ဘာသာနဲ့ Culture
ယနေ့ခေတ် လူ့အဖွဲ့အစည်းတိုင်းမှာ ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဘာသာတရား ကနေ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ဆင်းသက်လာတယ်။ Evolution အီဗော်လူးရှင်း ဆင့်ကဲပြောင်းလဲခြင်းလို ယဉ်ကျေးမှုကနေ ဘာသာတရား ပေါ်ထွန်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ။ ဘာသာတရားကို Religion ယုံကြည်ကိုးကွယ်မှု၊ Spritual နာမ်ဝိညာဉ်ရေးရာ စသဖြင့် အနက်ဖွင့်လေ့ရှိပေမယ့် ခေတ်သစ်လူမှုအဖွဲ့အစည်း အတွက်တော့ ပြည့်စုံလုံလောက်ဟန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်ကမာ္ဘမှာ ဖန်ဆင်းရှင်၊ ကမ္မဝါဒ တွေနဲ့ ဆန့်ကျင်ဘက် ပစ္စုပ္ပန်ဝါဒ၊ ပစ္စည်းမဲ့ရုပ်ဝါဒ၊ သိပ္ပံရုပ်ဝါဒ၊ ကွနြ်ဖူးရှပ်ဝါဒ တို့ကိုလက်ခံကျင့်သုံးသူတွေ အများအပြား ရှိနေပါတယ်။ Faith ယုံကြည်ကိုးကွယ်မှုလို့ မသတ်မှတ်ဘဲ ideology အတွေးအခေါ်အဖြစ် သတ်မှတ်ပြန်တော့လည်း အိုင်ဒီယိုလိုဂျီတွေက ဘာသာတရားလိုပဲ လူတွေအပေါ် ဘောင်ခတ်ထိန်းကြောင်း ပေးနိုင်စွမ်း ရှိပါတယ်။ လွတ်မြောက်ခြင်းနဲ့ ကိုင်တုပ်ပြန်ရင်လည်း ဘာကိုလွတ်မြောက်တယ် ခေါ်သလဲဆိုတာ နောက်ထပ် အခြေအတင် စကားစစ်ထိုးပွဲ လုပ်ရပါလိမ့်မယ်။
ရှေ့မှာပြောတဲ့ ရီလီဂျင်၊ အိုင်ဒီယော်လိုဂျီ နှစ်ခုစလုံးဟာ လူအများလက်ခံလို့ အခြေတည်လာတဲ့အခါ နဂိုမူလ ယဉ်ကျေးမှုတွေအပေါ် လွှမ်းမိုးသက်ရောက်ပြီး ဓလေ့ထုံးစံ၊ အတွေးအခေါ်များ ပြောင်းလဲကုန်ပါတယ်။ အဲသည်လို လွှမ်းမိုးဩဇာသက်ရောက်ဖို့ မူလထက်မညံ့ ဒါမှမဟုတ် လူအများ နှစ်သက်လက်ခံ အစားထိုးနိုင်မဲ့ ဘုရားရှင် သို့မဟုတ် ဥသျှောင်ရှိရမယ်၊ ဆိုဆုံးမမှုတွေကို စာပေမှတ်တမ်းဖွဲ့ ထားရမယ်၊ ထပ်မံဖြန့်ဖြူး ပို့ချတဲ့ တပည့်သာဝကများ ရှိရမယ်။ ပြီးတော့ သမိုင်းကြောင်းတခု ရှိရပါမယ်။ ရှေးယခင်က စနစ်တကျမရှိဘဲ အသစ် ထွန်းကားတဲ့ ယဉ်ကျေးမှုမျိုး ရှိသလို (ခရစ်ယာန်မစ်ရှင် မျိုးစေ့ချပေးရာဒေသ အတော်များများ)၊ အဟောင်းကို အသစ်က ဝါးမျိုသွားခြင်း (မြန်မာ၊ တူရကီ)၊ ရှိရာကနေ မဲ့သွားခြင်း (ကူမြူနစ်တရုတ်ပြည်) စသဖြင့် ရှိပါတယ်။
ကာလရွှေ့လျားလာတော့ မူလယဉ်ကျေးမှုကနေ သိသိသာသာ ကွဲပြားသွားပေမဲ့ ပုံရိပ်အဟောင်းကို လုံးလုံးလျားလျား ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး။ ဝေးဝေးကြည့်စရာမလိုဘဲ ကိုယ့်လူမျိုး ကိုယ်ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်။ တရုတ် ကုလားနဲ့ မတူတဲ့ တရားကလုပ် ဖြစ်နေလို့ပါ။ တူရကီနိုင်ငံ ဆိုရင်လည်း ဒီလိုပါပဲ၊ မူလခရစ်ယာန်ဝါဒသည် ဝါးမျိုခံလိုက်ရပေမဲ့ အရှေ့အလယ်ပိုင်းကလို တင်းကျပ်လွန်းတဲ့ အစ္စလာမ်ယဉ်ကျေးမှု ဖြစ်မသွားပါဘူး။ သစ္စာတရားဓမ္မကို လူမှုပြုလိုက်တဲ့အခါ တန်ဖိုးအမြင် ပြောင်းလဲသွားတာ လိုက်နာကျင့်သုံးသူ လူများတွင်သာမက စောင့်ရှောက်ဖြန့်ဝေသူ တပည့်သာဝက (ဘုန်းကြီး) တွေမှာပါ သက်ရောက်မှု ရှိပါတယ်။ ဥပမာအားဖြင့် ဘုရားရှင်က ခြိုးခြံချွေတာတဲ့အကျင့်ပြုကြဖို့ အားပေးပေမဲ့ ကံကြောင့်ရလာတဲ့ ပစ္စည်းလေးပါးကို ပိတ်ပင်ခြင်းမပြုတာကို အကြောင်းပြုပြီး ဘုရားသားတော်များ ရဟန်းတရား ကျင့်ကြံမှု အားနည်းကြပါတယ်။ လူတွေမှာလည်း အချို့ရွာတွေရဲ့ ထုံးစံလိုက်ရလို့ ကျောင်းထိုင်ဘုန်းကြီး တခြားမြို့မှာ ပျံတော်မူရင်တောင် ကျောင်းကိုပြန်မသယ်ရဲတဲ့ထိအောင် အယူအစွဲကြီးပါတယ်။
ယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုတို့ ထွေးရောယှက်တင် ရှိသလို အချင်းချင်း ဝိရောဓိ ဆန့်ကျင်ဖက် ဖြစ်တတ်တာလည်း သတိချပ်ဖို့ လိုပါတယ်။ ယဉ်ကျေးမှု ဓလေ့စရိုက်ကို အပြစ်တင်ဇောနဲ့ ဘာသာတရားကိုပါ ပညာရှိသတိလွတ် ဆွဲထည့်မိတတ်လို့ပါ။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ လောကီရေးရာမို့ မြစ်ဖျားခံရာ ဘာသာတရားလို ရိုးရိုးသွားလို့မရ၊ လူ့သဘောနဲ့ ကိုက်ညှိပြီး တီထွင်ဆန်းသစ် ရှုပ်ထွေးပွေလီပါတယ်။ လူတွေရဲ့ အရည်အချင်းအလိုက် ပြဌာန်းချက်၊ စည်းကမ်းကလနား ကွဲပြားပါတယ်။ မူလ ရည်ရွယ်ချက် အကောင်အထည် ဖေါ်တဲ့အခါ လမ်းကြောင်းပြောင်းလဲ သွားတာတွေလဲ တွေ့ရမှာပါ။ သိလို့ပြင် ပြင်လို့ပျက် ပျက်လို့ပြင်နဲ့ မရည်ရွယ်ဘဲ အသစ်ထပ်ဖြစ်တာ၊ မူရင်းကို မျက်ကွယ်ပြုပြီး ရိုးရာထုံးစံအစဉ်အလာ ပြုမူကြတာလည်း ရှိပါတယ်။ မတူတိုင်းလည်း မကောင်းလို့ ပြောမရသလို တူတိုင်းလည်း မဟုတ်တာ တပုံကြီး ရှိပါတယ်။ ယဉ်ကျေးမှုတခု အောင်မြင်သွားရင် ဘာသာတရားက အမည်ခံလောက်သာ ကျန်ပါတော့တယ်။
ကျနော်တို့ဆီမှာလည်း ဗုဒ္ဓဘာသာကိုအခြေခံပြီး ကိုယ်ပိုင်ယဉ်ကျေးမှုတခု တည်ဆောက်ကြပါတယ်။ ဘုန်းကြီးတွေက ပညာရေး၊ လူမှုကျင့်ဝတ် စတာတွေကို တာဝန်ယူပေးပါတယ်။ အဲဒီကနေလွန်မြောက်တော့ ရိုးရာအစဉ်အလာ အနှောင်အဖွဲ့တွေနဲ့ ဆက်လက်ထိန်းကြောင်းထားပါတယ်။ ဘုရားက ဒီလိုလုပ်ရမယ်လို့ ပညတ်မထုတ်ခဲ့။ လူတွေက လူမျိုး ဘာသာ၊သာသနာ တည်တံ့၊ ကြီးပွားရေး အစွဲပြုပြီး (တရားသဘောအရ ပြောရင်တော့ ငါဆိုတဲ့အတ္တနဲ့ပါ) ဘာသာတရားကနေ ဆွဲထုတ်လိုက်တာပါ။ လောကမှာ နေထိုင်ကြီးပွားရေးကို ဘုရားဟောတဲ့အတိုင်း အတိအကျ လိုက်နာဖို့မဖြစ်နိုင်လို့ သင့်တော်သလို ပြုပြင်ကြပါတယ်။ ဘာသာတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။ ခရစ်ယာန်မှာလည်း ခရစ်တော်ပြောသလိုသာ သည်းခံစိတ်မွေးနိုင်ကြရင် ခရူးဆိတ် ဘာသာရေးစစ် ဖြစ်စရာအကြောင်း ရှိခဲ့မှာမဟုတ်ပါ။ အခြားဘာသာများမှာလည်း ထိုနည်း၎င်း…
ပတ္တမြားတန်ဖိုး ဘယ်လောက်ရှိရှိ နားမလည်ရင် မထိုက်တန်ရင် ကျောက်ခဲသာသာ တန်ပါတယ်။ ကျောက်နဲ့လူ ဘယ်သူ့ကို အပြစ်တင်ရမလဲ မြင်တတ်ဖို့ပါ။ ကိုးကွယ်မှု ဘာသာတရားကို မကြိုက်ရင် အပြစ် မြင်နိုင်ပါတယ်၊ ညဏ်ရှိသလို အပြုသဘော ဆွေးနွေးသုံးသပ်ပါ။ ဘုရားရှင်က အဲသည်လို ဝေဖန်သူတွေကို မရှုံ့ချပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှုကို မကြိုက်တိုင်း ဘာသာတရားကို အပြစ်မမြင်ပါနဲ့။ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားနိုင်ပါတယ်။ အနာနဲ့ဆေး တလွဲဖြစ်ပြီး မရည်ရွယ်ဘဲနဲ့ ကိုယ့်တရားကိုယ် စီရင်ခြင်း ခံရနိုင်တာမို့ ပယောဂကင်း စိတ်သန့်သန်နဲ့ ဝေဖန်ဆန်းစစ်ကြပါလို့ ဆော်ဩလိုက်ရပါတယ်။
3 comments
weiwei
March 20, 2011 at 3:33 am
မသိခြင်း အဝိဇ္ဖာကြောင့် ဘာသာတရားကို သံသယရှိနေပြီး ဝေဖန်ပြစ်တင်နေကြတာ … သံသရာတစ်ခုလုံးလဲ အဲဒီလိုနဲ့ ကျင်လည်နေခဲ့ကြပြီးပြီ …
အဆိုးတကာ့ အဆိုးဆုံးကတော့ မိမိဉာဏ်နဲ့ မသိသေးတာကို မရှိဘူးလို့ ထင်နေတာပဲ …
peacemaker35183777
March 20, 2011 at 4:06 am
ပကတိ အမှန်က တစ်ခုပဲ ရှိပါတယ်။
ဆူး
March 20, 2011 at 3:25 pm
စာတွေ သင်လို့ ကျက်နိုင်တိုင်း ပညာတတ်မဟုတ်
ပညာတတ် မည်သည် တွေးခေါ်နိုင်ရမည် အမှားအမှန် ပိုင်းခြားနိုင်ရမည်။
စာတွေ တတ်တိုင်းလည်း လက်တွေ့ မသိနိုင်
လက်တွေ့ သိတိုင်းလည်း စာတွေ့ သိနိုင်မည် မဟုတ်ပါ။
စာတွေ့ နဲ့ လက်တွေ့ သမမျှတမှု ရှိအောင် ကျင့်ကြံနိုင်မှ လောက သစ္စာ သဘောတရားများကို သိနိုင်မည်ဖြစ်ပါသည်။