မက်စ်က ကိုဇော်ဇော်လို … အဓိပါယ်ရှိတဲ့..မွန်မြတ်တဲ့အလှူမျိုး … လိုက်လုပ်ကြရင်သိပ်ကောင်းမှာပဲ..အကြိမ်ကြိမ်တွေးမိနေပါရဲ့..။

နိုင်ငံတခုမှာ… ဆေးရုံတွေလိုပါတယ်..။ ကျောင်းတွေလိုပါတယ်..။ အင်ဖရာစရပ်ချာခေါ်တဲ့ လမ်းပန်းဆက်သွယ်ရေး.။ လျှပ်စစ်၊ ဖုန်းလိုင်း. စတာတွေလိုပါတယ်..။
ဖွံ့ဖြိုးဆဲတိုင်းပြည်ရဲ့ ဂျီဒီပီကနေ မျှသုံးကြရာမှာ.. အဲဒီနေရာတွေကို ငွေတွေပုံချ မြုတ်နှံရတာပါ..။ လုပ်ငန်းရှင်..အရင်းရှင်တွေကလည်း.. ဒီမြေ..ဒီလေ..ဒီရေကအရင်းပြုပြီးရလာတဲ့ အမြတ်ငွေတွေကို ပြန်လှူရင်လည်း.. ဒီလိုနေရာတွေကို ဦးစားပေးလှူရတာပါ..။

ငွေကြေးကိုင်တွယ်တာ ပိုကျွမ်းကျင်သူ သူဌေးကြီးတွေကတော့ ..ဖောင်ဒေးရှင်လိုမျိုးလုပ်..မတည်ငွေထောင်ပေးလို့ .. အလုပ်အကိုင်အခွင့်အလန်းတွေပါ ဖေါ်ပေးရင်း.. တချက်ခုတ်..သုံးလေးချက်ပြတ်အောင်လုပ်… လှူကြတန်းကြတယ်ပေါ့..။
ကမ္ဘာ့သူဌေးကြီးတွေဖြစ်တဲ့..ဘီလ်ဂိတ်တို့..။ ဘူဖေးတို့ ဖောင်ဒေးရှင်းတွေက ဒီလိုအလုပ်တွေကိုလုပ်ကြတာပေါ့..။
ဒါဆို..ကိုယ့်ရဲ့နောက်နောင်ဘဝတွေခေါ်ရမဲ့.. ကိုယ့်မျိုးဆက်တွေ..။ကိုယ့်လူမျိုးတွေ..။ ကိုယ့်သားသမီးတွေရဲ့ဘဝတွေကောင်းလာမှာပေါ့..။ အလှူရှင်ကိုယ်သေလည်း နာမယ်က ..ဘယ်တော့မှမသေတော့ပါဘူး..။

အခုအလှူကြီးကို …နာဂစ်ပြီးတော့ .. အဲဒီတလျှောက်က စေတီတွေကို ထီးတွေလိုက်တင်ပြီး … သိန်းသောင်းပေါင်းများစွာအကုန်ခံ ပြုပြင်အလှူလုပ်ခဲ့တဲ့..(လျှပ်တပြက်ဂျာနယ်မှ လစဉ်ဖေါ်ပြခဲ့တဲ့).. ဇေကမ္ဘာဦးခင်ရွေအလှူနဲ့ နှိုင်းမိတာပါပဲ..။

ပြီးခဲ့တဲ့ရက်တွေက ..ရွာသူဆူးမမတင်ထားတဲ့..  မဟာမြိုင်တောထဲ..တပါးထဲလူတွေနဲ့ကင်းကင်းနေချင်လို့ သီတင်းသုံးနေတဲ့ ရဟန်းတပါးရဲ့.. ကျောင်းကိုလှအောင်ပြင်..လမ်းကိုကွန်ခရစ်ခင်း..။ ထင်းတွေအလျံအပယ်ထား.. ဆိုလာပြားတွေတပ်ထားတဲ့..  လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ .. ကုသိုလ်ရပါတယ်ဆိုတဲ့.. အလှူတွေနဲ့လည်း… နှိုင်းမိတာပါပဲ..။
ဘယ်အလှူက သာတယ်ထင်ကြသလဲ..။
နောင်ဘဝအထိစောင့်နေစရာမလိုပါဘူး..။ လက်ငင်းလောကကြီးကိုပဲ.. မျက်စိကို ..ဖွင့်ကြည့်လိုက်ပါ..လို့..။

ဪ… ကျန်ခဲ့လို့..။
အခုဆေးရုံကြီးက ..မြန်မာပြည်အတွက်..ကလေးတွေအတွက်..ဒုတိယမြောက်တဲ့..။
ဆိုတော့.. လူဦးရေ သန်း ၆ဝရောက်နေတဲ့ နိုင်ငံမှာ … ကလေးဆေးရုံကြီး.. ၂ခုပဲ ရှိသေးတယ်ပေါ့..။
ပထမမြောက်တခုက .. ဘယ်သူလုပ်ခဲ့တာပါလိမ့်..။အင်္ဂလိပ်မဟုတ်ရင်တောင်… ဦးနုခေတ်လောက်က ဖြစ်မယ်ထင်တာပါပဲ..။ 🙂

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကလေးဆေးရုံဖြစ်သည့် နိုင်ငံတကာအဆင့်မီ ကုတင် ၅၅ဝ ဆံ့ ရန်ကင်းကလေးဆေးရုံသစ်ကြီး ဖွင့်လှစ်

မက်စ်မြန်မာကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဆေးရုံသစ်ကြီးအား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံ လွှဲပြောင်းပေးအပ်စဉ်

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကလေးဆေးရုံဖြစ်သည့် နိုင်ငံတကာ အဆင့်မီ ကုတင် ၅၅ဝ ဆံ့ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်ကြီးကို ၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသား ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ပြီး ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကင်းကလေးဆေးရုံသစ်ကြီးအား မက်စ်မြန်မာကုမ္ပဏီအုပ်စုမှ စုစုပေါင်း ကျပ်သန်း ၉၀၀ဝ ကျော် ကုန်ကျခံကာ ပြုပြင်ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခင်က သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် လက်အောက်ခံဌာနများ အဖြစ် ဖွင့်လှစ်ခဲ့သည့် အဆောက်အအုံအား ပြန်လည်ပြုပြင် တည်ဆောက်ခြင်း ဖြစ်ပြီး ဆေးရုံအတွက် လိုအပ်သည့် အဆောက်အအုံများကို အသစ်ထပ်မံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှလည်း ဆေးရုံသစ်ကြီးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် အလှူငွေများ ထည့်ဝင်ခဲ့ရာ စုစုပေါင်း ငွေကျပ်သိန်း ၇၀၀ဝ ကျော်ထိ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

”တစ်နှစ်အတွင်းမှာပဲ မွမ်းမံရမယ့် အဆောက်အအုံကို မွမ်းမံပြုပြင်ပြီး အသစ်လိုတာကို အသစ်ထပ်မံ တည်ဆောက်ခဲ့တယ်။ နိုင်ငံတကာအဆင့်မီတဲ့ ကလေးဆေးရုံ ဖြစ်ပါတယ်။ အရင်က ကလေးဆေးရုံတစ်ရုံပဲ ရှိခဲ့တယ်။ အခုတော့ ဒုတိယမြောက် ကလေးဆေးရုံသစ်ကြီး ပေါ်လာသလို ဒီဆေးရုံကို ကလေးဆေးရုံအပြင် ဆေးတက္ကသိုလ် ကျောင်းသားများရဲ့ သင်ကြားရေးဆေးရုံ အဖြစ်လည်း အသုံးပြုမှာဖြစ်လို့ အကျိုးပိုရှိပါတယ်။ ဒီလို နိုင်ငံတကာအဆင့်မီတဲ့ ကလေးဆေးရုံမျိုးမှာ တာဝန်ယူမယ့် ဆရာ၊ ဆရာမတွေအပြင် ဝန်ထမ်းတွေ အနေနဲ့ ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်အောင် ထိန်းသိမ်းပြုပြင် အသုံးပြုဖို့ လိုပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာကျော်မြင့်က ပြောကြားခဲ့သည်။

”မြန်မာနိုင်ငံ လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်က မိခင်နဲ့ကလေးတွေ ဖြစ်ပါတယ်။ မိခင်နဲ့ကလေးတွေ ကျန်းမာဖို့ လိုအပ်ပါတယ်။ အရင်က ရန်ကုန်ကလေးဆေးရုံကြီး တစ်ခုတည်းပဲရှိလို့ လွန်ခဲ့တဲ့နှစ်က ဆေးကုသမှု ခံယူခဲ့တဲ့ အရေအတွက်ဟာ ရာခိုင်နှုန်း ၁၁ဝ ကျော် ရှိခဲ့ပြီး ဆေးရုံက လက်ခံနိုင်တာထက်တောင် ပိုခဲ့ပါတယ်။ အတွင်းလူနာ အဖြစ် ကလေး ၈၀ဝ လောက် ကုသခဲ့တယ်။ အရင်ရှိခဲ့တဲ့ ဆေးရုံတစ်ရုံတည်းနဲ့ဆိုရင် အခက်အခဲ ရှိပါတယ်။ အခု ဒီလို ဆေးရုံသစ်ကြီးတစ်ခု ထပ်တိုးလာတဲ့အတွက် နယ်စုံက အားကိုးအားထား ပြုနိုင်တော့မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်မှူးချုပ် ထွန်းသန်းမှ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် ရန်ကင်း ကလေးအထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ထားသည့် အပိုင်းများကို လေ့လာမှုအရ လက်ရှိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးရုံများထက်ပင် သာလွန်ပြီး နိုင်ငံတကာ အဆင့်မီသည့် ဆေးရုံဖြစ်ကြောင်း၊ အများပြည်သူအတွက် ရေရှည်အကျိုးရှိသည့် ဆေးရုံတစ်ရုံဖြစ်၍ ကာလရှည် ကောင်းမွန် ပြည့်စုံစွာ အသုံးပြုနိုင်ရန် ထိန်းသိမ်းမှုပိုင်း အရေးကြီးကြောင်းလည်း ဖွင့်ပွဲတက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။

”လေ့လာကြည့်တဲ့အခါ မြေဧရိယာ ၉ ဒသမ ၅ ဧကပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်။ ဆေးရုံတစ်ရုံမှာ လိုအပ်တဲ့ ကုသဆောင်၊ ပင်မဆောင်နဲ့ တပ်ဆင်ထားတဲ့ စက်ကိရိယာတွေဟာ အဆင့်အတန်းမီတာ တွေ့ရတယ်။ ပြောချင်တာက ဒီဆေးရုံဟာ နိုင်ငံတကာ အဆင့်မီသလို လက်ရှိ ပုဂ္ဂလိကဆေးရုံတွေထက်တောင် သာလွန်နေတယ်။ လက်ရှိ ပုဂ္ဂလိကဆေးရုံတွေထက်ပိုပြီး ဆေးရုံအင်္ဂါရပ်နဲ့ ညီညွတ်တယ်။ စာကြည့်တိုက်၊ ဓမ္မာရုံ၊ စားသောက်ဆိုင်တန်း၊ ဈေးဆိုင်တန်း တွေကိုပါ သီးသန့် အဆောက်အအုံနဲ့ ထည့်သွင်းပေးထားတာကို ကြည့်တာနဲ့တင် ဆေးရုံအဆင့်အတန်းကို သိနိုင်ပါတယ်။ ကားပါကင် ကျယ်ကျယ်ဝန်းဝန်း ရှိတယ်၊ လိုအပ်ရင် ထပ်ချဲ့ပြီး ဆောက်နိုင်တဲ့ မြေဧရိယာလွတ်တွေ ရှိတယ်။ သန့်ရှင်းသပ်ရပ်မှု အပိုင်း လည်း စံမီတယ်။ ဒီလို ဆေးရုံမျိုးက တကယ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့အချက်က ဒီဆေးရုံကို ရေရှည် အများပြည်သူ ကောင်းမွန် ပြည့်စုံစွာနဲ့ အသုံးပြုနိုင်အောင် ထိန်းသိမ်းသုံးစွဲသွားဖို့ပါပဲ။ နောက်ထပ် အရေးပါတဲ့ အချက်ကတော့ ဒီလို နိုင်ငံတော်ပိုင် အဆောက်အအုံကို အများပြည်သူအတွက် အကျိုးရှိတဲ့ လုပ်ငန်းအဖြစ် ပြောင်းလဲတာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုလို့ မြင်ပါတယ်”ဟု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါသည်။

ဆေးရုံသစ်ကြီး၏ ပင်မအဆောက်အအုံ(၁)မှာ လေးထပ်ဖြစ်ပြီး စုစုပေါင်း ကုတင် ၃၇၀၊ အထူးသီးသန့်ခန်း ငါးခန်းနှင့် ဓာတ်လှေကားနှစ်စင်း ပါဝင်ကြောင်း သိရသည်။ ပင်မအဆောက်အအုံ(၂) မှာ သုံးထပ် အဆောက်အအုံဖြစ်ပြီး စုစုပေါင်း ကုတင် ၁၈၀၊ သီးသန့်ခန်း ၂၄ ခန်းနှင့် ဓာတ်လှေကား တစ်စင်း ပါဝင်ကြောင်း၊ အဆောက်အအုံ(၃)မှာ နှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး ဓမ္မာရုံ၊ စာကြည့်တိုက်၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ ပါဝင်ကြောင်း သိရသည်။

Credit: Eleven Media Group

18 comments

  • char too lan

    March 15, 2011 at 8:52 am

    အဲ့ဒီဆေးရုံဖွင့်ပွဲနေ့ကတွေ ့ခဲ့တယ် တော်တော်လေးပြင်ဆင်ထားတယ် ကျေးဇူးတင်ပါတယ်ဗျာ သာဓု သာဓု သာဓု……………….

  • white

    March 15, 2011 at 8:57 am

    စွန့်နည်းမှန်သော …
    ထောင်မြင် ရာစွန့်ခြင်းပါ

  • peacemaker35183777

    March 15, 2011 at 9:00 am

    ကိုတေဇ ကလည်း ထူး ဖောင်ဒေးရှင်းထောင်ပြီးသူပိုင်သမျှရဲ. ထက်ဝက်ကိုလှူမလို့တဲ့…………………..

  • Gong Zhu

    March 15, 2011 at 9:01 am

    အလုံမှာလည်း ကလေးဆေးရုံတိုးချဲ့ဆောင်ရှိတယ်နော် … အသစ်လေ

  • cherrywine

    March 15, 2011 at 9:18 am

    သာဓု .. သာဓု … သာဓု

  • researcher

    March 15, 2011 at 9:54 am

    အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ အကြောင်းအပေါင်းသင့်ပြီး နိုင်ငံတော် Project တွေ လုပ်ကိုင်ခွင့်ရနေတဲ့ ကုမ္ပဏီတွေထဲမှာ Max ကတော့ သိပ်မဆိုးပါဘူး၊ နိုင်ငံတော်အတွက် လုပ်ပေးတာလေးတွေ တွေ့ရပါတယ်။ တချို့ ကုမ္ပဏီတွဆို မီလျံပေါင်း ရာနဲ့ ထောင်နဲ့ချီကျန်တဲ့ နိုင်ငံတော် Project တွေလုပ်ကိုင် ဆောင်ရွက်ခွင့် ရနေတာတောင် နိုင်ငံတော် နဲ့ ပြည်သူအတွက်ကြတော့ ကျေးရွာမူလတန်း ကျောင်းလေးလောက်ဆောက်ပြီး လှုဒါန်းတာ အလွန်ဆုံးပဲ။ နေပြည်တော်က ဝန်ကြီးအိမ်တွေကျတော့ အရှုံးခံဆောက်ပေးရတာနဲ့ သားသမီး ဆွေမျိုးသားချင်းတွေအတွက် နည်းမျိုးစုံနဲ့ အကျိုးဆောင်ပေးရတာနဲ့။ ဒါမှလဲ ဝန်ကြီးဌာန Project တွေ ရမှာကိုး။ အဲဒီလို ကိုယ့်စီးပွားကိုယ်ရှာတဲ့ ကုမ္ပဏီ အကြီးအကဲတွေကိုပဲ ဝဏ္ဏကျော်ထင်ဘွဲ့တွေပေးပြီး မြှောက်စားထားတာကတော့ နောင် အစိုးရအဖွဲ့သစ်အတွက် ကျောထောက်နောက်ခံပြုလို့ရမယ့် စီးပွားရေးလုပ်ငန်းရှင် အင်အားစုဖန်တီးထားခြင်းပါပဲ။

  • shwepyithu

    March 15, 2011 at 10:28 am

    ဝမ်းသာလိုက်တာ။ သာဓု သာဓု သာဓုပါ။ ဒီလို ကြည်နှုးစရာလေးတွေ ဝေမျှပေးတဲ့ ကိုခိုင်ကို ကျေးဇူးတင်ပါတယ်။ မိုးများပြီးသားနေရာတွေမှာ မိုးထပ်ရွာနေလို့ ဘာလုပ်မှာလဲနော်။

  • rat

    March 15, 2011 at 10:30 am

    လှူကြတာကတော့ တကယ့်ဝမ်းသာစရာပါ ……… ဒါပေမယ့်အလှူရှင်တွေက အလှူငွေပေးအပ်တဲ့နေရာမှာ ဘယ်လိုတန်းစီရလဲတော့မသိဘူး ………… မောင်ဖိုးလပြည့်ကတော့ လူကြီးတွေရဲ.ရှေ.ဆုံးကနေ အရင်ဆုံးအလှူငွေပေးအပ်သွားတာကိုတော့ ဘယ်လိုကြီးမှန်းမသိဘူး…. မြင်လိုက်ရတာက ……. ဒီကောင်ကဘယ်လောက်တောင် စီနီယာ ကျနေလို.လဲ ……… စိတ်ပျက်တယ်ဗျာ …….

  • nigimi77

    March 15, 2011 at 3:23 pm

    သူ ့လို လူမျိုး နောက်ထက် ထပ်ပြီး ရှိလာဖို ့လိုတယ်။

    ကျုပ် အလုပ်က နေ ့စဉ်နေ ့တိုင်း အလွန်တိုးတက် ချမ်းသာပြီး ဖြစ်တဲ့ နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေနဲ ့ ဆက်ဆံရပါတယ်။

    သူတို ့အားလုံး မြန်မာပြည်နဲ ့ပတ်သပ်ပြီး အမြင်တွေကို ပြောကြတာ တူညီတဲ့
    အချက်တွေကတော့

    (၁) ရရင် ရတဲ့ပိုက်ဆံကို ကျောက်တုံး ကျောက်ပုံဆောင်တွေမှာ
    ရွှေတွေကပ်မယ် ဆေးသုတ်နေတယ်။

    (၂) မြန်မာပြည်မှာ မိန်းမတွေပဲ အများဆုံး အလုပ်လုပ်တာတွေ ့ရတယ်။
    ယောကျာင်္း အတော်များများဟာ အချိန် အတော်ရှိကြတဲ့ အပြင် ဘာမှ
    မလုပ်ပဲ မိန်းမတွေရဲ ့ရှာဖွေကျွေးမွေးမှုကို ခံစားရလောက်အောင်
    မိန်းမ အပေါ်မှာ ထိန်းချုပ်နိုင်ကြတယ်။

    ဘာကို ဆိုလိုလဲ ဆိုတာတော့ ဒို ့မြန်မာများက ပိုသိမယ် ထင်တယ်။

  • Burma

    March 15, 2011 at 3:39 pm

    ♦ ဦးဇော်ဇော်ကတော့ တကယ်ချီးကျူးထိုက်ပါတယ်ဗျာ…. . သူ ဘယ်လိုနည်းနဲ့ပဲ ချမ်းသာလာ ချမ်းသာလာ ကျွန်တော့တို့မြန်မာနိုင်ငံ အတွက် မြန်မာ့ ဘောလုံးလောကအတွက်ပါ တိုးတက်အောင် လုပ်ပေးခဲ့တဲ့သူပါ။

  • unclegyi1974

    March 15, 2011 at 4:05 pm

    ကောက်ကောက်ထဲမှာကွေးကွေးလေးက
    အဖြောင့်ဆုံးပါပဲ
    နိုင်ငံတကာအဆင့်မှီဆေးရုံကြီးဆိုပြီး
    အမွှမ်းတင်
    ဆေးရုံပေါ်နိုင်ငံတကာအဆင့်မှီဆေးတွေ
    အပြည့်အစုံရှိတယ်လို့တော့
    ရေးထားတာမတွေ့မိဖူးနော်

  • bigcat

    March 16, 2011 at 1:36 am

    မဟာမြိုင်ဆရာတော်သည် ကြည်ညိုဖွယ်ထိုက်ပြီး ခေတ်မှီတဲ့ ဘုန်းကြီးတပါးပါ။ သူလိုရဟန်းအတွက် မြင်တွေ့ရတဲ့ လှူဒါန်းမှုတွေက လွန်ကျူးတယ်လို့ မထင်မိပါ။
    မြန်မာပြည်လို ရှေးဆန်တဲ့တိုင်းပြည်က ဘာသာရေးအလှူအတန်းတွေကို တိုက်ရိုက်အပြစ်တင်မဲ့အစား လူတွေအတွက်ပိုအကျိုးရှိ ဘာသာရေးအလှူအတန်းမျိုးကို စည်းရုံးဆော်ဩတာက ပိုသင့်လျော်မယ် ထင်ပါတယ်။ နို့မို့ရင် စေတနာက ဝေဒနာဖြစ်ပြီး ဖဆပလခေတ်က ကွန်မြူနစ်တွေ ကျဆုံးသလို ဝိုင်းအတွယ်ခံရဖို့သာရှိကြောင်း ဘုန်းတော်ကြောင့် ကုန်းအော်ပြီး လျောက်တင်ပါရစေ သဂျီးမင်းဖလ။

  • kai

    March 16, 2011 at 5:47 am

    လက်ခံပါတယ်.. ကိုရင်ကြောင်ကြီးရေ..။
    ဒီခေတ်လူငယ်တွေကို … နည်းနည်းချင်း နှိုင်းယှဉ်အတွေးတွေပေးထားချင်တဲ့ သဘောပါပဲ..။
    ဒီအတိုင်းကမ္ဘာကို မျက်စိဖွင့်ကြည့်ပြီး .. သွားကြရင်တောင်… အနည်းဆုံးမျိုးဆက်၂ခုတော့ စောင့်ရဦးမယ်သေချာပါတယ်..။

    ကြိမ်စာမိနေသလိုပဲလေ…။ 🙁

  • davit

    March 16, 2011 at 8:11 am

    ဘယ်အလှုကမွန်မြက်သလဲဆိုတာ ကျွန်တော်သိသလောက် ဘာသာတရားတွေဘက်ကပြောရရင် အရေးအကြီးဆုံးတစ်အချက်က လှုတဲ့သူရဲ့ လှုဒန်းတဲ့ပစ္စည်းအပေါ်ကို လှုဒန်းတဲ့အချိန်မှာဘယ်လိုစိတ်မျိုးထားလဲဆိုတာရယ် …. ဒုတိယအချက်က အလှုခံတဲ့သူအပါ်မှာမူတည်တယ်လို့ထင်တာပဲဗျ….အဲဒိအလှုခံတဲ့သူက ဘယ်လောက်သန့်စင်တယ်…သိက္ခာရှိတယ်…ကြည်ညိုထိုက်တယ်ဆိုတာအပေါ်တွေကိုမူတည်ပြီးတော့လည်း လှုတဲ့သူရဲ့ အလှုမွန်မြတ်မှုက ဘယ်လောက်လောက်အထိရှိတယ်ဆိုတာ ပဲရှိမှာပါ…အဲ့လိုပဲကျွန်တော်ထင်တယ်လေ….သူများဘာအတွက်ကြောင့်ပဲလှုလှု ဘေးနားကနေပြီး …ဘေးထိုင်ဘုပြောနေလို့လဲ လှုတဲ့သူရဲ့အလှုက တန်ဖိုးတက်မသွားသလို တန်ဖိုးကျမသွားပါဘူး……သူ့ဟာသူထောင်မြင်လို့ ရာပဲစွန့်စွန့်…..ဘာပဲစွန့်စွန့်ပါ….ကိုယ်ကနေတတ်ရင် ကြည်ကြည်နူးနူးနဲ့သာဓုသာခေါ်ပေးလိုက်ရင် ကိုယ်ပါ ကုသိုလ် အနည်းနဲ့အများရတယ်ဆိုတာ ဘုရားဟောထဲမှာရှိခဲ့တယ်ဟုတ်ဘူးလား……ခုတော့ကျွန်တော်တို့ဆီမှာက ကိုယ်ထက်သာတဲ့သူက တစ်ခုခုလုပ်လိုက်ရင် ဟုတ်တာ မဟုတ်တာကို ခဏဘေးဘယ်ထား….လောလောဆယ်တော့ အတင်းကို အားရပါးရတုတ်ပစ်လိုက်မယ်ဆိုတဲ့သူတွေ နည်းနည်းများနေသလားလို့ပါ…………အမှားပါသွားရင်တော့ ခွင့်လွှတ်ပါဗျာ…….

  • kai

    March 16, 2011 at 8:38 am

    ကမ္ဘာကြီးက နားလည်တဲ့အလှူဆိုတာက..ကိုယ်ဘယ်လောက်ရမလည်း ဆိုတာထက်.. သူ..(လိုအပ်တဲ့အချိန်မှာလိုအပ်နေသူတို့).. ဘယ်လောက်ရမလဲဆိုတာပါပဲ..။

    အခုဟာက..ကိုယ်ဘယ်လောက်ရမလည်းကြည့်တဲ့..အတ္တဆောင်တဲ့အလှူတွေများနေလို့ပါ..။
    ငါ့နောက်ဘဝကောင်းဖို့..။ ငါနာမယ်ကြီးဖို့.။ ငါကုသိုလ်တွေများများရဖို့..။ ငါကံကောင်းလာဖို့..။..ငါ..ငါ … ငါ.ငါ တွေဖြစ်လွန်းနေလှပါတယ်..။
    ပေးလှူတာမှမဟုတ်ပဲ…။ အပေးပြပြီး..ကိုယ်ကချည်းဆွဲယူနေတာတွေပါ..။ 🙁

  • shwepyithu

    March 16, 2011 at 8:38 am

    အန်ကယ်ကြီးရေ.. အဲဒါတော့ အခြေခံအဆောက်အအုံ ရှိပြီးပြီဆို နောက်တစ်ဆင့်ပေါ့။
    တတ်နို်င်သလောက် ဝိုင်းလှုကြရင်း …. တတ်နို်င်သူတွေကတော့ ဒီထက်ပို ပံ့ပိုးပေးကြရင်း …
    အင်း … ပြောရင်းနဲ့ လက်ရှိ ကလေးဆေးရုံ့အဟောင်းလေးကို မျက်စေ့ထဲမြင်လာပြီး ဘာဆက်ပြောရမှန်းမသိတော့ဘူး။

  • ကျွန်တော်က ဘာသာရေးလုပ်ပါတယ်။ သတ်သတ်လွတ်လည်း တစ်ခါတလေ စားပါတယ်။ ဒါပေမယ့် ဘုရားတည်၊ ရွှေချ ဆိုတာမျိုးကို ဘယ်လိုမုန်းမှန်းကို မသိဘူး။ ဘာသာရေးအပေါ်ကို ဒီလောက်လှူတာလည်း လုံးဝကြည့်လို့မရဘူး။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုတာမျိုးကို မျက်မုန်းကျိုးလှပါပြီ။ အခုလို ဆေးရုံလှူတာမျိုးကို ပီတိအဖြစ်ဆုံးပါပဲ။

  • search123

    March 21, 2011 at 10:10 am

    မြန်မာလူမျိုးတိုင်းလိုလို အလှူအတန်းရက်ရောကြပါတယ်။
    ဘယ်လိုအလှူမျိုးပဲဖြစ်ဖြစ် စိတ်စေတနာသန့်ရှင်းဖို့သာ လိုပါတယ်။
    လိုအပ်တဲ့နေရာတွေကို လှူနိုင်ရင်တော့ အကောင်းဆုံးပါ။

Leave a Reply