တစ်ဘဝ ပိုင်ဆိုင်စရာ
ခုနှစ်တော့ မမှတ်မိတော့ဘူး လူကြီးတွေ သွားလို့ လိုက်သွားတာ အဘိုးတယောက်ရဲ့ အသုဘပါဘဲ..
မသေခင် ၁နှစ်လောက်တော့ နှလုံးရောဂါနဲ့ အိပ်ယာထဲ လဲနေခဲ့တယ်။ ပထမ မယားကြီး သေသွားတော့မှ မီးခံသေတ္တာထဲမှာ ပိုက်ဆံ နဲ့ ရွှေတွေ ဘယ်လောက် ရှိမှန်း သိပြီး ဘာအလုပ်မှ မလုပ်တော့ဘဲ နောက်မိန်းမ ယူပြီး မယားငယ်နဲ့ တရားဝင် ၁၅နှစ်ပေါင်းခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။မယားငယ်ဆိုလို့ အမျိုးသမီး ငယ်ငယ် မထင်နဲ့နော်.. အဘိုးကြီးက အသက် ၆၆နှစ်မှာ ယူတဲ့ မိန်းမ အသက် ၆ဝကျော်အဘွားကြီးပါဘဲ။ နောက်မိန်းမ ယူတော့ အလွန်စီစစ်ပါတယ်။ သော့ကိုင်ထားပြီး ကျန်းမာရေး မကောင်းတဲ့ အချိန်မှ မိန်းမ လက်ထဲ သော့အပ်ထားပြီး ဆေးကုရပါတယ်။ ၁နှစ်လောက် အိပ်ယာထဲ လဲနေတော့ အခွင့်အခါကောင်း ဖြစ်တယ်လို့ ခံစားရလို့လားတော့ မသိဘူး။ ထို အဘိုးကြီး မယားငယ် က ပစ္စည်းတွေ အကုန် သယ်ထုတ်ပြီး သူ့ရဲ့ မောင် လုပ်သူကို ပေးလိုက်ပါတယ်။ မောင်လုပ်သူက တခဏ အတွင်းမှာ အိမ် အသစ်နဲ့ ကြီးပွားချမ်းသာနေတာ သိတော့ သိကြတယ် ဘာကြောင့်ရယ် မသိဘူး။ အဘိုးကြီး နှလုံးရောဂါနဲ့ အိပ်ယာထဲ လဲနေရာကနေ ပြန်ပြီး လမ်းလျောက်နိုင်တော့ သော့ယူပြီး မီးခံသေတ္တာဖွင့်ကြည့်တဲ့ အခါမှာတော့ ရှိတဲ့ ဟာတွေ တက်တက်ပြောင်လို့ ဘာမှ မရှိတာ မြင်ပြီး ရှော့ဖြစ်ပြီး ပြန်လဲပြီး သေသွားတာ ဖြစ်ပါတယ်။ ပစ္စည်းစွဲပြီး သေတော့ ပါးစပ်ကြီးက ပွင့် မျက်စိက မပိတ် သေတော့ ပြိတ္တာဘဝ ဆိုတဲ့ အတိုင်း သေလို့ အခန်းအနားတွေ ပြင်ဆင်ပြီး လုပ်ထားတယ်။ သေသေပြီးချင်း သေသွားတဲ့ အကြောင်းကို လာ အကြောင်းကြားတဲ့ လူကအိမ်ကို လာအကြောင်းကြားပါတယ်။ အိမ်ကို လာအကြောင်းကြားတဲ့ လူနောက်ကို လိုက်လာမှန်း တောင် သတိမထားမိကြဘူး။ လာအကြောင်းကြားတဲ့ လူက အိမ်မှာ တစ်ည အိပ်တော့မှ အိမ်က လူတွေ တညလုံး မအိပ်ရအောင် သူ ရောက်နေကြောင်း အချက်ပေးသလားတော့ မသိဘူး တံခါးတွေ လိုက်ခေါက်တယ်။ သရဲခြောက်မှန်းလည်း မသိဘူး ညအိပ်နေတုန်း ခြင်ထောင်ကို ကြွက်ပတ်ပြေးတယ် ဆိုပြီး မီးဖွင့်ပြီး အတင်းလိုက်ရှာခဲ့ရသေးတယ်။ မနက်ရောက်မှ စဉ်းစားမိပြီး ဒါက ဒီလိုကိုးးး ဆိုပြီး တွေးမိကြထတယ်။ နယ်ဘက်က အိမ်မှာလည်း လူတွေလည်း စည်ကားလှပြီး ဝင်လိုက် ထွက်လိုက်နဲ့ အလုပ်ရှပ်နေပေမဲ့ ကာယကံရှင် သေသူကတော့ လူတွေ ဝင်ထွက်နေတာ တထောင့် တနေရာကနေ ကြည့်များနေမလား မသိဘူးပေါ့လေ။ ဒီလိုနဲ့ အလောင်းကြီးကို အိမ်ရှေ့ခန်းမှာ ဇာခြင်ထောင်လေး အုပ်လို့ ချထားပြီးတော့ ဧည့်သည်တွေ ဝင်ထွက် စကားပြောနေကြတဲ့ နေရာမှာ မထွန်းဘဲပိတ်ထားတဲ့ မီးချောင်း ရုတ်တရက် တရားခံ မပေါ်ဘဲ မီးလင်းလာတယ်။ ရုတ်တရက်တော့ ဒါဟာ မတော်တဆလို့ ထင်ပြီး ပြန်ထပိတ်လိုက်တယ်။ ခဏနေတော့ ပြန်ပွင့်လာတယ်။ သတိတော့ ထားမိပြီ။ ဒါပေမဲ့ သူဘာကို ဆိုလိုပြီး ဘာကို ပြောချင်နေလဲ မသိပါဘူး သရဲခြောက်တယ်ဆိုတဲ့ ခံစားချက်နဲ့ လူတွေ ထိတ်လန့်စေတာက လွဲရင် တခြားဘာမှ အကျိုးမထူးခဲ့ပါဘူး။ မီးချောင်း တချောင်းကနေ တအိမ်လုံးက မီးချောင်းတွေ ခလုပ်ကို တယောက်ယောက် ဆော့သလိုမျိုး ပိတ်လိုက် ဖွင့်လိုက် ကြမ်းတော့တာဘဲ။ ဒီတော့ အားလုံး မျက်စိ မျက်နှာပျက်ပြီး မလုပ်ပါနဲ့ အဘိုးရယ် ခဏလာတာ မနှောက်ယှက်နဲ့ ကလေးတွေပါတယ်လို့ ထပြောတော့ မီးတွေ ပိတ်တာ ဖွင့်တာ မလုပ်တော့ဘဲ။ အိမ်နောက်ဖေးမှာ ထမင်းချက်နေတဲ့ အဒေါ်ကြီးတွေ စကားပြောနေရင်းနဲ့ ရုတ်တရက် ဘယ်သူ ရေနဲ့ ပက်လဲ မသိလိုက်ဘူး ထအော်ကြတယ်။ ဝိုင်းအော်ကြလို့ ထပြေးလာကြတယ်။ မမြင်ရပေမဲ့ လူကြီးတွေ စိန်ပြေးတမ်း ကစားသလို ရေစိုလို့ ဟိုပြေးဒီပြေး ပုံစံကိုတော့ မြင်ခဲ့ရပြန်တယ်။ ဒီလိုနဲ့ နေ့လည် နေ့ခင်း ရေချိုးခန်းထဲမှာ လူမရှိဘဲ ရေချိုးနေသလို ရေသံတွေ ထွက်လို့.. ညနေစောင်း တခုမှာ လူသေကောင် တခါမှ မကိုင်ကြည့်ဘူးလို့ ကိုင်ကြည့်ချင် စိတ်ပေါက်တာနဲ့ သွားပြီး တို့ကြည့်မယ် ဆိုတဲ့ အတွေးနဲ့ အလောင်းကြီးကို သွားပြူးကြည့်နေတယ်။ ကိုင်လည်း ကိုင်ကြည့်ချင်တယ် မကိုင်လည်း မကိုင်ရဲနဲ့ လက်က တို့ကြည့်ရင် ကောင်းမလား ဆိုတဲ့ ပုံစံနဲ့ လေထဲမှာ ဝဲနေတဲ့ အမူ အရာကို အကိုဝမ်းကွဲ တယောက်က လက်နဲ့ တို့တာနဲ့ အနောက်ကနေ ခြောက်မယ် ဆိုပြီး အနောက်ကနေ မိုးပြီး လက်နှစ်ဖက်မြှောက်ပြီး ပြင်နေတယ်။ ထိုအချိန်မှာ လမ်းဘေးက ဘင်ခရာ တီးဝိုင်း ဘယ်လိုဖြစ်မှန်း မသိဘူး ရုတ်တရက် အသံစမ်းဖို့ တီးလိုက်တဲ့ အချိန်နဲ့ တထပ်တည်း ကျသွားတော့ အလောင်းလည်း မကိုင်လိုက်ရဘူး လန့်သွားပြီး တုန်သွားသလို အနောက်က လှမ်းခြောက်ဖို့ လက်နှစ်ဖက် မိုးပြီး ပြင်ထားတဲ့ အကိုလည်း လန့်ပြီး တုန်သွားတယ်။ မရည်ရွယ်ဘဲ ဟာသ တခုဖြစ်သွားတယ်။ အိမ်အကြီးကြီးထဲမှာ လူတွေ အများကြီး ဆိုတော့ ညဘက် အိပ်တဲ့ အခါ အဆင်ပြေတဲ့ နေရာမှာ အဆင်ပြေသလို အိပ်ကြတဲ့ အခါ အဘိုးကြီး ကုတင်မှာ သူ့ရဲ့ ပစ္စည်းတွေ သယ်သွားတဲ့ မိန်းမ ကတော့ ခပ်တည်တည်နဲ့ လူမသိသေးတော့ အေးဆေးနေပြပေမဲ့ ညည အိပ်မပျော်လို့ တယောက်မဟုတ် တယောက် အတင်းခေါ်အိပ်တယ်။ သူနဲ့ ဘယ်သူမှ မအိပ်ရဲကြပေမဲ့ အားနာ ပါးနာ သွားအိပ်ပေးတဲ့ လူတွေလည်း ရှိတာပေါ့။ ကလေးတွေ ရှိရင်တော့ ထိတ်လန့်အောင် မလုပ်တတ်တော့ ကလေး တယောက် အနေနဲ့ လိုက်သွားတာ ကြောက်စိတ်တောင် မရှိခဲ့ပါဘူး။ ည အိပ်ခါနီး မီးအကုန်ပိတ်အိပ် ပေမဲ့ မနက် လင်းတော့ မီးတွေ အကုန် လင်းနေတာ သတိထားမိပါတယ်။ ညဘက် တညလုံး အိပ်ဘဲ စကားပြောတဲ့ အမျိုးသား အုပ်စုလည်း ရှိတယ်။ သူတို့ အချင်းချင်း နောက်ပြောင်ရင်းကြတယ်။ သူတို့ အလောင်းအစား လုပ်ကြတယ် အခုက စပြီး လုံးဝ မအိပ်ကြေး အိပ်ပျော်တဲ့ လူကို မျက်နှာ ထုံးတို့မယ် ဆိုပြီး အလောင်းအစား လုပ်ကြတယ်။ ဒီလိုနဲ့ စကားပြောရင်း ခုံမှာ ထိုင်ရင်း ခွေခေါက်ပြီး အိပ်ပျော်နေကြတယ်။ မနက်လင်းတော့ သူတို့ မျက်နှာတွေမှာ ထုံး ရာတွေ ပလပွနဲ့ သူတို့ ထဲက ဘယ်သူ လက်ချက်လဲ လိုက်မေးတာ တယောက်မှ ဟုတ်တဲ့ အပြင် အကုန်အိပ်ပျော်နေတော့ အကုန် မျက်နှာမှာ ထုံးနဲ့ ဆွဲထားတဲ့ အရာတွေ ဖြစ်နေကြတာပေါ့။ ညဘက် စကားပြောနေတဲ့ လူတွေ ထဲက တယောက်က ငါ အိမ်ပြန်တော့မယ် ကွာ..ညဉ့်နက်နေပြီ။ တယောက်က လှမ်းနောက်လိုက်တယ် တယောက်ထဲ မပြန်နဲ့ အဖော်ခေါ်သွား ဆိုပြီးပြောတာ ဘာမှ ပြန်မပြောဘဲ ဆိုက်ကားစီးပြီး ပြန်သွားတယ်။ သူထွက်သွားတာ ဆိုက်ကားအနောက်ကို လူတယောက် ပြေးလိုက်သွားတာ မြင်တဲ့လူကလည်း မြင်လိုက်တယ်။ အနောက်က ပါလာမှန်းလည်း သိပုံရတယ် ဆိုက်ကားဆရာက အကို တယောက်တည်း တင်နင်းရတာ ဘာလို့ ဒီလောက် လေးနေမှန်း မသိဘူး။ ၂ယောက်နင်းရတာ ကျနေတာဘဲ ဆိုပြီး ပြောလို့ အိမ်ရောက်ခင် မလိုက်ပါနဲ့ တောင်းပန်ပြီး ထားခဲ့ရသေးတယ်။ ဒီလိုနဲ့ အိမ်လာတဲ့ လူကြီး ကလေး မကျန် နောက်လို့ မဝ သေးဘူး ၅ရက်နေတော့ အလောင်းကို မြေချရမဲ့ အချိန်ရောက်လာပါပြီ။ ထုံစံ အတိုင်း အလောင်းကို သချိုင်းကုန်း အထိ ပို့ဖို့ အတွက် ဂျစ်ကား ငှားထားပါတယ်။ အလောင်းကို ကားပေါ် မတင်ခင်အထိ ကားစက်နိုးထားပါတယ်။ နောက်တော့ ကားပေါ် တင်ပါတယ် ခဲရာခဲဆစ် ကားပေါ် တွန်းတင်ရပါတယ် အလွန်အင်မတန်လေးလွန်းလို့ အားကောင်းမောင်းသန် ယောကျားတွေ ရှိသမျှ လူတွေ အားစိုက်ထုတ်ပြီး တယောက် တအား ဝိုင်းတွန်းတင်ပြီးတဲ့ အချိန်မှာတော့ စက်နိးထားတဲ့ ကားရုတ်တရက် စက်သေသွားပါတယ်။ ဘယ်လိုမှ နိးမရတော့ဘူး။ ကားဆရာကတော့ ထုံစံ အတိုင်း ဘောနပ်ဖုံးကို ဖွင့် စက်တွေ စစ်ပါတယ် ဒါပေမဲ့ ဘာမှ ထွေထွေထူးထူး ပျက်တာမရှိဘဲ နိး မရဘူး။ အချိန်ကလည်း မနဲတော့ဘူး နေမြင့်သွားရင် အခေါင်းထဲက အပုတ်ရည်တွေ ကျမလာအောင် ဒီတိုင်းဘဲ တွန်းကြမယ် ဆိုပြီး တွန်းပြီး သွားကြတယ်။ အရပ်က ယောကျားတွေကော လူစု လူဝေးနဲ့ စုပြီး တွန်းကြရင်း သချိုင်းကုန်ရောက်သွားတော့ ဘွက်အိုင်တွေ ကြားထဲ ဖြတ်ပြီးတော့ မြေမြုပ်ရမဲ့ နေရာရောက်တော့ အလောင်းကြီးကိုကတော့ ပိုပိုလေးပေမဲ့ လူတွေရဲ့ စွမ်းအင်နဲ့ မြေကြီးထဲ မြုပ်ပြီး မြေဖို့ပေးပြီး အားလုံး ပြန်လာကြတယ်။ ဂျစ်ကားလည်း စက်နိးလို့ အေးဆေးစွာ သက်တောင့်သက်သာ ပြန်လာကြတယ်။ အိမ်ပေါက်ဝမှာတော့ ထုံစံ အတိုင်း သရော်ကင်ပွန်း ကို ဇလုံကြီးနဲ့ ထည့်ထားပြီး ကြိုဆိုနေပါတယ်။ သရော်နဲ့ ညစ်ပတ်နေတဲ့ လက်တွေ စွတ် ခြေထောက်တွေ ပွတ်ပြီး သန့်ရှင်းရေး လုပ်ပြီး ပြန်ကြတယ်။
ရရက်စေ့လို့ ရက်လည် ဆွမ်း အလှူလုပ်အပြီးမှာတော့ ပြသနာ စတက်တော့တာပါဘဲ။ ရွှေဆိုင်သမားက ပထမ မယားကြီး ရှိတုန်းက သူ့ဆီမှာ ဘယ်လောက် ဝယ်ထားမှန်း သိတဲ့ အပြင် အဘိုးကြီး ကပ်စေးနဲက ရွှေရောင်းရင် သူ့ဆိုင်မှာဘဲ အရောင်းအဝယ် လုပ်တော့ ပစ္စည်းတွေ အများကြီး ကျန်မယ် ထင်ပြီး ရွှေချိန်ခွင်နဲ့ လာပါတယ်။
အားလုံး စိတ်ဝင်တစားနဲ့ မီးခံ သေတ္တာကြီး ဖွင့်လိုက်ရင် ဘယ်လောက် ရမလဲ သိချင်စိတ်နဲ့ မျှော်လင့် တကြီး ဖွင့်လိုက်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်လုံးဝ မကိုက်ပါဘူး။ သေတ္တာကြီး မဖွင့်ခင် အထိ အားလုံးကတော့ မိုးကောင်းကင် အိပ်မက်တွေ မက်ကြတယ်။ ရွှေ ဘယ်လောက်သားတော့ ငါရမှာဘဲ စသဖြင့်ပေါ့လေ။ သေတ္တာအခွံပဲ ရှိတဲ့ အတွက် တော်တော် ထူးဆန်းနေပေမဲ့ လက်ပူးလက်ချက်မမိတော့ အားလုံး လက်လျော့ပြီး ကိုယ့်အိမ်ကို ပြန်ခဲ့ကြပါတယ်။
မကြာပါဘူး ပစ္စည်းတွေ သယ်ထုတ်ထားတဲ့ အဘွားကြီး သူ့မောင် အိမ်ကို သွားနေပါတယ်။ လောကဓံရဲ့ ရိုက်ချက်က ပြင်းထန်ပုံများ အားကိုးအကြီး ပေးကမ်းထားတဲ့ သူ့မောင်ကလည်း သူ့တာဝန်ကို မယူချင်ပါဘူး။ ခဏတော့ ကြည့်နေပါတယ်။ ဘာမှ မပြောဘဲ အေးအေးဆေးဆေး ကျွှေးထားတယ်။ နောက်ထပ်မကြာတဲ့ အချိန် တခုမှာ အဘွားကြီး လေဖြတ်သွားပါတယ်။ အစကတည်းက တာဝန်မယူချင်တာ လေဖြတ်ပြီး တကိုယ်လုုံး မလှုပ်နိုင်တဲ့ အဘွားကြီးကို မနေစေချင်တာနဲ့ တခြားနယ်ဘက်က အမျိုးတွေ အိမ်ကို ပက်လက် အနေအထားနဲ့ ပို့ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဟိုအိမ်က မလိုချင် နောက်တအိမ်ပို့ နောက်တအိမ်က လူမမာ မလိုချင် နောက်တစ်အိမ် ပို့နဲ့ ခရီးလမ်းမှာတင် သေသွားတဲ့ပါတယ်။ မမြင်နိုင်တဲ့ ကံကြမ္မာကို အံတုပြီး ကိုယ်ပြုတဲ့ ကံ ကိုယ်ထံ ပြန်လာမှာကို သတိမေ့လျော့ပြီး တစ်ဘဝ ပိုင်ဆိုင်မှုတွေ အဟုတ်မှတ်ပြီး အစွဲကြီးစွဲပြီး သံသရာနဲ့ လဲသွားကြတဲ့ လူသားများ အဖြစ် မှတ်တမ်းတင်လိုက်ပါတယ်။
9 comments
mihninlay
March 19, 2011 at 3:04 am
သံသရာဝဋ်ကြွေးကကြောက်ဖို ့ကောင်းတယ်နော်
weiwei
March 19, 2011 at 3:20 am
တော်တော် အစအနောက်သန်တဲ့ အဖိုးပဲ …
သေပြီးတဲ့အချိန်အဲဒီလိုစနောက်နေနိုင်တယ်ဆိုတော့ ရက်လည်အမျှဝေတာကို သာဓုခေါ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ် …
အဖိုးတစ်ယောက် ကောင်းရာသုဂတိလားပါစေ ….
bigcat
March 19, 2011 at 5:06 am
သရဲ နဲ့ တစ္ဆေ ဘယ်လိုခွဲလည်း ရှင်းပြပါဗျို့…
ဆူး
March 19, 2011 at 7:26 am
သရဲ နဲ့ တစ္ဆေ အထီး နဲ့ အမ ကိုခွဲခြား ခေါ်တယ် ပြောကြတာဘဲ။ ဒီလိုဘဲ လွယ်လွယ် ကူကူ သရဲလို့ ခေါ်လိုက်ကြတာ။
char too lan
March 19, 2011 at 5:46 am
ဆြာဆူးကတယ်သတ္တိကောင်းတယ်ပေါ့ ကျနော်သာဆိုပြေးပီ မနေရဲဘူး 🙂
shweminthar
March 19, 2011 at 2:45 pm
ဆူးက တော်တော် သတ္တိကောင်းတာ ဘဲ
လူသေ ကို တောင် သွားကိုင် ကြည့် ချင် နေသေးတယ်
ကျ နော် တော့ ကိုင် ကြည့် ဖူးတယ်။
နောက်ပြီး အိပ်မက်တောင် းကြည့် ပါ ၊ အိပ်မက်ပေးတယ်။
တကယ် မယုံရင် စမ်းကြည့် ။ ကျတော် ကို တော့ အိမ်မက်ပေးတယ်။
bigbird
March 19, 2011 at 2:49 pm
ဒီအဖွားကြီးက နောင်တရပါ့မလား၊လူတွေအားလုံးဟာ ဧည့်သည်တွေပဲဆိုတာ
သူမေ့နေတယ်ထင်ပါရဲ့နော်။
ဆူး
March 20, 2011 at 2:22 pm
အဲဒီ အဘွားကြီး အကြောင်း ကိုငှက်ကြီး ပြောမှ သတိတခု ရသွားတယ်။ ဒီဇတ်လမ်းနဲ့ မနီးမဝေး အချိန် အတိုင်းအတာ တခုလောက်တုန်းက အမျိုးတွေ စုပြီး အလှူလုပ်ခဲ့ပါတယ်။ အဲဒီ အလှူကို မကျွှတ်မလွတ်သေးသူများ လာပါဆိုပြီး ဖိတ်ပြီး အမျှဝေခဲ့တယ်။ အဲဒီအချိန်မှာ လူတယောက်ကို ဝင်ပူးပြီး ငိုယိုပြီး တောင်းပန်ရှာတယ် အမျှဝေတာ သာဓုခေါ်မရလို့ သူကို ကယ်ပါတဲ့။ တခြားလူတွေ အမျှဝေတဲ့ အထဲမှာ သူ့ကိုကော အမျှဝေရဲ့လားဆိုပြီး လာပြောလို့ သူကို သီးသန့် အမျှ ဝေလည်း လုံးဝ သာဓုမခေါ်နိုင်တာ သတိထားမိတယ်။ ဒါနဲ့ အခွင့်အခါကောင်းတုန်း မေးလိုက်သေးတယ်။ အိမ်ကနေ ဘယ်လောက် မသွားတာလဲ ဆိုတော့ ၅ပိဿတဲ့။ ကြားရတာတောင် အံ့ဩတယ်။ အခုခေတ် ၆သိန်းဈေးနဲ့ တွက်ရင် ၃၀၀ဝ ဘဲ။ အဲဒါကြောင့် ဟိုမှာ အိမ်ကြီး တလုံးဖြစ်ပြီး ဟန်ကျပန်ကျ စီးပွားရေး တခုဖြစ်သွားတာ။ ကိုယ်မရထိုက်လို့ မရဘူးလို့ဘဲ သဘောထားပါတယ်။
Gong Zhu
March 20, 2011 at 6:14 pm
သမီး အဖေဘက်က အဖွါးကတော့ ဆေးလိပ်တောင်းသောက်ပြီး ငါသွားတော့မယ် တတ်တာလို့ ပြောပြီး သေသွားတာတဲ့ …